Thursday, May 1, 2014

အာဝေဏိက ဂုဏ်တော်(၁၈)ပါး နှင့် ဉာဏ်တော်(၁၀)ပါး

ဉာဏ်တော်(၁၀)ပါး

၁။ အကြောင်းတရား ဟုတ်/မဟုတ်ကို သိတော်မူသော မြတ်စွာဘုရား
၂။ ကောင်းကျိုး/မကောင်းကျိုးကို သိတော်မူသော မြတ်စွာဘုရား
၃။ သတ္တ၀ါတို့၏ လားရာ/ရောက်ရာကို သိတော်မူသော မြတ်စွာဘုရား

၎။ အထူးထူးသောဓါတ်သဘောတို့ကို သိတော်မူသော မြတ်စွာဘုရား
၅။ သတ္တ၀ါတို့၏ စရိုက်၊ အကြိုက်၊ နှလုံးသွင်းအားလုံးကို သိတော်မူသော မြတ်စွာဘုရား
၆။ သတ္တ၀ါတို့၏ သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊ ပညာ ငါးဖြာဣနြေ္ဒအနုအရင့်ကို သိတော်မူသော မြတ်စွာဘုရား

၇။ ဈာန်၊ သမာဓိ၊ သမာပတ်တို့၏ တိုးတက်ကြောင်း/ဆုတ်ယုတ်ကြောင်းကို သိတော်မူသော မြတ်စွာဘုရား
၈။ ရှေးဖြစ်ဟောင်းဘ၀ခန္ဓာအစဉ်ကို သိတော်မူသော မြတ်စွာဘုရား
၉။ သုံးဆယ့်တစ်ဘုံလုံးတွင် ဖြစ်ပျက်သမျှသော သတ္တ၀ါအားလုံးကို သိတော်မူသော မြတ်စွာဘုရား
၁၀။ ကိလေသာတို့ကို ငြိမ်းအေးစေသော ဥာဏ်တော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား

 အာဝေဏိက ဂုဏ်တော်(၁၈)ပါး

၁။ မြတ်စွာဘုရားရှင်၏ အတုမရှိသောဥာဏ်တော်ကို အတိတ်ကာလတွင် မည့်သည့်အရာကမျှ မတားဆီးနိုင်ပါ။
၂။ မြတ်စွာဘုရားရှင်၏ သိရန်မှန်ကမကျန်ရအောင် လုံးဝစုံလင်အကုန်မြင်သော ဥာဏ်တော်ကို အနာဂတ်ကာလတွင်
မည်သည့်အရာကမျှ မပိတ်ပင်နိုင်ပါ။
၃။ မြတ်စွာဘုရားရှင်၏ ဥာဏ်တော်အနန္တကို ယခုပစ္စုပ္ပန်ကာလတွင် မည်သည့်အရာကမျှ တားဆီးပိတ်ပင်ခြင်းမပြုနိုင်ပါ။

၎။ ဘုန်းတော်အနန္တနှင့် ပြည့်စုံတော်မူသော ဘုရားရှင်၏ ကိုယ့်ဖြင့်ပြုသော ကာယကံတော်သည် သတိအမြဲခံ၍ ဥာဏ်တော်ဦးဆောင်သည်။
၅။ နှုတ်ဖြင့်ပြောသော ၀စီကံတော်သည် သတိအမြဲခံ၍ ဥာဏ်တော်ဦးဆောင်သည်။
၆။ စိတ်ဖြင့်ကြံသော မနောကံတော်သည် သတိအမြဲခံ၍ ဥာဏ်တော်ဦးဆောင်သည်။
ဥာဏ်တော်၏နောက်သို့ အမြဲလိုက်သည်။

၇။ ဂုဏ်တော်အနန္တနှင့်ပြည့်စုံတော်မူသော ဘုရားရှင်၌ သတ္တ၀ါတို့၏ အကျိုးစီးပွားကို ပြုလိုသောဆန္ဒတော်သည် ယုတ်လျော့ခြင်းမရှိ။
၈။ တရားဓမ္မ သြ၀ါဒကို နေ့ညခပင်း ဟောပြောခြင်းသည် သတ္တိချွတ်ယွင်း အားကုန်ခြင်းမရှိ။
၉။ ပရိယတ်၊ ပဋိပတ် အကျင့်မြတ်၌ မပြတ်ကြိုးကုတ် အားထုတ်နိုင်သော ၀ီရိယတော်သည် သတ္တိချွတ်ယွင်းအားကုန်ခြင်းမရှိ။
၁၀။ အာရုံတစ်ခု စူးစိုက်ရှု၍ စိတ်စုများမြောင် တည်တံအောင်ထားနိုင်သော သမာဓိတော် သည် သတ္တိချွတ်ယွင်းအားကုန်ခြင်းမရှိ။
၁၁။ သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်သော ဉာဏ်တော်သည်
သတ္တိချွတ်ယွင်းအားကုန်ခြင်းမရှိ။
၁၂။ ကိလေသာမာရ် သူပုန်ရန်မှ ဧကန်လွတ်ကင်း သန့်ရှင်းသော အရဟတ္တဖိုလ်သည်
သတ္တိချွတ်ယွင်းအားကုန်ခြင်းမရှိ။

၁၃။ အကျိုးမဖက် အပျက်အချော်ပြုမှုသည် ဘယ်ခါကာလ သမယမှ ခဏအနေ မရှိပါချေတကား။
၁၄။ မဆင်မခြင် စိတ်၌ထင်သော် အလျင်ပြောမှု ပြုလုပ်မှုသည် ဘယ်ခါကာလ သမယမှ ခဏအနေ မရှိပါချေတကား။
၁၅။ ဉာဏ်တော်မပြန့် မနှံ့စပ်သောကိစ္စသည် ဘယ်ခါကာလ သမယမှ ခဏအနေ မရှိပါချေတကား။
၁၆။ မြင်ရသူများ လန့်၍သွားအောင် ပြေးလွှားသမှု အဟုန်ဖြင့်ပြုရခြင်းသည်
ဘယ်ခါကာလ သမယမှ ခဏအနေ မရှိပါချေတကား။
၁၇။ သတ္တ၀ါအမျိုးမျိုး စီးပွားတိုးအောင် အကျိုးမငဲ့ ကြောင့်ကြမဲ့စိတ်သည်
ဘယ်ခါကာလ သမယမှ ခဏအနေ မရှိပါချေတကား။
၁၈။ စဉ်းစားသမှု ဉာဏ်မပြုဘဲ လစ်လျှူရှုကာ ဥပေက္ခာသည်
ဘယ်ခါကာလ သမယမှ ခဏအနေ မရှိပါချေတကား။

တစ်ဆယ့်ရှစ်ပါးသော ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာပြည့်စုံ ဤဂုဏ်တော်တို့နှင့် ပြည့်စုံလုံလောက် အထမြောက်တော်မူပြီးသော ဘုန်းတော်ခြောက်စုံ တန်ခိုးဂုဏ်နှင့် ပြည့်စုံပေငြား မြတ်စွာဘုရားအား တစ်စုံ တစ်ယောက်သော ပုဂ္ဂိုလ်သည် မဖျက်ဆီးနိုင်။
ထိုနည်းမခြား အလားတူစွာ ဘုရားတပည့်တော်အား ပြည့်စုံပါစေသတည်း။


မဖျက်ဆီးနိုင် ဂုဏ်(၄)ခိုင်
၁။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ အသက်တော်ကို မည်သူကမျှ မဖျက်စီးနိုင်။
၂။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ သဗ္ဗညုတဉာဏ်တော်ကို မည်သူကမျှ မဖျက်စီးနိုင်။
၃။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအတွက်၏ ရည်စူးထားသော ပစ္စည်းလေးပါးတို့ကို မည်သူကမျှ မဖျက်စီးနိုင်။
၎။ ဘုရားရှင်ကိုယ်တော်မြတ်ကြီး၏ ရောင်ခြည်တော်(၆)သွယ်၊ လက္ခဏာတော်ငယ်(၈၀)၊ လက္ခဏာတော်ကြီး (၃၂)ပါး တို့ကို မည်သူကမျှ မဖျက်စီးနိုင်။
ထိုနည်းမခြား အလားတူစွာ ဘုရားတပည့်တော်အား ပြည့်စုံပါစေသတည်း။


သက်တော်၊ ဉာဏ်တော်၊ ပစ္စည်းတော်နှင့် ကိုယ်တော်ရောင်ခြည် ဤလေးလီကို တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်သည် ပျက်စီးအောင်ပြုခြင်းငှာ မတတ်နိုင်ပါပေ။ ထိုနည်းမခြား အလားတူစွာ ဘုရားတပည့်တော်အား ပြည့်စုံပါစေသတည်း။


1 comment: