Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၂၁

ဓမ္မပဒအတွေးအမြင် - ၂၁

ချမ်းသာလေးကိုစွန့်နိုင်မှ ချမ်းသာကြီးမားရ၊
ချမ်းသာတုကို စွန့်နိုင်မှ ချမ်းသာအစစ်ရ။

#ကြီးမားများပြားတဲ့ချမ်းသာကို
ကောင်းကောင်းသိမြင်တဲ့ ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ချမ်းသာကို
စွန့်လွှတ်ပါတယ်။

သူတစ်ပါးကို ဒုက္ခရောက်စေသူ ရန်ထူပူ။

လုပ်သင့်တာ မလုပ်ဘဲ၊
မလုပ်သင့်တာ လုပ်ရင် -
မကောင်းတာတွေပဲ တိုးပွားနေလိမ့်မယ်။

မကောင်းတဲ့စိတ်ဓာတ်တွေကို အသေသတ်ပစ်ပါ။

#နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
မြတ်ဗုဒ္ဓဂုဏ်တော် အာရုံပြုပြီး သတိရှိနေကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း
ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

#နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
ညှဉ်းဆဲကင်းကွာ (မေတ္တာ)ကရုဏာဘာဝနာမှာ
ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း
ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

#နေ့မှာပဲဖြစ်ဖြစ်၊ ညမှာပဲဖြစ်ဖြစ်၊ အမြဲတမ်း
သမထ ဝိပဿနာ ဘာဝနာမှာ ပျော်မွေ့ကြတဲ့
မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကတွေဟာ
နေ့ရောညပါ အခါခပ်သိမ်း
ရွင်လန်းဝမ်းသာ ကောင်းမွန်စွာ နိုးကြားကြပါတယ်။

ဘုရားဂုဏ်တော် ပွားများတာ၊
တရားဂုဏ်တော် ပွားများတာ၊
သံဃာဂုဏ်တော် ပွားများတာ၊
ကာယာနုပဿနာသတိပဌာန် ပွားများတာ၊
ကရုဏာဘာဝနာ ပွားများတာ၊
မေတ္တာဘာဝနာ ပွားများတာ၊
ဒီ (၆)ပါးဟာ အစောင့်အရှောက်တွေပါ။
ဓမ္မကိုယ်ရံတော်တွေပါ။

သံသရာခရီးသွားဆိုရင်တော့
ဆင်းရဲဒုက္ခတွေပဲ ထပ်တလဲလဲ
ကျရောက်နေဦးမှာပါပဲ။

သူတော်ကောင်းတွေဟာ
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပ၊ သတိ၊ ဝီရိယ နဲ့ ပြည့်စုံကြပါတယ်။

သူတော်ကောင်းတွေဟာ ဘုရား၊ တရား နဲ့
ပျော်မွေ့ကြပါတယ်။
သူတော်ကောင်းတွေဟာ မေတ္တာ၊ ကရုဏာနဲ့
ပျော်မွေ့ကြပါတယ်။

သူတော်ကောင်းအချင်းချင်း
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။

သူတော်ကောင်းဟာ မြတ်ဗုဒ္ဓနဲ့
ဘယ်လောက်ဝေးဝေး နီးနီးလေးပါပဲ။
သူယုတ်မာဟာ မြတ်ဗုဒ္ဓနဲ့
ဘယ်လောက်နီးနီး အဝေးကြီးပါပဲ။

လူအများနဲ့ နေရပေမယ့်
ကမ္မဌာန်တရား နှလုံးသွင်းပြီးနေရင်၊
ဘာဝနာပွားများတဲ့ တစ်စိတ်တည်းထားနိုင်ရင်
တစ်ယောက်တည်းနေတာ၊
တစ်ကိုယ်တော် ပျော်မွေ့တာပါပဲ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပကိဏ္ဏကဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment