Saturday, March 9, 2019

တိတ်ဆိတ်စွာ စီးဆင်းခြင်း

တိတ်ဆိတ်စွာ စီးဆင်းခြင်း

ချောင်းငယ်မြောင်းငယ်တွေဟာ ချောင်ကြိုချောက်ကြားမှာ ဆူညံစွာ စီးဆင်းကြပါတယ်။
မြစ်ပြင်ကျယ်ကြီးတွေကတော့ တိတ်တိတ်ဆိတ်ဆိတ်ပဲ စီးဆင်းကြပါတယ် ။
(နာလကသုတ်)

ဆူဆူညံညံ အကြွားသန်၊ အငြင်းသန်သူတွေနဲ့ ဆုံရတဲ့အခါ ဒီမိန့်ကြားချက်လေးကို ကြားယောင်မိပါတယ်။ တချို့ကတော့ ပေါ်ပူလာဖြစ်ချင်လို့(မလိုအပ်ပါဘဲ) လူစုလူဝေးကြားမှာ အော်ဟစ်ပြကြတယ်။ တချို့ကတော့ လူအများရှေ့မှ ဆရာကြီးလုပ်ပြကြပါတယ်။ တချို့ အရာရှိတွေကလည်း အများရှေ့မှာမှ ကိုယ့်ဝန်ထမ်းတွေကို ဟိန်းဟောက်ကြပြန်တယ်။ အဲဒီလို ဖြစ်ရပ်မျိုးတွေကြုံတိုင်း ဒီဥပမာလေးကို မြင်ယောင်မိပါတယ်။

ချောင်းငယ်မြောင်းငယ်တွေဟာ ကျဉ်းကျဉ်းမြောင်းမြောင်း စီးဆင်းရတဲ့အတွက် အတွက် ဆူညံတဲ့အသံထွက်နေပါတယ်။
ကိုယ့်စိတ် ကိုယ့်သဘောထားဟာ ကျဉ်းမြောင်းနေရင် ကိုယ့်ပတ်ဝန်းကျင်မှာ ဒေါသသံ၊ မာနသံတွေနဲ့ ဆူညံနေမှာပါ။
ချောင်းငယ်မြောင်းငယ်တွေဟာ အမှိုက်သရိုက် အညစ်အကြေးတွေနဲ့ စီးဆင်းရပါတယ်။ လောဘ ဒေါသ မာန်မာနကြီးသူတွေဟာလည်း ကိလေသာအညစ်အကြေးတွေနဲ့ ဆူညံပူလောင်နေကြရပါတယ်။

စိတ်သဘောထားပြည့်ဝသူတွေ သဘာထားအမြင် ကျယ်ပြန့်သူတွေကတော့ မြစ်ပြင်ကျယ်ကြီး ပင်လယ်သမုဒ္ဒရာကြီးနဲ့ တူပါတယ်။ သူတို့က အရှိန်အဟုန်နဲ့ စီးဆင်းနေပေမယ့် ချောင်းငယ်မြောင်းငယ်တွေလို အသံသိပ်မထွက်ပြကြပါဘူး။ သူတို့ဟာ အေးအေးငြိမ့်ငြိမ့်နဲ့ ဣနြေ္ဒရရစီးဆင်းကြပါတယ်။

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ဘီအေ ပထမနှစ် မှာ နာလကသုတ် သင်ရတဲ့အခါ ဒီဥပမာလေးကို ကြိုက်လွန်းလို့ ခဏခဏပြန်ဖတ်မိပါတယ်။ မြတ်စွာဘုရားပေးတဲ့ ဒီဥပမာလေးက တိတ်ဆိတ်တဲ့ ကိုယ့်ဘဝကို အဓိပ္ပါယ်ပိုရှိစေခဲ့ပါတယ်။ စိတ်ဓာတ်ခွန်အားတွေလည်း ရရှိစေခဲ့ပါတယ်။

ကိုယ်ဟာ မြစ်ပြင်ကျယ်ကြီးလို မကြီးကျယ်နိုင်ရင်တောင် ဆူညံတဲ့ ချောင်းငယ် မြောင်းငယ်လေးတော့ မဖြစ်ချင်ပါဘူး။ အနည်းဆုံးတော့ တသွင်သွင် စီးဆင်းပြီး အသံငြိမ့်ငြိမ့်လေးသာထွက်တဲ့ စမ်းချောင်းငယ်လေး ပဲဖြစ်ချင်ပါတယ်လေ။

small channels move noisily; the great oceans move in silence.
သဏန္တာ ယန္တိ ကုသောဗ္ဘာ၊ တုဏှီယန္တိ မဟောဒဓီ။
ချောင်းမြောင်းတွေမှာ ဆူညံစွာ၊ တိတ်ဆိတ်သော သမုဒ္ဒရာ....
(သုတ္တနိပါတ်၊ မဟာဝဂ်၊ နာလကသုတ်)

အရှင်ဉာဏဝရ(ပါရမီ)

Friday, March 16, 2018

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ
#ဓမ္မဒူတမဂ္ဂဇင်း၊ မတ်လ ၂၀၁၈
( ၁ )

မြတ်စွာဘုရား ရာဇဂြိုဟ်မြို့၊ ဝေဠုဝန်ကျောင်းတိုက်မှာ သီတင်းသုံးတော်မူစဉ်အခါက---။
လှည်းသမားတစ်ယောက်ရဲ့ သားလေးဟာ အမြဲတမ်း ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို တတ်သိသလောက်၊ မှတ်သားမိသလောက် ပွားများပြီး "နမောဗုဒ္ဓဿ(မြတ်ဗုဒ္ဓအားရှိခိုးပါ၏)"လို့ ရွတ်ပွားလေ့ရှိပါတယ်။ ဗုဒ္ဓါနုဿတိ (ဂုဏ်တော်ပွားနည်း)ကတော့ သူ့သူငယ်ချင်းဆီက သင်ကြားထားတာပါ။ အဲဒီကလေးဟာ တစ်နေ့တော့ မြို့ပြင်က သုဿာန်မှာ တစ်ယောက်တည်း တစ်ညတာ အိပ်ရဖို့ ကြုံလာပါတယ်။ သူ့အဖေက နွားပျောက်ရှာရင်း အချိန်လွန်သွားတဲ့အတွက် မြို့တံခါးပိတ်ချိန်ကိုမမီလို့ မြို့ပြင်ကို မလာနိုင်တော့ပါဘူး။ ကလေးဟာ အိပ်ခါနီးမှာ ဗုဒ္ဓါနုဿတိပွားပြီး "နမောဗုဒ္ဓဿ" လို့ အထပ်ထပ်အခါ ရွတ်ဆိုရင်း လှည်းအောက်မှာ အိပ်ပျော်သွားပါတော့မယ်။ ညနက်တော့ သုဿာန်မှာ အစာရှာလာတဲ့ ဘီလူးနှစ်ကောင်ထဲက တစ်ကောင်ဟာ ကလေးကို စားမယ်ဆိုပြီး ခြေထောက်ဆွဲလိုက်ပါတယ်။

ဗုဒ္ဓါနုဿတိကို ထုံနေအောင်ပွားထားတဲ့ ကလေးက ခြေထောက်ဆွဲခံလိုက်ရတဲ့အခါ "နမောဗုဒ္ဓဿ" လို့ ယောင်ပြီးရွတ်ဆိုမိပါတယ်။ ဒီအသံကြားလိုက်ရတဲ့အခါ ကလေးခြေထောက်ဆွဲမိတဲ့ ဘီလူးဟာ ဓာတ်လိုက်သလို အလန့်တကြားဖြစ်သွားပါတယ်။
ကြောက်လန့်ပြီး နောင်တရသွားတဲ့ ဘီလူးဟာ မိမိကိုယ်ကို ဒဏ်ပေးတဲ့အနေနှင့် ဗိမ္ဗိသာရမင်းကြီးရဲ့ နန်းတော်ထဲက ပွဲတော်အုပ်ကို သွားယူပါတယ်။ အဲဒီအချိန်မှာ ကျန်တဲ့ ဘီလူးဟာ ကလေးကို စောင့်ရှောက်နေရစ် ပါတယ်။ ဘီလူးနှစ်ကောင်ဟာ ကလေးကိုနှိုးပြီး မိဘနှစ်ပါးအသွင်နှင့် ပွဲတော်စာတွေကို ကျွေးမွေးပါတယ်။

မနက်လင်းတဲ့အခါ ဘုရင့်ပွဲတော်အုပ်ပျောက်လို့ လိုက်ရှာတဲ့ မင်းချင်းတွေဟာ လှည်းထဲမှာ ပွဲတော်အုပ်ကို တွေ့တဲ့အတွက် ကလေးကိုဖမ်းပြီး မင်းကြီးရှေ့ ပို့လိုက်ပါတယ်။ မင်းကြီးမေးစစ်တဲ့အခါ ကလေးက သူမယူပါဘူး။ မိဘတွေက နှိုးပြီးကျွေးတာကိုပဲ သိပါတယ် လို့ ဖြေပါတယ်။ မင်းကြီးက ပွဲတော်အုပ်မှာ ဘီလူးနှစ်ကောင် ရေးထားတဲ့စာကို ဖတ်မိလို့ ဖြစ်ရပ်မှန်ကို သိနေပါပြီ။ အဲဒီစာကို မင်းချင်းတွေ မမြင်ရဘဲ မင်းကြီးပဲ မြင်ရတာပါ။ မင်းကြီးဟာ ကလေးရဲ့ မိဘနှစ်ပါးကိုလည်း ခေါ်လိုက်ပါတယ်။ ပြီးတော့ မင်းကြီးက လှည်းသမားမိသားစုနှင့်အတူ မြတ်စွာဘုရားဆီ သွားရောက်ဖူးမြော်ပြီး အကြောင်းစုံကို လျှောက်ထားပါတယ်။

"ရှင်တော်မြတ်ဘုရား၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကသာ စောင့်ရှောက်တာပါလား" လို့ မင်းကြီးက မေးမြန်း လျှောက်ထားပါတယ်။ ဗုဒ္ဓါနုဿတိအပါအဝင် ကမ္မဌာန်းခြောက်မျိုးက စောင့်ရှောက်တတ်ကြောင်း မြတ်စွာဘုရားက ဖြေကြားတော်မူပြီး တရားဟောတဲ့အခါ လှည်းသမားမိသားစု သုံးဦးလုံး သောတာပန်တည်သွားကြပါတယ်။ နောင်အခါမှာ ရဟန်းပြုပြီး သုံးဦးလုံး ရဟန္တာဖြစ်သွားကြပါတယ်။ အဲဒီအကြောင်းအရာနှင့်ပတ်သက်တဲ့ ဓမ္မပဒဂါထာ မြန်မာပြန်က -

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
မြတ်ဗုဒ္ဓဂုဏ်တော်ကို အာရုံပြု သတိရနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
တရားဂုဏ်တော်ကို အာရုံပြု သတိရနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
သံဃဂုဏ်တော်ကို အာရုံပြု သတိရနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
(ကာယာနုပဿနာ) ကာယဂတာသတိ ရှိနေကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ် အမြဲတမ်း
ကရုဏာဘာဝနာမှာ ပျော်မွေ့ကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
မေတ္တာဘာဝနာမှာ ပျော်မွေ့ကြတဲ့ ဘုရားရှင်ရဲ့တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

( ဓမ္မပဒ - ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၂၉၉၊ ၃၀၀၊ ၃၀၁ )

( ၂ )

ဗုဒ္ဓါနုဿတိ ဘုရားဂုဏ်တော် ပွားများတာ၊ တရားဂုဏ်တော် ပွားများတာ၊ သံဃာဂုဏ်တော် ပွားများတာ၊ ကာယာနုပဿနာသတိပဌာန် ပွားများတာ၊ ကရုဏာဘာဝနာ ပွားများတာ၊ မေတ္တာဘာဝနာ ပွားများတာ၊ ဒီ (၆)ပါးဟာ အစောင့်အရှောက်တွေပါ။ ဓမ္မကိုယ်ရံတော်တွေပါ။

ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ ရဲ့ ဗုဒ္ဓါနုဿတိမေတ္တာပွားနည်းကလည်း မှတ်သားစရာ ကောင်းလှ ပါတယ်။
'' ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။ "
ဂုဏ်တော်နှင့် မေတ္တာတွဲထားတဲ့ ဒီစာသားလေးဟာ ပွားသူရင်မှာ၊ ကြားသူရင်မှာ အငြိမ်းဓာတ်တွေ ကူးစက်လာစေနိုင်ပါတယ်။

ဘေးရန်က အတွင်းရန်၊ အပြင်ရန်ဆိုပြီး နှစ်မျိုးရှိပါတယ်။ စိတ်ဆိုး စိတ်ညစ် စိတ်ပုပ် စိတ်ယုတ် စိတ်ပူတွေဟာ အတွင်းဘေးရန်ပါ။ ကိလေသာတွေဟာ အတွင်းဘေးရန်တွေပါ။ "အရဟံ - ကိလေသာမာရ် ကိုယ်တွင်းရန်တို့၊ ဝါသနာဓလေ့ အထုံငွေ့မျှ၊ မငွေ့မရိပ် ဝင်းဝင်းဖိတ်သို့၊ ရွှေစိတ်ပျံ့သင်း လွန်သန့်ရှင်း၍၊ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော်၊ အလှူတော်မှန် အပူဇော်ခံထိုက်သော မြတ်စွာဘုရား" တဲ့။

မြတ်စွာဘုရားမှာ လောဘ၊ ဒေါသ၊ မောဟ အစရှိတဲ့ ကိလေသာတွေ၊ စိတ်အပူအလောင်တွေ (အတွင်းဘေးရန်တွေ) လုံးဝငြိမ်းအေးနေပါတယ်။ ကိုယ်တော်တိုင် ငြိမ်းအေးတော်မူရုံမျှမကပါဘူး။ ဝေနေယျ သတ္တဝါတွေကိုလည်း ငြိမ်အေးအောင် ကူညီလမ်းပြတော်မူပါတယ်။ ကိုယ်တော်တိုင် ကိလေသာကင်းစင်တော်မူရုံပဲ မဟုတ်ပါဘူး။ သတ္တဝါတွေကိုလည်း ကိလေသာကင်းစင်အောင် တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူ ပါတယ်။ ကိုယ်တော်တိုင် လောဘ၊ဒေါသ၊မောဟ ကင်းစင်တော်မူရုံတင်မဟုတ်ပါဘူး။ သတ္တဝါအပေါင်း တို့အားလည်း လောဘ၊ ဒေါသ၊ မောဟတွေကင်းစင်အောင် ဟောပြတော်မူပါတယ်။ သတ္တဝါအများ ငြိမ်းအေးချမ်းသာအောင် မနားမနေ ကြိုးစားတော်မူတဲ့ အနှိုင်းမဲ့ မေတ္တာကရုဏာတော်ရှင် ဖြစ်တော်မူပါတယ်။

ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝကတည်းက “ ဗုဒ္ဓေါ ဗောဓေယျံ - ငါလည်း သစ္စာတရားကို သိမြင်၊ သတ္တဝါအများလည်း သိမြင်စေရမယ်။ တိဏ္ဏော တာရေယျံ - ငါလည်း သံသရာပင်လယ် ရေပြင်ကျယ်ကို ကူးမြောက်၊ သတ္တဝါအများလည်း ကူးမြောက်စေရမယ်။ မုတ္တော မောစေယျံ - ငါလည်း သံသရာဝဋ်ဆင်းရဲထဲက လွတ်မြောက်၊ သတ္တဝါအများလည်း လွတ်မြောက်စေရမယ်။ ” လို့ မေတ္တာကရုဏာကြီးမားစွာနှင့် အဓိဋ္ဌာန်ခဲ့တာပါ။။ တစ်ကိုယ်တည်းဆို တရားနာရင်း ခုချက်ချင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါလျက် ဘဝပေါင်းအသင်္ချေအနန္တ အပင်ပန်းခံပြီး ပါရမီဖြည့်ဆည်းရမယ့် သမ္မာသမ္ဗုဒ္ဓဆုကြီးကိုပဲ ပန်ဆင်တော်မူခဲ့ပါတယ်။ ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝကတည်းက အံ့သြစရာ ကောင်းလောက်အောင် မေတ္တာကရုဏာကြီးမားခဲ့တာပါ။

ဒီအကြောင်းကို ဂုဏ်တော်မေတ္တာပွားနည်းနှင့် ချဲ့ထွင်ပွားကြည့်ပါ -
ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။
မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။
သောကခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ သောကခပ်သိမ်း ငြိမ်းကြပါစေ။
စိုးရိမ်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ စိုးရိမ်ခပ်သိမ်း ငြိမ်းကြပါစေ။
ကိလေသာခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ကိလေသာခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ -အစရှိသဖြင့်ပေါ။ ကိုယ်ဉာဏ်ရှိသလို၊ အဆင်ပြေသလိုပွားများ လို့ရပါတယ်။

ကိုယ်တော်တိုင်လည်း ဘေးရန်ကင်းစင်တော်မူ၊ သူတစ်ပါးကိုလည်း ဘေးရန်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း သောကကင်းစင်တော်မူ၊ သူတစ်ပါးကိုလည်း သောကကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်အပူအလောင် ကင်းစင်တော်မူ၊ သူတစ်ပါးကိုလည်း စိတ်အပူအလောင် ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
သတ္တဝါအားလုံးတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်ပြီးလျှင် သူတစ်ပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် လမ်းညွှန်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတဖြူစင်သန့်ရှင်းပြီးလျှင် သူတစ်ပါးကိုလည်း စိတ်ဖြူစင်သန့်ရှင်းအောင် လမ်းညွှန်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ရွင်လန်းချမ်းသာပြီးလျှင် သူတစ်ပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် လမ်းညွှန်တော်မူသော မြတ်စွာဘုရား။
အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ---  အစရှိသဖြင့်လည်း ပွားလို့ရပါတယ်။ အဲလိုပွားများခြင်းအာဖြင့် မြတ်စွာဘုရားရဲ့ အတုမရှိတဲ့ မေတ္တာကရုဏာဓာတ်တော်တွေ ကိုယ့်ဆီကို ကူးစက်စိမ့်ဝင်လာတယ်လို့ ခံစားရပြီး အားတက်ရွှင်လန်း ဝမ်းသာပီတိဖြစ်မိမှာပါ။ မေတ္တာကြီးမား မြတ်ဘုရားရဲ့ ဂုဏ်တော်ကို ပွားလိုက်ရတဲ့အတွက် စစ်မှန်တဲ့မေတ္တာဓာတ်တွေ အားကောင်းလာမှာပါ။ မေတ္တာဓာတ်တွေအားကောင်း လာတဲ့အခါ မေတ္တာပွားဖို့ ပိုလွယ်ကူသွားပါတယ်။ ပိုပြီးလည်း ထိရောက်အကျိုးရှိသွားပါတယ်။

ဒါ့ကြောင့် ဆရာတော်ကြီးတွေက မေတ္တာမပွားခင် ဗုဒ္ဓါနုဿတိအရင်ပွားသင့်ကြောင်း လမ်းညွှန်ခဲ့ကြတာပါ။ ‘ဒေါသကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း ဒေါသ ကွာ။
မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း မေတ္တာ ဖြာ။ ’တဲ့။

( ၃ )
လယ်တီဆရာတော်ကြီးရဲ့ ကမ္မဋ္ဌာန်းကျမ်းကြီးမှာလည်း "မေတ္တာကံကို တုပြိုင်နိုင်သော ကံဟူ၍ မရှိ၊ အနုဿတိတို့တွင် ဗုဒ္ဓါနုဿတိကံသည် ဘဝသမ္ပတ္တိအကျိုးပေးသန်၏။ ကြီးမားမြင့်မြတ်၏။ ထို့ကြောင့် ဘဝများစွာနေရဦးမည့်၊ ဘုရားဖြစ်လိုသော ဘုရားဆုပန်ပုဂ္ဂိုလ်များမှာ အထူးအားဖြင့် ဗုဒ္ဓါနုဿတိနှင့်မေတ္တာ (၂)ပါးကို လက်ကိုင်ထားကြရာ၏။ ပွားများကြရာ၏။" လို့ ပါရှိပါတယ်။
ဗုဒ္ဓါနုဿတိနှင့်မေတ္တာ ဘာဝနာနှစ်ပါးဟာ ဘဝသမ္ပတ္တိ ပြည့်စုံတိုးတက်ချမ်းသာမှုကို အပေးစွမ်းနိုင်ဆုံး ဘာဝနာတွေပါတဲ့။ ပရဟိတလုပ်နေသူတွေ၊ အများအကျိုးကို ထိထိရောက်ရောက် သယ်ပိုးလိုသူတွေအတွက်လည်း အထူးအားကိုးအားထားပြုပြီး ပွားများရမယ့် ဘာဝနာနှစ်ပါးပါ။ လယ်တီဆရာဆရာတော်ကြီးက ဘုရားဆုပန်တွေ ဗုဒ္ဓါနုဿတိနှင့်မေတ္တာ အထူးပွားရမယ်လို့ဆိုတာ အမြတ်ဆုံးအနေနှင့်ပြောထားတာပါ။  ခေါင်းဆောင်လုပ်လိုသူတွေ၊ အထွတ်အထိပ်ရောက်လိုသူတွေ ဗုဒ္ဓါနုဿတိနှင့် မေတ္တာကို အထူးပွားသင့်ကြပါတယ်။

ဂုဏ်တော်မေတ္တာပွားသူဟာ သံသရာမှာ ကျင်လည်ရတဲ့အခါလည်း မျက်နှာမငယ်ရပါဘူး။ အထက်တန်းကျ မျက်နှာပန်းလှပါတယ်။ ဝိပဿနာတရား အားထုတ်နေသူတွေအတွက်လည်း အတွင်းအပြင်ဘေးရန် ကင်းစင်အောင်၊ လောဘ၊ ဒေါသ မောဟ လျော့ပါးအောင်၊ စိတ်ကြည်လင်ရွှင်လန်းအောင်၊ ကိုယ်ချမ်းသာစိတ်ချမ်းသာနှင့် ဝိပဿနာ ကောင်းစွာ အားထုတ်နိုင်အောင် ဗုဒ္ဓါနုဿတိနှင့်မေတ္တာကို ပွားများသင့်ပါတယ်။
"စာဖတ်ပရိသတ်များအား ကိုယ်တွေ့နှင့်ယှဉ်၍ အကြံဉာဏ်တစ်ခု ပေးလိုပါသေးသည်။ မေတ္တာနှင့် လိုက်ဖက်မည့် ဘုရားဂုဏ်တော်ကို ရှေးဦးစွာ ပွားများစေလိုပါသည်။ ဘုရားဂုဏ်တော်ကို ပွားများ ပြီးမှဆက်၍ မေတ္တာဘာဝနာပွားစေလိုပါသည်။
ဤသို့ ဘုရားဂုဏ်တော်ပွားများပြီးမှ မေတ္တာဘာဝနာပွားများလျှင် အကြည်ဓာတ်များ လျှင်မြန်စွာရ၍ အချိန်ကာလမကြာမြင့်မီမှာပင် စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို မုချရပါလိမ့်မည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မယုံကြည်ဖွယ် လျင်မြန်စွာ ပြောင်းလဲလာပြီး တွေ့ကြုံဆက်ဆံ ပေါင်းသင်းရသောသူများက ချစ်ခင်လာမည်။ အကူအညီပေးလာမည်။ ဆန့်ကျင်ဘက် အတိုက်အခံမလုပ်ဘဲ ငြိမ်းချမ်းရေးရလာမည်။ အတိုက်အခံလုပ်ခြင်းထက် တူညီလက်တွဲ ဆောင်ရွက်ချင်လာမည်။
သတိပြုသင့်သည်က မိမိပို့လွှတ်သော မေတ္တာသည် စစ်မှန်သော မေတ္တာပို့နည်း၊ သူတစ်ပါး အကျိုးစီးပွားကို အမှန်တကယ်လိုလားသော စိတ်စေတနာမှန်များ ရှိဖို့တော့လိုပါသည်။ မေတ္တာပို့ပုံနည်းလမ်းမကျ၊ မေတ္တာစစ်၊ မေတ္တာမှန် မဟုတ်ပါက အကျိုးပေးမှု ထိရောက်မည်မဟုတ်ပေ။'' - လို့ ဗန်းမော်ဆရာတော်ကြီး (ဒေါက်တာကုမာရာဘိဝံသ) က မှာကြားရေးသားခဲ့ပါတယ်။ ( မေတ္တာစကား - ဝေမိုး(ကျွန်းလှ)

ဘုန်းကြီးတို့ အခုဝိပဿနာမပွားမီ " ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား" လို့ ပွားတာက
ဗုဒ္ဓါနုဿတိဘာဝနာ ပွားတာပါ။ ဗုဒ္ဓါနုဿတိဘာဝနာဆိုတာ သမထကမ္မဋ္ဌာန်းထဲမှာ အမြတ်ဆုံးပါ။ အဲဒီ ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားတဲ့သူမှာ မိမိ၏စိတ်ဆန္ဒ အလိုရှိသမျှ ပြည့်စုံပါတယ်လို့ အချုပ်ကိုပဲ မှတ်ထားပါ။ မေတ္တာဘာဝနာ အကျိုးကလည်း သိပြီးသားအတိုင်း အကျိုးအင်မတန်ကြီးပါတယ်။
ဗုဒ္ဓါနုဿတိပွားတဲ့ ယောဂီဟာ သဒ္ဓါထက်လာမယ်။ သဒ္ဓါထက်ထက်နှင့် ဝိပဿနာဆက်ပွားရင် မြန်မြန်ရမယ်။ မေတ္တာပွားတဲ့ယောဂီမှာ ဒေါသပယ်နိုင်မယ်။ ဒေါသကင်းရှင်းစွာနှင့် ဝိပဿနာဆက်ပွားရင်လည်း မြန်မြန်ရမယ်ဆိုတော့ အကျိုးကျေးဇူးတွေ ဆင့်ကဲဆင့်ကဲပေါ့။" - လို့ ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ ဟောမိန့်ထားပါတယ်။

ဦးဇင်းကတော့ ဆယ်မိုင်ကုန်းဓမ္မဒူတတောရမှာ ရိပ်သာဝင်ပြီးကတည်းက ''ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။" ဆိုတဲ့စာသားလေးကို ကြိုက်လွန်းလို့ တရားဟောတိုင်း အနည်းဆုံး(၃)ခေါက်လောက် တိုင်ပေးပါတယ်။ စရဏကုသိုလ် တစ်ခါတည်း ရသွားအောင်လို့ပါ။ တရားနာသူတွေ အနေနှင့် ဒီစာသားလေးကို မှတ်မိနေပါစေ၊ မှတ်မိတဲ့အတိုင်း ပွားများတဲ့အကျင့်လေး ရသွားပါစေလို့ ရည်ရွယ်ပါတယ်။

( ၄ )
ယောဂီလယ်သမားဒကာကြီးတစ်ယောက်ရဲ့ ကိုယ်တွေ့လျှောက်ထားချက်တစ်ခုကို(ဓမ္မဒူတဆရာတော်ကြီး) ဘုန်းကြီးတို့ ပရိသတ် ဝမ်းသာရအောင် ပြောပြပါမယ် -
" ဘုန်းကြီးဘုရား - "ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။" ဆိုတဲ့ ဘာဝနာပွားမှုဟာ အတော်တန်ခိုးထက်ပါတယ် ဘုရား။ တပည့်တော်လယ်ထဲမှာ စပါးတွေကို ကြွက်တွေကိုက်တာ ရစရာမရှိပါဘူး။ လယ်စောင့်ကောင်လေးဟာ အဲဒီကြွက်တွေကို ထောင်တယ်။ တူးတယ်။ အမျိုးမျိုး နှိမ်နင်းတယ်။ မရတဲ့အဆုံး တပည့်တော် လာပြောတယ်။ တပည့်တော်သွားကြည့်တဲ့အခါ ရစရာမရှိအောင် ဆိုးရွားနေတာ တွေ့ရပါတယ်။ ဒါနဲ့ တပည့်တော် အဲဒီဘာဝနာစာတမ်းကို စာရွက်မှာရေးပြီး တပည့်တော်လယ်ရဲ့ ဘေးထောင့်မှာ ငုတ်ရိုက်ပြီး ကြိုးချည်ပြီး ဆွဲထားပါတယ်။ တပည့်တော် လယ်ကိုပတ်ပြီး အဲဒီဘာဝနာကို အထပ်ထပ်  အခါခါ ပွားပါတယ်။ ကြွက်တွေအားလုံး ဘယ်ဆီရောက်ကုန်တယ်မသိပါ။ အကုန်ပျောက်သွားပါတယ်။ စပါးတွေလည်း အပျက်အစီးမရှိတော့ပါ။ ပြန်ကောင်းပါတယ်။ " လို့ လျှောက်ထားပါတယ်။
အဲသည်လို သူလျှောက်ထားစဉ်မှာပဲ ဘေးကဒကာတစ်ယောက်က ထပ်ပြီးတော့ လျှောက်ထားချက်က ထောက်ခံချက်တစ်ခုပေါ့။ "ဟုတ်ပါတယ်ဘုရား။ တပည့်တော်လည်း အခက်ကြုံနေတုန်း သူက အဲဒီလိုလုပ်လို့ ပျောက်သွားတယ်ဆိုတော့ တပည့်တော်လည်း အဲဒီလိုလုပ်ပါတယ်။ တပည့်တော်တို့ လယ်ထဲမှာလည်း အားလုံး ပျောက်ကုန်ပါတယ် ဘုရား" လို့ လျှောက်ပြန်တယ်။ (မီးကျီးတွင်းမှ ပွင့်သောကြာ - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ)

ဓမ္မဒူတဆရာတော်ကြီး ငယ်ရွယ်စဉ် ကိုရင်လေးဘဝက မြွေနီနီလေးတစ်ကောင် အလိုက်ခံရဖူးတယ်တဲ့။ ကိုယ်ရင်လေးလည်း ပြေးမိပြေးရာ ပြေးတာပေါ့။ ပြေးရင်းနှင့် နောက်လှည့်ကြည့်လိုက်တော့ မြွေကအနားရောက်နေပြီ။ ဒီတော့ ကြောက်အားလန့်အားနှင့် တခြားအားကိုးစရာလည်း မရှိတော့ ''ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ" နှစ်ပုဒ်ပဲဆိုရသေးတယ်။ နားထဲမှာ ဘယ်လိုကြားလိုက်သလဲဆိုရင် "ဟင် - သူ သရဏဂုံ မြဲတယ်" လို့ကြားပြီး မြွေလည်း နောက်ပြန်လှည့်သွားပါတယ် တဲ့။ ဒါက ဓမ္မဒူတဆရာတော်ကြီး ငယ်စဉ်ကိုရင်လေးဘဝက အဖြစ်အပျက်ပါ။

ဦးဇင်းကိုယ်တွေ့ ပြောရမယ်ဆိုရင်တော့ - ။ ညာလက်ဖျံမှာ အချိုင့်ကြီး အမာရွတ်ကြီး ဖြစ်နေတဲ့ ဒကာကြီးတစ်ယောက်ကတော့ ဦးဇင်းကို ဒီလိုပြောပြပါတယ်။ သူက ဗိုလ်ဗှူးအငြိမ်းစားပါ။ သူဗိုလ်ကြီး ဘဝက သူပုန်တွေ ချောင်းပစ်တာ ခံရတယ်တဲ့။ သူတို့တပ်ဖွဲ့စီးလာတဲ့ ကားတွေကို အပေါ်စီးက ချောင်းပစ်တာ။ သူ့သူငယ်ချင်း ဗိုလ်ကြီးကတော့ ကျဆုံးသွားတယ်တဲ့။ အဲ့ဗိုလ်ကြီးက မင်္ဂလာဆောင်ပြီးတာ တစ်ရက်ပဲ ရှိသေးတယ်တဲ့။ (သံဝေဂရစရာကြီးပါနော်)

သူ့ကိုတော့ ကျည်ဆံက လက်ဖျံကို လာမှန်တာတဲ့။ ကျည်ဆံလာမှန်တာကလည်း ရင်ဘတ်က ခပ်မာမာအရာတစ်ခုကို ရှော်ထောက်ပွတ်ပြီး လက်ကို သွားမှန်တာတဲ့။ တကယ်လို့ ရင်ဘတ်ကအိတ်ကပ်ထဲမှာ ခပ်မာမာအရာတစ်ခု ရှိမနေရင် ကျည်ဆံက ရင်ဘတ်ထဲ ဝင်သွားမှာတဲ့။

သူက မျက်နှာသစ်တိုင်း "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမံ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ" လို့ရွတ်တယ်တဲ့။ မျက်နှာသစ်ပြီး လက်မှာကပ်နေတဲ့ ရေတွေနှင့်လည်း ဦးခေါင်းအနှံ့ပွတ်သပ်ရင်းလည်း အဲလို ရွတ်ပါတယ်တဲ့။ အဲဒါကြောင့် ဘေးရန်က လွတ်ခဲ့တာဖြစ်မှာတဲ့။

ဆောင်းပါးအစမှာပါတဲ့ လှည်းသမားသားဟာ ဗုဒ္ဓါနုဿတိပွားလို့ ဘီလူးဘေးက လွတ်ခဲ့ပါတယ်။ နောင်အခါ ရဟန်းပြုပြီး ဝိပဿနာတရားအားထုတ်လို့ ရဟန္တာဖြစ်သွားတဲ့အခါမှာတော့ လောဘဘေး၊ ဒေါသဘေး၊ မောဟဘေး ဆိုတဲ့ အတွင်းဘေးရန်တွေအပြင်၊ ဇာတိဘေး၊ အိုဘေး၊ နာဘေး၊ သေဘေးစတဲ့ ရှိရှိသမျှဘေးရန်တွေပါ အပြီးတိုင် ငြိမ်းအေးသွားပါတော့တယ်။
စာဖတ်သူအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

#အရှင်ဉာဏဝရ(ပါရမီ)

ညွှန်း
၁။ ဓမ္မပဒပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ စရိယာပိဋကအဋ္ဌကထာနှင့် ဗုဒ္ဓဝံသအဋ္ဌကထာ
၃။ ဓမ္မပဒဝတ္ထုတော်ကြီး (ဒုတိယတွဲ)- အရှင်ဓမ္မဿာမီဘိဝံသ
၎။ ရတနာ့ဂုဏ်ရည် - မဟာဂန္ဓာရုံဆရာတော်ကြီး
၅။ ဝိဇ္ဇာနှင့်စရဏ - ဓမ္မဒူတဆရာတော်ကြီး အရှင်ပညာဇောတ
၆။ ဓမ္မပဒ - မာဏဝ

#ဓမ္မဒူတမဂ္ဂဇင်း၊ မတ်လ ၂၀၁၈ တွင် ဖော်ပြပြီးဖြစ်ပါသည်။
#နဝမမြောက်ဆောင်းပါးလေးပါ။