Monday, November 27, 2017

ဓမ္မပဒအစွမ်း အံ့မခန်း

ဓမ္မပဒအစွမ်း အံ့မခန်း
အရှင်ဥာဏ၀ရ(ပါရမီ)

ကမ္ဘာတစ်လွှား လူကြိုက်အများဆုံး ကမ္ဘာ့သာသနာ ပြု တရားတော်

(က) ဓမ္မပဒတရားတော် တစ်ဂါထာကို အစပြုပြီး ကမ္ဘာကြီး အလင်းရောင်ပျံ့ပွားခဲ့ပါတယ်။
(ခ) ဓမ္မပဒတရားတော် တစ်ဂါထာကို အစပြုပြီး မြန်မာနိုင်ငံ အလင်းရောင်ပျံ့ပွားခဲ့ပါတယ်။
(ဂ) ရှေးယခင်ကတည်းက ယခုအချိန်ထိ မြတ်ဗုဒ္ဓရဲ့ အဆုံးအမလမ်းတွေထဲမှာ ဓမ္မပဒဟာ လိုရင်းတိုရှင်း  အကျဆုံး၊ လူအများရဲ့ နှလုံးသားမှာ နေရာအယူနိုင် ဆုံး တရားတော်အစုလို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဓမ္မပဒနှင့် အသောကမင်းကြီး

ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း (၃၅ဝ) ဝန်းကျင်၊ မြတ်ဗုဒ္ဓရဲ့ အဆုံးအမ သာသနာတော် ကြီး ပျက်စီးကွယ်ပျောက်လုနီး ဖြစ်နေချိန် တရားစစ် တရားမှန်ကို ရှာကြံလိုလားတဲ့ အသောကမင်းကြီးဟာ နိဂြောဓသာမဏေ ဟောမိန့်တော်မူတဲ့ ''အပ္ပမာဒေါ အမတံ ပဒံ'' (မမေ့ခြင်းဟာ မသေခြင်းရဲ့ အကြောင်း ရင်းပါ)အစရှိတဲ့ ဓမ္မပဒဂါထာတရား နာကြားရာက အစ ပြုပြီး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ပါတယ်။ အသောက မင်းကြီးရဲ့ သာသနာတော်အပေါ် စွမ်းစွမ်းတမံ ထောက်ပံ့မှုတွေကြောင့် သာသနာတော် ပြန်လည် ထွန်းလင်း ထင်ရှားလာခဲ့ပြီး တစ်ကမ္ဘာလုံးကို ဗုဒ္ဓဘာသာ ပျံ့နှံ့ကာ အလင်းဆောင်နိုင်ခဲ့ပါတယ်။

ဓမ္မပဒနှင့် အနော်ရထာမင်းကြီး

သာသနာနှစ် ၁၅၆ဝ- ပြည့်နှစ်ဝန်းကျင် ပုဂံ နေပြည်တော်မှာ ထေရဝါဒဗုဒ္ဓသာသနာဟာ မှေးမှိန် သွားပြီး မိစ္ဆာဒိဋ္ဌိအယူဝါဒတွေ ထိုးဖောက်လွှမ်းမိုးနေ ချိန် တရားစစ်တရားမှန် ရှာကြံလိုလားတဲ့ အနော်ရထာ မင်းကြီးဟာ အရှင်ဓမ္မဒဿီ (အရှင်အရဟံ) ဟောမိန့် တော်မူတဲ့ ဓမ္မပဒတရားတော်ကို နာကြားရာက အစပြု ပြီး ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ပါတယ်။ အနော်ရထာ မင်းကြီးရဲ့ သာသနာတော်အပေါ် စွမ်းစွမ်းတမံ ထောက်ပံ့ မှုတွေကြောင့် မြန်မာနိုင်ငံတော်ကြီး တစ်ခုလုံး ဗုဒ္ဓ ဘာသာပျံ့နှံ့ကာ အလင်းဆောင်နိုင်ခဲ့ပါတယ်။
ဒီလို သမိုင်းဝင်ဂုဏ်ရည်တွေရှိတဲ့ ဓမ္မပဒဂါထာ မြန်မာပြန်ကတော့ -

ကုသိုလ်မမေ့တာ နိဗ္ဗာန်ရကြောင်းပါ (ဓမ္မပဒဂါထာ ၂၁၊ ၂၂၊ ၂၃)
မမေ့လျော့ မယစ်မူးခြင်း (အပ္ပမာဒ) ဟာ မသေခြင်း (အမတ) ရဲ့ အကြောင်းရင်းပါ။
မေ့လျော့ ပေါ့ဆယစ်မူးခြင်းဟာ သေခြင်းရဲ့ အကြောင်းရင်းပါ။
မမေ့သူတွေ မသေပါဘူး။ မေ့သူ,သေသူ အတူတူပါပဲ။

ဒီထူးခြားချက်ကို သိတဲ့ ပညာရှိတွေဟာ မမေ့လျော့ မပေါ့ဆ မယစ်မူးပါဘူး။
မမေ့လျော့ခြင်း (အပ္ပမာဒ) ကို နှစ်သက်တဲ့ ပညာရှိတွေဟာ အရိယာသူတော်ကောင်းတွေရဲ့ နေထိုင်ကျက်စားရာ မြင့်မြတ်တဲ့ တရားအာရုံမှာ နှစ်သက်ရွှင်လန်းကြပါတယ်။

မမေ့လျော့တဲ့သတိ၊ သမထသမာဓိ၊ ဝိပဿနာသမာဓိ၊ မပြတ်လပ်တဲ့ လုံ့လဝီရိယ နှင့် စွဲစွဲမြဲမြဲ စူးစိုက်အားထုတ်သူ ပညာရှိတွေဟာ အချုပ်အနှောင်တွေ လွတ်ကင်းရာ၊ ဘေးကင်းရာ အနှိုင်းမဲ့နိဗ္ဗာန်ကို ရောက်ပါတယ်။

ဓမ္မပဒနှင့် ကမ္ဘာ့သာသနာပြုအရှင်မြတ်များ

ကျွန်တော့်ကို (၁၈၉၇ ခုနှစ်) အီတလီနိုင်ငံ (မီလန် မြို့) မှာ မွေးဖွားပါတယ်။ အမေရိကန် နယူးယောက် မြို့မှာ ကြီးပြင်းပါတယ်။ အမေရိကန်နိုင်ငံ၊ ကိုလံဗီယာ တက္ကသိုလ်မှ ဓာတုဗေဒဆိုင်ရာ ဘီအက်စ်စီဘွဲ့ရ ခေတ် ပညာတတ်တစ်ဦးဖြစ်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ သိပ္ပံပညာ အသိဟာ အမြင်ဟောင်းဖြစ်တဲ့ ရိုမန်ကက်သလစ် အမြင်နဲ့ တိုက်ခိုက်ကြပါတော့တယ်။ ချက်ချင်း သိပ္ပံ ပညာက အပေါ်စီးရပြီး ရိုမန်ကက်သလစ်ဝါဒက နောက် ဆုတ်သွားပါတယ်။ ကျွန်တော်ရဲ့ ဘာသာတရားဟာ တဖြည်းဖြည်း သိပ္ပံပညာရဲ့ ဘာသာတရား ဖြစ်လာခဲ့ ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ ယေရှုခရစ်တော်နဲ့ စိန့်ဖရန်စစ်တို့ကို ကြည်ညိုနေတုန်းပါပဲ။ တကယ်လို့ ကျွန်တော်ဟာ ဓမ္မပဒစာအုပ်ကို မဖတ်မိရင် ယနေ့ ထက်တိုင် ရိုမန်ကက်သလစ်အဖြစ်ပဲ ရှိနေဦးမှာပါ။ ဓမ္မပဒအသွင်ဖြင့်ရှိနေတဲ့ ရှင်တော်မြတ်ဗုဒ္ဓဟာ          ကျွန်တော်ရဲ့ဘဝကို (အကြီးအကျယ်) ပြောင်းလဲပေးခဲ့တဲ့ ထိပ်တန်း သာသနာပြုကြီး ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ         ပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီဖြစ်ပေမဲ့ မြတ်ဗုဒ္ဓရဲ့ ဟောပြောချက် ဓမ္မတွေကတော့ ယနေ့ထက်တိုင် ရှင်သန်ဆဲ၊ အသက်ဝင်ဆဲ၊ အလုပ်လုပ်ဆဲပါပဲ။
ကျွန်တော်ဟာ သိပ္ပံနည်းကျတဲ့ ဘာသာတရားကို အစဉ်တစိုက် စုံစမ်းလာခဲ့ပါတယ်။ နောက်ဆုံးမှာ ကျွန်တော်လိုလားနေတဲ့အရာကို တွေ့ရပါတော့တယ်။ ဗုဒ္ဓဘာသာဟာ ကျွန်တော် အကြာကြီး တောင့်တလာ ခဲ့တဲ့ အရာကို ဖြည့်တင်းပေးလိုက်ပါတယ်။ ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်လာပါတယ်။ ကျွန်တော်ဟာ ရေ ငတ်မွတ်နေတဲ့ သဲကန္တာရခရီးသည်နှင့် တူနေပါတယ်။ နောက်ဆုံးမှာ ကြာမျိုးစုံပေါက်နေတဲ့ ရေကန်တစ်ကန်ကို တွေ့ရပြီး အေးမြကြည်လင်နေတဲ့ရေစင်ကို အားပါးတရ သောက်ပစ်လိုက်ပါတော့တယ်။
ဒါဟာ ဓမ္မပဒကြောင့် ဘဝပြောင်းခဲ့တဲ့ အီတလီ လူမျိုး ဆာဗာတိုရေစီအိုဖီ Salvatiore Cioffi (ဦးလောကနာထ)ရဲ့ ကိုယ်တွေ့အကြောင်းအရာတွေပါပဲ။
ဓမ္မပဒရဲ့ ကျေးဇူးကြောင့် စီအိုဖီဟာ အသက် (၂၅) နှစ်ကျော်အရွယ်မှာ မိသားစုတွေ ဝိုင်းတားတဲ့ ကြားက ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပါတယ်။ ၁၉၂၅-ခုနှစ် အသက် (၂၈) နှစ် အရွယ်မှာတော့ မြန်မာနိုင်ငံကို လာရောက်ပြီး ရဟန်းဘဝကို အပြီးတိုင် ခံယူလိုက်ပါတော့တယ်။ မန္တလေး၊ မစိုးရိမ်ကျောင်းတိုက် ကြီးမှာ ပရိယတ္တိစာပေသင်ယူပြီး စာနှင့်လက်တွေ့ ပူးတွဲကျင့်သုံးလို့ တစ်ဖက်ကလည်း သာသနာပြုတရား တွေကို လှည့်လှည် ဟောကြားခဲ့ပါတယ်။
ဦးလောကနာထဟာ အနောက်တိုင်းသား ရဟန်းတော်တွေထဲမှာ မြန်မာပညာရှိ ရဟန်းရှင်လူတို့ ရဲ့ ချီးကျူးလေးစားမှုကို အများဆုံးခံယူရသူဖြစ်ပါတယ်။ အသက်ကို ပဓာနမထားဘဲ အခက်အခဲမျိုးစုံကြားက ကမ္ဘာကို သုံးပတ်ပတ်ပြီး ဗုဒ္ဓတရားတော်တွေကို          ဖြန့်ဝေ ဟောပြောခဲ့တဲ့ ကမ္ဘာ့သာသနာပြု အာဇာနည် ပုဂ္ဂိုလ်ထူးကြီးပါ။ ဆရာတော်ကြောင့် ဘာသာခြားကနေ ဗုဒ္ဓဘာသာအဖြစ် ခံယူခဲ့ကြသူတွေ အများကြီးပါ။ အီတလီဘုန်းတော်ကြီး ဦးလောကနာထဟာ ဗုဒ္ဓ      သာသနာ ကမ္ဘာ့အနှံ့ပြန့်ပွားအောင် မနေမနား၊ ကြိုးစား သာသနာပြုရင်း သက်တော် (၆၈) နှစ်အရွယ် (၁၉၆၆) ခုနှစ်မှာ ပြင်ဦးလွင်မြို့မှာ ပျံလွန်တော်မူခဲ့ပါတယ်။
''ဓမ္မပဒအသွင်ဖြင့် ရှိနေတဲ့ ရှင်တော်မြတ်ဗုဒ္ဓဟာ ကျွန်တော်ရဲ့ဘဝကို (အကြီးအကျယ်) ပြောင်းလဲပေးခဲ့ တဲ့ ထိပ်တန်းသာသနာပြုကြီး ဖြစ်ပါတယ်'' လို့ ဦးလောကနာထ ရေးသားခဲ့ပါတယ်။ သင်္ဂဇာဆရာတော် ကြီးကလည်း သဗ္ဗလောကဿ- ခပ်သိမ်းသောသတ္တဝါ အပေါင်း၏၊ သတ္ထုနော-ဘုရားအရာ၌တည်သော၊ ဓမ္မ ပဒဿ-ဓမ္မပဒပါဠိတော်မြတ်ကို၊ နမာမိ-ရှိခိုးပါ၏ လို့ ရေးသားခဲ့ပါတယ်။
ကမ္ဘာ့သာသနာပြု ဆရာတော်ကြီး အရှင်သေဋ္ဌိလ အစရှိတဲ့ အရှင်မြတ်များဟာလည်း ဓမ္မပဒကို ရှေ့တန်း တင်ကာ သာသနာပြုခဲ့ပါတယ်။ မြတ်ဗုဒ္ဓဟောခဲ့သမျှ တရားတော်တွေထဲမှာ ဓမ္မပဒဟာ အရှေ့တိုင်းရော၊ အနောက်တိုင်းပါ တစ်ကမ္ဘာလုံး လူကြိုက်အများဆုံး တရားတော်ဖြစ်တာမို့ ကမ္ဘာ့သာသနာပြုပုဂ္ဂိုလ်တိုင်း ဓမ္မပဒကို ရှေ့တန်းတင်တော်မူကြတာပဲ ဖြစ်ပါတယ်။
အိန္ဒိယရဟန်းတော် အရှင်ဗုဒ္ဓရက္ခိတ (Acharya Buddharakkhita) ရဲ့ အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒ စာအုပ်မှာလည်း ဒီလိုရေးထားတော်မူခဲ့ပါတယ်။
''ခရစ်ယာန်ဘာသာဝင်တွေအတွက် သမ္မာကျမ်းစာ ဟာ အထွတ်အမြတ်ပါ။ အစ္စလာမ်ဘာသာဝင်တွေ အတွက် ကိုရန်ကျမ်းစာဟာ အထွတ်အမြတ်ပါ။ ဟိန္ဒူ တွေအတွက် ဝေဒကျမ်းစာတွေဟာ အထွတ်အမြတ်ပါ။ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ဓမ္မပဒဟာ အထွတ် အမြတ်ပါပဲ။
ရိုးစင်းပြီး ခေတ်နောက်ကျနေသူတွေအတွက် ဓမ္မပဒဟာ စာနာထောက်ထားတတ်တဲ့ တိုင်ပင်ဖော် တိုင်ပင်ဖက်လိုပါပဲ။ ပညာမာနတက်လွန်းသူတွေ အတွက် တော့ ဓမ္မပဒဟာ နှိမ့်ချစေတတ်တဲ့ တရားတော်မြတ် တွေပါပဲ။ တရားဓမ္မရဲ့ အနှစ်သာရကို ကြိုးစားရှာဖွေ နေသူတွေအတွက်လည်း ဓမ္မပဒဟာ ရေရှည်နှိုးဆော် အားပေးတတ်တဲ့ အခြေခံအရင်းအမြစ်နဲ့ လက်တွေ့ကျ တဲ့ လမ်းညွှန်မှုပဲဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ နှလုံးသားထဲမှာ အရောင်ဟပ်လာတဲ့ အသိဥာဏ်ပညာတွေဟာ ဓမ္မပဒ ကဗျာထဲမှာ တဖျတ်ဖျတ် ဝင်းလက်တောက်ပနေတဲ့ (ရတနာ) ပုံဆောင်ခဲအသွင် ပေါ်လွင်ထင်ရှားနေပါတယ်။ (ဂါထာ) ကဗျာတစ်ပုဒ်ချင်းစီဟာ မှန်ကန်တဲ့ဘဝနေနည်း အတွက် လမ်းညွှန်ချက်တွေ ဖြစ်ပါတယ်။ ဓမ္မပဒကဗျာစု တွေကို လေ့လာဖတ်ရှုပြီး စိတ်အား ထက်ထက်သန်သန် လက်တွေ့ကျင့်ကြံသူတိုင်းဟာ လွတ်မြောက်မှု သုခ ချမ်းသာကို ခံစားနိုင်ကြလိမ့်မယ်လို့ ဘုရားရှင်ဟာ ပြတ်သားစွာ မိန့်တော်မူခဲ့ပါတယ်။''
သီဟိုဠ်နိုင်ငံသား အရှင်နာရဒ (Narada Maha Thera) ရဲ့ ဓမ္မပဒအင်္ဂလိပ်ဘာသာပြန် ကျမ်းနိဒါန်းမှာ ဒေါက်တာကဿိယပ်စ်အေပရဲယား (Dr. Cassius A. Pereira) က အောက်ပါအတိုင်း အမှာစာရေးခဲ့ပါ တယ်။ ''ပိဋကသုံးပုံထဲက စာအုပ်တစ်အုပ်အမည်ကို ပြောစမ်းပါလို့ မေးလာရင် အထစ်အငေါ့မရှိဘဲ ဓမ္မပဒကို ညွှန်ပြလိုက်ပါမယ်။ ဘာလို့လဲဆိုတော့ စာပေလောက မှာ တစ်ခုတည်းသော အကောင်းဆုံး စာအုပ်ဖြစ်လို့ ပါ။ ကျွန်ုပ်အတွက် အထူးကျေးဇူးများလို့ပါ။ နှစ်ပေါင်း လေးဆယ်ကျော်အတွင်းမှာ ကံမကောင်း အကြောင်း မသင့်လို့ စိတ်နှလုံးပူပန်ဆင်းရဲတဲ့အခါတိုင်း သူဟာ ကျွန်ုပ်အတွက် သစ္စာရှိတဲ့ မိတ်ဆွေကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ မနှိုင်းယှဉ်နိုင်လောက်အောင် လှပတဲ့ ဂါထာတွေဟာ အကြံဥာဏ်ပေးဖို့၊ ဆင်းရဲဒုက္ခအမျိုးမျိုး က သက်သာလျော့ပါးစေဖို့၊ ဂုဏ်သတင်း ပျံ့သင်းစေဖို့၊ ထိုးထွင်းသိမြင်စေဖို့ စသည်ဖြင့် တစ်ခုခုအတွက် အကျိုး သက်ရောက်စေပါတယ်''တဲ့။ ဓမ္မပဒဟာ အကောင်းဆုံး အဖော်မွန်ပါလို့ ဒေါက်တာအေပရဲယားက ဆိုလိုတာပါ။
''တစ်ခုတည်းသော ကမ္ဘာတည်ဆောက်ရန် ကမ္ဘာ သူ၊ ကမ္ဘာသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးမှု၊ နားလည်မှု၊ ဆက်စပ်မှု၊ ညီညွတ်မှုရှိဖို့ လိုအပ်ပါတယ်။ ဓမ္မပဒက ကမ္ဘာ့ညီညွတ်မှုကို အထောက်အပံ့ဖြစ်စေပါ လိမ့်မယ်'' လို့ ဒေါက်တာ ရှရီ(သိရီ) ရာဓာကရစ်ရှနန် (Sri RaDhakrishnan) က ဓမ္မပဒနိဒါန်းမှာ ခေတ်သစ် အတွေးအခေါ်နှင့် စိတ်ပညာနယ်ကပါ သုံးသပ်ပြီး ရေးသားထားပါတယ်။
ဦးဇင်းဟာလည်း ဓမ္မပဒထဲက ကောက်နုတ်ချက် တချို့ကို ခရစ်ယာန်ဒကာမကြီးတစ်ယောက်ဆီ             မက်ဆေ့ခ်ျစာကို ပို့ပေးခဲ့ဖူးပါတယ်။ ဒကာမကြီးက နှစ်သက်ပါတယ်တဲ့။
ဒီလိုထူးခြားချက်တွေရှိနေတဲ့ ဓမ္မပဒရဲ့ ရှေ့ဆုံး ဂါထာလေးပုဒ်ကတော့ -
စိတ်သာရှင်စော ဘုရားဟော (ဓမ္မပဒ-၁)
တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့်ပြီးစီးရပါတယ်။ ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နှင့် (တွေးကြံ) ပြောဆို ပြုလုပ်သူရဲ့နောက်ကို ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ) အစဉ်တစိုက် လိုက်ပါနေပါတယ်။
လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။

စိတ်ထားတတ်မှ အမြတ်ရ (ဓမ္မပဒ-၂)
တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွား
ခေါင်းဆောင်ရှိပါတယ်။
စိတ်သာအကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ကြည်လင်သန့်ရှင်း အပြစ်ကင်းတဲ့စိတ် ကောင်းမြတ်တဲ့စိတ်နှင့် (တွေးကြံ) ပြောဆိုပြုလုပ်သူရဲ့ နောက်ကို ချမ်းသာသုခတွေဟာ (အခွင့်သာတဲ့အခါ ကောင်းကျိုးပေးဖို့ရာ) အေးမြတဲ့ အရိပ်ပမာ အစဉ်တစိုက် လိုက်ပါနေပါတယ်။

မာန်တူ-ရန်ပူ (ဓမ္မပဒ-၃)
ဒီလူဟာ ငါ့ကို ဆဲဆိုဖူးတယ်။ ညှဉ်းဆဲဖူးတယ်။ ငါ့ကို အနိုင်ယူဖူးတယ်။ ငါ့ဥစ္စာကို ခိုးယူဖူးတယ်။ ဒီလို (နှလုံးသွင်းပြီး) ရန်ငြိုးဖွဲ့သူတွေမှာ ရန်မီး မငြိမ်းအေးနိုင်ပါဘူး။

ရန်ငြိုးကင်းဝေး ငြိမ်းအေးပါစေ (ဓမ္မပဒ-၄)
ဒီလူဟာ ငါ့ကို ဆဲဆိုဖူးတယ်။ ညှဉ်းဆဲဖူးတယ်။ ငါ့ကို အနိုင်ယူဖူးတယ်။ ငါ့ဥစ္စာကို ခိုးယူဖူးတယ်။ ဒီလို (နှလုံးမသွင်း) ရန်ငြိုးမဖွဲ့သူတွေမှာ ရန်ငြိုးကင်းဝေး ငြိမ်းအေးကြပါတယ်။

ဓမ္မပဒရဲ့ ထူးခြားချက်က ဘာလဲ

နိကာယ်ငါးရပ်တို့တွင် ခုဒ္ဒကနိကာယ် အဝင်အပါ ဖြစ်သော ဓမ္မပဒပါဠိတော်သည် စာအုပ်ပင်ငယ်သော် လည်း လူအမျိုးမျိုးတို့၏ စိတ်သဘောထား အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verese) တရားတော်ညွန့်ပေါင်းကျမ်း ဖြစ်ပေသည်။ ထို ဓမ္မပဒ ပါဠိတော်လာ တရားများကို နာကြားကြရသဖြင့် လွတ်လပ်ရေးအစစ်၊ ငြိမ်းချမ်းရေးအစစ်ဖြစ်သည့် နိဗ္ဗာန်ချမ်းသာကိုရသော လူဦးရေပေါင်း မရေတွက် နိုင်အောင် များပြားခဲ့လေသည်။
ထို တရားရေအေး အမြိုက်ဆေးကို ပေးနိုင်သော ဓမ္မပဒပါဠိတော်သည် အရှေ့နိုင်ငံ ဗုဒ္ဓဘာသာဝင်များ အတွက် နေလအသွင် အလွန်ထင်ရှား အကျိုးကျေးဇူး များသည့်အပြင် အနောက်နိုင်ငံ၌လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်လောက်ကစ၍ တဖြည်းဖြည်း ထင်ရှားလာပြီးလျှင် ယခုအခါ ဗုဒ္ဓဘာသာကျမ်းစာအုပ် တို့တွင် အထင်ရှားဆုံး၊ လူကြိုက်အများဆုံး၊ ဗုဒ္ဓဘာသာ အတွက် အကျိုးအများဆုံး စာအုပ်တစ်အုပ် ဖြစ်လေ သည်။ ထိုသို့ဖြစ်သည့်အတိုင်းလည်း အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာများသို့ ပြန်ပြီးကြောင်း သိရပေသည်။ (ဦးသေဋ္ဌိလ၊ လန်ဒန်မြို့၊ ၁၃၁၁-ခု၊ ကဆုန်လပြည့်နေ့)
သတ္ထာ  -  မြတ်စွာဘုရားသည်၊ ကရုဏာဝေဂ သမုဿာဟိတမာနသော - ကရုဏာတော်ဟုန် တိုက်တွန်းအပ်သော စိတ်နှလုံး ရှိတော်မူသည်ဖြစ်၍၊ ဒေဝ မနုဿာနံ-နတ်လူတို့၏၊ ပီတိပါမောဇ္ဇဝဍ္ဎနံ-နှစ်သက်ခြင်း, ဝမ်းမြောက်ခြင်းကို တိုးပွားစေတတ်သော၊ သုဘံ-  တင့်တယ်ကောင်းမြတ်သော၊ ယံ ယံ ဓမ္မပဒံ - အကြင် ဓမ္မပဒ ဒေသနာတော်ကို၊ ဒေသေသိ -ဟောတော်မူပြီ။ (ဓမ္မပဒအဋ္ဌကထာ)
ဓမ္မပဒဟူသော ပုဒ်ကို ''ဓမ္မဿ ပဒံ ဓမ္မပဒံ'' ဟု ဝိဂ္ဂဟပြု၍ ''နိဗ္ဗာန်၏အကြောင်းဖြစ်သော တရား'' သို့မဟုတ် ''တရား၏အဖို့အစု'' ဟု အနက်ပေးသင့် သည်လို့ စိန်ရတနာဆရာတော်ရဲ့ ဓမ္မပဒအဋ္ဌကထာ         နိဿယသစ်မှာ မှတ်ချက်ပြုထားပါတယ်။
ဓမ္မပဒပါဠိတော်ဟာ အားလုံး (၄၂၃) ဂါထာ ရှိပါ တယ်။ အဲဒီဓမ္မပဒဂါထာ (၄၂၃) ပုဒ်ကို ယမကဝဂ်၊ အပ္ပမာဒဝဂ်၊ စိတ္တဝဂ်၊ ပုပ္ဖဝဂ် စသည်ဖြင့် တူရာတူရာ (၂၆) ဝဂ် ခွဲခြားထားပါတယ်။ (ဝဂ္ဂ = ဝဂ် = အပေါင်း အစု) နမူနာအဖြစ် ဓမ္မပဒ၊ ပုပ္ဖဝဂ်လာ ဂါထာအချို့ကို ကောက်နုတ်ဖော်ပြရရင် -

အဆင်းလည်းလှ၊ ရနံ့လည်းသင်း၊ ပန်းမင်းရတနာ (ဓမ္မပဒ - ၅၂)
အရောင်အဆင်း လှပပြီး ရနံ့သင်းပျံ့မွှေးကြိုင်တဲ့ ပန်းလိုပါပဲ။ ကောင်းကောင်းမွန်မွန် ဟောကြားထားတဲ့ မြတ်ဗုဒ္ဓစကားတော်ဟာလည်း လိုက်နာကျင့်သုံးသူအတွက် အကျိုးများစွာ ဆောင်နိုင်ပါတယ်။

ကုသိုလ်ပန်းကုံး အလှဆုံး
(ဓမ္မပဒ-၅၃)
ပန်းမျိုးပေါင်းစုံ ပန်းပုံကြီးထဲက များပြားလှပတဲ့ ပန်းကုံးတွေကို သီကုံးပြုလုပ်သလို သေဖို့ မွေးဖွားလာသူဟာ (မသေခင်မှာ) ကောင်းမှုကုသိုလ်တွေကို များများစုံစုံ ပြုလုပ်သင့်ပါတယ်။

ရနံ့စံအိမ်
(ဓမ္မပဒ-၅၄)

စန္ဒကူး၊ တောင်ဇလပ်၊ စံပယ် ...ပန်းရနံ့တွေဟာ အထက်လေညာအရပ်ကို မသွားရောက်နိုင်ပါဘူး။ သူတော်ကောင်းတွေရဲ့ ဂုဏ်သတင်းရနံ့ကတော့ လေညာအရပ်ကို ဆန်တက်သွားနိုင်ပါတယ်။ သူတော်ကောင်းသတင်းဟာ အရပ်မျက်နှာအားလုံးမှာ သင့်ပျံ့မွှေးကြိုင် ရနံ့လှိုင်နေပါတယ်။

ရင်အေးစေတဲ့ မွှေးရနံ့
(ဓမ္မပဒ-၅၅)
စန္ဒကူးနှစ်၊ တောင်ဇလပ်ပန်း၊ ကြာပန်း၊ မြတ်လေးပန်း၊ စံပယ်ပန်း ...
ဒီလို မွှေးပျံ့သင်းထုံ ပန်းမျိုးစုံရနံ့ထက်
သီလရနံ့ဟာ တုနှိုင်းမဲ့ (သင်းပျံ့မွှေးကြိုင်) ထူးမြတ်လှပါတယ်။

အမြတ်ဆုံးရနံ့ (ဓမ္မပဒ-၅၆)

တောင်ဇလပ်ပန်း၊ စန္ဒကူးနံ့သာ ...မွှေးရနံ့ တွေဟာ နည်းနည်းလေးပါ။ သီလရှိသူတွေရဲ့ သီလရနံ့ဟာ အလွန်ထူးမြတ်ပြီး နတ်ဗြဟ္မာဘုံတိုင်အောင် သင်းပျံ့မွှေးကြိုင်နေပါတယ်။

ရင်ငြိမ်းပန်းရဲ့ လမ်းကို မာရ်နတ်မခန့်မှန်းနိုင် (ဓမ္မပဒ-၅၇)

သီလပြည့်စုံတဲ့ မမေ့မလျာ့မပေါ့မဆနေတဲ့၊ အမှန်ကောင်းကောင်းသိတဲ့ ကိလေသာအပူမီးတွေက လွတ်မြောက်ပြီးသူ (ရဟန္တာသူတော်ကောင်း) တွေရဲ့ သွားရောက်ရာလမ်းကို မာရ်နတ် မသိမြင်နိုင်ပါဘူး။

ကြာပဒုံဟာ အမှိုက်ပုံမှာ ပွင့်ရသည့်တိုင်
သင်းပျံ့မွှေးကြိုင်၊ ရနံ့လှိုင်ဆဲ၊ လှပမြဲ
(ဓမ္မပဒ-၅၈၊ ၅၉)

လမ်းမကြီးဘေး၊ စွန့်ပစ်ထားတဲ့ ရွံဖွယ်ပေါင်းစုံ အမှိုက်ပုံမှာ စင်ကြယ်သန့်ရှင်း၊ မွှေးရနံ့သင်းတဲ့ ပဒုမ္မာကြာပန်းကြီးဟာ နှစ်သက်မြတ်နိုးဖွယ်ရာ တင့်တယ်ပေါ်ပေါက် ပွင့်ထွန်းလာသလို ...
အမှိုက်ပုံကြီးနှင့်တူတဲ့ ကိလေသာများပြီး ဥာဏ်မျက်စိကန်းသူတွေကြားမှာ (ကြာပန်းနဲ့တူတဲ့) ဘုရားတပည့် (ဘုရားစကားလိုက်နာသူ) ဟာ အသိလိမ္မာ ဥာဏ်ပညာနှင့် (ကြည်ညိုမြတ်နိုးဖွယ်ရာ) လွန်စွာတင့်တယ်နေပါတယ်။
(အမှိုက်လို-ပုထုဇဉ်အကန်းတွေအလယ်မှာ၊ ကြာပန်းလို-မြတ်ဗုဒ္ဓသာဝကဟာ ပညာအလင်းနဲ့ တောက်ပတင့်တယ်လိုက်တာ။)

အမေရိကန် ခရစ်ယန် ဃ့ကမခ့ ကျောင်းက ဗုဒ္ဓတရား

သီတဂူဆရာတော်ကြီးဟာ အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်ရဲ့မြို့တော် ဘော်စတွန်က ရိုမန်ကက်သလစ် ဃ့ကမခ့ ကျောင်းတစ်ခုမှာ တရား ဟောခဲ့ရပါတယ်။ အဲဒီကျောင်းပေါက်ဝမှာ ကြေးပြား ဆိုင်းဘုတ်တစ်ခု ချိတ်ထားပါတယ်။ ကြေးပြားမှာ ရေးထိုးထားတဲ့ စာတွေကတော့ -
န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။
Hatred is, indeed, never appeased by hatred in this world. It is appeased only by loving kindness, this is an Ancient law.
ဓမ္မပဒဂါထာတစ်ပုဒ်ဖြစ်တဲ့ အဲဒီစာကို ပါဠိ (ရိုမန်) အင်္ဂလိပ်နှစ်ဘာသာနှင့် ရေးထားတာပါ။
ဒါကြောင့် ''ရန်ဖြစ်လာရင် အဲဒီရန်ကို ရန်တစ်ခု နှင့် တုံ့ပြန်ခြင်းဖြင့် ငြိမ်းချမ်းမှုကို မရနိုင်ဘူး။ ရန်ပြု လာတဲ့ ပုဂ္ဂိုလ်ကို တုံ့ပြန်၍ ရန်မပြုခြင်းသည် အေးချမ်းဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပဲ'' ဆိုပြီး သီတဂူဆရာ တော်ကြီးက အမေရိကန်တွေကို အဲဒီဓမ္မပဒဂါထာနှင့် ပတ်သက်ပြီးလည်း အကျယ်တဝင့် အင်္ဂလိပ်လို ဟော ပေးလိုက်ပါတယ်။
ခရစ်ယန်ဘုန်းတော်ကြီးကလည်း သူ့အခန်းထဲက နေပြီး တရားနာပါတယ်တဲ့။
တရားဟောလို့ပြီးတဲ့အခါ သီတဂူဆရာတော်ကြီးက မေးပါတယ်။ '' Chruch ကျောင်းထဲမှာ ဗုဒ္ဓဘာသာ  ဘုန်းတော်ကြီးတစ်ပါးကို ကြိုဆိုတာရယ်၊ ဗုဒ္ဓတရား  ဟောခွင့်ပေးတာရယ်၊ ဒီနှစ်ခုကို အလွန်ကျေနပ်ပါတယ်။ ဝမ်းလည်းဝမ်းသာတယ်။ ကျောင်းပေါက်ဝမှာ ခုနက ပြောတဲ့ စာပုဒ်လေးတွေ့တော့ ငါမင်းကို ကြည်လည်း ကြည်ညိုပါတယ်။ မင်း ဗုဒ္ဓတရားတော်တွေကို တော်တော် များများ လေ့လာဖူးလား'' လို့ မေးကြည့်တော့ သူက အင်္ကျီအိတ်ကပ်ထဲက စာအုပ်လေးကို ဆွဲထုတ်တယ်။ စာအုပ်လေးက ဓမ္မပဒစာအုပ်၊ လက်ဝါးလောက်ရှိတယ်။ သေးသေးလေး။ ဘုန်းကြီးတို့ ဘုရားဟောထားတဲ့ ဓမ္မပဒစာအုပ်လေးကို ခရစ်ယာန်ဘုန်းတော်ကြီးက သူ့အင်္ကျီ အိတ်ကပ်ထဲထည့်ထားတယ်။ စာအုပ်လေးက ကြေနေတာပဲ။ ထပ်တလဲလဲ ဖတ်ထားဟန်တူပါတယ်။
ခရစ်ယာန်ဘုန်းကြီးက သူ့ဖြစ်စဉ်ကို ပြောပြပါ တယ်။ သူက ခရစ်ယာန်ဘုန်းကြီး မဖြစ်ခင်က တော် တော်ဆိုးတဲ့ လူဆိုးလူမိုက်တစ်ယောက်တဲ့။ ဆိုးရင်း  မိုက်ရင်းနဲ့ ပြစ်မှုတစ်ခုကြောင့် ထောင်ထဲရောက်သွား တယ်။ ထောင်ထဲမှာ သူနှင့်အတူနေတဲ့ လူတစ်ယောက် က ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်။ အဲဒီ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့လူဆီက ဓမ္မပဒ စာအုပ်လေး ဖတ်မိတဲ့အခါ ခုနကပြောတဲ့ ''နဟိ ဝေရေန ဝေရာနိ - ရန်ကိုရန်ချင်း မတုံ့ပြန်နဲ့'' ဆိုတာကို ဖတ်ပြီး ကြိုက်သွားတယ်။ ဓမ္မပဒစာအုပ်လေးကို ငှားဖတ်ရင်း တဖြည်းဖြည်း သူ့စိတ်ဟာ ကြည်လင်ရွှင်ပြလာတယ်တဲ့။ တစ်လောက လုံးကို မကျေမနပ်ဖြစ်နေတဲ့စိတ်တွေ ပျောက်သွား တယ်တဲ့။ သူ ခရစ်ယာန်ဘုန်းတော်ကြီးဖြစ်လာပြီး တရားဟောတဲ့အခါမှာလည်း ဓမ္မပဒစာအုပ်လေးထဲက စာပိုဒ်တွေ ထည့်ဟောပါတယ်တဲ့။''
(သီတဂူဆရာတော်ကြီး၏ ဓမ္မရိပ်မဂ္ဂဇင်း (မတ်လ၊ ၂ဝဝ၆) ပါ ''ကမ္ဘာ့ငြိမ်းချမ်းရေး'' ဆောင်းပါးမှ အကျဉ်းချုပ် ကောက်နုတ်တင်ပြအပ်ပါသည်။)

ဓမ္မပဒအဖော်မွန်

အကောင်းဆုံးမိတ်ဆွေမှာ ဓမ္မပဒပင်ဖြစ်၏။ တစ်ပုဒ်တစ်ဂါထာတည်းဖြင့်ပင် ဆောက်တည်ရာ ရနိုင် လေသည်။ လှန်ချင်သည့်နေရာကို လှန်ပြီး မျက်စိ အောက် ရောက်ရာစာပုဒ်ကို ဖတ်လိုက်ပါ။ ထိုစာပုဒ် သည် စာဖတ်သူအတွက် အသုံးဝင်မည်မှာ ယုံမှားစရာ မရှိပါ။ ဓမ္မပဒ၏ ကျေးဇူးရပ်တို့ကို ပြည့်စုံအောင်         ဘယ်သူပြောနိုင်ပါ့မည်နည်း။ ကိုယ်တိုင်သိစေရန်         ကိုယ်တိုင်လေ့လာခြင်းသည် အကောင်းဆုံးနှင့် အမှန်ဆုံး ဖြစ်၏။ (ဆရာကြီး ဦးသော်ဇင်)
တဿ ပါဒေ နမဿိတွာ၊ သမ္ဗုဒ္ဓဿ သိရီမတော - ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝသော မြတ်ဗုဒ္ဓ၏ ခြေတော်အစုံ ကြာပဒုံကို မြတ်နိုးလှစွာ ဦးတိုက်ရှိခိုးကာ ဆောင်းပါးနိဂုံးချုပ်အနေနှင့် ဓမ္မပဒ ဂါထာလေးပိုဒ်ကို ဖော်ပြအပ်ပါသတည်း။

မကျင့်ရင် မကျန်
(ဓမ္မပဒ-၁၉)

အကျိုးစီးပွား ကြီးမားတဲ့ ဘုရားစကားတော် တရားဓမ္မတွေကို များများသင်ကြား ဟောပြောနေပေမဲ့ ယစ်မူးမေ့လျော့ပေါ့ဆပြီး တရားနှလုံးမသွင်းရင်၊ (တရားနှင့်အညီမကျင့်သုံးရင်) ဘာဝနာအားမထုတ်ရင် တရားမကျင့်ကြံသူဟာ ရဟန်းပြုခြင်းရဲ့ အကျိုးဝေစုဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်ပါဘူး။ သူတစ်ပါးရဲ့ နွားတွေကို ရေတွက်နေတဲ့ နွားကျောင်းသားလိုပေါ့။ (နွားနို့အရသာ နွားကျောင်းသား မခံစားရသလိုပဲပေါ့။)

သိပြီးကျင့်သုံး အမြတ်ဆုံး တစ်လုံးသိသိ အကျိုးရှိ၏ (ဓမ္မပဒ - ၂ဝ)

အကျိုးစီးပွား ကြီးမားတဲ့ ဘုရားစကားတော် တရားဓမ္မတွေကို နည်းနည်းပဲ သင်ကြားဟောပြောပေမဲ့လည်း တရားနဲ့အညီ ကျင့်သုံးအားထုတ်ရင် ရာဂ၊ ဒေါသ၊ မောဟ ကိလေသာတွေကို စွန့်ပယ်နိုင်ပါတယ်။ သတိ,ပညာနဲ့ ကောင်းကောင်းသိမြင်ပြီး ကောင်းကောင်းလွတ်မြောက်တဲ့ စိတ်ရှိလို့ ဒီလောက ကိုရော အခြားလောကကိုပါ မငြိတွယ် မစွဲလမ်းဘဲ မဂ်ဖိုလ်နိဗ္ဗာန်အကျိုးစုနှင့် ပြည့်စုံပါတယ်။

ကုသိုလ်စိတ်ဟာ အကောင်းဆုံးမိတ်ဆွေပါ (ဓမ္မပဒ - ၄၃)

အမေလည်း မလုပ်ပေးနိုင်၊ အဖေလည်း မလုပ်ပေးနိုင်၊ တခြားဆွေမျိုးတွေလည်း မလုပ်ပေးနိုင်ပါဘူး။ မိဘဆွေမျိုးအားလုံးထက် ပိုလွန်ပြီး ... စိတ်ထားမှန် စိတ်ထားကောင်း ကုသိုလ်စိတ်ကပဲ ထူးကဲမွန်မြတ်တဲ့ ချမ်းသာသုခရအောင် ပြုလုပ်ဆောင်ရွက်ပေးနိုင်တာပါ။

ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်
(ဓမ္မပဒ - ၁၆ဝ)

ကိုယ်သာ ကိုယ့်ရဲ့ အားကိုးရာပါ။ အခြားသူတွေဟာ ဘယ်မှာ အားကိုးရာ ဖြစ်နိုင်ပါ့မလဲ။ ကိုယ့်ကိုယ်ကိုယ်  လိမ္မာယဉ်ကျေးအောင် ကောင်းကောင်းမွန်မွန် ဆုံးမရင် အလွန်ရခဲလှတဲ့ မှီခိုအားကိုးရာ (နိဗ္ဗာန်) ကို ရနိုင်ပါတယ်။

နမော ဓမ္မပဒဿာဟံ သဗ္ဗလောကဿ
သတ္ထုနော

အရှင်ဥာဏဝရ (ပါရမီ)

အပ္ပမာဒ မဂ္ဂဇင်း ။ ဒီဇင်ဘာလ၊ ၂၀၁၇