Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၉

ဓမ္မပဒအတွေးအမြင် - ၁၉

#စကားအများကြီး ဟောပြောရုံနဲ့ ပညာရှိမဖြစ်ပါဘူး။
ဘေးမရှိ (ငြိမ်းအေးသူ)၊
ရန်မရှိ (အမျက်ဒေါသကင်းစင်သူ)၊
ဘေးအန္တရာယ်ဖြစ်အောင်မလုပ်သူကိုပဲ
ပညာရှိလို့ ဆိုသင့်ပါတယ်။

#တရားအများကြီး ဟောပြောရုံနဲ့
တရားဆောင်သူ မဟုတ်ပါဘူး။
တရားနည်းနည်းပဲ နာကြားရပေမယ့်
သစ္စာလေးပါး မြတ်တရားကို
မဂ်ဉာဏ်နဲ့ သိမြင်လို့
တရားကို မမေ့လျော့သူဟာ
တရားဆောင်သူအစစ်ပါပဲ။

တရားဖတ်ရှုနာကြားပြီး ကျင့်သုံးမှ တရားဆောင်သူဖြစ်မှာပါ။

#သစ္စာသိ တရားရှိသူ၊
မညှဉ်းဆဲသူ၊
စောင့်စည်းတတ်သူ၊
မကောင်းတဲ့စိတ်တွေမဖြစ်အောင် ဆုံးမတားမြစ်သူ၊
ကိလေသာအညစ်အကြေးတွေ ထွေးအန်ပြီးတဲ့
သမာဓိ ပညာရှိသူကိုပဲ
သိက္ခာဂုဏ်ဝါကြီးမြတ်သူလို့ ခေါ်ဆိုသင့်ပါတယ်။

အသက်ကြီးပြီး အကျင့်သိက္ခာတရား မရှိရင် အိုပယ်ဖြစ်လိမ့်မယ်။
အသက်ကြီးသလို သီလ သမာဓိ ပညာ ကြီးလာမှ အိုကြွယ်ဖြစ်မှာပါ။

မတရားသူကြီး မဖြစ်ပါစေနဲ့။

ရုပ်ချော၊ အပြောကောင်းရုံနဲ့  သဘောကောင်းသူမဖြစ်ပါဘူး။

#မနာလို ဝန်တို ကောက်ကျစ်တဲ့သဘောကို
လုံးဝအမြစ်ပြတ် ပယ်နှုတ်ဖြတ်ပြီးသူ၊
ကိလေသာအပြစ်တွေ ထွေးအန်ပြီးတဲ့ ပညာရှိကိုပဲ
သဘောကောင်းသူလို့ ဆိုသင့်ပါတယ်။

#ကြောင်းကျိုးမြင်သိ ပညာရှိဟာ
ချိန်ခွင်ကို ကိုင်မြှောက်ပြီး နှိုင်းချိန်စက်သလို -
ကောင်းမှုကုသိုလ်အမြတ်တရားကို အရယူပြီး
မကောင်းမှုအကုသိုလ်ကို ရှောင်ကြဉ်ပါတယ်။

အမှန်တရားဘက်မှာ ရပ်တည်ရဲသူ၊
ဘေးမဖြစ်စေသူ၊
တရားဆောင်သူ၊
တရားတည်သူ၊
သိက္ခာဂုဏ်ဝါ ကြီးမြတ်သူ၊
စိတ်ထားကြည်ဖြူ သဘောကောင်းသူ၊
နှလုံးစိတ်ဝမ်း အေးချမ်းသူ၊
ကိလေသာကို ဖြိဖျက်ဆီးသူ၊
ပညာရှိ တရားရှိ မုနိဖြစ်သူ
စိတ်ကောင်းရှိသူ မြင့်မြတ်သူ …. ကို
မှန်ထဲမှာ မြင်တွေ့နိုင်ရင်
ဘယ်လောက်များ ကောင်းလိုက်မလဲလေ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဓမ္မဋ္ဌဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment