Tuesday, June 30, 2015

ကောင်းကျိုးပေးတာ စေတနာ

ကောင်းကျိုးပေးတာ စေတနာ
----------------------------------
အရိယာနဲ့ ပုထုဇဉ် အမြင်မတူပုံကို ပြောဦးမယ်၊
ပုထုဇဉ်ဆိုတာ စေတီချင်းအတူတူဖြစ်ပါလျက်
'ဆုတောင်းပြည့်ဘုရား' ဟု ဆိုင်းဘုတ်တပ်ထားလျှင်
ပိုပြီး အထင်ကြီးသကွယ့်။
ဂေါတမ ရုပ်ပွားချင်းအတူတူဖြစ်ပါလျက်
မဟာမုနိမှပိုပြီး အထင်ကြီးသကွယ့်။
ဒါကြောင့် 'အရူး' လို့ ဆိုတာပေါ့။
ရုပ်ပွားမှန်သမျှ လူလုပ်တာချင်း အတူတူပါပဲကွယ့်။
ဟိုရုပ်ပွားကလည်း အဝိညာဏကပါပဲ။
ဒါပေမယ့် ပုထုဇဉ် စိတ်ကူးက ရူးနေလို့ ထူးတယ်လို့ ထင်တယ်ကွယ့်။
ဥပမာ -
မဟာမုနိ ရုပ်ပွားက တစ်ဆူ၊
ဗောဓိရုပ်ပွားက တစ်ဆူတစ်ခုသော အာရုံခံမှ အတူတူထားကွယ့်။
မိမိ၏ စေတနာက မိမိကို အကျိုးပေးတာကွယ့်။
ရုပ်ပွားတွေက ပေးတာမဟုတ်ဘူး။
ဒါကြောင့် စိတ်ထားတတ်မှ မြတ်တယ်လို့ ပြောတာ။
ရုပ်ပွားဆိုတာ အာရုံပြုရုံပါပဲ။
အဲဒီလို မိမိစေတနာကသာ
မိမိအားအကျိုးပေးတာကို မသိပါဘဲ
ရုပ်ပွားစေတီအပေါ်မှာ စေတနာမညီမျှသောကြောင့်
"ပုထုဇ္ဇနော ဥမ္မတ္တကော" လို့ ဟော်တော်မူတာကွယ့်။
(နမ္မားဆရာတော်၊ တရားစစ်တမ်းဆွေးနွေးခန်း စာအုပ်မှ)

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ

ဗုဒ္ဓံသရဏံ ဂစ္ဆာမိ

ဆင်းတုတော် စေတီတော် ရုပ်

ပွါးတော်တို့အပေါ် ဆွမ်း;သင်္ကန်း

စသည်လှူဒါန်းခြင်းအပေါ်

ဘုန်းပေးသုံးဆောင်သည်လည်း

မဟုတ်ဟု အထင်ရောက်နိုင်သဖြင့် ဝိနည်းအဌကထာစကား

ဖြင့် ပယ်ရှားနိုင်ရန်ပြဆိုပေအံ့။

" လှူဒါန်းသူသည် အကြင်အလှူ
ခံပုဂ္ဂိုလ်အားလှူဒါန်းရာ၌
အလှူခံပုဂ္ဂိုလ်အနေဖြင့်သုံး
ဆောင်သည်ဖြစ်စေ/မသုံး
ဆောင်သည်ဖြစ်/စွန့်ပစ်သည်
ဖြစ်စေ
လှူဒါန်းသူအား ကောင်းမှု့
ကုသိုလ်ဖြစ်၏မှတ်ပါ "
(ကထာဝတ္ထုအဌကထာ ၁၉၉)

ဦးဇင်းအတွေ့အကြုံအရ-

ဆွမ်းလှူဒါန်းလျှင်ရှေ့တင်ဘုဉ်း

ပြမှကြေနပ်ကြသည်။

အလှူခံပုဂ္ဂိုလ်နှင့် တည့်သည်

မတည့်သည်ကိုလုံးဝထည့်သွင်း

စဉ်းစားမပေးကြပေ။

ရှေးဆရာတော်ကြီးတပါးထံ

ခဲဖွယ် ဘောဇဉ် တစ်မျိုးလာလှူ

ရာတွင် အကပ်ခံပြီး ငှင်းနှင့်မ

တည့်သဖြင့် အေးးထားခဲ့ထား

ခဲ့ဟုပြောပြီးအနီးအပါးချထား

စေသော်လဲ အားရခြင်းမရှိပဲ

ရှေ့တင်ဘုဉ်းခိုင်းသဖြင့်ဘုဉ်း

ပေးပြီးလျှင် ကပ္ပိယခေါ်ပြီး

အိပ်ယာခင်းပြင်ခိုင်းကာ ချွေး

ထုတ်ယူရသည့်အဖြစ်မျိုးမှတ်

သားဘူးပါသည်။

သူတော်ကောင်းကြီးများသည်

တည့်သည်မတည့်သည်အပထား

အလှူရှင်များသဒ္ဒါမလျော့စေဘို့

ချီးမြှင့်ပေးတော်မူလေ့ရှိသည်ကို

သတိထားသင့်လှပေသည် ]

¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡

သက်တော်ထင်ရှားဖြစ်သော

မြတ်စွာဘုရားကို ပစ္စည်းလေး

ပါးတို့ဖြင့် လှူဒါန်းပူဇော်ရသူနှင့်

ယခုအခါသာသနာတွင်း၌

ကိုယ်စားတော်ရုပ်ပွါးဆင်းတု

ဓာတုစေတီများကို ကိုးကွယ်

ပြုစုဒါနဝတ္ထုတို့ဖြင့် လှူဒါန်းပူ

ဇော်သူတို့သည်လည်း သဒ္ဓါ

ကြည်ဖြူ စိတ်စေတနာတူမျှ

မူကား တူမျှသောအကျိုး

တူမျှသော အာနိသံသခံစား

ကြရပေသည်။
(ဝိမာနဝတ္ထုပါဠိတော် ၆၆။)

မိမိနေအိမ်ဘုရားစဉ်၌ရုပ်ပွါး

ဆင်းတုတော်အားဆွမ်းကပ်ခြင်း

နှင့်ပတ်သက်သည့်အကျိုးအာနိ

သင်ကိုသိစေလို၍့ ပါဠိတော် အ

ထောက်အထားပေးခြင်းပါ။

ဆန့်ကျင်ဘက်မည်သူဟောပြ

ချက်ကိုမျှ သံသယမလာကြပါ

နှင့်ဟု အထူးမှာကြားလိုပါသည်။

ထေရာအပါဒါန်ပါဠိတော်မှာလည်း

ပါရှိပါသည်။
¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡¡

အပဒါန်ပါဠိတော်၌လည်း

ပုပ္ဖထူပိယ အလောင်းတော်သည်

အတ္တဒဿီ မြတ်ဘုရားထံ ဆည်း

ကပ်မည်လာစဉ် လမ်းခရီးအ

ကြား၌ မကျန်းမမာဖြစ်၍ တည်း

ခိုရာဇရပ်၌ ပန်းတို့ဖြင့် စေတီပြု

၍ ကိုးကွယ်ပူဇော်ရာ မကြာမြင့်

မီစုတေလေ၍ ထိုပန်းစေတီ

ကောင်းမှု့ကြောင့်

ကမ္ဘာတစ်သိန်းတိုင်တိုင်ဒုဂ္ဂတိ

အပါယ်ဘုံမလားပဲ

ကမ္ဘာ၎သောင်းထက်၌ စကြာ

မင်း ၁၉ ကြိမ်။ ကမ္ဘာ၂သောင်း

ထက်၌ စကြာမင်း၄၈ကြိမ်ဖြစ်၍

ဦးဇင်းတို့ဂေါတမဘုရားလက်

ထက် ပဋိသမ္ဘိဒါလေးပါး။

အဘိညာဉ် ခြောက်ပါးနှင့်တကွ

ရဟန္တာဖြစ်ကြောင်းလဲဟော

တော်မူထားပါသည်။

ဦးဇင်းတို့ဘုရားလက်ထက်မှာ

သန္တတိအမတ်ကြီးလူဝတ်ဖြင့်

ရဟန္တာဖြစ်ပရိနိဗ္ဗာန်စံတော်မူ

ခဲ့ရာတွင် ဓာတ်တော်များကိုယူ

၍ လမ်းဆုံလမ်းမလမ်းလေးခွ

နေရာ၌မြတ်ဘုရားကိုယ်တိုင်

စေတီတည်ပေးတော်မူခဲ့ပါသည်။

ထို့ကြောင့် ရုပ်ပွါးဆင်းတုဓာတ်

တော်စေတီတော်များကို မိမိတို့

အိမ်ကျောင်းတောရွာမဆိုသင့်

တင့်ရာအရပ်တို့တွင် ကိုးကွယ်

ပူဇော်ခြင်းဖြင့် နေ့စဉ်ကုသိုလ်

သရဏဂုံထိုက်သော

ကောင်းမှု့များရယူနိုင်ကြပါစေ

ကြည်ညိုသောစိတ်ရှိယုံမျှ
ဖြင့် ကုသိုလ်ဖြစ်ပုံ-
အာနန္ဒ= အာနန္ဒာ
ယောခေါ ပုရိသော=အ
ကြင်ယောက်ျားသည်
မယိ=ငါဘုရား၌
စိတ္တံ=စိတ်သည်
ပသာဒယိ=ကြည်ညို၏
သော=ထိုကြည်ညိုသော
သူသည်
စတုရာသီတိ ကပ္ပါနိ=၈၄
ကမ္ဘာတို့ပတ်လုံး
ဒုဂ္ဂတိံ =အပါယ်လေးဘုံသို့။
နဂမိဿတိ=မသွားရလတ္တံ့။
ဒေဝေသု=နတ်ပြည်တို့
၌လည်းကောင်း
ဒေဝသောဘဂံ္ဂ=နတ်၌
ကောင်းမြတ်တင့်တယ်
သော
ဒိဗ္ဗရဇံ္ဇ=နတ်မင်းအဖြစ်ကို
ပသာဒယိ=အုပ်စိုးမွေ့
လျော်ရ၏။
မနုဇေသု=လူ့ပြည်တို့၌
မနုဇိန္ဒော=လူတို့ကိုအစိုး
ရသော
ရာဇသေဌော=မင်းမြတ်
သည်
ဘဝိဿတိ=ဖြစ်ရလတ္တံ့
ဟုဟောထားသဖြင့်
ဘုရားအပေါ်ကြည်ညိုစိတ်
ရှိဘို့သာလိုရင်းဖြစ်ပါ
ကြောင်းတင်ကြအပ်ပါ၏

မနောကံသရဏဂုံကနေ
ကာယကံသရဏဂုံလက်
လွတ်နေတတ်လို့သင်
ပေးနေတာပါ
ကာယကံပါတော့
မနောကံကြည်ညိုမှု့က
တစ်နေ့တစ်ခြား
စွမ်းအားထက်လာမှာပါ

နိစ္စပါတ် ၀တ်အဖြစ် ဆွမ်းကပ်နေတဲ့ အခါ ဒါန သက်သက်သာ မဟုတ်ဘဲ ဘုရား ရှင်ရဲ့ ဂုဏ်ကျေးဇူးကိုပါ ကြည်ညို ပွားများနေရာကျလို့  သမထ( ဗုဒ္ဓနုသတိ ကမ္မဋ္ဌာန်း ) ပါမြောက်ပါကြောင်း

Ashin Zawana
မကြီးကန်တောရဆရာတော်အရှင်ဇ၀န

သံသာရ ဝဋ္ဋဒုက္ခတော မောစနတ္ထာရ

ဝဋ်နွယ်ဒုက္ခ ကင်းလိုလှ၍
ဆံပင်ကိုစွန့်
သင်္ကန်းဝတ်ပြီး
တစ်ကိုယ်တည်းနေ
တစ်စိတ်တည်းထား
ရိပ်ကြီးခိုကာ
စစ်ကြေညာသည်
ကိလေသာများ ပြေးကြလော့......။

အရှင်ven edo lyn ၏ ကဗျာလေးကို ပေါင်းစပ်ခံစားခြင်းဖြစ်. ကိုယ်တိုင်ရေးတာသုံ်းကြောင်းမျှသာ.
တွေးမိတာလေး ရေးကြည့်တာ။ တကယ်မလုပ့်နိုင်သေးပါ။ :-) အရှင်ဉာဏဝရ

ဒက္ခိဏသာခါ

ဒက္ခိဏသာခါ ပြဿနာ
===============
မေး။ ။ ဆရာတော်၊ ဒက္ခိဏသာခါဆိုတဲ့ အမည်ဟာ ဘယ်ကနေပြီး စဖြစ်လာတာလဲဘုရား၊ ဒက္ခိဏသာခါရဲ့ အဓိပ္ပါယ်ကရော ဘာပါလဲဘုရား။

ဖြေ။ ။ ဒက္ခိဏ - က, တောင်ဘက်အရပ်ကို ဟောတယ်။ သာခါ - ကတော့ အကိုင်းကို ဟောတယ်။ နှစ်ခုပေါင်းတော့ ‘ဒက္ခိဏသာခါ’ ဆိုတာ တောင်ဘက်က အကိုင်းပဲပေါ့။ ဒီအမည်ဟာ သီရိဓမ္မာသောကမင်းကြီး လက်ထက်က စဖြစ်ခဲ့တယ်။ နောင်တစ်ချိန် အိန္ဒိယမှာ ဗုဒ္ဓသာသနာကွယ်ပျောက်ပြီး တခြားနိုင်ငံတွေမှာ သာသနာတည်မှာကို မြင်တော်မူတဲ့ ရဟန္တာများက သီရိဓမ္မာသောကမင်းကြီးကို ကိုးတိုင်းကိုးဌာန သာသနာပြုစေလွှတ်ဖို့ တိုက်တွန်းတော်မူကြတယ်။

သာသနာပြု ကြွတော်မူရာမှာ သီဟိုဠ်ကျွန်းကိုကြွဖို့ သီရိဓမ္မာသောကမင်းကြီးရဲ့ သားတော်အရှင်မဟာမဟိန္ဒမထေရ်နဲ့ သမီးတော်သင်္ဃမိတ္တထေရီတို့က တာဝန်ယူကြတယ်။ အရှင်မဟာမဟိန္ဒရဲ့ တူတော် ကိုရင်တစ်ပါးလည်း ပါသွားပါတယ်။ သီဟိုဠ်ကို သာသနာရောက်သွားတဲ့အချိန်မှာ သီဟိုဠ်ဘုရင်က ဗောဓိပင်ပူဇော်ပါရစေလို့ တောင်းပန်တဲ့အတွက်ကြောင့် အရိဋ္ဌအမတ်က ဗောဓိပင်ပင့်ဖို့ အိန္ဒိယကိုသွားတယ်။
ရဟန္တာမထေရ်များရဲ့ ညွှန်ကြားချက်အရ သီရိဓမ္မာသောကမင်းကြီးက ဗောဓိပင်ရဲ့ တောင်ဘက်က အကိုင်းပြတ်စေလိုတဲ့နေရာမှာ ရွှေကညစ်နဲ့ ရေးခြစ်လိုက်ပါတယ်။

ရေးခြစ်လိုက်တာနဲ့ ဗောဓိကိုင်းဟာ အလိုလိုပြတ်ကျပြီး အသင့်စီရင်ထားတဲ့ ရွှေဖျင်းအိုးထဲမှာ တည်ပါတယ်။
အဲဒီလို ဗောဓိပင်ရဲ့တောင်ဘက်က အကိုင်းကိုယူပြီး တဆင့်စိုက်ပျိုးခဲ့တဲ့အတွက်ကြောင့် သီဟိုဠ်က ဗောဓိပင်ကို ဒက္ခိဏသာခါ’လို့ ခေါ်တယ်။ နောင်နှစ်ပေါင်းများစွာကြာလို့ သီဟိုဠ်ကဗောဓိပင် သေတဲ့အခါ အမှတ်တရ ပူဇော်ကြရအောင် ဘုရားပုံတော် ထုလုပ်ကြရကနေ ဒက္ခိဏသာခါဘုရား’ ဆိုပြီး ဖြစ်လာတာပါပဲ။
မေး။ ။ ဒါကတော့ ရှင်းပါပြီ ဘုရား။

ဆက်မေးချင်တာက ပါရမီသုံးဆယ်ကို အသက်ပါအသေခံပြီး ဖြည့်ဆည်းခဲ့တဲ့အတွက် အလောင်းတော်များ ဘုရားဖြစ်တဲ့အခါ ပြုလုပ်ခဲ့တဲ့ ကုသိုလ်တွေကို အစွမ်းကုန်အကျိုးပေးကြလို့ လူ့လောက မပြောနဲ့၊ နတ်တွေ ဗြဟ္မာတွေထက်တောင် ဘုရားရှင်က အသပ္ပါယ်ဆုံးလို့ စာတွေထဲမှာ ဖတ်ဖူးပါတယ်ဘုရား။
ဖြေ။ ။ ဟုတ်ပါတယ်။ ပါရမီကုသိုလ်တွေက နောက်ထပ်အကျိုးပေးစရာ ဘ၀မရှိတော့တဲ့အတွက် ဒီဘုရားဖြစ်တဲ့ နောက်ဆုံးဘ၀မှာ စုပြုံအကျိုးပေးတဲ့ သဘောပါ။
မေး။ ။ အသပ္ပါယ်ဆုံး ဆိုတာကတော့ ရဟန်းသုံးပေါ့ဘုရား။ လူသုံးကတော့ မြတ်စွာဘုရားဟာ တစ်လောကလုံးမှာ အလှဆုံးပဲဘုရား။ ဒီလိုအသပ္ပါယ်ဆုံး၊ အလှဆုံးဖြစ်တဲ့ ဘုရားရှင်ပုံတော်ဟာ ဒက္ခိဏသာခါကျမှ ဘာကြောင့် ဂုတ်တိုတို၊ ခါးကုန်းကုန်း ပုံပျက်ပန်းပျက်ကြီး ဖြစ်သွားရတာလဲ ဘုရား။ ဒီကြားထဲ မှိုကိုးချက်ဆိုတာကလဲ ပါလိုက်သေးတယ်။

ပြီးတော့ ခေါင်းမှာလည်း ကြာပန်းကြီး အုပ်ထားသေးတယ်။ ဒီလိုမျိုးကြီး ထုလုပ်သင့်ပါသလား ဘုရား။
ဖြေ။ ။ မထုလုပ်သင့်ပါဘူး။ ဘုရားပုံတော်ဆိုရင် ကြည်ညိုစရာ အကောင်းဆုံး ပုံတော်ကိုသာ ထုလုပ်သင့်ပါတယ်။

မှိုကိုးချက်တို့၊ ကြာပန်းတို့ကလည်း လောကီဂိုဏ်းဆရာတွေရဲ့ ညွှန်ကြားချက်တွေပါ။ ဘုရားပုံတော် ဘာပုံပေါက်သွားသွား ကိုယ့်လောဘအလို ပြည့်ရင်ပြီးတာပဲဆိုတဲ့ ‘အတ္တစိတ်’ ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံတော်တွေပါပဲ။
မေး။ ။ ဗုဒ္ဓရဲ့ ရူပ ကာယတော်ကို ထိခိုက်စေတဲ့ ဒီလိုပုံတော်မျိုးကို ထုလုပ်သူတွေ၊ ကိုးကွယ်သူတွေမှာ အပြစ်မရှိဘူလား ဘုရား။

ဖြေ။ ။ အပြစ်မရှိဘူးလားဆိုတာ အကုသိုလ်မဖြစ်ဘူးလားလို့ မေးတာနဲ့ အတူတူပါပဲ။ ဒီပုံစံကြီး ထုလိုက်ရင်၊ ထုခိုင်းလိုက်ရင် ဗုဒ္ဓရဲ့ ရူပကာယတော်ကြီး ပျက်စီးသွားပြီလို့ မသိတဲ့အတွက် ထုလုပ်တဲ့သူတွေ၊ ထုလုပ်ခိုင်းပြီး ကိုးကွယ်တဲ့သူတွေမှာ အပြစ်မရှိပါဘူး။

အခုလိုသိပြီးတဲ့နောက် ဒီပုံဆိုးပန်းကြီးကို ဆက်လက်ထုလုပ်နေကြမယ်၊ ဆက်လက် ထုလုပ်ခိုင်းနေကြမယ်ဆိုရင်တော့ အပြစ်ရှိပါတယ်။

အကုသိုလ်ဖြစ်ပါတယ်။ တခြားဘာသာဝင်တွေ မြင်သွားရင်လည်း ဗုဒ္ဓဘာသာဘုရားဟာ ဒီလို ပုံဆိုးဆိုးကြီးပဲလား’ လို့ မေးလာနိုင်ပါတယ်။
ကော့သောင်းမြို့မှာ တရားဟောနေတုန်းက ပန်းပုဆရာတစ်ယောက် လာပြောတဲ့ စကားတစ်ခွန်းကို ကြားလိုက်ရတာ ရင်ထဲမကောင်းပဲ ဖြစ်သွားတယ်။ ရုပ်ပွားလာအပ်တဲ့သူက ‘ခါးကုန်းကုန်း ဘုရားထုပေးပါ’ လို့ပြောသတဲ့။ ပန်းပုဆရာကလည်း ဘာပုံဆိုတာ မတွေးမိတာနဲ့ ဒက္ခိဏသာခါဘုရားပုံကို ကိုင်ပြပြီး ‘ဒီပုံမျိုးလား’ ဆိုတော့ ဟုတ်တယ်’ လို့ပြောသတဲ့။

နောင်မျိုးဆက်သစ် လူငယ်တွေကို တို့ဗုဒ္ဓဘာသာဘုရားဟာ ခါးကုန်းကုန်းကြီးပဲ’ ဆိုတဲ့ အယူဝါဒဆိုးကြီး စွဲမသွားအောင် အခုကတည်းက ပြုပြင်သင့်ပါတယ်။

မေတ္တာရှင် - ရွှေပြည်သာ) ရေးသားတော်မူသော ထေရ၀ါဒမှတ်ကျောက်စာအုပ် စာမျက်နှာ ၁၆ မှ ကူးယူမျှဝေပါသည်။)

ရုပ်တုတော် ဆင်းတုတော်

တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။

သင်းပျံ့တဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။

ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။
<><><><>
ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုးကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။

သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို
ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပါတယ် ထာဝရဘုရား ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

Ven S Dhammika

Monday, June 29, 2015

ဘုရားအလောင်း သူတော်ကောင်းတို့ တောင်းသောဆု

ဘုရားအလောင်းနှင့် သူတော်ကောင်းတို့ တောင်းသောဆု

အသီးသီးတတ်သော သစ်ပင်တို့သည် အသီးတို့ဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုတတ်ကုန်၏၊ မြစ်ချောင်းတို့ သည် ရေဖြင့် သတ္တ၀ါတို့ကို ကျေးဇူးပြုကုန်၏၊ နွားမ တို့သည် နို့ရည်ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ နွား ထီးတို့သည်လည်း ကောက်ပဲသီးနှံတို့ဖြင့် လူတို့ကို ကျေးဇူးပြုကုန်၏၊ “နေ” သည် နွေးသော ရောင် ခြည် ဖြင့် လူတို့ကို ကျေးဇူးပြု၏၊ “လ” သည်လည်း အေးမြသော ရောင်ခြည်ဖြင့် လူတို့ကို ကျေးဇူးပြု ကုန် ၏၊

ဤသို့လျှင် လူတို့သည် လူအချင်းချင်း ကျေးဇူးပြု ကောင်းကျိုးပြုရမည်သာ ဖြစ်သည်။မြေကြီးပေါ် ရောက်လာသော လူတို့သည် လူ့လောကကို ကျေး ဇူး ပြုမှ ဤကမ္ဘာမြေပေါ်ဝယ် နေရကျိုးနပ်မည်၊ လူ တို့သည် အထက်ဖေါ်ပြပါ ကျေးဇူးပြတတ်သော အရာဝတ္ထုတို့နှင့် လုံးလုံးမတူ ထူးခြားသည်သာ ဖြစ် ၏။ အကြောင်းအကျိုးကို နားလည်သည်၊ အကောင်း အဆိုးကို သိမြင်သည်၊ ဆင်ခြင်တုံ တရား ရှိသည်၊ ထို့ကြောင့် ကံကောင်းထောက်မ၍ ရခဲစွာလှ လူ့ဘ၀ကို ရကြသူတို့သည် စဉ်းစား ဆင် ခြင် ရန်မှာ “ငါသည် လူသားတို့အတွက် ဘာတွေ ကို ထားပြစ်ခဲ့မလဲ” “ငါသည် ငါ့အတွက် ဘာတွေ ကို ယူသွားမလဲ”၊ ဤအချက်ကို အလေးအနက် လူသားတိုင်း စဉ်းစားဆင်ခြင်အပ်လေသည်။

သိဒ္ဓတ္ထဂေါတမ မြတ်ဗုဒ္ဓသည် အရိုးကြေကြေ အရေ ဆုပ်ဆုပ် အားထုတ်တော်မူ၍ သတ္တလောကကြီး အတွက် ဓမ္မတစ်ခု ထားရစ်ခဲ့လေသည်၊ သတ္တ၀ါ အားလုံး စားသုံး၍ မကုန်နိုင်အောင် ရှိပေသည်။ လောက၌ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း ရှိသူတို့ ကား ရှားပါးကုန်၏၊ ကံစွမ်း ဥာဏ်စွမ်း ၀ီရိယစွမ်း နည်းပါးသူတို့သာ များပြားကုန်၏။ ကံစွမ်း ဥာဏ် စွမ်း ၀ီရိယစွမ်း ကြီးမားသူတို့သည် ကံ ဥာဏ် ၀ီရိယ အား နည်းပါးသူတို့၏ မှီခို အားထားရာ ဖြစ်သင့်ပေ သည်။

လူတို့၏ နှုတ်တွင် စကားပုံပေါင်း မြောက်မြားစွာ ပြောဆိုကြသည်။ ဥပမာ … ရေကြည်ရာ မြက် နု ရာ” ဆိုသော စကားမျိုးဖြစ်သည်။ ဤ စကားရပ်၌ မိမိနေသောအရပ်၌ ရေနောက်လျှင် ရေကြည်ရှိရာ အရပ်သို့ သွားရမည်။ မိမိနေသော အရပ်၌ သစ်ပင် မြက်ပင်တို့ ခြောက်သွေ့လျှင် စိမ်းစိုသော အရပ်သို့ သွားရမည် ဟု ဆိုလိုဟန် ရှိသည်။

တကယ်ဖြစ်သင့်သည်ကား မကြည်သောရေကို ကြည်အောင် လုပ်ရမည်။ မနုသောမြက် တို့ကို နု အောင် စိုက်ပျိုးရမည်၊ ပူပြင်းခြောက်သွေ့ ရေရှား ပါးသော အရပ်ကို စိမ်းလန်းစိုပြေအောင် သောက် ရေ သုံးရေရအောင် လုပ်ရမည်ဟုသာ မိမိခံယူ သည်။

ဤခံယူချက် ဤဆုတောင်းများကြောင့် ယနေ့ စပ် ကူးမတ်ကူး မြန်မာနိုင်ငံတော်တွင် ရေအလှူ၊ ဆေး အလှူ၊ ကျောင်းအလှူ၊ ကျောင်းသုံး ပရိဘောဂ အလှူ ဆေးရုံအလှူ တို့ကို အတော်အတန် လှူဖြစ် ခဲ့လေပြီ။

ဆက်လက်၍ တောင်းလိုသော ဆုတောင်းသည် ကား
ကာမ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါ လို။ သာသနာတော်၏ ကျေးကျွန်သာဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနှင့်၊ ဆင်းရဲဒုက္ခရောက်သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏။

သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ
၂၀၀၉ လောက်က ဟောခဲ့ဖူးတဲ့ တရားလေး ပြန်နာ
ရင်း ဝေမျှပေးလိုက်ပါတယ်

သာဓု ခေါ်ခြင်းသည်လည်း ကုသိုလ်၏ အထောက်
အပံ့ပင်ဖြစ်၏
သာဓု သာဓု သာဓု

သရဏဂုံ

သရဏဂုံအကြောင်း သိကောင်းစရာ
=======================
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း အကြောင်း သိမှတ် ဖွယ်ရာ ထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင် လက်ထက်သရဏဂုံ ဆောက်တည် ကြတာလဲ တောင်းခံပြီး ဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို နှစ်သက် ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညို လေးစားစိတ် ဖြစ်ပေါ် လာတဲ့အခါ ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက်တည် လိုက်တာပဲဖြစ်ပါတယ်။

သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါတယ်။
ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကိုရနိုင်တယ်။ သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-
(၁) ဘုရား၊တရား၊သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊
(၂) ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊
(၃) ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊
(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း
အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ စသည်ကို သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။

လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ် အမြင့်ဆုံး၊ အမြတ်ဆုံး ဖြစ်တယ်။ အဲဒီရတနာသုံးပါးထက် မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။ အဲဒီလိုအထွတ်အထိပ် အမြင့်ဆုံး၊ အမြတ်ဆုံး ဖြစ်တဲ့ ရတနာသုံးပါးအား (အတ္တသမံ ပေမံနတ္ထိ = မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့ မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး ကိုးကွယ်ဆည်းကပ်မှ သရဏဂုံဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့ လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့ အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို သိမှ ကျေးဇူးများပါတယ်။

သုံးကြိမ်ဆိုတာလဲ အထူးလေးနက်စေချင်လို့ပါ။ တစ်ကြိမ်တစ်ခါဆိုတာကတော့ စိတ်မပါလက်မပါ၊
ဝတ်ကျေတန်းကျေ ဆိုတာလဲဖြစ်နိုင်တယ်။ အခုသရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့်
ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူ့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ ဘာသာရေး ကိစ္စတွေမှာ
သုံးကြိမ်ထပ်ဆိုမှုမှန်သမျှဟာ လေးနက်စေချင်လိုဖြစ်ပါတယ်။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ဖြစ်ခြင်းစတဲ့ ဆင်းရဲဒုက္ခတွေကိုပယ်ပျောက်၊ ချမ်းသာကိုရောက်တက်လို့ (သရဏ=
ကိုးကွယ်ရာ) လို့ခေါ်ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံသရဏံဂစ္ဆာမိ ဆိုတဲ့စာပိုဒ်သုံးခု (သို့) ဒီစာပိုဒ်သုံးခုကို နှုတ်ကရွတ်ဆိုတာကို သရဏဂုံဆောက်တည်တာလို့ ထင်နေကြပါတယ်။ အမှန်မှာတော့ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန် သုံးပါး ဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ပညာကို သရဏဂုံ(သို့) ကိုးကွယ်ဆည်းကပ်မှုလို့ခေါ်တယ်။

မိရိုးဖလာအလွတ်ရထားလို့ဖြစ်စေ၊ ဘုန်းကြီက ချပေးလို့ဖြစ်စေ၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှုသဒ္ဓါတရားကို အသိဉာဏ်နဲ့မယှဉ်တဲ့ ဉာဏဝိပ္ပယုတ် သရဏဂုံလို့ခေါ်တယ်။ ဆင်းရဲပယ်ဖျောက်၊ ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊ သိရှိနားလည်မှုလဲရှိမယ်ဆိုရင် ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှုပညာနှစ်ပါးကို အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ်သရဏဂုံ လို့ခေါ်ပါတယ်။

ဒီနေရာမှာ ရတနာသုံးပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတက်တဲ့ ဝတ္ထုမှန် သုံးပါး ဖြစ်တယ်လို့
ယုံကြည်သိမှတ်ဆည်းကပ်ကိုးကွယ်သူ၊ ယုံကြည်သိမှတ်တဲ့သဒ္ဓါ၊ ပညာဦးဆောင်တဲ့စိတ်အစဉ်နဲ့ရွတ်ဆိုတဲ့လူကို (လောကီသရဏဂုံ)ဆောက်တည်တဲ့လူလို့ခေါ်ပြီး၊ ဝိပဿနာ ကမ္မဋ္ဌာန်းအားထုတ်မှ ရရှိတဲ့ မဂ်စိတ် လေးပါး ကိုရတဲ့ အရိယာ ပုဂ္ဂိုလ်ရှစ်ယောက်ကို (လောကုတ္တရာသရဏဂုံ) တည်တဲ့လူလို့ နှစ်မျိုးရှိပါတယ်။

လောကီသရဏဂုံ ဆောက်တည်တဲ့အတွက် ယခုဘဝမှာ ကြောက်ရွံ၊ ထိတ်လန့်ခြင်းကင်းတယ်။ စိတ် ကြည်လင်တယ်၊ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်၊ သေတဲ့အခါမှာ အပါယ်လေးဘုံ မရောက်ဘဲ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားရတယ်။ လောကုတ္တရာသရဏဂုံ ၄ပါးကတော့ ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှကင်းပြီး နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ပါတယ်။

လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှမပျက်စီးတော့ပါဘူး၊ နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး နိဗ္ဗာန်တိုင် ရောက်သွားနိုင် ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို ကူးပြောင်းကိုးကွယ်တဲ့အခါ၊ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်တဲ့အခါ ပျက်စီးပါတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကိုလဲ သရဏဂုံတင်တဲ့ကိစ္စကလဲ
အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ ဒါပေမဲ့ သေတဲ့သူဟာ ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။ သေဆုံးသွားတဲ့အခါ ခြောက်တာတို့၊ လှ့န်တာတို့၊ နှုတ်ဆက်တာတို့ဟာ ဝေမာနိက ပြိတ္တာ၊တစ္ဆေ၊ သရဲ ဖြစ်လို့သာ ခြောက်လှန့်လိုရတယ်ဆိုတာ စကားချပ်အနေနဲ့ ပြောချင်ပါတယ်။ လူ့ဘဝမှာ မကောင်းတာအကုန်လုပ်၊ အကုသိုလ်အားကြီးတဲ့သူကတော့
သေတဲ့အခါ ငရဲကို တိုက်ရိုက်ရောက်သွားတဲ့ အတွက် ခြောက်လှန့်ဖို့၊ နှုတ်ဆက်ဖို့နေနေသာသာ သူကိုယ်တိုင် ငရဲဘုံမှာ ဒုက္ခပေါင်းစုံ မရှုမလှခံစားနေရပါတယ်။

ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ရဲ့လား၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လို့ရော
အကျိုးကျေးဇူး ရှိပါ့မလားလို့ သံသယစိတ်တွေ ဝင်တဲ့အခါမှာလည်း သရဏဂုံညစ်နွမ်းပါတယ်။ ဒါဟာလဲ ဗုဒ္ဓဘာသာဝင်တို့ သတိထားသင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့်အမြဲတမ်းဖြူစင် လတ်ဆက် နေအောင် ရတနာသုံးပါးကို ယုံကြည်ကိုးစားစိတ်ရှိဖို့ လိုအပ်ပါတယ်။ လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှမညစ်နွမ်းပါဘူး။

တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းရင်၊ သေရင်ပျက်စီးပါတယ်။ တစ်ခါသာမက အကြိမ်ကြိမ် ဆောက်တည်နိုင်တဲ့အတွက် ကုသိုလ်အကြိမ်ကြိမ် ရနေပါတယ်။
၂၄ပစ္စည်းပဋ္ဌာန်းဒေသနာတော်မှာအာသေဝနပစ္စည်းဆိုတာ ရှိပါတယ်။ ကုသိုလ်ကောင်းမှုကို ထပ်ခါ၊ ထပ်ခါပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့ ကုသိုလ်ကို ထပ်ခါ၊ထပ်ခါပွားများနေခြင်းဖြင့် ကုသိုလ်ဟာအင်အား
ကြီးမားလာပါတယ်။ ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံကိုအထပ်ထပ် တည်ဆောက် စေတာ ဖြစ်ပါတယ်။

ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ သေရင်အပါယ်မလားဘူး၊ သေရင်နတ်ပြည်တော့ အနည်းဆုံးရောက်တယ်လို့ ဓမ္မပဒ ပါဠိတော်မှာဘုရားဟောထားပါတယ်။ နတ်သားချင်းတူတာတောင်
လူ့ပြည်မှာသရဏဂုံတည်သူ၊ ပွာများသူဟာနတ်ပြည်မှာအခြားနတ်သားတွေထက်အသက်၊ အရောင်အဝါ၊
အခြွေအရံ၊ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗရုံ ဒီ ၁၀-ပါးတို့ဖြင့် အခြား နတ်သား များထက် လွန်ကဲတယ်လို့ တာဝတိံသာနတ်ပြည်သို့ကြွတော်မူတဲ့ ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက
မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ ဘုရားရှင်လက်ထက်တော်က သေရည်၊ သေရက် နေ့စဉ်ရက်ဆက် သောက်တဲ့ သရဏဥပါသကာဆိုတာရှိခဲတယ်။ သူဟာသရဏဂုံတည်တဲ့အတွက် သူ့ကိုသရဏ ဥပါသကာလို ခေါ်ပါတယ်။ ဒီလူသေတဲ့အခါဘုရားရှင်က နတ်ပြည်ကိုရောက်တယ်လို့ ဟောတော်မူတဲ့အတွက်ဘုရားရှင်ရဲ့ ဆွေတော်၊ မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဘုရားရှင်စကားက ဟုတ်မှ
ဟုတ်ပါမလားပေါ့။ ဒါနဲ့မဟာနာမ်မင်းကကြားပြီး အရှင်ဘုရား..အရှင်ဘုရားရဲ့ ဆွေမျိုးတွေကအရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်ကြတယ်ဘုရား။ သေအရက်ကိုနေ့စဉ်သောက်တဲ့သူဟာ သေတော့ နတ်ပြည်ရောက်တယ်ဆိုတာ
အရှင်ဘုရားဟောတာကို ဘယ်သူမှမယုံကြဘူး ဘုရားလို့လျှောက်တယ်။

ဘုရားရှင်က
သူဟာ သေတာနဲ့တပြိုင်နက်သောတပန်ဖြစ်သွားတယ်။ သေရည်၊သေရက်သောက်တဲ့ကံက
သူ့ကိုမတားမြစ်နိုင်ဘူး။ဘာကြောင့်တုံးဆိုတော့ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးရဲ့ ဂုဏ် ကျေးဇူးတော် များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ ရတနာသုံးပါးကို အသက်စွန့်၍ ယုံကြည်ခြင်းငှါ စွမ်းနိုင်တဲ့ အဝေစ္စပဿဒ ဟုဆိုအပ်တဲ့ သဒ္ဓါတရားထားရှိတာက တကြောင်း ဒီအကြောင်း များကြောင့် သေရည်၊ သေရက်သောက်တဲ့ အကုသိုလ်ကံဟာ သူ့ကိုမတားမြစ်နိုင်ဘူး လို့ မိန့်ကြားတော်မူပါတယ်။ "

သရဏဥပါသကာကိုတစ်ဖက်သားက သရဏဥပါသကာ.. သင်ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကိုတရား
မဟုတ်ဘူး၊ သံဃာကိုသံဃာမဟုတ်ဘူးလို့ု့ ပြောရင်ပြော၊ မပြောရင် သင့်ခေါင်းဖြတ်မယ်လို့” ဆိုခဲ့ရင်တောင်
သရဏဥပါသကာက သင်.. ငါ့ခေါင်းကို ဖြတ်ချင်ဖြတ်ပါ။ ကျွှန်ုပ်ဘုရားကို ဘုရားမဟုတ်ဘူး၊ တရားကိုတရား
မဟုတ်ဘူး၊ သံဃာကိုသံဃာမဟုတ်ဘူးလို့ မပြောဝံ့ဘူးလို့ ပြန်ပြောနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့် အင်မတန် စွန့်နိုင်ခဲတဲ့ တရားနှစ်ပါးအကြာင်းကို ဘုရားရှင်က ဤသို့ ဟောကြားတော် မူခဲ့ပါတယ်

ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊
ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။”

အဓိပ္ပါယ်ကတော့- မိမိ၏အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလည်း စွန့်နိုင် ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလဲ စွန့်နိုင်ခဲတယ်။ အဲဒီလိုစွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတိုတွင် တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းငှါ စွမ်းနိုင်လို့ရှိရင်
မဂ်တရားဖိုလ်တရားကို ရနိုင်တယ်လို့ ဟောတော်မူခဲ့ပါတယ်။

ရတနာသုံးပါးကို အထွတ်မြတ်ဆုံးဟု ယုံကြည်၍၊ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲလို့ စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာပါဘဲ။ ထိုစိတ်ကို မစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍အခြားဘာသာထဲသို့ မဝင်သမျှကာလပတ်လုံး သရဏရုံမပျက်ဘဲ ဆက်လက်တည်နေပါတယ်။ ကာလရှည်ရှည် သရဏဂုံတည်လေ အကျိုးများလေလေပါဘဲ။ ဒါကြောင့်အကျိုးများလှတဲ့ သရဏဂုံကို
တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန်၊ တသက်ပန်တည်ဆောက်ရန် သရဏဂုံကို ရေးသား တင်ပြလိုက်ရပါတယ်။

တသက်ပန်တည်ဆောက်ရန် သရဏဂုံ ”

၁။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။
၂။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၎။ ဇီဝိတ ပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၅။ ဇီဝိတ ပရိယန္တိကံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၆။ ဇီဝိတ ပရိယန္တိကံ သံဃံ သရဏံ ဂစ္ဆာမိ။

( ဒုတိယမ္ပိ၊ တတိယမ္ပိ ) အထက်ပါအတိုင်း တည်ဆောက်ပါ။

အနက်အဓိပ္ပါယ်

၁။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၂။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
ဓမ္မဿ-တရားတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊
သံဃဿ-သံဃာတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၎။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၅။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဓမ္မံ - တရားတော်မြတ်ကို၊
သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၆။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ သံဃံ -သံဃာတော်မြတ်ကို၊
သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။

တသက်လုံး အသက်ဆုံးသည့်တိုင်အောင်၊ သရဏဂုံ အမြဲတည်ပါပြီ။ အားကိုးရာ၊
မှီခိုရာ၊ ဆောက်တည်ရာ ရပါပြီ။ မပျက်တော့ပါဘူး။ သို့သော် အယူတပါးများ - ယူသွားရင်၊ သရဏဂုံ ပျက်ပြီးလို့ မှတ်ကြပါ။ ။

(ကျေးဇူးရှင် တောင်ပုလုဆရာတော်ဘုရားကြီး၏ သရဏံဂုံအကြောင်းသိကောင်းစရာအားတင်ပြအပ်ပါသည်