Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၅

ဓမ္မပဒအတွေးအမြင် - ၁၅

#ကိလေသာနှိပ်စက်ခံနေရသူတွေအလယ်မှာ
ငါတို့ဟာ ကိလေသာနှိပ်စက်မခံရဘဲ
ချမ်းချမ်းသာသာ အသက်ရှင်နိုင်ကြပါတယ်။
ကိလေသာရောဂါ ဖြစ်သူတွေကြားမှာ -
ငါတို့ဟာ ကိလေသာရောဂါ မဖြစ်ဘဲ
ချမ်းချမ်းသာသာ နေနိုင်ကြပါတယ်။

လောဘတက်နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
စွန့်လွှတ်မှုနဲ့ ချမ်းချမ်းသာသာနေရပါတယ်။
ဒေါသထွက်နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
မေတ္တာဓာတ်နဲ့ ချမ်းချမ်းသာသာ နေရပါတယ်။
မောဟမူးမေ့နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
သတိ ပညာ နဲ့ ချမ်းချမ်းသာသာ နေရပါတယ်။

#(ကိလေသာ) ငြိမ်းအေးပြီးသူဟာ
နိုင်တာ၊ ရှုံးတာကို စွန့်ခွာပြီး
ချမ်းချမ်းသာသာ နေရပါတယ်။

#ရုပ်နာမ် ခန္ဓာ သင်္ခါရတရားတွေဟာ
အလွန်ကဲဆုံး ဆင်းရဲပါ။
(ခန္ဓာဒုက္ခမရှိရာ)
နိဗ္ဗာန်ဟာ အလွန်ကဲဆုံး ချမ်းသာပါ။

#အနာရောဂါကင်းတာ
အလွန်ကဲဆုံး လာဘ်ပါ။
တင်းတိမ်ရောင့်ရဲတာ
အလွန်ကဲဆုံး ဥစ္စာဓနပါ။
ချစ်ကျွမ်းဝင်သူဟာ
အလွန်ကဲဆုံး ဆွေမျိုးပါ။
နိဗ္ဗာန်ဟာ
အလွန်ကဲဆုံး ချမ်းသာပါ။

ဓမ္မပီတိအရသာ ချမ်းသာလိုက်တာ !

#ရာဂ - အပူပြင်းဆုံးမီး၊
ဒေါသ - အကြီးမားဆုံးအဖျက်စွမ်းအား၊
ခန္ဓာ -  အဆင်းရဲဆုံးဒုက္ခ၊
နိဗ္ဗာန် - အမွန်မြတ်ဆုံးချမ်းသာ

ချမ်းသာချင်ရင် သူတော်ကောင်းကိုပေါင်း၊
သူတော်ကောင်းလိုနေ၊
သူတော်ကောင်းဖြစ်ပါစေ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ သုခဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment