Friday, May 2, 2014

ဗုဒ္ဓါနုဿတိ အတုမရှိဘာဝနာ

မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ဆင်ခြင်စဉ်းစား ရွတ်ဆိုပွားများသူမှာ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ အဲဒီဂုဏ်တော်ပီတိဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုအစိုးရတဲ့ စကြ၀တေးမင်းဖြစ်ရခြင်းထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် မြင့်မြတ်လှပါတယ်။
(သီလက္ခန္ဓ၀ဂ် အဋ္ဌကထာ၊၅၆)


ကဿပဘုရားရှင် လက်ထက်က သ၀ဏ်လွှာ
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ ပုညက္ခေတံ အနုတ္တရံ။

ဘုရားရတနာဟာ သတ္တ၀ါအားလုံးရဲ့ ကောင်းကျိုးစီးပွားအတွက် လောကကြီးမှာ ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါပြီ။ တရားရတနာဟာ သတ္တ၀ါအားလုံးတို့ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောချမ်းသာကို ရဖို့အတွက် ပေါ်ပေါက်လာခဲ့ပါပြီ ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ အတုမရှိလယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ သံဃာရတနာကိုလည်း ကြည်ညိုပါဦး။

ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ။
အစိန္တိယေ ပသန္နာနံ၊ ၀ိပါကော ဟောတိ အစိန္တိယော။
 မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေဟာ ကြံစည်လို့မကုန်နိုင်။ မကြံစည်နိုင်လောက်အောင် ကြီးကျယ်များပြားလှပါတယ်။ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်ရဲ့ဂုဏ်တော်တွေဟာလည်း မကြံစည်နိုင်လောက်အောင်ပါပဲ။
မကြံစည်နိုင်လောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့အရာကို ကြည်ညိုဆည်းကပ်မြတ်နိုးသူအတွက် ကောင်းကျိုးချမ်းသာတွေဟာလည်း မကြံစည်နိုင်လောက်အောင်ပါပဲ။
(ဗုဒ္ဓအပဒါန် ပါဠိတော်)
ခရီးဖော်(ဓမ္မာစရိယ ဦးဌေးလှိုင်)
 


လောကကြီးမှာ ဗုဒ္ဓဘုရား---ဗုဒ္ဓဘုရားဆိုတဲ့ အသံကိုကြားရဖို့တောင် အလွန်အင်မတန်မှ ခက်ခဲလှပါတယ်။ ဗုဒ္ဓဘုရားရှင်ဖြစ်ဖို့ဆိုတာကတော့ ဘယ်လောက်များ ခက်ခဲလိုက်မလဲ။ မပြောပြနိုင်အောင်ပါပဲ။
လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ အကျိုးစီးပွားအဖြာဖြာ ရရာ၊ ရကြောင်း နည်းကောင်းလမ်းမှန်တွေကို ညွှန်ကြားပြသပြီး ချမ်းသာသုခ အ၀၀ကို ရွက်ဆောင်ပေးတော်မူတတ်သော၊
လူနတ်ဗြဟ္မာတို့ ပူဇော်မြတ်နိုးအပ်သော၊
အလှူကောင်း အလှူမှန်ဟူသမျှကို ခံယူတော်မူထိုက်သော၊
ဖူးမြင်ဆည်းကပ်သူတို့ကို ကြောက်ရွံ့ခြင်းဘေးရန်မှ ဖယ်ရှားပေးတော်မူတတ်သော၊
ဖူးမြင်ဆည်းကပ်သူတို့ သန္တာန်မှာ စိတ်ကြည်နူးဝမ်းမြောက်မှု၊ အသိဉာဏ်ရရှိမှု စတဲ့ ကုသိုလ်ပန်း၊ ပီတီပန်းတို့ကို ပွင့်လန်းတိုးပွားစေတတ်သော၊
ကိုယ်တော်အား (၁၀)ပါး၊ ဉာဏ်တော်အား (၁၀)ပါးနှင့်လည်း ပြည့်စုံတော်မူသော၊
အတုမရှိသော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့်လည်း ပြည့်စုံတော်မူသော
ထို ရှင်တော်မြတ်ဘုရားအား လောကီ၊ လောကုတ္တရာချမ်းသာသုခအ၀၀ကို လိုလားကြကုန်သော ပညာရှိသူတော်ကောင်းတို့သည် အမြဲမပြတ် ခပ်သိမ်းသောအချိန်ကာလတို့၌ ကြည်ညိုမြတ်နိုး ရှိခိုးဦးညွတ်နိုင်ကြပါစေကုန်သတည်း။
(မဟာနမက္ကာရာ-၂၆)
(ဖားအောက်တောရ ၀တ်ရွတ်စဉ်ကို မှီငြိမ်းပါသည်။ အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)

·         ရောဂါကြောင့်သာ၊ ဆေးဆရာ၊ စွမ်းတာသိနိုင်သည်။
·         ကိလေသာဟူ အပူကြောင့်သာ၊ ကောင်းစွာကျင့်တတ်၊ သူတော်မြတ်၏၊
မြင့်မြတ်ထူးဆန်း၊ လူ့အစွမ်း၊ ဖြစ်ထွန်းပေါ်လာသည်။
·         ရောဂါအများ၊ ရှိနေငြား၍၊ ဆေးဝါးစွမ်းအင်၊ အာနိသင်၊ ပေါ်လွင်ထင်ရှားသည်။
·         ကိလေသာဟူ အပူအများ ရှိနေငြား၍ ၊ တရားစွမ်းအင် အာနိသင်၊ ပေါ်လွင်ထင်ရှားသည်။
(ယောဆရာတော်)

ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာဘုရားကိုအာရုံပြုကြည့်ပါ။ အဲဒီအခါကျမှ ဘုရားဆိုတာဘယ်လိုလဲဆိုတာနည်းနည်းရိပ်မိလိမ့်မယ်။ စာဖတ်ပြီးတော့ သိထားရုံနဲ့ ဘုရားဆိုတာသိပြီလို့ ပြောဖို့မလွယ်ဘူး။ ဘုရားရှင်ရဲ့ စိတ်အခြေအနေကိုကိုယ်ကိုယ်တိုင် ကိလေသာကင်းရှင်းနေတဲ့အခါမှာအာရုံပြုကြည့်မှ နည်းနည်းရိပ်မိလာတယ်။ အဲဒီအခါမှာဘုရားရှင်ရဲ့စိတ်ကိုနည်းနည်းလေးမှန်းပြီးအာရုံပြုလို့ရလို့ အင်မတန်ကြည်ညိုတဲ့စိတ်ဖြစ်တယ်။
  ကိုယ်ကိုယ်တိုင် ကိလေသာကင်းနေမှ ကိလေသာကင်းတာဘယ်လောက်မြင့်မြတ်တယ်ဆိုတာသိနိုင်တယ်။ မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ မသိနိုင်တာတွေ အင်မတန်များပါတယ်။ ဒီတစ်ချက်ကိုသိရင်တော့ ဘုရားကိုအာရုံပြုလို့ရပြီ။
ကိုယ့်စိတ်ထဲမှာတကယ်ကြည်လင်သန့်ရှင်းနေတဲ့အခါမှာကိလေသာကင်းပြီးတော့ ကြည်လင်အေးချမ်းနေတဲ့အခါမှာ၊ ငါတောင်မှ ဒီလောက်အေးချမ်းနေတာ၊ ဒီလောက်ကြည်လင်နေတာ၊ ဘုရားရဲ့စိတ်ကဘယ်လောက်များ ကြာည်လင်အေးချမ်းသန့်ရှင်းနေမလဲဆိုတာနည်းနည်းမှန်းလို့ရတယ်။ ဒီလိုနေရတာအင်မတန်သက်သာပါတယ်။
(ဦးဇောတိက ၏ သတိဆိုတဲ့နေအိမ် မှ)


ဘုရားရှင်အပေါ်၌ ခံစားကြည်ညိုခြင်း။
တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများလှိုင်းဂယက်ထသည်သို့ ခံစားလာရသည်။
သို့သော်--- အေးချမ်းစွာ၊ ငြိမ်းချမ်းစွာ၊ ရွှင်လန်းစွာ၊ တည်ငြိမ်စွာ။
အတည်ငြိမ်ဆုံးစိတ်အနေအထားဖြင့် စိတ်၏အနက်ရှိုင်းဆုံးတစ်နေရာ၌ ကျွန်တော်ရွတ်ဆိုချင်သောစကားလုံးစုတစ်စုထင်းခနဲပေါ်လာသည်။
“ဗုဒ္ဓံသရဏံဂစ္ဆာမိ …”
လောကတွင် အမြတ်ဆုံးရတနာသုံးပါမှ ထပ်ဆုံးရတနာ၊ ဘုရားရတနာကြောင့်ပင် ဒုတိယနှင့် တတိယဖြစ်သည့် တရားရတနာနှင့် သံဃာရတနာတို့သည် လှုပ်ရှားသက်ဝင် အဓိပ္ပါယ်ရှိလာခြင်းပင်။
“ဓမ္မံသရဏံဂစ္ဆာမိ …”
“သံဃံသရဏံဂစ္ဆာမိ …”
ကျွန်တော်သည် နှုတ်ဖျားမှ ရွတ်ဆိုလိုက်ခြင်းမဟုတ်ပါ။
ရင်ထဲ၊ အသည်းထဲ၊ ဟိုးအနက်ရှိုင်းဆုံးတစ်နေရာမှ ရွတ်ဆိုလိုက်ခြင်း။
ဒီတစ်ခါ သရဏဂုံသုံးပါးကိုရွတ်ဆိုလိုက်ခြင်းသည် ဘ၀တစ်လျှောက်ရွတ်ဆိုခဲ့သမျှထဲတွင် အလေးနက်ဆုံး၊ အဓိပ္ပါယ်အရှိဆုံးဖြစ်သည်ဟု ကျွန်တော် ဆိုချင်ပါတော့သည်။
(မြသန်းစံ - ဘုရားရှင်၏ အဓိပ္ပါယ်ကိုခံစားကြည်ညိုခြင်း)

ဗုဒ္ဓါနုဿတိကရေတွင်းနဲ့တူတယ်။ ရေတွင်းထဲမှာရှိတဲ့ရေဆိုတာဘုရားဂုဏ်တော်တွေနဲ့ တူတယ်။ ပုံးနဲ့ခပ်လိုက်ရင် ခပ်တဲ့ပုံးထဲပါလာတဲ့ရေကိုယ်သုံးရတယ်။ ဘုရားဂုဏ်တော်တစ်ခါပွားလိုက်ရင် ကိုယ်ပွားတဲ့ဂုဏ်တော်နဲ့ လိုက်ဖက်တဲ့ ဓာတ်သတ္တိတွေ ကိုယ့်မှာကူးစက်လာတယ်။
          ဘုရားကိလေသာကင်းတာတစ်ချက်ပွား၊ ကိုယ့်စိတ် ကိလေသာတစ်ချက် ကင်းတယ်။ ဘုရားဉာဏ်ကြီးတာတစ်ချက်ပွား၊ ကိုယ့်ဉာဏ် တစ်ချက်ကြီးလာတယ်။ ဘုရားဘုန်းတန်ခိုးကြီးတာတစ်ချက်ပွား၊ ကိုယ်လည်းတစ်ချက် ဘုန်းတန်ခိုးကြီးလာတယ်။
ရေတွင်းထဲကရေ၊ ကိုယ်ခပ်နိုင်သလောက် ကိုယ်သုံးရသလိုပဲဘုရားဂုဏ်တော်တွေလည်းကိုယ့်မှာဓာတ်ကူးပြီးကောင်းကျိုးရပါတယ်။ ဒါကြောင့် ဗုဒ္ဓါနုဿတိရေတွင်းလေးလည်းတူးကြ။
(အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ ခိုင်မှခိုင် မှ)

စိတ်ဆင်းရဲကင်းပြီး စိတ်ချမ်းသာချင်ရင်၊ စိတ်ပူလောင်ခြင်းကင်းပြီး စိတ်အေးချမ်းချင်ရင် ကိုယ်အကြည်ညိုဆုံး၊ ကိုယ်အနှစ်သက်ဆုံး မြတ်စွာဘုရားပုံတော်တစ်ခုခု၊ မြတ်စွာဘုရား မျက်နှာတော်တစ်ခုခုကို စိတ်ထဲမှာ မကြာခဏ မြင်ယောက်နေလိုက်ပါ။ ပုံတော်ကို အာရုံပြုပြီးမှ ပုံတော်အတွင်း ဂုဏ်တော်သွင်းပြီး ဂုဏ်တော်ကို အာရုံပြုပါ။
အလေ့အကျင့်များလေ၊ အာရုံပြုရလွယ်လေဖြစ်ပြီး၊ သိသာထူးခြားတဲ့စိတ်တည်ငြိမ်အေးချမ်းမှုကို ခံစားရပါလိမ့်မယ်
နောက်ဆက်တွဲ ကောင်းကျိုးချမ်းသာတွေကတော့ ပြောမနေတော့ပါဘူး။ လိုတရ ပဲပေါ့။
“သက်တော်ထင်ရှားမြတ်စွာဘုရားဆီ စိတ်မရောက်ဘဲ ရုပ်ပွားတော်မှာပဲ စိတ်ရောက်နေတယ်” သူများအပြစ်ပြောရင် လုံးဝဂရုမစိုက်ပါနဲ့။ ကိုယ်မှ သက်တော်ထင်ရှားဘုရားကို မတွေ့မြင်ဖူးတာ---။ ရုပ်ပွားတော်ကတစ်ဆင့်ပဲ ပုံတော်၊ ဂုဏ်တော်တွေကို အာရုံပြုရတော့မှာပေါ့။ ရင့်ကျက်သွားရင် သက်တော်ထင်ရှားဘုရားအထိ အလိုလို အာရုံရောက်သွားပါလိမ့်မယ်။
(အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)၏ အကြင်နာပေါင်း ရှစ်သောင်းလေးထာင် မှ)

ယောဆရာတော်ကြီး၏ သြ၀ါဒပဒေသာ()

ဗုဒ္ဓဆိုတဲ့စကားလုံးသည်
ကိစ္စအကုန်ပြီးစီးတဲ့
ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ရဲ့ နာမည်ပါ။
လောကသဘောပြောရရင် သိဒ္ဓိ ပေါ့။

ဘုရားရှိခိုးတယ်ဆိုတာ
(ရှင်းရှင်းပြောတော့)
ဘုရားထံက ဓာတ်သတ္တိတွေ
ကိုယ့်နှလုံးသားခန္ဓာအိမ်ကို
ကူးစက်ယူတာပါ။
လောကမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တွင်း၊ ကန် ထဲမှာရှိတဲ့ ရေချိုရေကောင်း ကိုယ့်အိမ်ရောက်စေချင်တော့ အိုးနဲ့ခပ်ကြတယ်။ ပုံးနဲ့ခပ်ကြတယ်။ ပိုက်လိုင်းတွေနဲ့ သယ်သူကြတယ်။ ယူနိုင်သလောက် ကိုယ့်အိမ်ရောက်တာပဲ။

ဒါမျိုးလိုပေါ့။ စွမ်းအားတော်အနန္တပိုင်ရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားထံမှ မိမိရဲ့ခန္ဓာနှလုံးအိမ်အတွင်းသို့ သဒ္ဓါ၊ ပညာ ဆိုတဲ့ ပိုက်လိုင်းတွေ၊ ခွက်တွေ၊ ပုံးတွေနဲ့ ခပ်ယူ၊ သွင်းယူကြရတာ။
ဘုရားထံက ဉာဏ်ဓာတ်တွေ၊ တန်ခိုးဓာတ်တွေ၊ စွမ်းအားဓာတ်တွေ၊ ကိုယ့်နှလုံးသားအစဉ်ပြောင်းအောင် သွင်းယူကြရတာ။

သရဏဂုံသုံးပါးကို အမှုမဲ့အမှတ်မဲ့ဆိုတော့ ဘယ်နှစ်ခေါက်ဆိုဆို ထူးတယ်လို့ မထင်ရပါဘူး။ ရိုးနေပြီပဲ။
သဒ္ဓါ၊ ပညာအားလေးကိုသွင်းပြီး အာရုံပြုကြည့်ကြစမ်းပါ။ ဘယ်နှစ်ခေါက်ဆိုဆို ရိုးသွားတယ်၊ ဟောင်းသွားတယ်၊ ၀သွားတယ်၊ အီသွားတယ် မရှိပါဘူး။ သူများရွတ်တာ ဘယ်နှစ်ခေါက်နားထောင်၊ နားထောင် ရိုးသွားတယ်၊ ၀သွားတယ် မရှိပါဘူး။
မရှိရုံတင် မဟုတ်ဘူးလေ။ ပထမအခေါက်ထက် ဒုတိယအခေါက်က တန်ခိုးသတ္တိတိုးလာတယ်။ ဒုတိယအခေါက်ထက် တတိယအခေါက်က စွမ်းအားသတ္တိတွေ တိုးလာတယ်။ ဒါကတည်းက အထဲမှာ အစွမ်းသတ္တိတွေ ခိုအောင်းနေပြီဆိုတာ သေချာသွားပြီ။

နှလုံးသားဝယ် ဘုရားတည် (ယောဆရာတော်ကြီး)
ပညာကြီးလတ် ဘုရားမြတ်၊ ဆည်းကပ်သူလည်းဉာဏ်ကြီးပါ။
အပူကင်းစက် ဘုရားရှင်၊ ဦးတင်သူလည်းအပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊ လေးစားသူလည်းတန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပါယ် မြတ်နိုးဖွယ်၊ ကိုးကွယ်သူလည်းအေးချမ်းတာ။
နှလုံးသားဝယ် ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။

လောကဓံမုန်တိုင်း သောကအပူတွေဆိုတာ
တချို့ ရှောင်လို့ရတယ်။
တချို့ ရှောင်လို့မရဘူး။
ရှောင်လို့ရတာကို ရှောင်၊
ရှောင်လို့မရတာကို တရားနဲ့ ကာကွယ်ခုခံ။




သရဏဂုံအကြောင်း သိကောင်းဖွယ်ရာ အဖြာဖြာ (ဘဒ္ဒန္တ ၀ဏ္ဏိတ) သုခကာရီ ရိပ်သာ()၊ သံဖြူဇရပ်

အားဆေးဘုရင်လိုပါလျှင် ဂုဏ်တော်တွင်တွင်ရှု
ကြံရည်ကြိတ်ရန် ကြံပင်ချောင်းအစည်းများကို ခရီးဝေကြီးမှ ထမ်းဆောင်လာရသူသည် ကိုယ်ရောစိတ်ပါ နွမ်းနယ်လေးလံလာသောအခါ ကြံစည်းကိုချ၍ တအောင့်နားနေရ၏။ ထမ်းလာသောကြံကိုလည်း ချိုးဖြတ်စုပ်၍ အမောအဆာဖြေရ၏။
ထိုသို့ နားရင်း၊ စုပ်ရင်၊ ထမ်းဆောင်သွားပါလျှင် ချမ်းချမ်းသာသာဖြင့် လိုရာကိစ္စပြီးနိုင်သကဲ့သို့ ကမ္မဋ္ဌာန်းအားထုတ်၍ ကိုယ်စိတ်ပင်ပန်းနွမ်းနယ်လာလျှင် ဗုဒ္ဓါနုဿတိကိုပွားရင်းသွားပါက လိုရာပန်းတိုင်သို့ ချမ်းသာစွာ ရောက်ရှိနိုင်မည်။
မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ၊ ဘိက္ခုနုပဿယသုတ်အဖွင့် (သံ၊ ဋ္ဌ၊ ၃၊ ၂၃၉)

ဗုဒ္ဓါနုဿတိ(စသော အနုဿတိ()ပါး) သည် အာနာပါန၊ မရဏာနုဿတိ၊ ကာယဂတာသတိ သုံးမျိုးကဲ့သို့ ၀ိပဿနာအတွက်သာ ကောင်းသည်မဟုတ်၊ စိတ်ထက်သန်ရွှင်လန်းမှုအတွက်လည်း ကောင်းသည်။
(အံ-ဋ္ဌ၊ ၁။ ၃၆၆-ဧကဓမ္မပါဠိ၊ ပထမ၀ဂ်)
အဋ္ဌကထာ၌ ပေးသောဥပမာမှာ-
အိမ်ဆောက်ရန် သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲရာ၌ အပွေးအခက် ခုတ်ဖြတ်ရုံမျှဖြင့် ပုဆိန်အသွား တုံးပဲ့လိပ်ခွေသွားလျှင် အားမလျှော့ရ၊ ပန်းပဲဖိုတွင် အသွားသပြီးနောက် ပြန်၍ ခုတ်လှဲလျှင် အလွယ်တကူ ရနိုင်သကဲ့သို့ ဗုဒ္ဓါနုဿတိ(စသော အနုဿတိ()ပါး) သည် စိတ်တည်းဟူသော ပုဆိန်အသွားထက်အောင် သ,ပေးသော ပန်ပဲအလုပ်နှင့်တူသည်ဟု ဆိုလေသည်။


(ဦး)မြသန်းစံ မေး။ အရှင်ဘုရားရဲ့ ဓမ္မဒါနစာစောင်တွေမှန်သမျှမှာ ဗုဒ္ဓဉာဏ်တော်ခြောက်ပါးကို အထူးပြုပူဇော်တာ တွေ့ရပါတယ်ဘုရား။ အဲဒါ အရှင်ဘုရားရဲ့ ရည်ရွယ်ချက်၊ အဓိဋ္ဌာန် ဘယ်လိုရှိတယ်ဆိုတာ သိပါရစေဘုရား။
 န၀ဓုတင်္ဂါစာရ(ကျောက်ထီးတန္တု သာသနာပြု) ဆရာတော်ကြီး ဖြေ။ ဗုဒ္ဓဉာဏ်တော်ခြောက်ပါးကို ပဓာနအားဖြင့် ၀ိသေသအထူးပူဇော်နေရခြင်းက အခြားအကြောင်းမဟုတ်ပါဘူး။ ဘာအကြောင်းကြောင့်လဲဆိုရင် ဘုရားမှန်မှ တရားမှန်မယ်။ ဗုဒ္ဓဉာဏ်တော်တွေကို ထူးထူးမြတ်မြတ်ပူဇော်ရင် တူတဲ့အကျိုးလည်းပေးတယ်။ ဉာဏ်ကြီးလာတယ်။ ဉာဏ်ကြီးလာတော့ လောကီ၊ လောကုတ္တရာဉာဏ်တွေဟာ အားလုံးကုန် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်အထိ ကျေးဇူးပြုတဲ့အတိုင်း ဧကန်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဉာဏ်တော်ခြောက်ပါးကို ထပ်ကာထပ်ကာ ကြည်ညိုပါ။ အဲဒီဉာဏ်တော်ခြောက်ပါးထဲမှာ အားလုံးကုန် အဖြေပါ ပါ တယ်။
(ဦး)မြသန်းစံ ရေး ချစ်တတ်တဲ့လူတွေနေရင် လောကကြီးက လှနေမယ် စာအုပ်မှ




ဗုဒ္ဓေါပိ - ဘုရားတစ်ဆူသည်သော်မှလည်း၊
ဗုဒ္ဓဿ - ဘုရားတစ်ဆူ၏၊
ဝဏ္ဏံ - ဂုဏ်တော်ကို၊
ကပ္ပံပိ - အာယုကပ်ပတ်လုံး (အသက်တမ်းကုန်အောင်လည်း)
အညံ - အခြားသောတရားစကားကို
အဘာသမာနော - ပြောဟောတော်မမူဘဲ
စေဘဏေယျ - အကယ်၍ မိန့်တော်မူအံ့။
(ဧဝံသတိပိ - ဤသို့မိန့်တော်မူပါသော်လည်း)
စိရံ - ကြာမြင့်စွာသောကာလ၌
ကပ္ပေါ - အာယုကပ်သည်
ခီယေထ - ကုန်ရာ၏။
ဒီဃမန္တရေ - ရှည်စွာသောကာလအတွင်း၌
တထာဂတဿ - မြတ်စွာဘုရား၏
ဝဏ္ဏော - ဂုဏ်တော်သည်
န ခီယေထ - မကုန်ခန်းနိုင်ရာ။
(သီလက္ခန်-ဘာဋီ၊ ၃ဝ ၄၉၉)

အေးမြရိပ်သာ
 ရဟန်းတို့ ပွားများအပ်သော၊ အဖန်ဖန်အလေ့အလာပြုအပ်သောတစ်ခုသောတရားသည် စင်စစ်အားဖြင့် -
(ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှာ၊ တပ်မက်မှုကင်းခြင်းငှာ၊ ရာဂစသည်တို့ ချုပ်ခြင်းငှာ၊ ကိလေသာတို့ ငြိမ်းအေးခြင်းငှာ၊ (လက္ခဏာယာဉ်သို့ တင်၍)အထူးသိခြင်းငှာ၊ (သစ္စာလေးပါးကို)ထိုးထွင်း၍ သိခြင်းငှာ၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းငှာ ဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်းဟူမူ - မြတ်စွာဘုရား၏ ဂုဏ်တော်ကိုအဖန်ဖန်အောက်မေ့ခြင်းဗုဒ္ဓါနုဿတိတရားတည်း။
(အံ၊ ၁၊ ဧကဓမ္မပါဠိ၊ ပထမဝဂ်)

အမြတ်ဆုံး
 မြတ်စွာဘုရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏။ အမြတ်ဆုံး၌ ကြည်ညိုသောသူတို့အားအမြတ်ဆုံးအကျိုးသည် ဖြစ်၏။
(အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ပသာဒသုတ်)



ဗုဒ္ဓါနုဿတိဘာဝနာ (ဓမ္မာစရိယဦးအေးနိုင်)(ညွှန်း)

          (၁) ရဟန်းတို့ - ဘုရားရှင်ရဲ့ဂုဏ်တော်တွေကိုအောက်မေ့ပွားများနေချိန် အဲဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာရာဂထကြွသောင်းကျန်းတဲ့ စိတ်လည်းမရှိ၊ ဒေါသထကြွသောင်းကျန်းတဲ့စိတ်လည်းမရှိ၊ မောဟထကြွသောင်းကျန်းတဲ့ စိတ်လည်းမရှိ။ ဘုရားဂုဏ်တော်ပွားနေသူရဲ့စိတ်ဟာကာမဂုဏ်တရားငါးပါးတို့ကလွတ်မြောက်နေပြီးဖြောင့်မတ်ဖြူစင်တဲ့စိတ်ပဲနေနေပါတယ်။ (အနုဿတိဌာနသုတ်)

          (၂) ရဟန်းတို့အမြတ်ဆုံးအောက်မေ့သတိရခြင်းဖြစ်တဲ့ ဗုဒ္ဓါနုဿတိဘာဝနာကြောင့် စိတ်ဟာရာဂ၊ ဒေါသစတဲ့ ကိလေသာအညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်နိုင်ပါတယ်။ စိုးရမ်ပူဆွေးရခြင်းသောက၊ ငိုကြွေးမြည်တမ်းရခြင်းပရိဒေသတို့ကိုကျော်လွှားလွန်မြောက်နိုင်ပါတယ်။ ဖြစ်ပေါ်နေတဲ့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲအားလုံးတို့ကို ချုပ်ငြိမ်းကွယ်ပျောက်စေနိုင်ပါတယ်။ နောက်ဆုံးအရိယမဂ်ကိုရရှိပြီးနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပါတယ်။ (ဆက္ကအင်္ဂုတ္တိုရ်၊ အနုတ္တရိယသုတ်)

          (၃)     ရဟန်းတို့ လူသူကင်းဝေးတဲ့ တောင်တောင်၊ သစ်ပင်ရင်း၊ ဆိတ်ငြိမ်ရာအရပ်တွေကိုရောက်ရှိနေတဲ့အခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်တို့ကိုအဖန်ဖန်အထပ်ထပ် အောက်မေ့သတိရကြပါ။
ရဟန်းတို့ - အံ့ချီးမကုန် ဘုရားရှင်ရဲ့ ကျေးဇူးဂုဏ်ကိုဖြစ်စေ၊ ရေတွက်မကုန် တရားတော်ရဲ့ ကျေးဇူးဂုဏ်ကိုဖြစ်စေ၊ များလှဖုံဖုံအရိယာသံဃာတော်မြတ်တို့ရဲ့ ကျေးဇူးဂုဏ်ကိုဖြစ်စေ၊ အခါခါအထပ်ထပ် သဒ္ဓါအဟုတ်ဓာတ်ဖြင့် အောက်မေ့အမှတ်ရကြတဲ့ ချစ်သားတို့သန္တာန်မှာကြောက်ရွံ့ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညင်းထခြင်းစတဲ့ဘေးအတန်တန် ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှ ဖြစ်ပေါ်လာမှာမဟုတ်တော့ပါဘူး။ (သဂါထာဝဂ္ဂသံယုတ်၊ သက္ကသံယုတ်၊ ဓဇဂ္ဂသုတ်)




ဗုဒ္ဓါနုဿတိ
၁။ ဘုရား၏ဂုဏ်အဖုံဖုံအာရုံပြုရသည်။
၂။ ဂုဏ်တော်ဆင်ခြင် စိတ်အစဉ် ကြည်လင်အေးမြသည်။
၃။ ဘုရား၏သားဘုရားအားမေ့ထားမသင့်ပြီ။
၎။ ဘုရားလုပ်ရပ် အထပ်ထပ် သုံးသပ်ရပါသည်။
၅။ ဘုရားပြောငြားစကားများစဉ်းစားရပါသည်။
၆။ ဘုရားဉာဏ်ဟာကုန်သိတာခါခါတွေးရသည်။
၇။ ဘုရားမေတ္တာ၊ ကရုဏာခါခါတွေးရသည်။
၈။ ဘုရားစိတ်မှာပူကင်းတာခါခါတွေးရသည်။
၉။ ဘုရားစိတ်မှာ ဖြူစင်တာခါခါတွေးရသည်။
၁၀။ ဘုရားစိတ်မှာတည်ကြည်တာခါခါတွေးရသည်။
၁၁။ ဘုရားလုံ့လ ၊ မလျော့ကျ၊ တွေးကြရပါသည်။
၁၂။ ဘုရားဆန္ဒ၊ မလျော့ကျ၊ တွေးကြရပါသည်။
၁၃။ တရားဟောပြ၊ မလျော့ကျ၊ တွေးကြရပါသည်။
၁၄။ ဘုရားစိတ်ဓာတ်၊ မတုန်လတ်၊ မပြတ်တွေးရသည်။
၁၅။ ဘုရားစိတ်ဓာတ်၊ မလှုပ်လတ်၊ မပြတ်တွေးရသည်။
၁၆။ဘုရားခန္တီ၊ ထိပ်ရောက်ပြီ၊ ချီချီတွေးရသည်။
၁၇။ ဘုရားစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ သုံးသပ်ရပါသည်။
၁၈။ ဂုဏ်တော်ဆင်ခြင်၊ စိတ်အစဉ်၊ အားအင်တိုးလာသည်။
၁၉။ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ဝီရိယ၊ ပညာတိုးလာသည်။
၂၀။ အားအင်ပြည့်မှ၊ လုပ်ကိစ္စ၊ လုပ်ရအောင်မြင်သည်။
(သာမဏေကျော်)

No comments:

Post a Comment