Friday, May 2, 2014

ကိုယ်တွေ့ဆေးနည်းများ


လက်ချောင်းလေးတွေရှိနေရင် လက်စွပ်အချိန်မရွေးဝတ်နိုင်ပါတယ်။
လက်ချောင်းလေးတွေမရှိရင်တော့ ဘယ်လောက်တန်ဖိုးကြီးတဲ့လက်စွပ်ပဲရှိနေရှိနေ ၀တ်လို့မရပါဘူး။
ကျန်းမာရေးကောင်းနေရင် ချမ်းသာအောင်ကြိုးစားဖို့လွယ်ပါတယ်။
ကျန်းမာရေးမကောင်းရင်တော့ ဘယ်လောက်ချမ်းသာချမ်းသာ အလကားလိုဖြစ်သွားပြီ။
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)

အမာရွတ်အတွက် ကြိတ်မှန်ရွက်          

ကျွန်တော့်အဖွား လက်မှာဆီပူလောင်သွားတာ အမာရွတ်ကျန်ခဲ့ပါတယ်။ လက်ဆိုတော့ မြင်လွယ်တဲ့နေရာပဲပေါ့။ အဲဒါနဲ့ နေ့တိုင်း ကြိတ်မှန်ရွက်တွေကို ခြေပြီး အမာရွတ်ကို ပွတ်ပါတယ်။
သိပ်မကြာပါဘူး။ အမာရွတ်ပျောက်သွားပါတယ်။ မူလအသားအရေအတိုင်း ပြန်ဖြစ်သွားပါတယ်။ မီးပူကြောင့်ဖြစ်တဲ့အမာရွတ်သာမက အခြားထိခိုက်ရှနာအမာရွတ်တွေ အတွက်လည်း ကြိတ်မှန်ရွက်က အစွမ်းထက်ပါတယ်။ ကျွန်တော်လေ့လာမိသလောက်တော့ အမာရွတ်အတွက်ဆိုရင် ကြိတ်မှန်ရွက်ဟာ အကောင်းဆုံးပါပဲ။ မယုံပါနဲ့ဦး။ စမ်းကြည့်ပါ။



နားမှာဆီ

          ခေါင်းလျှော်ရင်းနဲ့ နားထဲကို ရေ၀င်သွားလို့ထင်ပါတယ်။ နားအရမ်းကိုက်တယ်။ ဒါနဲ့ ညဖက် ရောက်တော့ နားထဲကိုအုန်းဆီသန့်သန့်လေးထည့်ပြီး နဖါချေးကလော်လိုက်ပါတယ်။ နော်နေ့ကျတော့ နားကိုက်တာကို သတိမရတော့ပါဘူး။ ညခင်းမှ သတိရပါတယ်။ နားကိုက်တာပျောက်သွားပြီလေ။


သနပ်ခါးတုံးတွေမှိုတက်နေရင်

          မိုးတွင်းမှာဆိုရင် သနပ်ခါးတွေကို မှိုတက်တတ်ပါတယ်။ ရေးနဲ့ဆေးလည်းခဏပါပဲ။ ပြန်တက်တာပဲ။ ဘယ်လိုလုပ်မလဲ။ ရေနွေးဆူဆူထဲကို လက်ဖက်ခြောက်အနည်းငယ်ထည့်ပါ။ ပြီးတာနဲ့ မှိုတက်နေတဲ့သနပ်ခါးတုံးကို ရေနဲ့ဆေးပြီး လက်ဖက်ခြောက်ခတ်ထားတဲ့ရေနွေးပူပူထဲကို နှစ်လိုက်ပါ။ သနပ်ခါးတုံးကို လှိမ့်ပေးပါ။ မိနစ်(၃၀)လောက်ထားပြီး ဆယ်လိုက်ပါ။ နေပူလှန်းပါ။ နေမပူရင်လည်း လေ၀င်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးပါ။ သနပ်ခါးတုံးခြောက်သွားတဲ့အချိန်မှာ ကျစ်ကျစ်လေးဖြစ်သွားပြီး မှိုလည်း မတက်တော့ပါဘူး။ စမ်းကြည့်ပါ။ သနပ်ခါးချစ်သူများ ပျော်ရွှင်နိုင်ကြပါစေ။


အစ်မပြောတဲ့ဖောင်ကြီးမိတ်ကပ်

          အစ်မတို့ လက်ထောက်မန်နေဂျာဖြစ်ပြီး ဖောင်ကြီးတက်တုန်းက နေပူထဲမှာ စစ်ရေးပြကျင့်ရတာ။ အသားမဲမှာစိုးလို့ မိတ်ကပ်လိမ်းတယ်။ နေပူက မိတ်ကပ်နဲ့တွေ့တော့ ပိုဆိုးသွားတယ်။ နဖူးမှာ အမဲကွက်ကြီးဖြစ်သွားတယ်။ အဲဒါနဲ့ နည်းပြဆရာမတွေက ဖောင်ကြီးမိတ်ကပ်လိမ်းပါလားတဲ့။ ဖောင်ကြီးမိတ်ကပ်ဆိုတာ ရှားစောင်းလက်ပတ်ကိုပြောတာတဲ့။ အဲဒီအချိန်တုန်းက သူများတွေလည်း ဖောင်ကြီးမိတ်ကပ်လိမ်းတယ်လေ။ အစ်မလည်း အသားမဲမှာစိုးလို့ မျက်နှာကို ရှားစောင်းလက်ပတ်နဲ့အရင်ပွတ်ပြီး အပေါ်က သနပ်ခါးကို ပါးကွက်ကျားလိမ်းလိုက်တယ်။ သနပ်ခါးလိမ်းရတာ ချွဲကျိကျိနဲ့။ အဲဒါကို နေ့တိုင်းလုပ်ဖြစ်တယ်။ ဖောင်ကြီးက အဲတုန်းက (၅)လ တက်ရတာဆိုတော့ အဲဒီတုန်းကများ အစ်မမျက်နှာက ဖွေးလို့။ နုလို့။ ခုတော့ အလုပ်များတာနဲ့ မလုပ်ဖြစ်တော့ဘူး။


မြင်းခွာရွက်မျက်စဉ်း

ကျွန်တော်(၈)တန်းလောက်တုန်းက မျက်စိယားတဲ့ဝေဒနာခံစားရပါတယ်။ မျက်စိယားလို့ ပွတ်လိုက်ရင် မျက်စိနာလာပါတယ်။ အဲဒါနဲ့ မျက်စိအထူးကုနဲ့ပြတော့ မျက်စဉ်းပေးလိုက်ပါတယ်။ မျက်စဉ်းကလည်း ဈေးကြီးလိုက်တာ။ မျက်စဉ်းခတ်တုန်း သက်သာပေမယ့် မျက်စဉ်းကုန်သွားရင် ထပ်ယားတာပါပဲ။ မျက်မှန် တပ်ရတော့မယ်လို့ ထင်ပါတယ်။ အထူးသဖြင့် စာများများဖတ်ပြီးတဲ့အချိန်တွေမှာ ယားပါတယ်။ မျက်စိအားကောင်းအောင် စပီရူလိုင်းနား(စိမ်းပြာရေညို)ကနေထုတ်ထားတဲ့ ပရိုဗီမင်သောက်ပါတယ်။စားများများဖတ်တဲ့အချိန်ဆို ပိုသောက်ပါတယ်။ စပီရူလိုင်နားက ဘီတာကာရိုတင်းအများကြီးပါတယ်လေ။ ပြီးတော့ မြင်းခွာရွက်များများစားတယ်။ (မြင်းခွာရွက်က မျက်စိအားကောင်းစေတာကို လူတော်တော်များများ ကြားဖူးနားဝရှိပြီးသားပါ။အထူးသဖြင့် တိုင်းရင်းဆေးလေ့လာသူတွေ အားလုံးလိုလို သိကြပါတယ်။) မျက်စိအယား သက်သာသွားပါတယ်။ ဒါပေမယ့် စိမ်းပြာရေညှိဆေးကုန်သွားလို့ မသောက်မိတဲ့နေ့တွေ၊ မြင်းခွာရွက် မအားလို့ မစားဖြစ်တဲနေ့တွေမှာ ပြန်ယားတာပါပဲ။ အဲဒါကြောင့် အမြဲတမ်း မြင်းခွာရွက်နဲ့ စိမ်းပြာရေညိုကို စွဲစားနေရ ပါတယ်။
အကြောင်းကြောင်းကြောင့် မျက်စိယားတာပဲဖြစ်ဖြစ်၊ မျက်စိနီတာပဲဖြစ်ဖြစ် အလွယ်တကူသုံးနိုင်တဲ့ မျက်စဉ်းလေးကိုလည်း မျှဝေလိုက်ပါတယ်။ ဒီနည်းလေးက မြင်းခွာရွက်အကြောင်းရေးထားတဲ့ စာအုပ်တော်တော် များများမှာပါတဲ့အတွက်  ကျွန်တော်လည်းစမ်းသုံးကြည့်တာပါ။  အရမ်းအစွမ်းထက်တဲ့အတွက် ကျွန်တော် အရမ်းကြိုက်တဲ့မျက်စဉ်းလေးပါ။
(အရိုးပါတဲ့) မြင်းခွာရွက်တစ်ရွက်ကို ရေစင်စင်ဆေးလိုက်ပါ။ ပြီးရင် အရိုးလေးကိုခွေပြီး အကြမ်းပန်းကန်လေးထဲထည့်လိုက်ပါ။ မြင်းခွာရွက်နဲ့အရိုးကို ရေနွေးပူပူဖျောလိုက်ပါ။ အပူရှိန်ကြောင့်မြင်းခွာဆေးရည်လေးတွေဟာ ရေနွေးထဲကို ပျော်ဝင်လာပါလိမ့်မယ်။ ရေနွေးကို လုံးဝအေးတဲ့အထိထားရပါမယ်။ အေးသွားတဲ့အခါမှ မြင်းခွာရွက်လေးကိုဖယ်ပြီး မျက်စဉ်းခတ်လို့ရပါပြီ။ အဲဒီမြင်းခွာမျက်စဉ်းလေးခတ်ပြီးရင် မျက်စိပိုကြည်လာသလိုခံစာရပါတယ်။ မျက်စိယားတာတွေ၊ နီတာတွေဖြစ်နေရင်လည်း နှစ်ခါလောက်ခတ်လိုက်ရုံနဲ့ ပျောက်သွားတတ်ပါတယ်။ တစ်ခုတော့ရှိတာပေါ့။ မျက်စိအားနည်းရင်တော့ စိမ်းပြာရေညှိတို့၊ မြင်းခွာရွက်တို့ကိုလည်း စွဲစားပေးရမှာပါ။ အဲဒါမှာမျက်စိအားရှိပြီး ကြည့်လို့ကောင်းမှာပါ။
ဒီမျက်စဉ်းလေးကို ကြိုက်လွန်းလို့ “ရွှေမြင်းခွာမျက်စဉ်း” ဆိုပြီး ဗူးလှလှလေးတွေနဲ့ ထုတ်လုပ်ရောင်းချပြီး တစ်နိုင်ငံလုံးကို ဖြန့်မယ်လို့ စိတ်ကူးယဉ်ခဲ့မိတဲ့အထိပါပဲ။ တိုင်းရင်းဆေးပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပြီး အစွမ်းထက်တဲ့ တိုင်းရင်းဆေးတွေကို မြန်မာမှာသာမက ကမ္ဘာအထိပါပျံ့နှံ့အောင် လုပ်ဆောင်သင့်ပါတယ်။
ဒီဆေးနည်းလေးကလည်း ကျွန်တော့် ခန္ဓာကိုယ်နဲ့ ရင်းပြီးမှ ရတဲ့ဆေးနည်းလေးမို့ လျှို့ဝှက်ထားမလို့ပါပဲ။ဒါမေမယ့် အခုအချိန်မှာ ကျွန်တော့သဘောထားတွေပြောင်းလဲသွားတဲ့အတွက် ဒီဆေးနည်းလေးကို မျှဝေလိုက်ပါပြီ။ လုပ်တတ်သူတွေ ဆက်လုပ်ကြပေါ့။

  • မျက်နှာသန့်စင်ဆေး
  • ဟိုအရင် ငယ်ငယ်က မျက်နှာသစ်တဲ့အခါ ဆပ်ပြာအမွှေးခဲသုံးပါတယ်။ ဆပ်ပြာက အက်စစ်ဓါတ်များလို့ အသားအရေခြောက်သွေ့ပျက်စီးလွယ်တယ်တဲ့။ အခုဆိုရင် မျက်နှာသစ်ကရင်တွေအမျိုးမျိုးထွက်ပေါ်လာတာ ကြာလှပေါ့။ အမျိုးသားသုံး၊ အမျိုးသမီးသုံး အစုံပဲ။ ခြောက်သွေ့တဲ့အသားအရေအတွက်၊ အဆီပျံတဲ့အသားအရေအတွက်၊ ၀က်ခြံထွက်တဲ့အသားအရေအတွက် အမျိုးအစားများစွာ-အသားဖြူးဖို့၊ ချောမွေ့ဖို့၊ နုညံ့ဖို့ စသည်ဖြင့် အမျိုးမျိုးပါပဲ။
  • ကျွန်တော်ကတော့ သဘာဝအသီး၊ အရွက်တွေပဲ သုံးပါတယ်။ ခရီးသွားတဲ့အခါနဲ့ အလုပ်ရှုပ်တဲ့ အခါတွေမှာပဲ မျက်နှာသန့်စင်ကရင်ကို သုံးပါတယ်။ သဘာဝပစ္စည်းတွေပါတဲ့ မျက်နှာသန့်စင်ကရင်ကိုပဲ သုံးပါတယ်။ ( သဘာဝတွေ ရှာမရမှဘဲ ရယ်ဒီမိတ် သုံးပါသည်။ )သဘာဝပစ္စည်းတွေကလည်း မျက်နှာသစ်ကရင်အဖြစ် အများကြီးသုံးလို့ရပါတယ်။ ထင်ရှားအသုံးများတာ တွေကတော့ မန်ကျည်းမှည့်၊ သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ရှားစောင်းလက်ပတ်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ကြက်ဥ(အနှစ်/အကာ)၊ ပျားရည်၊ နို့၊ ဒိန်ချဉ် စသည့် တို့ပါပဲ။ ဒါတွေကို တစ်ခုချင်းသုံးလို့ရသလို၊ပေါင်းစပ်ရောသမပြီးလည်း သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။ ကျွန်တော်ဟာ ဒီပစ္စည်းတွေနဲ့ အားရင်အားသလို၊ အဆင်ပြေရင်ပြေသလို စမ်းသပ်သုးံစွဲခဲ့ပါတယ်။ ဒီပစ္စည်းတွေအကြောင်း ရေးမယ်ဆိုရင် စာအုပ်ထူတစ်အုပ် ကောင်းကောင်း ရတာပေါ့။ ( ဆရာမ ရူပါသိမ်းရေးတဲ့ “                    ” နဲ့ ဆရာမင်းစံအိမ်ရေးတဲ့ “ မီးဖိုချောင်မှ ပစ္စည်းများနဲ့ သင့်မျက်နှာလေး ဖွေးလှစေချင်” စာအုပ် တို့ကိုလည်း လေ့လာသင့်ပါတယ်။ )ညီမလေးကိုလည်း အဲဒီစာအုပ်နှစ်အုပ်လက်ဆောင်အဖြစ်ပေးထားပါတယ်။ သူလည်း သဘာဝပစ္စည်းတွေနဲ့ မျက်နှာသန့်စင်တတ်နေပါပြီ။ ရယ်ဒီမိတ်တွေကို မသုံးဖြစ်တော့ပါဘူး။ 
  • ဥာဏ်ဖြိုးမြင့်

No comments:

Post a Comment