Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၄

ဓမ္မပဒအတွေးအမြင် - ၁၄

#မြတ်စွာဘုရားရှင်
ပွင့်ထွန်းပေါ်ပေါက်တော်မူဖို့
အလွန်အင်မတန်ပဲ ခက်ခဲပါတယ်။

ဘုရားရှင်တိုင်း ဟောကြားတော်မူသော သြဝါဒပါတိမောက်တော်
#၁။မကောင်းမှု အကုသိုလ်ဟူသမျှ မလုပ်ပါနဲ့။
ကောင်းမှုကုသိုလ်တွေ ဖြစ်ပွားပြည့်စုံပါစေ။
ကိုယ့်စိတ်ကို စင်ကြယ်သန့်ရှင်းပါစေ။
ဒါဟာ မြတ်ဗုဒ္ဓအဆူဆူရဲ့
အဆုံးအမသြဝါဒတော် ပါပဲ။

#၂။သည်းခံခြင်း ခန္တီ(မေတ္တာ) ဟာ
သာလွန်မြင့်မြတ်တဲ့အကျင့်ပါ။
နိဗ္ဗာန်ကို သာလွန်မြင့်မြတ်တယ်လို့
ဘုရားရှင်အဆူဆူ မိန့်တော်မူပါတယ်။
စိတ်အညစ်အကြေးနှင်ထုတ်သူဟာ
သူတစ်ပါးကို မသတ်ပါဘူး။
မကောင်းမှုတွေငြိမ်းစေသူဟာ
သူတစ်ပါးကို မညှဉ်းဆဲပါဘူး။

#၃။သူတပါးကို မစွပ်စွဲ မပြစ်မှားသင့်ပါဘူး။
မညှဉ်းဆဲ မနှိပ်စက်သင့်ပါဘူး။
အလွန်မြင့်မြတ်တဲ့သီလမှာ
စောင့်စည်းလုံခြုံပါစေ။
အစားအစာမှာ အတိုင်းအတာသိပါ။
တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ နေပါ။
မြင့်မြတ်တည်ကြည်တဲ့ သမထဝိပဿနာစိတ်မှာ
ကြိုးစားအားထုတ်ပါလေ။
ဒါတွေဟာ
မြတ်စွာဘုရားရှင်အဆူဆူရဲ့
အဆုံးအမသြဝါဒတော်တွေပါ။

ဘုရားရှင်စကားတော်သာ
နားထောင်ခဲ့ရင် ---
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထားတာဟာ
မြတ်ဗုဒ္ဓကို အကျင့်တရားနဲ့ ပူဇော်တာပါပဲ။

သီလ သမာဓိ ပညာ
သိက္ခာသုံးပါး အကျင့်တရားကို
ဖြည့်ကျင့်တာဟာ
အမြင့်မြတ်ဆုံးပူဇော်ခြင်းပါ။

မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေဟာ မကြံစည်နိုင်လောက်အောင်
အလွန်အင်မတန် များပြားကြီးမားတာကြောင့် -
မြတ်ဗုဒ္ဓကို ကြည်ညိုမြတ်နိုး ကိုးကွယ်ဆည်းကပ်ပူဇော်သူရဲ့
ကောင်းမှုအကျိုးဟာလည်း
မကြံစည်နိုင်လောက်အောင်
ကြီးမားများပြားလှပါတယ်။

မြတ်စွာဘုရားရှင်ဟာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါအားလုံးရဲ့ အမြတ်တနိုး တန်ဖိုးထားစရာ အနှိုင်းမဲ့ရတနာပါ။

#ရတနာမြတ်သုံးပါး ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာ
ဒီကိုးကွယ်မှုကို အကြောင်းပြုပြီး
ဒုက္ခအားလုံးကနေ လွတ်မြောက်နိုင်ပါတယ်။

ကိလေသာ ဝါသနာအထုံအငွေ့ပါမကျန် ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ။
ဆိတ်ကွယ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်ဗုဒ္ဓ။
ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်ဗုဒ္ဓ။

သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်ဗုဒ္ဓ။
သတ္တဝါအပေါင်းတို့အား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်ဗုဒ္ဓ။

ကိုယ်တော်တိုင်လည်း
စိုးရိမ်သောက ကင်းငြိမ်းတော်မူ၊
သူတပါးကိုလည်း
စိုးရိမ်သောက ကင်းငြိမ်းအောင် လမ်းပြကူညီတော်မူသော မြတ်စွာဘုရား။

သစ္စာလေးပါး မြတ်တရားကို
ကိုယ်တော်တိုင်လည်း သိတော်မူ ၊ သူတပါးကိုလည်းသိအောင်
ဟောညွှန်ပြတော်မူသော မြတ်ဗုဒ္ဓ။
မဂ္ဂင်ရှစ်ပါး အကျင့်တရားမြတ်ကို
ကိုယ်တော်တိုင်လည်း ကျင့်သုံးတော်မူ၊
သူတပါးကိုလည်း ကျင့်သုံးတတ်အောင် ဟောညွှန်လမ်းပြတော်မူသော မြတ်ဗုဒ္ဓ။

#တဏှာ မာန ဒိဋ္ဌိ
သံသရာနယ်ချဲ့တရား သုံးပါးကို
လွန်မြောက်ပြီးတဲ့၊
စိုးရိမ်ပူဆွေးငိုကြွေးတာတွေကို
လွန်မြောက်ပြီးတဲ့၊
ကိလေသာမီး ငြိမ်းအေးပြီးတဲ့၊
ဘေးရန်မရှိတော့တဲ့
အနှိုင်းမဲ့မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ နဲ့ မြတ်ဗုဒ္ဓသာဝကတွေကို
ပူဇော်သူတွေရဲ့
ကုသိုလ်ကောင်းမှုဟာ (အနန္တမို့)
ဒီလောက်၊ ဒီလောက်ပဲ ရှိတယ်လို့
တစ်ယောက်ယောက်မှ ရေတွက်ဖို့
မတတ်စွမ်းနိုင်ပါဘူး။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဗုဒ္ဓဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment