Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၂၅

ဓမ္မပဒအတွေးအမြင် - ၂၅

#အကုသိုလ်မဖြစ်ဖို့၊
လောဘ ဒေါသ မောဟတွေ ဝင်မလာဖို့ -
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှုတ် စိတ် ဒွါရ(၆)ပေါက်မှာ စောင့်စည်းတာ ကောင်းပါတယ်။

စောင့်စည်းစောင့်ရှောက် နိဗ္ဗာန်ရောက်။

#မေတ္တာတရား ပွားများနေတတ်တဲ့၊
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
ကိလေသာကို ဖြိုဖျက်သူ ရဟန်း၊ ရှင်၊ လူ ဟာ
သင်္ခါရတွေငြိမ်းရာ (ပြုပြင်ခြင်း ကင်းငြိမ်းရာ)၊
ငြိမ်သက်ငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကို ရောက်ပါတယ်။

#သံသရာဘေး လွတ်ရေးမျှော်မှန်း အိုရဟန်း !
(သံသရာတစ်ကြော မြုပ်မျောနေတဲ့) ဒီလှေက
(မိစ္ဆာဝိတက် ရေတွေကို) ပက်ထုတ်ပစ်ပါလေ။
ဒီလို (အတွေးဆိုး အကြံမှားတွေကို) ပက်ထုတ်ရင်၊
သင့်လှေဟာ အလျင်အမြန် သွားနိုင်မှာပါ။
(အနှောင်အဖွဲ့)ရာဂ ဒေါသကို ဖြတ်ပြီးနောက်
နိဗ္ဗာန်(ဆိပ်ကမ်း) ရောက်မှာပါ။

#သံသရာဘေး ရှုတွေးဆင်ခြင် ရဟန်း ရှင် လူ ဘယ်သူမဆို -
(ကိုယ့်ကိုယ်ကို တိုက်တွန်းနှိုးဆော်ပါ)
ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။
ကိုယ့်ကိုယ်ကို စုံစမ်းဆင်ခြင်ပါ။
သတိရှိလို့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံ
ကာကွယ်စောင့်ရှောက်သူဟာ
ချမ်းချမ်းသာသာ နေရမှာပါ။

ရာဂစိတ်ညစ်နွမ်းကို စွန့်ပစ်ပါ။
ဒေါသစိတ်ညှိုးနွမ်းကို ဖယ်ထုတ်ပါ။

#မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
တရားနှင့်အညီ ဝမ်းမြောက်ခြင်းများစွာရှိတဲ့
ရဟန်းတော်ဟာ
သင်္ခါရတွေငြိမ်းအေးရာ၊
ငြိမ်သက်ချမ်းမြေ့တဲ့ နိဗ္ဗာန်ကို ရပါတယ်။

#ငယ်ရွယ်ပေမယ့်
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
တကယ်အဟုတ် ကြိုးစားအားထုတ်တဲ့ ရဟန်းတော်ဟာ
တိမ်တိုက်က လွတ်ကင်းတဲ့ လမင်းလို
ဒီလောကကို ထွန်းလင်းတောက်ပစေပါတယ်။

ရဟန်းတရား ကျင့်ကြံပွား၊
ရဟန်းတော်အလား။

#(သမထ ဝိပဿနာ)တရားမှာ နှစ်သက်ပြီး
တရားမှာပဲ ပျော်မွေ့တတ်သူ၊
တရားကို မပြတ် ကြံစည်နှလုံးသွင်းသူ၊
တရားကို အထပ်ထပ် အမှတ်ရဆင်ခြင်သူ၊
ကိလေသာကို ဖြိုဖျက်သူဟာ
သူတော်ကောင်းတရားက မဆုတ်ယုတ်နိုင်ပါဘူး။

တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော်ပါ။

#ပညာမရှိသူမှာ ကမ္မဋ္ဌာန်းတရားရှုတဲ့သဘောမရှိ၊
ကမ္မဋ္ဌာန်း မရှုသူမှာ ပညာမရှိ။
ကမ္မဋ္ဌာန်းလည်းရှု၊ ပညာလည်းရှိသူပဲ
နိဗ္ဗာန်နဲ့ တကယ်နီးပါတယ်။

သမာဓိနှင့်ပညာ ရှိမှသာ၊ နိဗ္ဗာန်နီးပါ၏။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဘိက္ခုဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment