Monday, October 3, 2016

ဓမ္မပဒအတွေးအမြင် ၇

ဓမ္မပဒအတွေးအမြင် - ၇

ရဟန္တာအရှင်မြတ်ဟာ ----
စိုးရိမ်သောက ကင်းစင်သူ၊
လွတ်မြောက်ပြီးသူ၊
အနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်ပြီးသူ၊
ကိလေသာအပူမီးတွေ ငြိမ်းအေးပြီးသူ၊
သတိဝီရိယရှိသူ၊
တည်ကြည်ငြိမ်သက်ငြိမ်းအေးသူ၊
မာန်မာနတွေ မရှိသူ၊
ရွံ့ညွန်ကင်းတဲ့ ရေကန်ကြီးလို
ကြည်လင်သန့်ရှင်း အေးမြတဲ့စိတ်သူ၊
ကိလေသာအာသဝေါ ကင်းဝေးစင်ကြယ်သူ၊
ကောင်းဆိုးလောကဓံကြောင့် မတုန်လှုပ်သူ၊
သီလ သမာဓိ ပညာ အကျင့်ကောင်းရှိသူ၊
နိဗ္ဗာန်ကို ကိုယ်တွေ့သိမြင်သူ၊
သံသရာလှောင်အိမ်ကြီးကို ဖြိုဖျက်ပြီးသူ၊
တဏှာရာဂ ကို တစမကျန် ထွေးအန်ပြီးသူ၊
ကာမဂုဏ်ကို မဆာလောင် မတောင့်တဘဲ
တရားအာရုံနဲ့ပဲ ပျော်မွေ့သူ ----
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်၊ သူတော်စင် သူတော်မြတ် သူတော်ကောင်း စစ်စစ်ပါပဲ။

#ရဟန္တာအရှင်မြတ်ဟာ
မြေကြီးလိုပဲ (သည်းခံပါတယ်။ သဘောထားကြီးကျယ်ပါတယ်။) မဆန့်ကျင်ပါဘူး။
မယိမ်းမယိုင် မြို့ရိုးတံခါးတိုင်ကြီးလို
ခိုင်ခံ့တည်ကြည်ပါတယ်။
ကောင်းဆိုး တွေ့ကြုံ လောကဓံအာရုံကြောင့်
မတုန်လှုပ်ပါဘူး။
သီလ သမာဓိ ပညာ အကျင့်ကောင်းရှိပါတယ်။
ရွံ့ညွန်ကင်းတဲ့ ရေကန်ကြီးလို
ကြည်လင်သန့်ရှင်း(အေးချမ်း)တဲ့စိတ် ရှိပါတယ်။
(အကောင်းပကတိ) တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့
ရဟန္တာအရှင်မြတ်ဟာ
သံသရာဝဋ်ဆင်းရဲမှာ
မကျင်လည်ရတော့ပါဘူး။

#ရဟန္တာရဲ့စိတ်ဟာ
ငြိမ်သက်ငြိမ်းအေးပါတယ်။
အပြောအဆိုဟာလည်း
ငြိမ်သက်ငြိမ်းအေးပါတယ်။
အပြုအမူဟာလည်း
ငြိမ်သက်ငြိမ်းအေးပါတယ်။

#ရဟန္တာအရှင်မြတ်ရဲ့ ဣနြေ္ဒတွေဟာ
တည်ကြည်ငြိမ်သက်နေပါတယ်။
မာန်မာနကို စွန့်ပယ်ပြီးပါပြီ။
ကိလေသာ အာသဝေါတရားတွေ မရှိတော့ပါဘူး။
ကောင်းဆိုး တွေ့ကြုံ
လောကဓံအာရုံကြောင့် မတုန်လှုပ်တဲ့
အဲဒီရဟန္တာအရှင်မြတ်ကို
နတ်ဗြဟ္မာတွေ ချစ်မြတ်နိုးကြပါတယ်။

စိတ်ငြိမ်းအေးသူတွေ နေရာအရပ်ဟာ
တကယ်ပဲ ငြိမ်းချမ်းပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ အရဟန္တဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်။

No comments:

Post a Comment