Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၈

ဓမ္မပဒအတွေးအမြင် - ၁၈

ရွှေမှုန်လိုစု ကုသိုလ်ပြု၊
ရွှေသန့်ရင် အဖိုးတန်၊
စိတ်သန့်ရင် မြတ်နိဗ္ဗာန် ။

#ပန်းထိမ်ဆရာဟာ ရွှေရဲ့အညစ်အကြေးကို
(တဖြည်းဖြည်းချင်း) ထုတ်ပယ်သလို -
ပညာရှိဟာ
အစဉ်သဖြင့် အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
စိတ်အညစ်အကြေးကို
အနည်းငယ် အနည်းငယ် ထုတ်ပယ်ပါတယ်။
((အခွင့်ရတဲ့ ခဏတိုင်း ခဏတိုင်းမှာ
ကုသိုလ်အနည်းငယ် အနည်းငယ်ကို
ပြုလုပ်စုဆောင်းရင်းနဲ့ပေါ့))

#အကုသိုလ်တရားတွေဟာ
သင့်ကို ကြာရှည်ဆင်းရဲအောင် မညှဉ်းဆဲကြပါစေနဲ့။

အညစ်အကြေးအတွေးတွေကို သယ်ပိုးမထားပါနဲ့။

ကိုယ့်အညစ်အကြေးက
ကိုယ့်ကိုပြန် အပြစ်ပေးမှာပါ။

အညစ်အကြေးတွေ စားနေသူ မဖြစ်ပါစေနဲ့။
အညစ်အပတ်နဲ့ အသက်ရှင်နေသူဟာ
မသေခင်ထဲက ပုပ်နေပါပြီ။

သူစ်ပါးအညစ်အကြေးကို မြင်လွယ်ပါတယ်။
ကိုယ့်အညစ်အကြေးကို မြင်ဖို့သိပ်ခက်ပါတယ်။

#ရာဂ နဲ့တူတဲ့ မီး မရှိပါဘူး။
ဒေါသ နဲ့တူတဲ့ ဖမ်းစားတတ်တာ မရှိပါဘူး။
မောဟ နဲ့တူတဲ့ ပိုက်ကွန်ယက် ဟာ မရှိပါဘူး။
တဏှာ နဲ့တူတဲ့ မြစ် ဟာ မရှိပါဘူး။
ကိလေသာ ဟာ တကယ့်အညစ်အကြေးပါ။
ကိလေသာ နဲ့တူတဲ့ အညစ်အကြေး မရှိတော့ပါဘူး။

အညစ်တကာ့ အညစ်ထဲမှာ
စိတ်ညစ်တာ အဆိုးဆုံးပါ။
အပုပ်တကား အပုပ်ထဲမှာ
စိတ်ပုပ်တာ အဆိုးဆုံးပါ။

# ကောင်းကင်မှာ ခြေရာမရှိ။
သာသနာပြင်ပမှာ
မဂ်ဖိုလ်ရ သမဏရဟန်းမြတ်မရှိ။
ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး သင်္ခါရတရားတွေမှာ
တည်မြဲတာမရှိ။
သစ္စာသိမြင် ဘုရားရှင်တွေမှာ
တုန်လှုပ်တာမရှိ။

သူတော်စင်မှာ စိတ်ပုပ်၊ စိတ်ယုတ် မရှိပါ။

တရားရေစင်ဟာ စိတ်အညစ်အကြေးတွေကို ဆေးကြောပေးနိုင်ပါတယ်။

ကိုယ်တော်တိုင်လည်း စိတ်အညစ်အကြေးကင်းစင်တော်မူပြီးလျှင်၊
သူတစ်ပါးကိုလည်း စိတ်အညစ်အကြေးကင်းစင်အောင်
နည်းကောင်းလမ်းမှန် ညွှန်ပြကူညီတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။

စိတ်သန့်စင်ကြောင်း တရားကောင်းများကို ဟောကြားတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ မလဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment