Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၂၆

ဓမ္မပဒအတွေးအမြင် - ၂၆

#နေမင်းဟာ နေ့အခါ
တောက်ပတင့်တယ်ပါတယ်။
လမင်းဟာ ညခင်းမှာ
တောက်ပတင့်တယ်ပါတယ်။
ဘုရင်ဟာ မင်းဝတ်တန်ဆာ ဆင်ထားတဲ့အခါ
တောက်ပတင့်တယ်ပါတယ်။
(ရဟန်းတော်ဟာ သမာဓိတည်ကြည်တဲ့အခါ တောက်ပတင့်တယ်ပါတယ်။)
ရဟန္တာအရှင်မြတ်ဟာ ဈာန်ဝင်စားတဲ့အခါ
တောက်ပတင့်တယ်ပါတယ်။
တကယ်တော့ - မြတ်ဗုဒ္ဓသာလျှင်
နေ့ရောညပါ အခါမလပ်
ပါရမီတော်စွမ်အင် တန်ခိုးအာနုဘော်နဲ့
ထွန်းလင်းတောက်ပ တင့်တယ်လှပါတယ်။

သစ္စာသိ တရားရှိ၊ ထိုသူ စင်ကြယ်၏။

ဒေါသနည်းလေ ဆင်းရဲငြိမ်းလေ၊
အချစ်အမုန်းကင်းလေ မြင့်မြတ်လေ ။

ရန်ငြိုးမရှိ ငြိမ်ချမ်း၏၊ မစွဲလမ်းသူ အပူမရှိ ။

ပုံပြောင်းရုံနဲ့ သူတော်ကောင်းမဖြစ်နိုင်။

ကောင်းတာ ကြံ၊ မှန်တာ လုပ်၊ ဟုတ်တာ ပြော၊ သူတော်ကောင်းသဘော။

ကရုဏာထား၊ မေတ္တာပွား၊ သူတော်ကောင်းတရား ။

ဒေါသမထွက်မှ သူတော်မြတ်၊
တဏှာကင်းမှ သူတော်စင်။

ပြတ်သားမှ အမြတ်တရားရ ။
သူတော်စင်ဟာ မတွယ်တာ၊
သူတော်ကောင်းဟာ မငြိတွယ်ပါ ။

အသိမှန်၊ အတွေးမှန်၊ အယူမှန် မှ ချမ်းသာရ။
မစွဲယူရင် မစွဲလမ်း၊
မစွဲလမ်းရင် မစိုးရမ်၊
မစိုးရမ်ရင် မကြောင့်ကြ ။
အတွယ်တာကင်းပ ငြိမ်းအေးချမ်းမြ။

#((ချစ်ခင်စွဲလမ်းစိတ်တွေကို
တားမြစ်ရပ်တန့်နိုင်တာဟာ
သူတော်ကောင်းအတွက်
နည်းနည်း ထူးမြတ်တာမဟုတ်ပါဘူး။
(သိပ်ထူးမြတ်တာပါ))
အချစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကို
တားမြစ်ရပ်တန့်နိုင်တာဟာ
သူတော်ကောင်းအတွက်
နည်းနည်း ထူးမြတ်တာမဟုတ်ပါဘူး။
(သိပ်ထူးမြတ်တာပါ)
ညှဉ်းဆဲလိုစိတ်(ဒေါသ)တွေ ဆုတ်နစ်(လျော့ပါး)လေလေ
ဆင်းရဲဒုက္ခတွေ ငြိမ်းအေးလေလေပါပဲ။

#သူတော်ကောင်းကို ပုတ်ခတ်တာ ရွံစရာပါ။(ရှက်စရာပါ)
ပုတ်ခတ်သူကို အမျက်ပြန်ထွက်တာလည်း
ရွံစရာ(ရှက်စရာ)ပါပဲ။

#ဒေါသ နှောင်ဖွဲ့ကြိုး၊ တဏှာ ချည်တုပ်ကြိုး၊
အနုသယကိလေသာနဲ့တကွ မိစ္ဆာဒိဋ္ဌိ(၆၂)ပါးဆိုတဲ့
ကျော့ကွင်းကြိုးတွေကို ဖြတ်တောက်ပြီး၊
တံခါးပိတ်မင်းတုပ် အဝိဇ္ဇာကို နှုတ်ပယ်ပြီး
(ဉာဏ်အလင်းပွင့်သူ)
သစ္စာလေးပါးကိုသိသူကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

#ခန္တီတရား သည်းခံစွမ်းအားဆိုတဲ့
စစ်တပ်ကြီးရှိတဲ့ အဲဒီပုဂ္ဂိုလ်ကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

#ကြာရွက်တွင် ရေမတင်၊
အပ်ဖျားတွင် မုန်ညင်းစေ့မတင်၊
သူတော်စင်တွင် ကိသေသာမတင်။ အကုသိုလ်မဝင်။

#အညစ်အကြေးကင်းစင်တဲ့ လဝန်းကြီးလို -
ကိလေသာကင်းစင်သူ၊
စိတ်အနောက်အကျူ ကင်းစင်၊ အထူးကြည်လင်ပြီး
ဘဝတွေမှာ တပ်မက်တွယ်တာတဲ့တဏှာ ကုန်ခမ်းသူကို
သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

( # ရန်ငြိုးရှိသူတွေကြားမှာ
ရန်ငြိုးမရှိ ငြိမ်းချမ်းသူ၊
စွဲလမ်းမှုရှိသူတွေကြားမှာ
မစွဲလမ်း ငြိမ်းချမ်းသူ၊
(ခန္ဓငါးပါး ရုပ်နာမ်တရားကို ငါ၊ ငါ့ဥစ္စာလို့ မစွဲသူ) ကို သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။ )

#(ရဟန္တာအရှင်မြတ်ဟာ)
ရာဂ ဘေးရန်၊
ကိလေသာ ကန္တာရခရီးခဲ၊
သံသရာဝဋ်ဆင်းရဲ သမုဒ္ဒရာ၊
မောဟ အမိုက်အမှောင် တို့ကို
လွန်မြောက်ပါတယ်။
သြဃလေးပါးကို ကူးမြောက်လို့
နိဗ္ဗာန် တစ်ဖက်ကမ်းကို ရောက်ပါတယ်။
သမထဝိပဿနာ ဘာဝနာကို
စူးစိုက်ရှုတတ်ပြီး
တဏှာကင်းလို့ တုန်လှုပ်တဲ့သဘောမရှိ၊
သို့လောသို့လော တွေးတောယုံမှားမှုမရှိ၊
အစွဲအလမ်းကင်းကွာ
ငြိမ်းအေးပါတယ်။
အဲဒီပုဂ္ဂိုလ်ကို သူတော်စင် သူတော်ကောင်းလို့
ငါဘုရား ဟောတော်မူပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဗြာဟ္မဏဝဂ္ဂ )
ခုဒ္ဒကနိကာယ်




အရှင်ဉာဏဝရ(ပါရမီ) ပူဇော်ပါသည်

ဓမ္မပဒအဖော်မွန် page အား facebook တွင် ဖတ်ရှုရန် (ဖုန်းဖြင့်)
m.facebook.com/dhammapada4u/
m.facebook.com/ashin.nyana.vara.parami/

ဓမ္မပဒအဖော်မွန် page အား facebook တွင် ဖတ်ရှုရန် (ကွန်ပြူတာဖြင့်)
www.facebook.com/dhammapada4u/
www.facebook.com/ashin.nyana.vara.parami/
(album လည်းပြုလုပ်ထားပြီးဖြစ်ပါသည်)

blog တွင်လည်းဖတ်ရှုနိုင်ပါသည်
အောင်သိဒ္ဓိ
aungteikdi.blogspot.com
မနောကြာဖြူ
manawkyarphyu969.blogspot.com
ဓမ္မပဒအဖော်မွန်
dhammapada4u.blogspot.com
ဓမ္မပဒအဖော်မွန်
dhammapada4.blogspot.com

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment