Saturday, October 15, 2016

ဓမ္မပဒအတွေးအမြင် ၁၀

ဓမ္မပဒအတွေးအမြင် - ၁၀

ဘေးဒဏ်ကြောက်ရသူအချင်းချင်း
ဘဝတူတွေ …
ကိုယ်ချင်းစာ သနားကြပါလေ။

အိုနာသေ သို့ မောင်းနှင်ပို့
လူတို့မမြဲပါတကား။

ရဟန္တာအရှင်မြတ်တွေဟာ
သတ္တဝါအားလုံးအပေါ်မှာ
ပြစ်မှားဒဏ်ထားတာမရှိဘဲ
မေတ္တာကရုဏာနဲ့ အညီအမျှ ကျင့်ပါတယ်။

#ကိုယ့်စိတ်ကို မတုန်မလှုပ်
တိတ်ဆိတ်ငြိမ်သက်နေအောင်
စောင့်ထိန်းနိုင်သူဟာ ငြိမ်းအေးမှာပါ။

အတွေးဆိုး၊ အကြံမှားကို
တားနိုင်သူ ရှားမှရှား။

ကိုယ့်အတွေးဆိုးက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အလေ့အကျင့်မှားတွေက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အတွေးဆိုး၊ အကျင့်ဆိုးတွေရဲ့ ကျေးကျွန် မဖြစ်ပါရစေနဲ့။

အကောင်းကျင့်ရင်းနဲ့
အကျင့်ကောင်းသွားမှာပါ။

#မြင်းကောင်းဟာ ကြိမ်လုံးနဲ့ တို့ထိခံရရင်
အားထုတ်ကြိုးစား ထိတ်လန့်သွားသလို -
ကြိုးစားအားထုတ်ကြပါ။
(သံသရာဝဋ်ဆင်းရဲကို) ဉာဏ်နဲ့ ထိတ်လန့်ကြပါ။
ယုံကြည်မှု သဒ္ဓါ၊
စောင့်ထိန်းမှု သီလ၊
ရဲရဲရင့်ရင့်အားထုတ်မှု ဝီရိယ၊
တည်ကြည်မှု သမာဓိ၊
ကြောင်းကျိုး ကောင်းဆိုး မှားမှန် ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ … စတာတွေနဲ့
အသိရော အကျင့်ပါ ပြည့်စုံပြီး၊
တရားသတိ အထပ်ထပ်ရှိနေကြရင်
အတိုင်းမသိတဲ့ ဟောဒီ သံသရာဝဋ်ဆင်းရဲကြီးကို
စွန့်ပယ်နိုင်ကြမှာပါ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဒဏ္ဍဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်

No comments:

Post a Comment