Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၁

ဓမ္မပဒအတွေးအမြင် - ၁၁

#ကိလေသာအပူမီးတွေ
အမြဲတမ်း တောက်လောင်နေပါလျက်
ဘာကြောင့် ရယ်မောအားရ
နှစ်သက်နေကြတာလဲ?
အဝိဇ္ဇာအမိုက်အမှောင်ထုကြီး
ပိတ်ကာဆီးနေပါလျက်
ပညာဆီမီးကို
ဘာကြောင့် မရှာဖွေကြတာလဲ ?

အိုခြင်းသဘော ရှိပေမယ့် ဘာလို့
ရယ်မောအားရ နှစ်သက်နေကြတာလဲ ?
အိုခြင်းကိန်းရာ ဒီခန္ဓာကို
ဘာလို့ တွယ်တာမက်မောနေကြတာလဲ ?
အိုခြင်းကင်းရာ တရားမြတ်ကို
ဘာလို့ မရှာဖွေကြတာလဲ ?

အိုဘေးဆင်ခြင် မအိုခင်
ကြိုတင်ကောင်းမှု ကြိုးစားပြု။

ငယ်ရွယ်တုန်းမှာ လွတ်အောင်ရုန်းပါ။

ကိုယ်နာပေမယ့်
စိတ်မနာပါစေနဲ့။

ရုပ်က အကျဘက်ရောက်မှာပါ။
စိတ်က အတက်ဘက်ရောက်မှ
အမြတ်ထွက်မှာပါ။

ကြာလေ အနှစ်ပြည့်လေဖြစ်တဲ့
သူတော်ကောင်းတွေပဲ
အိုခြင်းရဲ့အလှတရာကို
ပိုင်ဆိုင်နိုင်ကြတာပါ။

သူတော်ကောင်းတရားဟာ
အိုဟောင်းမသွားပါဘူး။

#တဏှာလက်သမား ဆောက်လုပ်ထားတဲ့ ခန္ဓာအိမ်။ ဒုက္ခအိမ်။

အပူထဲမှာ အေးအောင်နေ ၊
အမှောင်ထဲမှာ လင်းနိုင်စေ ။

ကိုယ်တော်တိုင်လည်း အိုခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန်ကို သိမြင်ရောက်ရှိ၊
သူတပါးကိုလည်း အိုခြင်းကင်းရာသို့ လမ်းညွှန်ပြတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဇရာဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment