Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၂၆

ဓမ္မပဒအတွေးအမြင် - ၂၆

#နေမင်းဟာ နေ့အခါ
တောက်ပတင့်တယ်ပါတယ်။
လမင်းဟာ ညခင်းမှာ
တောက်ပတင့်တယ်ပါတယ်။
ဘုရင်ဟာ မင်းဝတ်တန်ဆာ ဆင်ထားတဲ့အခါ
တောက်ပတင့်တယ်ပါတယ်။
(ရဟန်းတော်ဟာ သမာဓိတည်ကြည်တဲ့အခါ တောက်ပတင့်တယ်ပါတယ်။)
ရဟန္တာအရှင်မြတ်ဟာ ဈာန်ဝင်စားတဲ့အခါ
တောက်ပတင့်တယ်ပါတယ်။
တကယ်တော့ - မြတ်ဗုဒ္ဓသာလျှင်
နေ့ရောညပါ အခါမလပ်
ပါရမီတော်စွမ်အင် တန်ခိုးအာနုဘော်နဲ့
ထွန်းလင်းတောက်ပ တင့်တယ်လှပါတယ်။

သစ္စာသိ တရားရှိ၊ ထိုသူ စင်ကြယ်၏။

ဒေါသနည်းလေ ဆင်းရဲငြိမ်းလေ၊
အချစ်အမုန်းကင်းလေ မြင့်မြတ်လေ ။

ရန်ငြိုးမရှိ ငြိမ်ချမ်း၏၊ မစွဲလမ်းသူ အပူမရှိ ။

ပုံပြောင်းရုံနဲ့ သူတော်ကောင်းမဖြစ်နိုင်။

ကောင်းတာ ကြံ၊ မှန်တာ လုပ်၊ ဟုတ်တာ ပြော၊ သူတော်ကောင်းသဘော။

ကရုဏာထား၊ မေတ္တာပွား၊ သူတော်ကောင်းတရား ။

ဒေါသမထွက်မှ သူတော်မြတ်၊
တဏှာကင်းမှ သူတော်စင်။

ပြတ်သားမှ အမြတ်တရားရ ။
သူတော်စင်ဟာ မတွယ်တာ၊
သူတော်ကောင်းဟာ မငြိတွယ်ပါ ။

အသိမှန်၊ အတွေးမှန်၊ အယူမှန် မှ ချမ်းသာရ။
မစွဲယူရင် မစွဲလမ်း၊
မစွဲလမ်းရင် မစိုးရမ်၊
မစိုးရမ်ရင် မကြောင့်ကြ ။
အတွယ်တာကင်းပ ငြိမ်းအေးချမ်းမြ။

#((ချစ်ခင်စွဲလမ်းစိတ်တွေကို
တားမြစ်ရပ်တန့်နိုင်တာဟာ
သူတော်ကောင်းအတွက်
နည်းနည်း ထူးမြတ်တာမဟုတ်ပါဘူး။
(သိပ်ထူးမြတ်တာပါ))
အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကို
တားမြစ်ရပ်တန့်နိုင်တာဟာ
သူတော်ကောင်းအတွက်
နည်းနည်း ထူးမြတ်တာမဟုတ်ပါဘူး။
(သိပ်ထူးမြတ်တာပါ)
ညှဉ်းဆဲလိုစိတ်(ဒေါသ)တွေ ဆုတ်နစ်(လျော့ပါး)လေလေ
ဆင်းရဲဒုက္ခတွေ ငြိမ်းအေးလေလေပါပဲ။

#သူတော်ကောင်းကို ပုတ်ခတ်တာ ရွံစရာပါ။(ရှက်စရာပါ)
ပုတ်ခတ်သူကို အမျက်ပြန်ထွက်တာလည်း
ရွံစရာ(ရှက်စရာ)ပါပဲ။

#ဒေါသ နှောင်ဖွဲ့ကြိုး၊ တဏှာ ချည်တုပ်ကြိုး၊
အနုသယကိလေသာနဲ့တကွ မိစ္ဆာဒိဋ္ဌိ(၆၂)ပါးဆိုတဲ့
ကျော့ကွင်းကြိုးတွေကို ဖြတ်တောက်ပြီး၊
တံခါးပိတ်မင်းတုပ် အဝိဇ္ဇာကို နှုတ်ပယ်ပြီး
(ဉာဏ်အလင်းပွင့်သူ)
သစ္စာလေးပါးကိုသိသူကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

#ခန္တီတရား သည်းခံစွမ်းအားဆိုတဲ့
စစ်တပ်ကြီးရှိတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

#ကြာရွက်တွင် ရေမတင်၊
အပ်ဖျားတွင် မုန်ညင်းစေ့မတင်၊
သူတော်စင်တွင် ကိသေသာမတင်။ အကုသိုလ်မဝင်။

#အညစ်အကြေးကင်းစင်တဲ့ လဝန်းကြီးလို -
ကိလေသာကင်းစင်သူ၊
စိတ်အနောက်အကျူ ကင်းစင်၊ အထူးကြည်လင်ပြီး
ဘဝတွေမှာ တပ်မက်တွယ်တာတဲ့တဏှာ ကုန်ခမ်းသူကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

( # ရန်ငြိုးရှိသူတွေကြားမှာ
ရန်ငြိုးမရှိ ငြိမ်းချမ်းသူ၊
စွဲလမ်းမှုရှိသူတွေကြားမှာ
မစွဲလမ်း ငြိမ်းချမ်းသူ၊
(ခန္ဓငါးပါး ရုပ်နာမ်တရားကို ငါ၊ ငါ့ဥစ္စာလို့ မစွဲသူ) ကို သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။ )

#(ရဟန္တာအရှင်မြတ်ဟာ)
ရာဂ ဘေးရန်၊
ကိလေသာ ကန္တာရခရီးခဲ၊
သံသရာဝဋ်ဆင်းရဲ သမုဒ္ဒရာ၊
မောဟ အမိုက်အမှောင် တို့ကို
လွန်မြောက်ပါတယ်။
သြဃလေးပါးကို ကူးမြောက်လို့
နိဗ္ဗာန် တစ်ဖက်ကမ်းကို ရောက်ပါတယ်။
သမထဝိပဿနာ ဘာဝနာကို
စူးစိုက်ရှုတတ်ပြီး
တဏှာကင်းလို့ တုန်လှုပ်တဲ့သဘောမရှိ၊
သို့လောသို့လော တွေးတောယုံမှားမှုမရှိ၊
အစွဲအလမ်းကင်းကွာ
ငြိမ်းအေးပါတယ်။
အဲဒီပုဂ္ဂိုလ်ကို သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဗြာဟ္မဏဝဂ္ဂ )
ခုဒ္ဒကနိကာယ်




အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်

ဓမ္မပဒအဖော်မွန် page အား facebook တွင် ဖတ်ရှုရန် (ဖုန်းဖြင့်)
m.facebook.com/dhammapada4u/
m.facebook.com/ashin.nyana.vara.parami/

ဓမ္မပဒအဖော်မွန် page အား facebook တွင် ဖတ်ရှုရန် (ကွန်ပြူတာဖြင့်)
www.facebook.com/dhammapada4u/
www.facebook.com/ashin.nyana.vara.parami/
(album လည်းပြုလုပ်ထားပြီးဖြစ်ပါသည်)

blog တွင်လည်းဖတ်ရှုနိုင်ပါသည်
အောင်သိဒ္ဓိ
aungteikdi.blogspot.com
မနောကြာဖြူ
manawkyarphyu969.blogspot.com
ဓမ္မပဒအဖော်မွန်
dhammapada4u.blogspot.com
ဓမ္မပဒအဖော်မွန်
dhammapada4.blogspot.com

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၂၅

ဓမ္မပဒအတွေးအမြင် - ၂၅

#အကုသိုလ်မဖြစ်ဖို့၊
လောဘ ဒေါသ မောဟတွေ ဝင်မလာဖို့ -
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ နှုတ် စိတ် ဒွါရ(၆)ပေါက်မှာ စောင့်စည်းတာ ကောင်းပါတယ်။

စောင့်စည်းစောင့်ရှောက် နိဗ္ဗာန်ရောက်။

#မေတ္တာတရား ပွားများနေတတ်တဲ့၊
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
ကိလေသာကို ဖြိုဖျက်သူ ရဟန်း၊ ရှင်၊ လူ ဟာ
သင်္ခါရတွေငြိမ်းရာ (ပြုပြင်ခြင်း ကင်းငြိမ်းရာ)၊
ငြိမ်သက်ငြိမ်းအေးရာ နိဗ္ဗာန်ချမ်းသာကို ရောက်ပါတယ်။

#သံသရာဘေး လွတ်ရေးမျှော်မှန်း အိုရဟန်း !
(သံသရာတစ်ကြော မြုပ်မျောနေတဲ့) ဒီလှေက
(မိစ္ဆာဝိတက် ရေတွေကို) ပက်ထုတ်ပစ်ပါလေ။
ဒီလို (အတွေးဆိုး အကြံမှားတွေကို) ပက်ထုတ်ရင်၊
သင့်လှေဟာ အလျင်အမြန် သွားနိုင်မှာပါ။
(အနှောင်အဖွဲ့)ရာဂ ဒေါသကို ဖြတ်ပြီးနောက်
နိဗ္ဗာန်(ဆိပ်ကမ်း) ရောက်မှာပါ။

#သံသရာဘေး ရှုတွေးဆင်ခြင် ရဟန်း ရှင် လူ ဘယ်သူမဆို -
(ကိုယ့်ကိုယ်ကို တိုက်တွန်းနှိုးဆော်ပါ)
ကိုယ့်ကိုယ်ကို စစ်ဆေးမေးမြန်းပါ။
ကိုယ့်ကိုယ်ကို စုံစမ်းဆင်ခြင်ပါ။
သတိရှိလို့ ကိုယ့်ကိုယ်ကို လုံလုံခြုံခြုံ
ကာကွယ်စောင့်ရှောက်သူဟာ
ချမ်းချမ်းသာသာ နေရမှာပါ။

ရာဂစိတ်ညစ်နွမ်းကို စွန့်ပစ်ပါ။
ဒေါသစိတ်ညှိုးနွမ်းကို ဖယ်ထုတ်ပါ။

#မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
သဒ္ဓါတိုးတက် ကြည်ညိုမြတ်နိုးတဲ့၊
တရားနှင့်အညီ ဝမ်းမြောက်ခြင်းများစွာရှိတဲ့
ရဟန်းတော်ဟာ
သင်္ခါရတွေငြိမ်းအေးရာ၊
ငြိမ်သက်ချမ်းမြေ့တဲ့ နိဗ္ဗာန်ကို ရပါတယ်။

#ငယ်ရွယ်ပေမယ့်
မြတ်ဗုဒ္ဓ အဆုံးအမတရားတော်မှာ
တကယ်အဟုတ် ကြိုးစားအားထုတ်တဲ့ ရဟန်းတော်ဟာ
တိမ်တိုက်က လွတ်ကင်းတဲ့ လမင်းလို
ဒီလောကကို ထွန်းလင်းတောက်ပစေပါတယ်။

ရဟန်းတရား ကျင့်ကြံပွား၊
ရဟန်းတော်အလား။

#(သမထ ဝိပဿနာ)တရားမှာ နှစ်သက်ပြီး
တရားမှာပဲ ပျော်မွေ့တတ်သူ၊
တရားကို မပြတ် ကြံစည်နှလုံးသွင်းသူ၊
တရားကို အထပ်ထပ် အမှတ်ရဆင်ခြင်သူ၊
ကိလေသာကို ဖြိုဖျက်သူဟာ
သူတော်ကောင်းတရားက မဆုတ်ယုတ်နိုင်ပါဘူး။

တရားနဲ့မွေ့လျော်၊ တရားနဲ့ပျော်ပါ။

#ပညာမရှိသူမှာ ကမ္မဋ္ဌာန်းတရားရှုတဲ့သဘောမရှိ၊
ကမ္မဋ္ဌာန်း မရှုသူမှာ ပညာမရှိ။
ကမ္မဋ္ဌာန်းလည်းရှု၊ ပညာလည်းရှိသူပဲ
နိဗ္ဗာန်နဲ့ တကယ်နီးပါတယ်။

သမာဓိနှင့်ပညာ ရှိမှသာ၊ နိဗ္ဗာန်နီးပါ၏။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဘိက္ခုဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၂၄

ဓမ္မပဒအတွေးအမြင် - ၂၄

နိဗ္ဗာန်လို - တဏှာဖြို။

ပိန်းကြာရွက်တွင် ရေမတင်၊
သူတော်မြတ်တွင် တဏှာစင်။

#ရေစက်ရေပေါက်ဟာ ကြာရွက်မှာ
လျှောကျသလိုပါပဲ။
လောကမှာ လွန်ဆန်ဖို့ခက်ခဲတဲ့ တဏှာယုတ်ကို
လွှမ်းမိုးနှိပ်ကွပ်နိုင်သူမှာ
စိုးရိမ်သောကတွေလျှောကျကုန်ပါတယ်။

#သတ္တဝါတွေဟာ
ကာမချမ်းသာကို သာယာမှီခိုနေကြတာဖြစ်လို့
ကာမချမ်းသာကို ရှာဖွေကြရပါတယ်။
တဏှာစေရာ မနေသာ ဖွေရှာဆက်ရသူတွေဟာ
မွေး အို (နာ သေ--) ဒုက္ခတွေ ရောက်ကြရပါတယ်။

#တဏှာဝန်းရံထားတဲ့ သတ္တဝါတွေဟာ
ကျော့ကွင်းမှာ နှောင်ဖွဲ့ခံရတဲ့ယုန်လေးလို
ထိတ်လန့်ကြောက်ရွံ့နေကြရပါတယ်။
(ကာမ ရာဂ စတဲ့) သံယောဇဉ်အစေးနဲ့
ကပ်ငြိသူတွေဟာ
အကြာကြီး ထပ်ခါထပ်ခါ
ဆင်းရဲဒုက္ခမှာ ကပ်ရောက်ကြရပါတယ်။

တဏှာတောမှာ မောသင့်ပါပြီ။

မေ့လျော့လေ - တဏှာပွားလေ၊
တဏှာပွားလေ - သောကပွားလေ။

ပညာမဲ့ဥစ္စာ တဏှာဆိပ်သင့်။

မစွဲလမ်းရင် မစိုးရိမ်ရပါဘူး။

သံလက်ထိပ်ထက် ရွှေလက်ကောက်က ပိုကြပ်ပါတယ်။
သံမဏိကြိုးထက် သံယောဇဉ်ကြိုးက  ပိုခိုင်တုပ်ပါတယ်။
မမြင်ရတဲ့ အခိုင်ဆုံးကြိုးကို ဖြတ်တောက်ပါ။
မထင်ရတဲ့ အကျဉ်းဆုံးထောင်ကို ဖောက်ထွက်ပါ။

တဏှာပိုက်ကွန်ယက်မှာ ရုန်းမထွက်နိုင်တော့ပါ။
တဏှာမြစ်မှာ နစ်မြုပ်တာ။
တဏှာဖြတ်မှ ဒုက္ခပြတ်မှာ။

စွန့်လွှတ်မှ ဒုက္ခဇာတ်သိမ်း၊
မစွဲလမ်းမှ ငြိမ်းချမ်း၊
မတွယ်တာမှ ချမ်းသာရ။

အတွေးဆိုးတွေ ငြိမ်းအေးစေ၊
အသုဘပွား သတိထားနေ။

တဏှာလည်းသတ်၊ စာလည်းတတ်၊ မဟာပုဂ္ဂိုလ်မြတ်။

#တရားအလှူဟာ အလှူအားလုံးကို အောင်နိုင်ပါတယ်။
တရားအရသာဟာ အရသာအားလုံးကို
အောင်နိုင်ပါတယ်။
တရားနဲ့ပျော်မွေ့တာဟာ ပျော်ရွှင်ခြင်းအားလုံးကို
အောင်နိုင်ပါတယ်။
တဏှာကုန်ရာ အရဟတ္တဖိုလ်ဟာ ဆင်းရဲအားလုံးကို အောင်နိုင်ပါတယ်။

တရားအလှူဟာ အမြတ်ဆုံးပါ။
တရားအရသာဟာ အကောင်းဆုံးပါ။
တရားပျော်မွေ့ခြင်းတာ အမွန်မြတ်ဆုံးပါ။
တဏှာကုန်မှ ဒုက္ခငြိမ်းမှာ။

ကောင်းမှုမျိုးကို စိုက်ပျိုးရာ အနှိုင်းမဲ့လယ်ယာမြေဖြစ်တော်မူသည့်
ဘုရားအမှူးရှိသော သံဃာတော်အပေါင်း။

#ပေါင်းမြက်ဟာ လယ်ယာစိုက်ပျိုးခင်းတွေကို
ဖျက်ဆီးပါတယ်။
ရာဂ ဒေါသ မောဟ ဟာ ဒီသတ္တဝါတွေကို ဖျက်စီးပါတယ်။
ဒါ့ကြောင့်
ရာဂ ဒေါသ မောဟကင်းတဲ့ ပုဂ္ဂိုလ်တွေမှာ
ပေးလှူတာဟာ အကျိုးကြီးမားလှပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ တဏှာဝဂ္ဂ)

ငါ တို့နေရာ ဤကမ္ဘာ၊ တဏှာအုပ်စိုးသည်။
တဏှာစေရာ မနေသာ၊ ဖွေရှာဆက်ရသည်။
ရသည့်ဥစ္စာ ချစ်သူပါ၊ စွန့်ခွာသွားရသည်။
တကယ့်အရေး တကယ့်ဘေး၊
ဘယ်သွေးဘယ်သား မကယ်ပြီ။
ငါနှင့်ရွယ်တူ ငါ့အောက်လူ၊
ကြီးသူ သေကြ များလှပြီ။
ခဏမစဲ အိုစမြဲ၊ ကိုယ်လည်း သေဘက်နီးခဲ့ပြီ။
ဇရာမီးတောင် ကိုယ်ထဲလောင်၊
သေအောင်မြိုက်တော့သည်။
မသေရခင် သွားလမ်းစဉ်၊
ကြိုတင်ပြင်သင့်သည်။
ဒါန၊ သီလ၊ ဘာဝနာ လမ်းသာတွင်လိမ့်မည်။
မဂ္ဂင်ယာဉ်ကြီး အမြန်စီး၊ ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော်ကြီး)

ဓမ္မပဒအတွေးအမြင် ၂၃

ဓမ္မပဒအတွေးအမြင် - ၂၃

တရားမရှိသူ အမှား၊ တရားရှိသူ သည်းခံ ။

တိရိစ္ဆာန်တောင် ယဉ်ကျေးလိမ္မာအောင် ဆုံးမနိုင်သေးတာပဲ။
ကိုယ့်ကိုယ်ကို ဆုံးမပါ့မယ်။

အခွင့်သာတုန်းမှာ ရုန်းထွက်ပါ။

မဂ္ဂင်ယာဉ်ကြီး အမှန်စီး နိဗ္ဗာန်ခရီးသွားကြမည်။

မြင်းလိမ္မာ ဆင်လိမ္မာထက်
လူလိမ္မာက ပိုမြတ်ပါတယ်။
ယဉ်ကျေးလိမ္မာ ရတနာလူဖြစ်အောင်
ကြိုးစားပါ့မယ်။

#ဒီစိတ်ဟာ ရှေးအခါက
ကြိုက်ရာအာရုံမှာ၊ အလိုရှိတိုင်းချမ်းသာရာမှာ
လှည့်လည်လိုက်စား ပျော်ပါးခဲ့ပြီ။
ချွန်းကိုင်တဲ့ဆင်ထိန်းဟာ
မုန်ယစ်တဲ့ဆင်ဆိုးကြီးကို
ဆုံးမနှိပ်ကွပ်သလို -
ငါဟာလည်း အခုပဲ မကောင်းတဲ့စိတ်ကို
သင့်တော်မှန်ကန်တဲ့ နှလုံးသွင်းနဲ့
(သတိ ပညာ နဲ့) နှိပ်ကွပ်ဆုံးမပါ့မယ်။

သတိ ပညာ ချွန်းပမာ၊
စိတ်ဆင်ရိုင်းကို ဆုံးမပါ။

#မမေ့လျော့ခြင်း အပ္ပမာဒတရားမှာ
ပျော်မွေ့ကြပါ။
စိတ်ကို အစဉ်စောင့်ရှောက်ကြပါ။
ညွန်နစ်နေတဲ့ ဆင်ကြီးဟာ
ကိုယ့်ကိုယ်ကို ထုတ်ဆောင်သလို -
ကိုယ့်ကိုယ်ကို ကိလေသာညွန်ကနေ
ထုတ်ဆယ်ကြပါ။

အဖော်မွန် မတွေ့ရင် တစ်ကိုယ်တော်နေ၊
ကိုယ့်တရားဟာ ကိုယ့်မိတ်ဆွေ။

#အရေးကြုံတဲ့အခါ မိတ်ဆွေရှိတာ ချမ်းသာပါတယ်။
ရတာလေးနဲ့ တင်းတိမ်ရောင့်ရဲတာ
ချမ်းသာပါတယ်။
သေခါနီးမှာ ကောင်းမှုကုသိုလ်ရှိတာ
ချမ်းသာပါတယ်။
ဝဋ်ဆင်းရဲအားလုံးကို စွန့်ပယ်နိုင်တာ
ချမ်းသာပါတယ်။

#လောကမှာ အမေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
အဖေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
လောကမှာ (ကိလေသာငြိမ်းသူတွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။)
ရဟန်းတော်တွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
မကောင်းမှုတွေကို ပထုတ်ပြီးတဲ့
မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ သူတော်စင်တွေကို
ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။

#သီလရှိတာဟာ အိုတဲ့အထိ ချမ်းသာပါတယ်။
သဒ္ဓါတရား တည်တံ့ခိုင်မြဲတာဟာ ချမ်းသာပါတယ်။
ပညာရတာဟာ ချမ်းသာပါတယ်။
မကောင်းမှုတွေကို မပြုတာဟာ ချမ်းသာပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ နာဂဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၂၂

ဓမ္မပဒအတွေးအမြင် - ၂၂

#လူယုတ်မာတွေဟာ
ယုတ်မာတဲ့ အကုသိုလ် မကောင်းမှုကံတွေကြောင့်
ငရဲကို ကျရောက်ရပါတယ်။

#တိုင်းပြည်အစွန်အဖျားမြို့ကို
အတွင်းအပြင် လုံခြုံစေသလို -
မိမိကိုယ်ကို စောင့်ရှောက်ပါ။
(ဘုရားပွင့်ခြင်း စတဲ့)
အခွင့်အခါကောင်းကို မလွန်ပါစေနဲ့။
ဟုတ်ပါတယ်။
အခွင့်အခါကောင်းကို ကျော်လွန်သွားသူတွေဟာ
ငရဲ ဆင်းရဲ ခံရပြီး စိုးရိမ်ကြရပါတယ်။

ခွင့်သာခိုက်မှ မလိုက်ချင်ရင် လူမိုက်၊
ခွင့်သာတုန်းမှ မရုန်းချင်ရင် လူဖြစ်ရှုံးပြီ ။

အယူမှန်မှ အရှက်မှန်ပါတယ်။
အမြင်မှန်မှ အကြောက်မှန်ပါတယ်။

အယူမှားက အပြစ်များကြ၊ ဆင်းရဲရပါတယ်။
အယူမှန်မှ အပြစ်ကင်းပ ချမ်းသာရပါတယ်။

#အပြစ်ကို အပြစ်၊
အပြစ်မဟုတ်တာကို အပြစ်မဟုတ်လို့
သိမြင်တဲ့အတွက်
မှန်ကန်ကောင်းမွန်တဲ့ အယူအမြင်ရှိသူတွေဟာ
သုဂတိချမ်းသာဘဝကို ရောက်ကြရပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ နိရယဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၂၁

ဓမ္မပဒအတွေးအမြင် - ၂၁

ချမ်းသာလေးကိုစွန့်နိုင်မှ ချမ်းသာကြီးမားရ၊
ချမ်းသာတုကို စွန့်နိုင်မှ ချမ်းသာအစစ်ရ။

#ကြီးမားများပြားတဲ့ချမ်းသာကို
ကောင်းကောင်းသိမြင်တဲ့ ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ချမ်းသာကို
စွန့်လွှတ်ပါတယ်။

သူတစ်ပါးကို ဒုက္ခရောက်စေသူ ရန်ထူပူ။

လုပ်သင့်တာ မလုပ်ဘဲ၊
မလုပ်သင့်တာ လုပ်ရင် -
မကောင်းတာတွေပဲ တိုးပွားနေလိမ့်မယ်။

မကောင်းတဲ့စိတ်ဓာတ်တွေကို အသေသတ်ပစ်ပါ။

#နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
မြတ်ဗုဒ္ဓဂုဏ်တော် အာရုံပြုပြီး သတိရှိနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း
ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

#နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
ညှဉ်းဆဲကင်းကွာ (မေတ္တာ)ကရုဏာဘာဝနာမှာ
ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း
ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

#နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
သမထ ဝိပဿနာ ဘာဝနာမှာ ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း
ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

ဘုရားဂုဏ်တော် ပွားများတာ၊
တရားဂုဏ်တော် ပွားများတာ၊
သံဃာဂုဏ်တော် ပွားများတာ၊
ကာယာနုပဿနာသတိပဌာန် ပွားများတာ၊
ကရုဏာဘာဝနာ ပွားများတာ၊
မေတ္တာဘာဝနာ ပွားများတာ၊
ဒီ (၆)ပါးဟာ အစောင့်အရှောက်တွေပါ။
ဓမ္မကိုယ်ရံတော်တွေပါ။

သံသရာခရီးသွားဆိုရင်တော့
ဆင်းရဲဒုက္ခတွေပဲ ထပ်တလဲလဲ
ကျရောက်နေဦးမှာပါပဲ။

သူတော်ကောင်းတွေဟာ
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ၊ သတိ၊ ဝီရိယ နဲ့ ပြည့်စုံကြပါတယ်။

သူတော်ကောင်းတွေဟာ ဘုရား၊ တရား နဲ့
ပျော်မွေ့ကြပါတယ်။
သူတော်ကောင်းတွေဟာ မေတ္တာ၊ ကရုဏာနဲ့
ပျော်မွေ့ကြပါတယ်။

သူတော်ကောင်းအချင်းချင်း
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။

သူတော်ကောင်းဟာ မြတ်ဗုဒ္ဓနဲ့
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။
သူယုတ်မာဟာ မြတ်ဗုဒ္ဓနဲ့
ဘယ်လောက်နီးနီး အဝေးကြီးပါပဲ။

လူအများနဲ့ နေရပေမယ့်
ကမ္မဌာန်တရား နှလုံးသွင်းပြီးနေရင်၊
ဘာဝနာပွားများတဲ့ တစ်စိတ်တည်းထားနိုင်ရင်
တစ်ယောက်တည်းနေတာ၊
တစ်ကိုယ်တော် ပျော်မွေ့တာပါပဲ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပကိဏ္ဏကဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၂၀

ဓမ္မပဒအတွေးအမြင် - ၂၀

မဂ္ဂင်ရှစ်ပါး အကျင့်လမ်းဟာ
အမြင့်မြတ်ဆုံးလမ်း၊ အချီးမွမ်းအပ်ဆုံးလမ်းပါ။

နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းမှန်ဖြစ်တဲ့
မဂ္ဂင်ရှစ်ပါးကို ဟောဖော်ညွှန်ကြားတော်မူတဲ့
မြတ်ဗုဒ္ဓဟာလည်း
အမြင့်မြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးပါပဲ။

#ဒီမဂ္ဂင်ရှစ်ပါးလမ်းခရီးကို
သင်ချစ်သားတို့ လျောက်လှမ်းကြရင်
ဆင်းရဲဒုက္ခအားလုံးကို အဆုံးသတ်နိုင်ကြမှာပါ။
ရာဂ စတဲ့ ဆူးငြောင့်ကင်းစင်ရာ မဂ္ဂင်လမ်းကို
ငါဘုရားဟာ (ကိုယ်တိုင်)သိမြင်ပြီး
သင်ချစ်သားတို့ကို ဟောကြားညွှန်ပြတာပါ။

#သင်ချစ်သားတို့ ကျင့်ကြံအားထုတ်ကြပါ။
(ကျင့်ကြံအားထုတ်ဖို့ဟာ သင်ချစ်သားတို့ကိစ္စပါ)
လာခြင်းကောင်းတော်မူတဲ့ ငါဘုရားဟာ
(လမ်းမှန်ကို) ဟောညွှန်ပြပြီးပြီ။
(ငါဘုရားရှင် ညွှန်ပြတဲ့လမ်းကို လျှောက်လှမ်းရင်) ကျင့်ကြံအားထုတ်ရင် (လွတ်မြောက်ကြမှာပါ။)
(သမထ ဝိပဿနာ လေ့လာပွားများသူတွေ)
ကိလေသာအနှောင်အဖွဲ့ကို
ရှို့မြှိုက်လောင်ကျွမ်းစေသူတွေဟာ
သေမင်းအနှောင်အဖွဲ့က လွတ်မြောက်ကြမှာပါ။

#အကြောင်းတရားတွေ ပြုပြင်စီမံဖန်တီးထားတဲ့
ခန္ဓာငါးပါး ရုပ်နာမ်) သင်္ခါရတရားအားလုံးဟာ
ဖြစ်ပြီးပျက်ရ သဘာဝကြောင့် အမြဲမရှိဘူး လို့
ဝိပဿနာပညာနဲ့ ရှုတဲ့အခါ
(ဖြစ်ပျက်မစဲ) သံသရာဝဋ်ဆင်းရဲမှာ
မနှစ်သက်ဘဲ ငြီးငွေ့လာပါတယ်။
ဒီလို ဉာဏ်နဲ့ငြီးငွေ့တာဟာ
ကိလေသာစင်ကြယ်ရာ နိဗ္ဗာန်ရဲ့ လမ်းကြောင်းပါပဲ။
ခန္ဓာငါးပါး ရုပ်နာမ်တရား
အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဟု
မြင်အောင်ရှု
ပူမှုကင်းလွတ်သည်။

#အတွေးများပြီး (လေးလံ)နစ်မြုပ်နေသူ၊
(အတွေးမှားတွေရဲ့
ညှဉ်းပန်းနှိပ်စက်တာ ခံရသူ)
ဝီရိယမရှိ ပျင်းရိသူဟာ -
ပညာနဲ့ သိမြင်အပ်တဲ့
အရိယမဂ်ကို မရနိုင်ပါဘူး။

#ယစ်မူးမေ့လျော့ပြီး
မရသေးတာကို တောင့်တ၊
ရပြီးတာကို တွယ်တာ
ကပ်ငြိတပ်မက်စိတ်ရှိသူကို
သေမင်းဟာ ခေါ်ယူသွားပါတယ်။

သတိ၊ ဝီရိယ၊ ပညာ နဲ့ ခရီးသွားရပါမယ်။
လမ်းမှာ ဘေးအန္တရာယ်မဖြစ်အောင်
ကိုယ်နှုတ်စိတ်သုံးပါးကို စောင့်ရှောက်စောင့်စည်းရမှာပါ။
သေခြင်းကင်းရာ နိဗ္ဗာန်ဟာ ပန်းတိုင်ပါ။

ခွင့်သာခိုက်မှ
မလိုက်ချင်ရင်---

သေခြင်းကင်းရာ၊ လွတ်မြောက်ရာ
လမ်းပေါက်သာပါလျက်
ပြေးမထွက်ချင်ရင် ---

တကယ့်အရေး တကယ့်ဘေးမှာ
ဘယ်သွေးဘယ်သား မကယ်နိုင်ပါ။
ကိုယ့်တရားသာ အားကိုးစရာ။

မဂ္ဂင်(၈)ပါးမှတစ်ပါး ကိလေသာစင်ကြယ်စေရေးအတွက်
အခြားနည်းလမ်းမရှိပါ။

မဂ္ဂင်(၈)ပါး ရဲ့ အနှစ်ချုပ်ဟာ
သီလ၊ သမာဓိ၊ ပညာ။

မဂ္ဂ(၈)ပါး (နိဗ္ဗာန်ရောက်ကြောင်းလမ်းစဉ်)

ပညာသိက္ခာ
၁။ သမ္မာဒိဋ္ဌိ = မှန်ကန်ကောင်းမွန်သော  အသိအမြင်၊
၂။ သမ္မာသင်္ကပ္ပ = မှန်ကန်ကောင်းမွန်သော အတွေးအကြံ၊

သီလသိက္ခာ
၃။ သမ္မာဝါစာ = မှန်ကန်ကောင်းမွန်သောစကား၊
၎။ သမ္မာကမ္မန္တ = မှန်ကန်ကောင်းမွန်သောအလုပ်၊
၅။ သမ္မာအာဇီဝ = မှန်ကန်ကောင်းမွန်သော အသက်မွေးမှု၊

သမာဓိသိက္ခာ
၆။ သမ္မာဝါယမ = မှန်ကန်ကောင်းမွန်သော ကြိုးစားအားထုတ်မှု၊
၇။ သမ္မာသတိ = မှန်ကန်ကောင်းမွန်သော သတိ၊
၈။ သမ္မာသမာဓိ = မှန်ကန်ကောင်းမွန်သော တည်ကြည်မှု၊

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ မဂ္ဂဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၉

ဓမ္မပဒအတွေးအမြင် - ၁၉

#စကားအများကြီး ဟောပြောရုံနဲ့ ပညာရှိမဖြစ်ပါဘူး။
ဘေးမရှိ (ငြိမ်းအေးသူ)၊
ရန်မရှိ (အမျက်ဒေါသကင်းစင်သူ)၊
ဘေးအန္တရာယ်ဖြစ်အောင်မလုပ်သူကိုပဲ
ပညာရှိလို့ ဆိုသင့်ပါတယ်။

#တရားအများကြီး ဟောပြောရုံနဲ့
တရားဆောင်သူ မဟုတ်ပါဘူး။
တရားနည်းနည်းပဲ နာကြားရပေမယ့်
သစ္စာလေးပါး မြတ်တရားကို
မဂ်ဉာဏ်နဲ့ သိမြင်လို့
တရားကို မမေ့လျော့သူဟာ
တရားဆောင်သူအစစ်ပါပဲ။

တရားဖတ်ရှုနာကြားပြီး ကျင့်သုံးမှ တရားဆောင်သူဖြစ်မှာပါ။

#သစ္စာသိ တရားရှိသူ၊
မညှဉ်းဆဲသူ၊
စောင့်စည်းတတ်သူ၊
မကောင်းတဲ့စိတ်တွေမဖြစ်အောင် ဆုံးမတားမြစ်သူ၊
ကိလေသာအညစ်အကြေးတွေ ထွေးအန်ပြီးတဲ့
သမာဓိ ပညာရှိသူကိုပဲ
သိက္ခာဂုဏ်ဝါကြီးမြတ်သူလို့ ခေါ်ဆိုသင့်ပါတယ်။

အသက်ကြီးပြီး အကျင့်သိက္ခာတရား မရှိရင် အိုပယ်ဖြစ်လိမ့်မယ်။
အသက်ကြီးသလို သီလ သမာဓိ ပညာ ကြီးလာမှ အိုကြွယ်ဖြစ်မှာပါ။

မတရားသူကြီး မဖြစ်ပါစေနဲ့။

ရုပ်ချော၊ အပြောကောင်းရုံနဲ့  သဘောကောင်းသူမဖြစ်ပါဘူး။

#မနာလို ဝန်တို ကောက်ကျစ်တဲ့သဘောကို
လုံးဝအမြစ်ပြတ် ပယ်နှုတ်ဖြတ်ပြီးသူ၊
ကိလေသာအပြစ်တွေ ထွေးအန်ပြီးတဲ့ ပညာရှိကိုပဲ
သဘောကောင်းသူလို့ ဆိုသင့်ပါတယ်။

#ကြောင်းကျိုးမြင်သိ ပညာရှိဟာ
ချိန်ခွင်ကို ကိုင်မြှောက်ပြီး နှိုင်းချိန်စက်သလို -
ကောင်းမှုကုသိုလ်အမြတ်တရားကို အရယူပြီး
မကောင်းမှုအကုသိုလ်ကို ရှောင်ကြဉ်ပါတယ်။

အမှန်တရားဘက်မှာ ရပ်တည်ရဲသူ၊
ဘေးမဖြစ်စေသူ၊
တရားဆောင်သူ၊
တရားတည်သူ၊
သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ၊
စိတ်ထားကြည်ဖြူ သဘောကောင်းသူ၊
နှလုံးစိတ်ဝမ်း အေးချမ်းသူ၊
ကိလေသာကို ဖြိဖျက်ဆီးသူ၊
ပညာရှိ တရားရှိ မုနိဖြစ်သူ
စိတ်ကောင်းရှိသူ မြင့်မြတ်သူ …. ကို
မှန်ထဲမှာ မြင်တွေ့နိုင်ရင်
ဘယ်လောက်များ ကောင်းလိုက်မလဲလေ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဓမ္မဋ္ဌဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၈

ဓမ္မပဒအတွေးအမြင် - ၁၈

ရွှေမှုန်လိုစု ကုသိုလ်ပြု၊
ရွှေသန့်ရင် အဖိုးတန်၊
စိတ်သန့်ရင် မြတ်နိဗ္ဗာန် ။

#ပန်းထိမ်ဆရာဟာ ရွှေရဲ့အညစ်အကြေးကို
(တဖြည်းဖြည်းချင်း) ထုတ်ပယ်သလို -
ပညာရှိဟာ
အစဉ်သဖြင့် အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
စိတ်အညစ်အကြေးကို
အနည်းငယ် အနည်းငယ် ထုတ်ပယ်ပါတယ်။
((အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
ကုသိုလ်အနည်းငယ် အနည်းငယ်ကို
ပြုလုပ်စုဆောင်းရင်းနဲ့ပေါ့))

#အကုသိုလ်တရားတွေဟာ
သင့်ကို ကြာရှည်ဆင်းရဲအောင် မညှဉ်းဆဲကြပါစေနဲ့။

အညစ်အကြေးအတွေးတွေကို သယ်ပိုးမထားပါနဲ့။

ကိုယ့်အညစ်အကြေးက
ကိုယ့်ကိုပြန် အပြစ်ပေးမှာပါ။

အညစ်အကြေးတွေ စားနေသူ မဖြစ်ပါစေနဲ့။
အညစ်အပတ်နဲ့ အသက်ရှင်နေသူဟာ
မသေခင်ထဲက ပုပ်နေပါပြီ။

သူစ်ပါးအညစ်အကြေးကို မြင်လွယ်ပါတယ်။
ကိုယ့်အညစ်အကြေးကို မြင်ဖို့သိပ်ခက်ပါတယ်။

#ရာဂ နဲ့တူတဲ့ မီး မရှိပါဘူး။
ဒေါသ နဲ့တူတဲ့ ဖမ်းစားတတ်တာ မရှိပါဘူး။
မောဟ နဲ့တူတဲ့ ပိုက်ကွန်ယက် ဟာ မရှိပါဘူး။
တဏှာ နဲ့တူတဲ့ မြစ် ဟာ မရှိပါဘူး။
ကိလေသာ ဟာ တကယ့်အညစ်အကြေးပါ။
ကိလေသာ နဲ့တူတဲ့ အညစ်အကြေး မရှိတော့ပါဘူး။

အညစ်တကာ့ အညစ်ထဲမှာ
စိတ်ညစ်တာ အဆိုးဆုံးပါ။
အပုပ်တကား အပုပ်ထဲမှာ
စိတ်ပုပ်တာ အဆိုးဆုံးပါ။

# ကောင်းကင်မှာ ခြေရာမရှိ။
သာသနာပြင်ပမှာ
မဂ်ဖိုလ်ရ သမဏရဟန်းမြတ်မရှိ။
ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတွေမှာ
တည်မြဲတာမရှိ။
သစ္စာသိမြင် ဘုရားရှင်တွေမှာ
တုန်လှုပ်တာမရှိ။

သူတော်စင်မှာ စိတ်ပုပ်၊ စိတ်ယုတ် မရှိပါ။

တရားရေစင်ဟာ စိတ်အညစ်အကြေးတွေကို ဆေးကြောပေးနိုင်ပါတယ်။

ကိုယ်တော်တိုင်လည်း စိတ်အညစ်အကြေးကင်းစင်တော်မူပြီးလျှင်၊
သူတစ်ပါးကိုလည်း စိတ်အညစ်အကြေးကင်းစင်အောင်
နည်းကောင်းလမ်းမှန် ညွှန်ပြကူညီတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။

စိတ်သန့်စင်ကြောင်း တရားကောင်းများကို ဟောကြားတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ မလဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)