Wednesday, May 21, 2014

ဗုဒ္ဓ၏ လက္ခဏာတော်မြတ်၊ အမြင့်မြတ်ဆုံးယောက်ျား၏ လက္ခဏာကြီး(၃၂)ပါး

ကံနှင့် ကံ၏အကျိုးကို ယုံကြည်မှသာ ဗုဒ္ဓဘာသာဝင် စစ်မှန်သည်။ အကြောင်းကြောင့်သာ အကျိုးရသည်။ အကြောင်းကင်းသော အကျိုး ဟူ၍ကား မရှိ။ အကျိုးကိုလိုသော်၊ ဖြစ်စေသော အကြောင်းကို ပြုကြရစမြဲဖြစ်သည်။
လှလိုကြ၍ ရုပ်ကိုနည်းအဖုံဖုံဖြင့် ပြုပြင်ကာနေကြသည်။
စိတ်ကိုပြင်ရကောင်းမှန်းမူ မသိကြ။ ရုပ်ကိုလည်းပြင်၊ စိတ် လည်းပြင် ကြပါလျှင်၊ ပြင်ဆင်တိုင်းလှ၊ ပြုတိုင်းရ ကြမည်ဖြစ်သည်။ ယင်းကား ကံနှင့် ကံ၏ အကျိုးပင်တည်း။

မြတ်စွာဘုရားသည် အကြောင်းကုသိုလ်ကောင်းများကို ပြုတော်မူခဲ့လေရာ အကျိုးကောင်းများစွာကို ရရှိတော်မူခဲ့လေသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့သော ပါရမီဆယ်ပါး အပြားသုံး ဆယ်နှင့် စွန့်ခြင်းကြီး ငါးပါးတို့ကြောင့် ဘုရားဖြစ်မည့်နောက်ဆုံးဘဝတွင် ထိုကံများက အရှိန်အဟုန် ကြီးမားစွာဖြင့် အကျိုးပေးခဲ့လေသည်။ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးနှင့် လက္ခဏာတော်ငယ်အပါးရှစ်ဆယ် တည်းဟူသော မြတ်အလှများဖြင့် ယောက်ျားပီသစွာ သပ္ပါယ် ကြည်ညိုစဖွယ် ဖြစ်တော်မူခဲ့ခြင်းလည်း အပါအ၀င်ဖြစ်သည်။
မြတ်ဗုဒ္ဓ၏ အဆင်းတော် အသံတော်အလှကို ကြည့်မဝ ဖြစ်ကာ တရားအား မထုတ်နိုင်ဘဲ ဘုရားမြတ်ထံတော်ပါးတွင် အနီးကပ်ဖူးမြော်လျက်သာ
နေသော ဝက္ကလိရဟန်းကို "တရားကိုမြင်သော သူသာ ငါဘုရားကို မြင်သောသူ ဖြစ်သည်" ဟူသည့် ဆုံးမစကား နှင့် နှင်ထုတ်တော်မူခဲ့ရသည်။

ရုပ်နှင့်တကွ စိတ်တော်ပါ လှတော်မူသော မြတ်ဘုရား၏ အလှတရားကို
အားကျပါလျှင် နည်းယူရမည် ဖြစ်သည်။ နှိုင်းယှဉ်ခြင်းငှာမထိုက်တန်ရကား ထပ်တူမလှပ နိုင်သြော်ငားလည်း သံသရာတွင် ကျင်လည် ရသမျှ ယခုထက်များစွာ ကိုယ်စိတ်လှပ သွားကြ ပါလိမ့်မည်။ သို့ ဖြစ် ပါ၍၊ မြတ်စွာဘုရားပြုတော်မူခဲ့သည့် အကြောင်းကုသိုလ်များနှင့် ရရှိသော အကျိုးရင်း၊ အကျိုးဆက်များကို သိသာရန်ဖေါ်ပြလိုပါသည်။

အကြောင်းကုသိုလ်တော်_ဗုဒ္ဓလောင်းလျာ ဘ၀များစွာတွင် ကုသိုလ်ကောင်းမှု အလုပ်ဟူမူ မည်သည့် အကြောင်းနှင့်မျှ အပျက်မခံခိုင်မြဲ စွာပြုလုပ်တော်မူခဲ့သည်။
အကျိုးရင်းလက္ခဏာတော်() အလယ်တွင် ဟိုက်ခြင်းဟာခြင်း မရှိဘဲ ပြည့်ဖြိုးကာ တစ်ပြေးညီ တည် သော ခြေဖဝါးပြင်ရှိခြင်း။
အကျိုးဆက်_မည်သူ့ ကိုမျှလည်း မကြောက်ရွံ့ တတ်၊ မည်သည့် ရန်သူကမျှလည်း နှောက်ယှက်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ပေ။

အကြောင်းကုသိုလ်တော်_လူအပေါင်း၏ချမ်းသာကိုဆောင်ရွက်ခြင်း၊ကြောက်ရွံ့ နေသူကို တရား သဖြင့်စောင့်ရှောက်ခြင်းနှင့်လှူဒါန်းသည့် အခါတိုင်း မူလဒါနကို သက်ဆိုင်ရာ အခြံအရံပစ္စည်းများ ပါဖြည့်စွက်လျက်သာ လှူဒါန်းခြင်းကို ပြုတော်မူခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_() ခြေဖဝါးတွင် တစ်ရာ့ရှစ်ကွက် စက်လက္ခဏာတော် ပါရှိခြင်း။
အကျိုးဆက်_ အခြံအရံများစွာရှိခြင်း။

အကြောင်းကုသိုလ်တော်_ ဘဝများစွာတွင် သူ့ အသက်သတ်ခြင်း ကင်းခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_() ရှည်သွယ်သော ခြေဖနောင့်တော်ရှိခြင်း၊
(၄) လက်ချောင်းတော်များ ရှည်ပြီး အရင်းမှအဖျားတိုင် သွယ်ခြင်း၊
(၅) ဖယောင်းတိုင်ပမာ ဖြောင့်စင်းသော ခန္ဓာကိုယ်ရှိခြင်း။
အကျိုးဆက်_ အသက်ရှည်ခြင်း၊ ကိုယ်တော်တိုင် ချေချွတ်မှရမည့် သတ္တဝါ ကျန်ရှိနေသေး၍ နေဦးမည် ဆိုပါလျှင် အာယုကပ်ကုန်သည်ထိပင် တည်နေနိုင်ခြင်း၊ မည်သူကမျှ သတ်ဖြတ်၍ မရခြင်း။

အကြောင်းကုသိုလ်တော်_အပိုအလိုမရှိအဆီသြဇာပြည့်စုံပြီးချိုမြိန် ကောင်းမြတ်သော အရသာရှိသည့် အာဟာရတို့ကို ပေးလှူခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_() လက်ဖမိုး၊ ခြေဖမိုး၊ ပခုံးနှင့် လည်ဂုတ် စသော ခုနစ်နေရာတွင် အသား ပြည့်ဖြိုးခြင်း။
အကျိုးဆက်_ အရသာ အထူးအမြတ်ကို မပြတ်သုံးဆောင်ရခြင်း။

Posted by Aye Sat 

ကျမ်းကိုး
၁။ ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ လက္ခဏာတော် ၃၂ဖြာ တရားတော်- ၁၊ ၂၊ ၃၊ ၄၊ ၅။ ကျိုက္ကော်၊ ၁၃၅၇ ခုနှစ်။      
၂။ နာယကာလင်္ကာရ၊ အရှင်။ ဘုရားရှင်တို့၏ လက္ခဏာတော် (၃၂) ပါး။ စာ၂-၃၇။ dhammaransi.net
၃။ ဒေဝသူရ (ဆိပ်ခွန်)။ "ဗုဒ္ဓလက်ထက်တော်က"_လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း၊ အတွဲ၁၄၊ အမှတ်၂၊
အောက်တိုဘာ၊၂ဝ၁ဝ။ စာ၂၈၈-၂၉၆။

Posted by အေးဆက်

ဓမ္မလက်ဆောင် မှ ကူးယူတင်ပြထားခြင်းဖြစ်ပါသည်။

ဗုဒ္ဓ၏ အဆင်းတော်မြတ် [၄]

 အကြောင်းကုသိုလ်တော်_ အနှစ်သာရမရှိသော စကားကို မည်သည့် အခါမျှ မပြောဆိုခဲ့ပေ။
အကျိုးရင်းလက္ခဏာတော်_(၃ဝ) ခြင်္သေ့မင်း၏ မေးအလား ကား၍ ကြီးသော မေး ရှိခြင်း။
အကျိုးဆက်_ မည်သည့်ရန်သူကမျှ နှိပ်စက်ဖျက်ဆီး၍ မရခြင်း။

အကြောင်းကုသိုလ်တော်_ ရှေးရှေးသော ဘဝများ၌ အရောင်း အဝယ် ပြုလုပ်ရာတွင် ချိန်ခွင် အလေးတင်းတောင်း အသပြာ ခိုးခြင်းမရှိခဲ့၊ လိမ်လည် လုယက် သတ်ဖြတ်၍လည်း အသက်မွေးခြင်း မပြုလုပ်ခဲ့၊ အသက်မွေးမှု မှန်ကန်ခဲ့သည်။
အကျိုးရင်းလက္ခဏာတော်_(၃၁)သွားတော်များမှာအထဲသို့ လည်း ဝင်မနေ အပြင်သို့လည်း ခေါမနေဘဲ စိန်စီထားသည့်ပမာ ညီညာခြင်း။
(၃၂) သွားတော်လေးဆယ်နှင့် စွယ်တော်လေးဆူ သည် သွားဖုံးတော်ဝယ်အလွန်သန့်ရှင်းစင်ကြယ် ဖြူဖွေးလျက် တည်ရှိခြင်း။
အကျိုးဆက်_ ကိုယ်တော်တိုင် စင်ကြယ်ခြင်းနှင့်အတူ စင်ကြယ်သပ်ရပ် မြတ်သော ရဟန်းပရိသတ် အခြံအရံများရှိခြင်း။

ဒေဝဒဟတိုင်း၊ မိတ္ထီလာပြည်တွင် အသက် ၁၂ဝအရွယ်ရှိ ပုဏ္ဏားကြီး
ဗြဟ္မာယုသည် ဂုဏ်သတင်းအထူး ကျော်စောလှသော ဂေါတမဘုရားကို ဘုရားစစ် ဟုတ်မဟုတ် စိစစ်ခဲ့သည်။ သူတတ်ကျွမ်းသော ဝေဒ ကျမ်းအရ စကြဝတေးမင်းနှင့် ဘုရားတို့တွင်သာရှိသော မဟာပုရိသယောက်ျားမြတ် လက္ခဏာတော် သုံးဆယ့်နှစ်ပါး ရှိမရှိ တပည့်ဖြစ်သူ ဥတ္တရလုလင်အား စေလွှတ်လေ့လာ ခိုင်းသည်။

ပြည့်စုံပါကြောင်း သိရှိအပြီး ကြည်ညိုစွာဖြင့် ကိုယ်တိုင်သွားရောက် မျက်မြင်လေ့လာဖူးမျှော်
ပြန်သည်။ နောက်ဆုံး၌ ဗုဒ္ဓ၏ တရားတော်ကို နာကြားကာသောတာပန် ပင်တည်လေသည်။ မိစ္ဆာဒိဋ္ဌိ မှ သမ္မာဒိဋ္ဌိ ဘဝဖြင့် အချိန်သင့်၍ ကွယ် လွန်သော် ဗြဟ္မာပြည်ရောက်၏။

သာသနာပမှ ပုဏ္ဏားများသည် ဘုရားဖြစ်သူတွင် မဟာပုရိသယော
က်ျားမြတ် လက္ခဏာတော် သုံးဆယ့်နှစ်ပါးရှိသည်ဟုသာ သိကြ၏

ထို့ထက်ကားပို၍မသိကြ။
မည်သို့သော ကုသိုလ်ကံများကြောင့် ဤ လက္ခဏာတော်များ ဖြစ်ပေါ်ရကြောင်းကို ဝေနေယျအပေါင်း သိရန် အလို့ငှါ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင် လက္ခဏ သုတ္တန်ကို ဟောကြား
တော် မူခဲ့သည်။

စင်စစ်ဗုဒ္ဓ၏ အဆင်းတော်မြတ်များသည် ကုသိုလ်သတ္တိများကြောင့်
ဖြစ်လာခဲ့ရသည်။ ရစေလိုကာ တမင်ပြုခြင်းကား မဟုတ်။

လှပါစေကြောင်း ဆုလည်းတောင်းတော် မမူခဲ့ချေ။
ထိုလက္ခဏာတော် သုံးဆယ့်နှစ်ပါး ရရှိရေးအတွက် သက်ဆိုင်ရာ ကုသိုလ်များကိုသာ
ပြုလုပ်ခဲ့ခြင်းလည်းမဟုတ်။ မြတ်စွာဘုရားသည် မိမိကိုယ်မိမိကောင်း
သည်ထက်ကောင်းစေရန် ပြုပြင်နေထိုင်ရင်း အမျိုးစုံလင်သည့် ကုသိုလ်များကို ပြုလုပ်တော်မူခဲ့၏။ ထို့ကြောင့် စုံလင်လှစွာသော အကျိုးများကို ရရှိခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓမြတ်စွာသည် ဘုရားဖြစ်ရန် တည်းဟူသော ဆုထူးတစ်ခုတည်းကိုသာ ပန်ကြားခဲ့သည်။ အောင်မြင်သည်အထိလည်း ကျင့်ကြံအားထုတ်တော်မူခဲ့သည်။
မြတ်ဘုရား လိုလားသည်မှာ သတ္တဝါအများအား ဒုက္ခကို အဆုံးသတ်ကာ
သံသရာ ပြတ်စေလိုခြင်းသာဖြစ်သည်။
အလှကြီးလှလျက်ဖြစ်စေ၊ အကျည်းတန်လျက်ဖြစ်စေ မည်သို့ သော အသွင် မျိုးနှင့်မျှ ဘဝများဆက်ကာ သံသရာတွင် လည်နေခြင်းကို
အားပေးတော် မမူပေ။

သို့ ဖြစ်ရကား ယခုကပင် မကောင်းမှုရှောင် ကောင်းမှုဆောင်ကာ စိတ် ကို ဖြူအောင်ထားကြရင်း၊ သံသရာ ပြတ်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကို မနှေးလျင်စွာ အားထုတ်ကြရန် အကြံပြု တိုက်တွန်းလိုပါ သည်။

ကျမ်းကိုး
၁။ ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဗုဒ္ဓ၏ လက္ခဏာတော် ၃၂ဖြာ တရားတော်- ၁၊ ၂၊ ၃၊ ၄၊ ၅။ ကျိုက္ကော်၊ ၁၃၅၇ ခုနှစ်။
၂။ နာယကာလင်္ကာရ၊ အရှင်။ ဘုရားရှင်တို့၏ လက္ခဏာတော် (၃၂) ပါး။ စာ၂-၃၇။ dhammaransi.net
၃။ ဒေဝသူရ (ဆိပ်ခွန်)။ "ဗုဒ္ဓလက်ထက်တော်က"_လျှို့ဝှက်ဆန်းကြယ်မဂ္ဂဇင်း၊ အတွဲ၁၄၊ အမှတ်၂၊
အောက်တိုဘာ၊၂ဝ၁ဝ။ စာ၂၈၈-၂၉၆။

Posted by အေးဆက်

No comments:

Post a Comment