စတုတ္ထမြောက်ဆောင်းပါး
#ဓမ္မဒူတမဂ္ဂဇင်း ၊ ဒီဇင်ဘာလ
#ဆောင်းပါးရှည်ဖော်ပြပေးသောအယ်ဒီတာဆရာတော်များအားအထူးပင်ကျေးဇူးတင်မိ
#အရှင်ဉာဏဝရ (ပါရမီ)
ရတနာနှလုံးသား
( ၁ )
ငါ့ဟာ ဘဝပေါင်းများစွာ စည်းစိမ်ချမ်းသာ ခံစားခဲ့ရပါတယ်။ ငါ့ရဲ့ စည်းစိမ်ချမ်းစာတွေဟာ ယုတ်လျော့ခြင်း မရှိခဲ့ပါဘူး။ ဒါဟာ ဗုဒ္ဓါနုဿတိဘာဝနာပွားများရခြင်းရဲ့အကျိုး၊ ဂုဏ်တော်ပွားရကျိုးပါပဲ။ (အရှင်သုဘူတိထေရာပဒါန်)
ရဟန်းတို့ - (ဝဋ်ဆင်းရဲမှာ) ငြီးငွေ့ဖို့၊ တပ်မက်မှု ကင်းဖို့၊ ရာဂစတာတွေ ချုပ်ဖို့၊ ကိလေသာတွေ ငြိမ်းအေးဖို့၊ ထူးတဲ့ဉာဏ်နှင့်သိဖို့၊ (သစ္စာလေးပါး) ထိုးထွင်းသိဖို့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် ထပ်ခါထပ်ခါ လေ့လာ ပွားများအပ်တဲ့ တရားတစ်ခုရှိပါတယ်။ အဲဒီ တရားတစ်ခုဆိုတာ - ဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်တော်ကို အထပ်ထပ်အခါခါ အောက်မေ့သတိရခြင်းဆိုတဲ့ ဗုဒ္ဓါနုဿတိတရား ပါပဲ။ (အင်္ဂုတ္တရနကာယ်၊ ဧကဓမ္မပါဠိတော်)
ရှေးအခါက---။ သီဟိုဠ်ကျွန်း၊ ကဋအန္ဓကာရကျောင်းတိုက်ကြီးမှာ ဖုဿဒေဝ အမည်ရတဲ့ ရဟန်းတော်တစ်ပါး နေထိုင်သီတင်းသုံးပါတယ်။ ဖုဿဒေဝမထေရ်ဟာ ဗုဒ္ဓါနုဿတိဘာဝနာကမ္မဌာန်းကို အမြဲတမ်း ပွားများအားထုတ် ပါတယ်။ ဆွမ်းခံကြွခြင်း၊ တံမြက်လှည်းခြင်း စတဲ့ ဝေယျာဝစ္စတွေကို လုပ်ကိုင်ဆောင်ရွက်ရင်းလည်း ဂုဏ်တော်ပွား ပါတယ်။
တစ်နေ့တော့ စေတီရင်ပြင်တော်ကို တံမြက်လှည်းခြင်း(စေတီယင်္ဂဏဝတ်)ကို ဆောင်ရွက်တော်မူရင်း ပွားများနေကျ ဘုရားဂုဏ်တော်တွေကို ပွားများနေပါတယ်။ တံမြက်လှည်းပြီးလို့ သန့်ရှင်းသပ်ယပ်သွားတဲ့ စေတီရင်ပြင်ကြီးကို တမျှော်တခေါ်ကြည့်ရင်း ကိုယ့်ရဲ့ ကုသိုလ်ကောင်းမှုတွေကို ဝမ်းသာပီတိဖြစ်နေပါတယ်။
အမှိုက်သရိုက်တွေ၊ အညစ်အရှုပ်တွေကင်းစင်လို့ စိတ်ကြည်လင်ဖွယ်ရာ စေတီရင်ပြင်ကို အာရုံပြုရင်း ဗုဒ္ဓမြတ်စွာဘုရားရဲ့ စိတ်ညစ်၊ စိတ်ရှုပ်တွေ ကင်းစင်ပြီး စိတ်ကြည်လင်တော်မူပုံကို ပွားများနေပါတယ်။ ကြည်ညိုဖွယ်၊ ကြည်နူးဖွယ် ရင်ပြင်တော်နှင့် စေတီတော်ကို ဖူးမြော်ရင်း အရဟံအစရှိတဲ့ ဂုဏ်တော်တွေကို ဆင်ခြင်ရင်း ဗုဒ္ဓါနုဿတိပွားများနေပါတယ်။
အရဟံ - လောဘ၊ ဒေါသ၊ မောဟ ကိလေသာအားလုံး ကင်းဝေးစင်ကြယ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား။
စိတ်အညစ်အကြေးအားလုံး ကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား။
စိတ်အရှုပ်အထွေးအားလုံး ကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား။
စိတ်ကြည်လင်ရွှင်လန်းတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။
စိတ်ဖြူစင်သန့်ရှင်းတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူ၊ ပြောတော်မမူ၊ ကြံတော်မမူသော ဗုဒ္ဓမြတ်စွာဘုရား။
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဗုဒ္ဓမြတ်စွာဘုရား --- စသဖြင့် ပွားများနေပါတယ်။
စေတီရင်ပြင်မှာ တံမြက်လှည်းရင်း ဂုဏ်တော်ပွားနေတဲ့ ဖုဿဒေဝမထေရ်မြတ်ကို မာရ်နတ်က သုံးကြိမ်တိုင်တိုင် နှောက်ယှက်ပါတယ်။ ပထမနေ့မှာ ဂုဏ်တော်ပွားလို့ကောင်းတုန်းရှိသေး၊ မာရ်နတ်က မျောက်ညိုကြီးအသွင် ဖန်ဆင်းပြီး နွားချေးခြောက်တွေကို စေတီရင်ပြင်အနှံ့ကျဲဖြန့်ပစ်ပါတယ်။ ဒုတိယနေ့မှာ နွားအိုကြီးအသွင် ဖန်ဆင်းပြီး ရင်ပြင်အနှံ့ နွာချေးတွေ စွန့်ချသွားပါတယ်။ တတိယနေ့မှာတော့ ရုပ်ဆိုးပြီး ခြေခွင်ခြေဆွံ့နေတဲ့ လူကြီးအသွင် ဖန်ဆင်းပြီး ရင်ပြင်အနှံ့ ခြေတရွတ်ဆွဲသွားလို့ ရင်ပြင်တော်မှာ အစင်းကြောင်းတွေ ထင်ကုန်ပါတယ်။ မထေရ်မြတ် ဂုဏ်တော်ပွားတာကို မာရ်နတ်က တစ်နေ့တစ်မျိုး နှောက်ယှက်လာတာ သုံးရက်ရှိသွားပါပြီ။
ဒီအခါမှာတော့ မထေရ်ဟာ ဒီဒေသမှာ ဒီလောက် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့လူ မရှိပါဘူး။ ဒါ မာရ်နတ်နှောက်ယှက်တာ ဖြစ်နိုင်တယ် လို့ တွေးမိပြီး "သင် မာရ်နတ်မဟုတ်လား" လို့မေးလိုက်ပါတယ်။
"မှန်ပါ့ - တပည့်တော်မာရ်နတ်ပါ။"
"သင်မာရ်နတ်ဟာ သက်တော်ထင်ရှားဗုဒ္ဓမြတ်စွာဘုရားကို ဖူးမြင်ဖူးတယ်။ ပြီးတော့ တန်ခိုးလည်း အလွန်အင်မတန်ကြီးမားတယ်။ ဒါ့ကြောင့် အကူအညီ တောင်းဆိုပါရစေ။ ဗုဒ္ဓမြတ်စွာပုံတော်ကို ဖန်ဆင်းပြပါလား။ သင်မာရ်နတ်က တန်ခိုးအင်မတန်ကြီးမားတော့ ကူညီနိုင်မှာပါ။ ကျေးဇူးအများကြီး တင်ပါတယ်"
(ဖုဿဒေဝမထေရ်ဟာ ဗုဒ္ဓါနုဿတိပွားနေကျ၊ အရဟံ - ဒေါသကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား၊ ကြောက်ရွံ့ခြင်း ကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရား - စသဖြင့် ပွားများနေတော့ မာရ်နတ်ကို ဒေါသမထွက်ပါဘူး။ မကြောက်ပါဘူး။ ဘုရားပုံတော်ဖူးမြင်ရဖို့ကိုပဲ အာရုံရောက်နေပါတယ်။ ဖြစ်လာသမျှထဲက အကောင်းဆုံးရအောင် လုပ်ရမှာပေါ့လေ။ သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော ဗုဒ္ဓမြတ်စွာဘုရား - စသည်ဖြင့် ပွားများထားတော့ မာရ်နတ်ကို ဘုရားပုံတော် ဖန်ဆင်းပြချင်စိတ်ပေါက်လာအောင် ပြောဆိုစည်းရုံးနိုင်ခဲ့ပါတယ်။)
"တပည့်တော်က တန်ခိုးကြီးပေမယ့် ဘုရားပုံတော်နှင့် လုံးဝတူအောင်တော့ မဖန်ဆင်းနိုင်ပါ။ အတော်အသင့် တူအောင်တော့ ဖန်ဆင်းနိုင်ပါတယ်။" ဆိုပြီး ဖန်ဆင်းပြပါတယ်။ တန်ခိုးသိပ်ကြီးပါတယ်လို့ ဝန်ခံထားမှတော့ မာရ်နတ်ကြီးခမျာ တတ်နိုင်သမျှ တူအောင် ဖန်ဆင်းပြရတော့တာပေါ့။
ဖုဿဒေဝမထေရ်မြတ်ဟာ မာရ်နတ်ဖန်ဆင်းပြတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဆင်းတုတော်၊ ပုံတော်ကို ကြည့်ရှုဖူးမြင်ရင်း ဂုဏ်တော်တွေကို ဆင်ခြင်နှလုံးသွင်းနေပါတယ်။ "သြော် - လောဘ၊ ဒေါသ၊ မောဟတွေ အပြည့်ရှိနေတဲ့ မာရ်နတ်ကြီး ဖန်ဆင်းပြတဲ့ ပုံတော်တောင် ဒီလောက် တင့်တယ်သပ္ပါယ် ကျက်သရေရှိနေတာပါလား။ လောဘ၊ ဒေါသ၊ မောဟတွေ ကိလေသာတွေ ကင်းပစင်ကြယ်နေတဲ့ သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာဘုရားဆိုရင် ဘယ်လောက်များ ကျက်သရေ ရှိလိုက်မလဲ - " စသဖြင့် ပုံတော်အတွင်း ဂုဏ်တော်သွင်းကာ ဆင်ခြင်ရင်း သမာဓိတွေ တိုးတက်လာပါတယ်။ ပီတိတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ ဆက်လက်ပြီး ဝိပဿနာရှုပွားလိုက်တာ အဲဒီနေရာမှာပဲ မတ်တပ်ရပ်လျက်နှင့် မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေ အဆင့်ဆင့်တက်ပြီး ရဟန္တာဖြစ်သွားပါတယ်။
အဲဒါကို ရိပ်မိတဲ့ မာရ်နတ်ကြီးဟာ "တပည့်တော်က အရှင်ဘုရားကို လှည့်စားဖို့လာတာ၊ ခုတော့ အရှင်ဘုရားက တပည့်တော်ကို ပြန်လှည့်စားသွားပြီ" လို့ လျောက်ထားပါတယ်။ အဲဒီအခါ ဖုဿဒေဝ ရဟန္တာအရှင်မြတ်ကြီးက "မာရ်နတ်ကြီးရယ် - သင့်ကို ငါမလှည့်စားပါဘူး။ သင့်ကို ဘာဖြစ်လို့ ငါက လှည့်စားရမှာလဲ" လို့ မိန့်ဆိုလိုက် ပါတော့တယ်။
( ၂ )
ဗုဒ္ဓါနုဿတိဟာ နိဗ္ဗာန်ရောက်ကြောင်း၊ ငြိမ်းအေးကြောင်း တရားတစ်ခုပါပဲ တဲ့။ ဗုဒ္ဓါနုဿတိဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေအကြောင်းကို ထပ်ခါထပ်ခါ ဆင်ခြင်ပွားများ သတိရနေတာပဲဖြစ်ပါတယ်။ ဂုဏ်တော်ပွားတယ်ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားမှာရှိတဲ့ ဂုဏ်အရည်အသွေးတွေကို ကိုယ့်ဆီကို ရောက်ရှိလာအောင်ပွားယူတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားမှာရှိတဲ့ ဂုဏ်တော်တွေကို ကိုယ့်စိတ်ထဲ၊ နှလုံးသားထဲ ရောက်ရှိလာအောင် ပွားယူရတာပါ။
ဗုဒ္ဓမြတ်စွာဘုရားဆီမှာ တုနှိုင်းမမီဂုဏ်ရည်တွေ ရှိတော်မူပါတယ်။ ကိုယ်က ယူတတ်ဖို့တော့လိုတာပေါ့။ ဗုဒ္ဓမြတ်စွာဘုရားမှာရှိတဲ့ ဂုဏ်အရည်အသွေးတွေကို ကိုယ့်ဆီရောက်အောင် ပွားယူလိုက်တာဖြစ်လို့ ဂုဏ်တော်ပွားတာကို "ဂုဏ်ယူတဲ့အလုပ်" လို့လည်း ပြောလို့ရပါတယ်။ များများသိလေ များများရှိလေပါပဲ။ များများယူလေ များများရလေ ပါပဲ။
အဲဒါကြောင့် ဂုဏ်ယူတဲ့အလုပ်ကို များများလုပ်သင့်ပါတယ်။ ဝေဘူဆရာတော်ကြီးက ဥပမာပေးပါတယ်။ ရွှေထုပ်ငွေထုပ် ကောက်ရတဲ့သူဟာ နောက်ထပ် ရွှေထုပ်ငွေထုပ်တွေ့မယ်ဆိုရင်လည်း ထပ်ကောက်သလိုပဲတဲ့။ ထပ်ခါထပ်ခါ ဘုရားရှိခိုးပါတဲ့။ အိမ်က ဘုရားရုပ်ပွားတော်ကို လာလည်တဲ့ဧည့်သည်လို သဘောထားပြီး ဂရုစိုက်မယ် ဆိုရင် ချမ်းသာမှာ။ ခုတော့ ဗုဒ္ဓရုပ်ပွားတော်ကို ဧည့်သည်လောက်တောင် ဂရုမစိုက်ကြဘူး တဲ့။
စာသင်တိုက်ကြီးက အလွန်အလုပ်များတဲ့ ဆရာတော်ကြီးတစ်ပါးဆိုရင် ဘယ်လောက်အလုပ်တွေများများ တစ်နေ့သုံးကြိမ် ဘုရားခန်းရှေ့မှာ သေချာဘုရားရှိခိုး၊ ဂုဏ်တော်ပွားတယ်တဲ့။ သွားရင်း၊ လာရင်း၊ စာချရင်း၊ တရားဟောရင်လည်း ဂုဏ်တော်ပွားတာပေါ့။ ဘုရားခန်းမှာ သေချာပွားတာကတော့ တစ်နေ့သုံးကြိမ်။ "ဆရာတော်ကြီးဘုရား ဒီလောက်အလုပ်များနေတာ ဘာဖြစ်လို့ တစ်နေ့သုံးကြိမ် ဘုရားရှိခိုးရတာလဲ" လို့ မေးတဲ့အခါ "တို့က တစ်နေ့သုံးကြိမ်ပဲ ရှိခိုးနိုင်လို့ပါ"တဲ့။ အဖြေက တိုတိုလေးပါနော်။ ဆိုလိုတာက ဒီထက်ပိုပြီး ဂုဏ်တော်ပွားချင်တာ၊ ရှိခိုးချင်တာ။ ခုတော့ အလုပ်တွေများလွန်းလို့ သုံးကြိမ်ပဲရှိခိုးနိုင်ပါတယ် လို့ပြောတာနော်။
ဘုန်းကံကြီးမားလှတဲ့ ဆရာတော်ကြီးတိုင်းလိုလို ဂုဏ်တော်ကို လက်မလွှတ်ကြပါဘူး။ သာသနာ့ထိပ်ခေါင်တင် ဆရာတော်ကြီးတိုင်းရဲ့ တူညီတဲ့အချက်ကတော့ ဗုဒ္ဓမြတ်စွာဘုရားကို အလွန်ကြည်ညိုတာပါပဲ။
အလွန်အင်မတန် အရည်အသွေးကောင်းတဲ့ သံလိုက်တုံးကြီးနှင့် ခဏခဏ ပွတ်ပေး၊ ပူးကပ်ပေးထားတဲ့ သံတိုသံစလေးတွေဟာ သံလိုက်ဓာတ်စီးပြီး သံလိုက်လေးတွေဖြစ်လာသလို - ဂုဏ်တော်ပွားတာ ကြာလာတဲ့အခါ ဂုဏ်တော်ဓာတ် စီးဝင်လာပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ ကိုယ့်ဆီကို အရိပ်အငွေ့လေးလောက် ကူးစက်လာရင်ပဲ ဘဝမှာ နေသာလာပါတယ်။ အဆင်ပြေလာပါတယ်။
ရေများရာ မိုးရွာ၊ ရွှေရှိရာ ရွှေလာ၊ ရတနာရှိရာ ရတနာလာ ဆိုသလိုပဲ ဓာတ်တူပေါင်းစုတဲ့သဘောအရ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို သတိရ ပွားများယူနေသူဆီကို ဂုဏ်တော်တွေ ကူးစက်လာတာ သဘာဝကျ ပါတယ်။
တုနှိုင်းမဲ့ ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို ပွားများ နေသူဟာ ကျက်သရေမင်္ဂလာရှိသူပါ။ လောဘ၊ ဒေါသ၊ မောဟ ကိလေသာတွေ ဖြစ်နေတဲ့အခါ ကျက်သရေမရှိပါဘူး။ ဂုဏ်တော်ပွားချိန်မှာ လောဘ၊ ဒေါသ၊ မောဟတွေ ကင်းစင်နေလို့ကျက်သရေရှိနေပါတယ်။ ဂုဏ်တော်တွင်တွင် ပွားနေရင် ကျက်သရေမင်္ဂလာ ကောင်းကျိုးချမ်းသာအဖြာဖြာနှင့် ပြည့်စုံလာမှာပါ။
လောဘကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားလို့ ဆင်ခြင် ပွားများနေသူမှာ လောဘတွေ လျော့နည်းလာ ပါတယ်။ ဒေါသကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားလို့ ပွားများနေသူမှာ ဒေါသတွေ လျော့ပါးလာပါတယ်။ မောဟကင်းစင်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားလို့ ပွားများနေသူမှာ မောဟတွေ ကင်းကွာလာပါတယ်။ ဂုဏ်တော်ပွားသူဟာ သိသိသာသာ စိတ်ထားပြောင်း၊ စိတ်ထားကောင်းသွားတာမျိုးရှိသလို၊ တဖြည်းဖြည်းချင်း စိတ်ထားပြောင်း၊ စိတ်ထားကောင်းသွားတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ရဲ့ ဓာတ်ခံကောင်းမှု အနည်းအများပေါ်လည်း မူတည်ပါတယ်။
ဗုဒ္ဓါနုဿတိဘာဝနာ ပွားတယ်ဆိုတာ စိတ်ထားပြောင်းဖို့၊ စိတ်ထားကောင်းဖို့ အဓိကပါပဲ။ စိတ်ကောင်းမှ ကံကောင်းမှာပါ။ စိတ်ဆိုးရင်တော့ ကံဆိုးမှာပါပဲ။ ကံတရားကို ပြောင်းချင်ရင် စိတ်ထားကိုအရင် ပြောင်းရပါမယ်။ ဒီစာရေးသူအပါအဝင် အများစုဟာ ကိလေသာစိတ်ဆိုးတွေနှင့် နေသားကျနေတာကြာပြီဖြစ်လို့ "ပြောင်းလဲချိန်တန်ပြီ" လို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေမှ တော်မှာပါ။
ငါ၏စိတ်တွင် လောဘဝင်က၊ ဝင်လာလောဘ အနိုင်ရအောင် -
လောဘကင်းစင် ဘုရားရှင်ကို၊ ကြည်လင်မြတ်နိုး ရှိခိုးပါ၏။ ။
ငါ၏စိတ်တွင် ဒေါသဝင်က၊ ဝင်လာဒေါသ အနိုင်ရအောင် -
ဒေါသကင်းစင် ဘုရားရှင်ကို၊ ကြည်လင်မြတ်နိုး ရှိခိုးပါ၏။ ။
ငါ၏စိတ်တွင် မောဟဝင်က၊ ဝင်လာမောဟ အနိုင်ရအောင် -
မောဟကင်းစင် ဘုရားရှင်ကို၊ ကြည်လင်မြတ်နိုး ရှိခိုးပါ၏။ ။
သြော် - ဘုရားရှင်ဂုဏ်၊ သည်အာရုံဖြင့် မတုန်လှုပ်ဘဲ၊
ကြမ်းကြုတ်သည့်ရန် အောင်ပွဲခံလျက်၊ ပူပန်မှုဘေး ကင်းစင်ဝေးသည်၊
စိတ်အေးငြိမ်းချမ်းသည်တကား ။
အထက်ပါကဗျာဟာ ဘုရားရှိခိုးလင်္ကာလေးဖြစ်သလို ဂုဏ်တော်ပွားရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကို ဖော်ပြတဲ့ လင်္ကာလေးလည်းဖြစ်ပါတယ်။ ဒီလင်္ကာလေးရွတ်ပြီးလည်း ဂုဏ်တော်ပွားနိုင်ပါတယ်။ မဟာဗောဓိတစ်ထောင် ဆရာတော်ကြီး အမြဲပေးလေ့ရှိတဲ့ သြဝါဒလင်္ကာလေးဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ ဆရာတော်ကြီး တော်တော်များများလည်း ဒီလင်္ကာလေးကို ရွတ်ဆိုရှိခိုးလေ့၊ သြဝါဒပေးလေ့ ရှိပါတယ်။ (ဒီလင်္ကာမှာလည်း မူကွဲအနည်းငယ်တော့ ရှိပါတယ်။)
စိတ်ပူလောင်နေတဲ့အချိန် ဒီလင်္ကာလေးရွတ်လိုက်ရင် စိတ်အပူအလောင်တွေ ပြေပျောက်သွားတတ်ပါတယ်။ စိတ်ညစ်နေချိန် ဒီလင်္ကလာလေးရွတ်လိုက်ရင် စိတ်ကြည်လင်သွားတတ်ပါတယ်။ သူများပြောတိုင်း မယုံပါနှင့်ဦး။ လက်တွေ့ စမ်းကြည့်ပါ။
( ၃ )
ဆရာတော်တစ်ပါးက ပြောပြပါတယ်။ သူ့ဒကာကြီးတစ်ယောက်ဆို အစက ဝိပဿနာမှ ဝိပဿနာ ၊ ဂုဏ်တော်ပွားတာကို စိတ်မဝင်စားဘူးတဲ့။ ဒီလိုနှင့်နောက်တော့ ဒုက္ခတွေကြုံလို့ ဆရာတော်ရဲ့ တိုက်တွန်းမှုကြောင့် ဂုဏ်တော်တွေပွားတဲ့အခါ တဖြည်းဖြည်းနှင့် ဘဝအခြေအနေတွေလည်း အဆင်ပြေလာ၊ လူလည်းချမ်းသာ၊ စိတ်လည်းချမ်းသာလာလို့ ဂုဏ်တော်ပွားတာကိုလည်း အမြဲဝတ်ထားပြီး ပြုပါတယ်တဲ့။ ဝိပဿနာလည်း ပွား၊ ဂုဏ်တော်လည်း ပွားပေါ့။
ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော်ကြီးအရှင်ပညာဇောတရဲ့ တရားစခန်းပွဲတွေမှာ ထိုင်အားထုတ်ခါနီးတိုင်း "ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသောမြတ်စွာဘုရား၊ သတ္တဝါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။'' လို့ ပွားရပါတယ်။ ဆွမ်းအာဟာရ ဘုဉ်ပေးသုံးဆောင်ခါနီးတိုင်းလည်း "ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်စွာဘုရား၊ ကုသိုလ်ရှင်အားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။' လို့ ပွားရပါတယ်။
ဝိပဿနာပွားတာကလည်း ဂုဏ်တော်ပွားတာကို အထောက်အကူပြုပါတယ်။ ဝိပဿနာပွားတာကြောင့် စိတ်ငြိမ်းအေးနေတဲ့အချိန်မှာ "သြော် ငါတောင် ဒီလောက် စိတ်ငြိမ်းအေးနေတာ၊ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ စိတ်တော်ဟာ ဘယ်လောက်များ ငြိမ်းအေးချမ်းသာလိုက်မလဲ" လို့ တွေးဆဆင်ခြင်နိုင်ပါတယ်။ ငြိမ်းအေး ချမ်းသာကြောင်း တရားကောင်းတွေကို ညွှန်ပြတော်မူတဲ့ ဗုဒ္ဓမြတ်စွာဘုရားကိုလည်း ကျေးဇူးတင်တဲ့စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပါတယ်။
ဂုဏ်တော်ပွားတာကလည်း ဝိပဿနာကို အထောက်အကူ ပြုပြန်တယ်။ ဂုဏ်တော်ပွားတဲ့အခါ အားရှိတဲ့စိတ်၊ ကြည်လင်ဖြူစင်တဲ့စိတ်တွေ ဖြစ်ပေါ်လာပါတယ်။ သဒ္ဓါတရားတွေလည်း အထူးထက်မြက်လာပါတယ်။ သဒ္ဓါထက်မြက် လာတာနှင့်အတူ သဒ္ဓါရဲ့ အပေါင်းအပါ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ တွေလည်း ထက်မြက်အားကောင်းလာ တာကြောင့် ဝိပဿနာရှုတဲ့အခါ များစွာ အထောက်အကူပြုပါတယ်။
ခရီးဝေးသွားသူဟာ ကြံချောင်းတွေကို သယ်လာပါတယ်။ ရေဆာတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပင်ပန်းလာတဲ့အခါ မှာပဲဖြစ်ဖြစ်၊ အားနည်းလာတဲ့အခါမှာပဲဖြစ်ဖြစ် ကြံချောင်းကိုစုပ်ပြီး အားဖြည့် အမောဖြေပါတယ်။ ပြီးမှ ခရီးဆက်ရင် သက်သာလွယ်ကူစွာ ပန်းတိုင်ရောက်နိုင်သလို၊ ကမ္မဋ္ဌာန်းအားထုတ်နေစဉ် အကြောင်းအမျိုးမျိုးကြောင့် ပင်ပန်း လေးလံလာတဲ့အခါ ဂုဏ်တော်ပွားရင်း အားဖြည့်ပြီးမှ ကမ္မဋ္ဌာန်းပြန်ပွားရင် လိုရာပန်းတိုင်ကို ချမ်းသာစွာ ရောက်နိုင်ပါတယ် တဲ့။ ( သံ၊ ဋ္ဌ၊ ၃၊ ၂၃၉၊ မဟာဝဂ္ဂသံယုတ်အဋ္ဌကထာ၊ ဘိက္ခုနုပဿယသုတ်အဖွင့်)
ဗုဒ္ဓါနုဿတိဟာ ၀ိပဿနာအတွက် ကောင်းသလို၊ စိတ်ထက်သန်ရွှင်လန်းမှုအတွက်လည်း ကောင်းပါတယ်။ (အံ-ဋ္ဌ၊ ၁။ ၃၆၆-ဧကဓမ္မပါဠိ၊ ပထမ၀ဂ်) အဋ္ဌကထာမှာလာတဲ့ ဥပမာကတော့ - အိမ်ဆောက်ဖို့ သစ်ပင်ကြီးတစ်ပင်ကို ခုတ်လှဲတဲ့အခါ ပုဆိန်အသွား တုံးပဲ့သွားရင် ပန်းပဲဖိုတွင် အသွားသပြီး၊ သွေးပြီးမှ ပြန်ခုတ်လှဲရင် အလွယ်တကူ ရနိုင်သလိုပါပဲ။ ဗုဒ္ဓါနုဿတိဟာ စိတ်ဆိုတဲ့ ပုဆိန်အသွားထက်မြက်အောင် သ,ပေး၊ သွေးပေးတဲ့ ပန်းပဲအလုပ် နှင့်တူပါတယ်တဲ့။ ထက်မြက်တဲ့ပုဆိန်နှင့် ခုတ်တဲ့အခါ လိုတဲ့သစ်သားကို မပင်ပန်းဘဲ ရတာပေါ့နော်။
ဗုဒ္ဓါနုဿတိဆိုတာ ဗုဒ္ဓမြတ်စွာဘုရားကို သတိရနေတာ၊ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို သေသေချာချာ ဆင်ခြင်စဉ်းစားနေတာပါ။ ဂုဏ်တော်တွေရဲ့ ပါဠိအဓိပ္ပါယ်ကို မသိဘဲ ဂုဏ်တော်ကို သေချာပွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဂုဏ်တော်တွေကို ကိုယ့်ဘဝထဲ ရောက်အောင် ပွားယူဖို့ဆိုရင် ဂုဏ်တော်တွေရဲ့ မြန်မာလို အဓိပ္ပါယ်ကို သိမှဖြစ်မှာပါ။ ဂုဏ်တော်အဓိပ္ပါယ်ကို ကျယ်ကျယ်ပြန့်ပြန့်သိလေ ကောင်းလေပါပဲ။ ဂုဏ်တော်ကို ပါဠိသက်သက်ပွား၊ ပါဠိမြန်မာ တွဲပြီးပွား၊ မြန်မာသက်သက်ပွား ဆိုတဲ့ နည်းသုံးနည်းလုံးနှင့် အဆင်ပြေသလို ပွားများမယ်ဆိုရင် ကောင်းလှပါတယ်။ အခြေအနေနှင့် အချိန်အခါအရ ပါဠိလိုရော မြန်မာလိုပါ ကျွမ်းကျွမ်းကျင်ကျင် ပွားတတ်အောင် လေ့လာထားသင့်ပါတယ်။ "ဘုရား၏သား ဘုရားအား မေ့ထား မသင့်ပြီ" တဲ့။ ကိုယ့်ကိုယ်ကိုယ် ဘုရားရှင်ရဲ့ သားသမီးအဖြစ် ခံယူထားမယ်ဆိုရင် ကိုယ့်အဖေရဲ့ အကြောင်းကိုတော့ ကောင်းကောင်းသိထားသင့် ပါတယ်။ မကြာခဏလည်း အဖဘုရားရှင်ကို သတိရနေသင့်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားကို သတိရခြင်းဖြင့် စိတ်ထား လှပလာပါလိမ့်မယ့်။ စိတ်လှမှ ဘဝလှ မှာပါ။
တစ်လောကလုံးမှာ စိတ်ထားအလှဆုံးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားကို သတိရနေသူရဲ့ စိတ်ဟာလည်း လှပလာပါတယ်။ စိတ်အဖြူစင်ဆုံးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားအကြောင်းကို ကြံစည်စဉ်းစားနေသူဟာလည်း စိတ်ဖြူစင် လာပါတယ်။ စိတ်ဓာတ်အမွန်မြတ်ဆုံးဖြစ်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို နှလုံးသွင်း ဆင်ခြင်နေသူရဲ့ စိတ်ဟာလည်း မွန်မြတ်လာပါတယ်။ စိတ်ကောင်း စိတ်မြတ်၊ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်တိုးတက်လာ တာဟာ ဂုဏ်တော်ပွားခြင်းရဲ့ အဓိကပင်မ အကျိုးရင်းကြီးဖြစ်ပြီး ဘဝအခြေအနေ အဆင်ပြေချမ်းသာလာတာ၊ လိုအင်ဆန္ဒတွေ ပြည့်ဝလာတာကတော့ အကျိုးဆက်၊ အကျိုးဖျားပါပဲ။ အရင်းကောင်းမှ အဖျားကောင်းပါတယ်။
"စိတ်ဆိုးယုတ်ရင် ဆင်းရဲမယ်၊ စိတ်ကောင်းမြတ်ရင် ချမ်းသာမယ်။"လို့ အဓိပ္ပါယ်ရတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောကြားချက်တွေကို ဓမ္မပဒ၊ စိတ္တဝဂ်မှာလည်း လေ့လာနိုင်ပါတယ်။ စိတ်ဆိုးရင် ကံဆိုးပြီး အကျိုးပေးဆိုးပါတယ်။ စိတ်ကောင်းမှ ကံကောင်းပြီး အကျိုးပေးကောင်းပါတယ်။ စိတ်ဆိုးပျောက်ပြီး၊ စိတ်ကောင်းရောက်စေတဲ့ ဘာဝနာ ပွားများရင် ကံကောင်း အကျိုးပေးကောင်းတာ သဘာဝပါပဲ။
ကံကောင်းချင်ရင် စိတ်ကောင်းအောင်လုပ်၊ စိတ်ကောင်းချင်ရင် ဘာဝနာပွားပါ။ စိတ်ကောင်း စိတ်မြတ်တွေ ဖြစ်ပွားလာမှ ဘာဝနာအစစ်ပါ။ ဘာဝနာပွားရခြင်းရဲ့ ဦးတည်ချက်က "စိတ်ထားကောင်းဖို့ ပထမ" ပါ။ "ဗုဒ္ဓါနုဿတိပွားများပါ၊ အမြင့်မြတ်ဆုံးဘာဝနာ - ဘာဝေဟိ ဗုဒ္ဓါနုဿတိံ၊ ဘာဝနာနမနုတ္တရံ"လို့ မြတ်စွာဘုရား ဟောကြားလမ်းညွှန်တော်မူခဲ့ တဲ့အတွက် စိတ်ကောင်း၊ ကံကောင်း၊ ဘဝကောင်းလိုသူတိုင်း ဗုဒ္ဓါနုဿတိဘာဝနာကို အလေးထား ပွားများသင့်ပါတယ်။
( ၄ )
ဂုဏ်တော်ပွားတာဟာ ဓာတ်ကောင်းကူးတာပါ။
ဓာတ်ဆိုတာ ကူးစက်တတ်တဲ့ သဘောရှိလို့ လူမိုက်တွေကို မှီဝဲဆည်းကပ်နည်းယူခြင်း မပြုဖို့၊ ပညာရှိသူတော်ကောင်းကို မှီဝဲဆည်းကပ်နည်းယူဖို့ မဟာကရုဏာတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားက အကြိမ်ကြိမ်အခါခါ မှာကြားတော်မူခဲ့တာပါ။ ပဏ္ဍိတာနဉ္စ သေဝနာ - "ပညာရှိကို အစဉ်တွဲလို့ မှီဝဲဆည်းကပ် နည်းယူလေ"တဲ့။ ပညာရှိ သူတော်ကောင်းကို မှီဝဲရမယ်၊ ဆည်းကပ်ရမယ်၊ နည်းယူရမယ် တဲ့။ ဗုဒ္ဓါနုဿတိပွားတာ၊ ဂုဏ်တော်ပွားတာဟာ၊ ဘုရားအကြောင်း စဉ်းစားနေတာဟာ တစ်လောကလုံးမှာ ပညာရှိသူတော်ကောင်းအဖြစ်ဆုံးသော ဗုဒ္ဓမြတ်စွာဘုရားကို မှီဝဲဆည်းကပ် နည်းယူနေခြင်းပါပဲ။ ဂုဏ်တော်ဟာ ဘဝအဖော်မွန်၊ ဂုဏ်တော်ဟာ ဘဝလမ်းညွှန်ပါပဲ။ ဂုဏ်တော်ဟာ ဘဝနည်းလမ်း၊ ဂုဏ်တော်ဟာ ဘဝစည်းကမ်းပါပဲ။
"သူတပါးအပြစ်ကို မိမိနှလုံးအိမ်၌ ကြာကြာမစိမ်နှင့်" ဆိုပြီး ပထမရွှေကျင်ဆရာတော်ကြီး ဆုံးမခဲ့ပါတယ်။ သူတပါးရဲ့ အပြစ်ကို လိုအပ်တာထက်ပိုပြီး အချိန်ကြာကြာ စဉ်းစားတွေးတောပါများတဲ့အခါ ကိုယ်မသိလိုက်ခင်မှာတင် အဲဒီအပြစ်မျိုး ကိုယ့်ဆီ ကူးစက်လာတတ်ပါတယ်။ ဒေါသကြီးသူအကြောင်း စဉ်းစားပါများလာတဲ့အခါ ကိုယ်လည်း ဒေါသကြီးလာတတ်ပါတယ်။ အံ့သြစရာကောင်းပါတယ်နော်။ "မကောင်းဆိုးဝါးကို နှိမ်နင်းဖို့ကြိုးစားရင်း ကိုယ်ပါ မကောင်းဆိုးဝါး မဖြစ်ပါစေနှင့်" တဲ့။ သူတပါး အပြစ်ကို စဉ်းစားတဲ့အခါမှာ သင်ခန်းစာယူဖို့၊ သံဝေဂယူဖို့ လောက်ပဲ ဖြစ်သင့်ပါတယ်။ သူ့အပြစ်တွေကို လိုအပ်တာထက်ပိုပြီး စဉ်းစားပါများရင် ကိုယ့်ဆီ မကောင်းတာတွေ ကူးစက်လာ တတ်လို့ပါ။
အပြန်အားဖြင့် ပြောရရင်တော့ "သူတပါး ကောင်းဂုဏ်တွေကို မိမိနှလုံးအိမ်မှာ ကြာကြာစိမ်ပါ" လို့ ပြောနိုင်ပါတယ်။ ဟုတ်ပါတယ်။ သူတပါးရဲ့ ကောင်းကွက်လေးတွေ ကြည့်ပါများတဲ့အခါ၊ သူတပါးရဲ့ ကောင်းဂုဏ်တွေ ကို စဉ်းစားပါများတဲ့အခါ အဲဒီကောင်းတဲ ဂုဏ်အရည်အချင်းမျိုး ကိုယ့်ဆီမှာ ကူးစက်လာပါတယ်။ မေတ္တာကြီးမားသူ အကြောင်း စဉ်းစားပါများရင် ကိုယ်လည်း မေတ္တာကြီးမားလာတတ်ပါတယ်။ ခွင့်လွှတ်တတ်သူတွေအကြောင်း တွေးပါများရင် ကိုယ်လည်း ခွင့်လွှတ်တတ်သူဖြစ်လာပါတယ်။ ဉာဏ်ကြီးသူအကြောင်း စဉ်းစားပါများတဲ့အခါ ဉာဏ်ပညာကို တန်ဖိုးထားတတ်ပြီး ဉာဏ်ကြီးမားသူ ဖြစ်လာတတ်ပါတယ်။ သူတပါးကုသိုလ်ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုသူမှာ မနာလို၊ဝန်တိုစိတ်တွေ ကင်းကွာလာပြီး အဲဒီကုသိုလ်မျိုး ပြုချင်တဲ့စိတ်ကောင်းစိတ်မြတ်တွေ ကူးစက်လာပါတယ်။
ဓာတ်ကူးစက်မှုနှင့်ပတ်သက်ပြီး ဖတ်ဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ပြောပါရစေ။ တစ်ခါက ရွာတစ်ရွာမှာ လူမျက်နှာပုံသဏ္ဍာန် ကျောက်တုံးကြီးရှိပါတယ်တဲ့။ ရွာသားတွေက တစ်နေ့နေ့မှာ ဒီကျောက်တုံးကြီးနှင့် ဆင်တူတဲ့ လူတစ်ယောက်ပေါ်လာပြီး ဒီဒေသကို ကြီးပွားချမ်းသာတိုးတက်အောင် ခေါင်းဆောင်ပေးနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်နေကြပါတယ်။ ကလေးတစ်ယောက်ဟာ ဒီအကြောင်းကို ကြားမိတဲ့အချိန်ကစပြီး သူအားတဲ့အခါ အချိန်မဖြုန်းဘဲ ကျောက်တုံးကြီးနားလာ၊ ကျောက်တုံးကြီးကိုကြည့်ရင်း "သြော် - ဒီမျက်နှာပိုင်ရှင်ဟာ စိတ်ထားကောင်းသူဖြစ်မယ်။ ဉာဏ်ကြီးကျယ်ရမယ်။ အများအကျိုးကို သယ်ပိုးနိုင်သူဖြစ်ရမယ်။ သူ့မှာ ဒီလို ဒီလို အရည်အသွေးတွေရှိရမယ်။ သူဟာ ဒီဒေသအတွက် ဘယ်လို ဘယ်လို ဆောင်ရွက်နေလိမ့်မယ်။" စသဖြင့် အဲဒီကလေးဟာ သူသိသလောက်၊ တတ်သလောက် စဉ်းစားနေလေ့ရှိပါတယ်။
နေ့စဉ်ရက်ဆက် လူမျက်နှာသဏ္ဍာန် ကျောက်တုံးကြီးကို ကြည့်ရင်း တကယ်လို့ ဒီမျက်နှာပိုင်ရှင်ဟာ ခုချိန်မှာသာရှိရင် ဘယ်လိုအရည်အသွေးတွေရှိပြီး အများအတွက် ဘယ်လိုကြိုးစားဆောင်ရွက်လိမ့်မယ်လို့ ကြံစည် နေလေ့ရှိပါတယ်။ ဒီလိုနှင့် အဲဒီကလေး အရွယ်ရောက်လာတဲ့အခါ စံပြကျောက်တုံးမျက်နှာနှင့် ဆင်တူလာပါတယ်။ နောက်ဆုံးမှာတော့ သူလိုချင်တဲ့ အရည်အသွေးတွေကို လက်တွေ့ကျကျ ကြိုးစား ဖြည့်ဆည်းရင်း အဲဒီကလေးဟာ အဲဒီဒေသရဲ့ ခေါင်းဆောင်ကြီးဖြစ်ပြီး အများအကျိုးကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီဒေသကလူတွေရဲ့ ယုံကြည် မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ် တဲ့။
အာဇာနည် သူရဲကောင်း၊ သူတော်ကောင်းတွေအကြောင်း ဖတ်ရှုစဉ်းစားနေရင်တောင် ဓာတ်ကူးစက်သေးတာ၊ တစ်လောကလုံးမှာ အမြင့်မြတ်ဆုံးဂုဏ်အရည်အသွေးတွေ အပြည့်အဝ ရှိနေတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အကြောင်းကို စဉ်းစားဆင်ခြင် နှလုံးသွင်းနေသူမှာ စိတ်ကောင်းစိတ်မြတ်တွေ ဓာတ်ကောင်းဓာတ်မြတ်တွေ ကူးစက်လာတယ်ဆိုတာ ဘာမှ မထူးဆန်းပါဘူး။ သဘာဝဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာပါပဲ။
စံပယ်ပန်းကို ရေအိုးထဲ ထည့်စိမ်ထားရင်၊ ရေထဲကို စံပယ်ရနံ့ကူးစက်လာပါတယ်။ ပိတ်စကို အမွှေးနံသာနှင့် စိမ်ထုံထားတဲ့အခါ ပိတ်စမှာ မွှေးရနံ့တွေ ကူးစက်လာပါတယ်။ စိတ်ကို ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေနှင့် စိမ်ထုံထားရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်အငွေ့အသက်တွေ ကူးစက်လာမှာပါပဲ။
"သူတပါးအပြစ်ကို မိမိနှလုံးအိမ်မှာ ကြာကြာမစိမ်နှင့်။ သူတော်ကောင်းဂုဏ်ကို မိမိနှလုံးအိမ်မှာ ကြာကြာစိမ်ပါ" ဆိုတော့ အပြစ်ဟူက မြူမျှမရှိတဲ့၊ အကောင်းမြတ်ဆုံး ဂုဏ်အရည်အသွေးတွေနှင့် ပြည့်ဝစုံလင်တဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကိုတော့ မိမိနှလုံးအိမ်မှာ စိမ်နိုင်သမျှ စိမ်သင့်ပါတယ်။ "မိမိနှလုံးအိမ်မှာ ဂုဏ်တော် ကြာကြာစိမ်ထုံပါ" ဂုဏ်တော်နှင့်စိမ်ထုံထားတဲ့ နှလုံးသားဟာ ရတနာနှလုံးသား၊ မြင့်မြတ်တဲ့နှလုံးသား၊ မွန်မြတ်တဲ့နှလုံးသား၊ ကောင်းမြတ်တဲ့နှလုံးသား၊ လိုတရနှလုံးသား ပါပဲ။
( ၅ )
"လောကဓံမုန်တိုင်း သောကအပူတွေဆိုတာ တချို့ ရှောင်လို့ရတယ်။ တချို့ ရှောင်လို့မရဘူး။ ရှောင်လို့ရတာကို ရှောင်၊ ရှောင်လို့မရတာကို တရားနှင့် ကာကွယ်ခုခံ။" တဲ့ ယောဆရာတော်ကြီးရဲ့ သြဝါဒတော်ပါ။ လောကဓံမုန်တိုင်းများနှင့် ရင်ဆိုင်ရတဲ့အခါ စိတ်ထားကြံ့ခိုင်ဖို့အတွက်လည်း ဗုဒ္ဓါနုဿတိဟာ စွမ်းအင်ကြီးတစ်ခုပါ။
ကောင်းတဲ့အလုပ် လုပ်နေရင်း အနှောက်အယှက်တွေ ကြုံရတဲ့အခါမှာလည်း ဗုဒ္ဓနုဿတိဟာ စွမ်းအင်ကြီး တစ်ခုပါပဲ။ "ငါ့နောက်လှည့်ကြည့် ဘုရားရှိသော်၊ မည်သည့်ကိစ္စ မည်မျှကြမ်းတမ်း၊ ခြေလှမ်းမရုပ် နောက်မဆုတ်ပြီ၊ မလှုပ်ရဲတင်း ခြင်္သေ့မင်း။" တဲ့ တောထဲမှာ အမြဲနေတော်မူလေ့ရှိတဲ့ မဟာဗောဓိမြိင်ဆရာတော်ကြီးရဲ့ ကဗျာတစ်ပုဒ်ပါ။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ထဲမှာ ဘုရားပင့်ထားတာပါ။ ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်နှလုံးသား ထဲမှာ ဘုရားတည်ထားတာပါ။ "ဗုဒ္ဓါနုဿတိပွားသူသည် မြတ်စွာဘုရားနှင့် အတူတကွနေရသည် ဟူသော အမှတ်သညာကို ရပေ၏။ ထို့ပြင် ဗုဒ္ဓါနုဿတိ၏ကိန်းအောင်းရာဖြစ်သော ယောဂီ၏ကိုယ်သည်လည်း စေတီအိမ် (ဘုရားကျောင်းဆောင်)ကဲ့သို့ ပူဇော်ထိုက်ပေ၏၊" လို့ ဝိသုဒ္ဓိမဂ် မှာဆိုပါတယ်။ စေတီဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စေတီရှိရာ ကျောင်းဆောင်၊ စေတီအိမ်ဟာလည်း စေတီကြောင့် အပူဇော်ခံရသလိုပဲ၊ ဂုဏ်တော်ပွားသူ ဟာလည်း ဂုဏ်တော်တွေ ကူးစက်ကိန်းဝပ်နေတာကြောင့် အပူဇော်ခံရတတ် ပါတယ်။
နှလုံးသားဝယ် ဘုရားတည်
ပညာကြီးလတ် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။
အပူကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပါယ် မြတ်နိုးဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းတာ။
(မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း ရွှင်လန်းတာ။)
နှလုံးသားဝယ် ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။
ယောဆရာတော်ကြီး
ဂုဏ်တော်ပွားတာဟာ ဂုဏ်ယူလိုက်တာပါ။ ဂုဏ်တော်ပွားတယ်ဆိုတာ ဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ဂုဏ်အရည် အသွေးတွေကို ကူးယူလိုက်တာပါ။ အဲဒီလို ကူးယူတာကို ခံနိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာလောင်းလျာဟာ ကမ္ဘာပေါင်း လေးအသေင်္ချနှင့်တစ်သိန်းတိုင်တိုင် တုနှိုင်းမမီနိုင်တဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ရတာပါ။ တုနှိုင်းမမီနိုင်တဲ့ ပါရမီတော်တွေကြောင့်ပဲ ဘုရားဖြစ်ပြီး တစ်လောကလုံးရဲ့ အကျိုးစီးပွားကို တုနှိုင်းမမီအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဦးဇင်းတို့ ဂုဏ်တော်ပွားခွင့်ရတာ၊ ဂုဏ်ယူခွင့်ရတာဟာ "ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက နောက်ဆုံးအထိ ပါရမီ၊ လူနတ်များစွာ ချမ်းသာရေးမို့ ၊ အသက်ပေးလို့ ဖြည့်ခဲ့သည်" "တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားနိုင်ဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော် မူသော မြတ်စွာဘုရား" ကြောင့်သာ ပွားခွင့်၊ ယူခွင့်ရတာပါ။
ဂုဏ်တော်ပွားနေတဲ့ နှလုံးသားဟာ ရတနာနှလုံးသား ဖြစ်ပါတယ်။ တစ်နည်း ဂုဏ်တော်ရတနာ ထည့်သွင်းမြုပ်နှံထားတဲ့ နှလုံးသားပဲဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေနှင့် ပြည့်နေတဲ့ နှလုံးသားကတော့ အမှိုက်တွေထည့်ထားတဲ့ နှလုံးသား၊ အမှိုက်ပုံးဖြစ်နေတဲ့ နှလုံးသားပါပဲ။ ရတနာနှလုံးသား လား၊ အမှိုက်ပုံးနှလုံးသား လားဆိုတာ ရွေးချယ်ခွင့်က ကိုယ့်လက်ထဲမှာပါပဲ။
" ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားကိုလေ
ကြည်ညိုမြတ်နိုး ရှိခိုးသူတွေ၊
စိတ်ဓာတ်ကောင်းတွေ တိုးတက်ကာနေ၊
ကောင်းကျိုးအမျိုးမျိုး ဖွံ့ဖြိုးလာပေ၊
နိဗ္ဗာန်လမ်း ကြွမြန်းယွင်းမသွေ။ "
အရှင်ဉာဏဝရ(ပါရမီ)
စာညွှန်း
၁။ ဝိစိတြဝန္ဒနာဘုရားရှိခိုးနှင့် သိဿကောဝါဒဆုံးမစာ - ရွှေကျင်ဆရာတော်ကြီး
၂။ ဗုဒ္ဓါနုဿတိဘာဝနာ / မဟာဂန္ဓာရုံဝတ်ရွတ်စဉ် - မဟာဂန္ဓာရုံဆရာတော်ကြီး
၃။ ဝိသုဒ္ဓိမဂ်မြန်မာပြန်(ဒုတွဲ) - မဟာစည်ဆရာတော်ကြီး
၎။ နှလုံးသားဝယ် ဘုရားတည် - တိပိဋကယောဆရာတော်ကြီး
၅။ ဝိဇ္ဇာနှင့်စရဏ - ဓမ္မဒူတဆရာတော်ကြီး
၆။ ဘာဝနာဆိုသည်မှာ - ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ
၇။ လိုတရနှလုံးသား - အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)
၈။ သီဟုဠ်ခေတ် စံတော်ဝင် အရိယာများ - ဓမ္မာစရိယ ဦးဌေးလှိုင်
မှ/-
အရှင်ဉာဏဝရ(ပါရမီ)
အရှင်ဉာဏဝရ ၊ အောင်သိဒ္ဓိမင်းကျောင်း၊ ကျင်းကြီးရပ်၊ ကျွဲပွဲမြို့၊
အုတ်တွင်းမြို့နယ်၊ တောင်ငူခရိုင်။ (09250702823) 10.8.17