Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၂၃

ဓမ္မပဒအတွေးအမြင် - ၂၃

တရားမရှိသူ အမှား၊ တရားရှိသူ သည်းခံ ။

တိရိစ္ဆာန်တောင် ယဉ်ကျေးလိမ္မာအောင် ဆုံးမနိုင်သေးတာပဲ။
ကိုယ့်ကိုယ်ကို ဆုံးမပါ့မယ်။

အခွင့်သာတုန်းမှာ ရုန်းထွက်ပါ။

မဂ္ဂင်ယာဉ်ကြီး အမှန်စီး နိဗ္ဗာန်ခရီးသွားကြမည်။

မြင်းလိမ္မာ ဆင်လိမ္မာထက်
လူလိမ္မာက ပိုမြတ်ပါတယ်။
ယဉ်ကျေးလိမ္မာ ရတနာလူဖြစ်အောင်
ကြိုးစားပါ့မယ်။

#ဒီစိတ်ဟာ ရှေးအခါက
ကြိုက်ရာအာရုံမှာ၊ အလိုရှိတိုင်းချမ်းသာရာမှာ
လှည့်လည်လိုက်စား ပျော်ပါးခဲ့ပြီ။
ချွန်းကိုင်တဲ့ဆင်ထိန်းဟာ
မုန်ယစ်တဲ့ဆင်ဆိုးကြီးကို
ဆုံးမနှိပ်ကွပ်သလို -
ငါဟာလည်း အခုပဲ မကောင်းတဲ့စိတ်ကို
သင့်တော်မှန်ကန်တဲ့ နှလုံးသွင်းနဲ့
(သတိ ပညာ နဲ့) နှိပ်ကွပ်ဆုံးမပါ့မယ်။

သတိ ပညာ ချွန်းပမာ၊
စိတ်ဆင်ရိုင်းကို ဆုံးမပါ။

#မမေ့လျော့ခြင်း အပ္ပမာဒတရားမှာ
ပျော်မွေ့ကြပါ။
စိတ်ကို အစဉ်စောင့်ရှောက်ကြပါ။
ညွန်နစ်နေတဲ့ ဆင်ကြီးဟာ
ကိုယ့်ကိုယ်ကို ထုတ်ဆောင်သလို -
ကိုယ့်ကိုယ်ကို ကိလေသာညွန်ကနေ
ထုတ်ဆယ်ကြပါ။

အဖော်မွန် မတွေ့ရင် တစ်ကိုယ်တော်နေ၊
ကိုယ့်တရားဟာ ကိုယ့်မိတ်ဆွေ။

#အရေးကြုံတဲ့အခါ မိတ်ဆွေရှိတာ ချမ်းသာပါတယ်။
ရတာလေးနဲ့ တင်းတိမ်ရောင့်ရဲတာ
ချမ်းသာပါတယ်။
သေခါနီးမှာ ကောင်းမှုကုသိုလ်ရှိတာ
ချမ်းသာပါတယ်။
ဝဋ်ဆင်းရဲအားလုံးကို စွန့်ပယ်နိုင်တာ
ချမ်းသာပါတယ်။

#လောကမှာ အမေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
အဖေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
လောကမှာ (ကိလေသာငြိမ်းသူတွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။)
ရဟန်းတော်တွေကို ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။
မကောင်းမှုတွေကို ပထုတ်ပြီးတဲ့
မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ သူတော်စင်တွေကို
ရိုရိုသေသေ ပြုစုလုပ်ကျွေးတာဟာ ချမ်းသာကြောင်းပါ။

#သီလရှိတာဟာ အိုတဲ့အထိ ချမ်းသာပါတယ်။
သဒ္ဓါတရား တည်တံ့ခိုင်မြဲတာဟာ ချမ်းသာပါတယ်။
ပညာရတာဟာ ချမ်းသာပါတယ်။
မကောင်းမှုတွေကို မပြုတာဟာ ချမ်းသာပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ နာဂဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment