Saturday, June 13, 2015

ဒါနပါရမီ

ဒါနပါရမီ
ဘုရားလောင်းကျင့်စဉ်
***************************

(၁) စီးပွားဥစ္စာကိုလည်း စွန့်လွှတ်ရတယ်။ (၂) သားသမီးကိုလည်း စွန့်လွှတ်ရတယ်။ (၃) သားမယားကိုလည်း စွန့်လွှတ်ရတယ်။ (၄) အင်္ဂါအစိတ်အပိုင်း ခြေထောက်တွေပြတ်, လက်တွေပြတ်, မျက်လုံးတွေကန်း, ဘာတွေလဲ? အင်္ဂပရိစ္စာဂ။

သိဝိဇာတ်မှာ မျက်ကန်းပုဏ္ဏားတစ်ယောက် နန်းတော်ရှေ့ ရောက်လာ၊ ကြေးစည် ရိုက်တယ်။ တူဝေေ၀ဆိုတော့… ဟာ နန်းတော်ရှေ့မှာ အလှူခံ၊ ဘာအလိုရှိပါသလဲ?။ ဆန်လိုလား? ဆီလိုလား? မလိုဘူး။ မျက်လုံးလိုတယ်တဲ့၊ မျက်လုံးကို ကြေးစည်ရိုက် အလှူခံတာ။ အဲဒီတော့ မင်းချင်း ယောကျာ်းတွေက မင်းတရား. . . မျက်လုံး အလှူခံတဲ့ဘုရား။ (ဟာ. . . အဲဒါဆို သီတဂူစက္ခုဒါန ဆေးရုံကိုပို့။ ဟုတ်လား? အဲဒီတုန်းက မပေါ်သေးဘူး၊ အခုမှ ပေါ်တာ။ သီတဂူစက္ခုဒါနဆေးရုံ အားလုံး (၁၂)ခု ဖွင့်ထားပြီးပီ။ (၃)ခုက တည်ဆောက်ဆဲ။ အားလုံး (၁၅)ခုရှိတယ်။) ကြားညှပ်လိုက်ရင်တော့ အားလုံးမှတ်ထားလိုက်ပါ၊ ငါဘာယူသွားမလဲ?။ ကိုယ့်ကိုယ်ကို မေးပြီးတော့ အဖြေ ထွက်အောင် လုပ်ကြ။ ဘုန်းကြီး အခု (၇၅)နှစ် Retire-လုပ်ဖို့ သင့်ပြီ။ ငါဘာယူသွားမလဲ?။ အားလုံး မေးကြပါ။ ငါ့တိုင်းပြည်၊ ငါ့သာသနာ၊ ငါ့လူမျိုးအတွက် ငါဘာတွေ ထားခဲ့မလဲ?။ အဲဒီမေးခွန်း နှစ်ခု နာနာမေးပြီးတော့ အဖြေထွက်အောင် လုပ်ကြစမ်းပါ။

အာနန္ဒာနဲ့ ဒေ၀ဒတ်၊ နှစ်ယောက်လုံး ဘုရားရဲ့ ညီတော်ဝမ်းကွဲ အတူတူပဲ။ အာနန္ဒာဘာယူသွားပြီး၊ ဘာထားခဲ့သလဲ? ညီအစ်ကို နှစ်ယောက်မတူတာ။ ဒေ၀ဒတ်ကို အပြည့်အစုံဖတ်ကြရအောင် ဒေ၀ဒတ္တ။ အေး… ဒေ၀ဒတ္တက ဘာတွေ ယူသွားနိုင် ခဲ့သလဲ? ဘာတွေ ထားပစ်နိုင်ခဲ့သလဲ? အဖြေက ရှင်းနေတာပဲ၊ မတူတာ။ နှစ် (၂၅၀၀)သမိုင်းမှာ ဒေ၀ဒတ္တ ဘာတွေ ထားခဲ့သလဲ? အပြစ်အညစ်အကြေး ဒုစရိုက် မကောင်းဆိုးဝါးတွေချည်းပဲ အကုန်ထားပစ်ခဲ့တယ်။

အာနန္ဒာ. . . ဘာထားပစ်ခဲ့သလဲ?။ မြတ်စွာဘုရား (၄၅)နှစ်မှာ ဟောသမျှ စကားလုံးတွေကို combine and organization- လုပ်ခဲ့တာ သူပဲ။ အဲဒါကြောင့် ဘ၀မှာ ကောင်းကောင်းထားပစ်ခဲ့နိုင်အောင်၊ ကိုယ့်အတွက်လည်း ကောင်းတာ လေးတွေ ယူသွားနိုင်အောင် အားလုံးကြိုးစားကြရမှာ ဖြစ်ပါတယ်။ အခုပြောနေတာ ဘုရားလောင်းရဲ့ စွန့်ခြင်းကြီး ဘယ်နပါးလဲ? (၅)ပါးပါဘုရား။ နောက်ဆုံး အသက်စွန့်တာ။ အခုနက သိဝီဇာတ်မှာ ပုဏ္ဏားကကြေးစည်လေး ရိုက်လိုက်တော့ ဘုရင်ကြီးက အလှူခံကို ဘာလှူလိုက်လဲ? မျက်လုံးလှူလိုက်တယ်။ ဘုရင်ကြီးက အလှူခံကို နန်းတော်ထဲကို ခေါ်လိုက်တယ်။ မျက်စေ့ဆရာဝန်က အသိတဉ္စန။ အံ့သြစရာ ကောင်းတာက မျက်စေ့ဆရာဝန်ဆိုတာ အဲဒီတုန်းကတည်းက ရှိတာ။ မင်းကြီးရဲ့ မျက်လုံးထုတ်ပြီးတော့ မျက်လုံးအစားထိုး လှူလိုက်တာ။ ပုဏ္ဏား မျက်လုံးတစ်ဖက် ရသွားတယ်။ အင်္ဂပရိစ္စာဂကို ပြောတာပါ။ ခြေထောက်တွေ ပြတ်လို့၊ လက်တွေပြတ်လို့၊ မျက်လုံးတွေကန်းလို့ နိုင်ငံတော်အတွက် ဆောင်ရွက် ကြတဲ့ တပ်မတော်သားတွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေအသင်းအဖွဲ့က ပုဂ္ဂိုလ်တွေ နိုင်ငံမှာ အများကြီးပဲ။ အားလုံးကို ဘုန်းကြီးက လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုတယ်၊ ကျေးဇူးတင်တယ်။ အော်. . . ဘုရားလောင်းစိတ်ဓာတ်နဲ့ အလုပ် လုပ်ကြတာ။ ဒီအတိုင်းလည်း ဆက်လုပ်ကြပါ။

ပုဏ္ဏားကလည်း ရှိသေးတယ်၊ မျက်လုံးတစ်ဖက်မြင် တော်ရော့ပေါ့၊ တော်ပြီးလား? မင်းဘာလိုသေးလဲ ဆိုတော့။ တစ်ဖက်ကျန်သေးတယ်တဲ့။ တစ်ဖက်ပေးပါအုန်း။ အလှူခံက မျှမျှတတလေး ကြည့်လုပ်မှ ရတယ်။ ရတိုင်း ကိုယ်လိုချင်လို့ ယူချင်တိုင်း ဘယ်ရမလဲ။ အင်္ဂပရိစ္စာဂနော်၊ ကိုယ်အင်္ဂါကို စွန့်တာ။

အသက်စွန့်တာ တစ်ခုလေး ပြောပြရရင် "ယုံလေး" ဖြစ်တဲ့ဘ၀ကို ပြောပြချင်တယ်။ အစာငတ်နေတဲ့ ပုဏ္ဏားတစ်ယောက်ကို တွေ့တယ်။ ပုဏ္ဏား ဘာဖြစ်နေလဲ? ဖိုလှိုက် ဖိုလှိုက်နဲ့၊ ထမင်းမစားရလို့။ ဒါဆို မီးလေးဖို။ ရဲရဲတောက်မီးလည်း ဖိုပြီးရော့ ဘာပြောလဲ? ကျုပ်ခုံချမယ်၊ ကျုပ်အသားတွေကို မီးထဲမှာ ဖုတ်လိုက်။ ကျက်တဲ့အခါ ခင်ဗျား စားပါ။ ဒါဘာလုပ်တာလဲ? ဇီဝိတပရိစ္စာဂ အသက်ကိုစွန့်တာ။ စွန့်လွှတ်ခြင်း renounce။ မစွန့်လွှတ်နိုင်ရင် ဘယ်တော့မှ ထိပ်တန်း မရောက်ဘူး။ အဲလို စွန့်လွှတ်ချင်တဲ့ စိတ်ဓာတ်မျိုးရှိဖို့လည်း လိုပေလိမ့်မယ်။ စွန့်လွှတ်ခြင်းဟာ လွတ်မြောက်ခြင်းရဲ့ လမ်းစပဲလို့ ဒီလိုလည်း ခေါ်နိုင်တယ်။ စာဂေါ ပရိနိဿဂ္ဂေါ မုတ္တိ-ဆိုတဲ့ စာကို ကြည့်ပြီးပြောတာ။ အဲဒါကြောင့် အားလုံး ဘုရားလောင်းစိတ်ဓာတ် မွေးကြ။ ဘုရားလောင်းစိတ်ဓာတ် မွေးဆိုတော့ တဆက်တည်း . . . ဘုန်းကြီးက ဘုရားလောင်းကျင့်စဉ် ဆိုတာ လေးကို နဲနဲဆက်လက်ပြီးတော့ ပြောပြ ချင်သေးတယ်။

ဘာပြောမလဲဆိုတော့ ဘုရားလောင်းရဲ့ ကျင့်စဉ်က (၁၀)ခု ရှိတယ်။ ပါရမီ (၁၀)ပါး။ ပထမပါရမီက  ဒါန။ ဒါန-ဆိုတာကို ဘယ်လို နားလည်လဲ?။ လှူတယ်လို့ ဒီလို နားလည်မယ်နော်။ လှူတာလည်း ဒါနမှန်တယ်။ အဲဒီ ဒါနထဲမှာ ပေးတာကိုလည်း ဒါနအနေနဲ့ထည့်ပါ။ နဲနဲလေး နဲနဲလေး ကွာတာကို ကိုယ့်ဟာကို နှလုံးသွင်းယူပါ။ Share-ဝေပေးတာ၊ ဝေငှတာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ စွန့်လွှတ်တာကိုလည်း ဒါနပါရမီထဲ ထည့်ပါ။ လှူတယ်၊ ပေးတယ်၊ ရှယ်ယာတယ်၊ ဝေငှတာကိုလည်း ဒါနထဲထည့်ပါ။

ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ် (United Nation Organization)က "ဗုဒ္ဓနေ့" အခမ်းနားကျင်းပတယ်။ (၁၆)နိုင်ငံက ကိုယ်စားလှယ်တွေကို စကားပြောဖို့ ဖိတ်တယ်။ (၁၄)နိုင်ငံက သံအမတ်တွေ ပြောတယ်၊ ဗမာနဲ့ မွန်ဂိုလီးယား နှစ်နိုင်ငံပဲ ဘုန်းကြီး တက်ပြောတယ်။ Dana means giving up of our position။ ဘာလုပ်တာလဲ?။ မိမိတို့ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်တာ။ Sharing our power with others။ မိမိတို့ရဲ့ Power-တွေကို ဘာလုပ်တာလဲ? သူတပါးတို့နဲ့ ဝေငှတာ။ Now-a-day craving for power influence and wealth, အဲဒါတွေကို သိပ်ပြီး crave-ဖြစ်နေလို့ရှိရင်၊ is the main cause for war and tension။ သိပ်ပြီးတော့ position-ကို အရမ်းမက်မောနေကြလို့ရှိရင် ဘာဖြစ်လဲ?။ Tension-နဲ့ စစ်အတွက် အဓိကအကြောင်းကြီး ဖြစ်နေတတ်တယ်။ ဗိမ္ဗိသာရမင်းကြီး အသတ်ခံရတာ၊ နောက်ပြီးတော့ ကောသလတိုင်းက ကောသလ ဘုရင်ကြီး နန်းလုခံရတာ၊ အဇာတသတ်က အဖေကို သတ်ပြီးတော့ နန်းလုတယ်။ ကောသလတိုင်းမှာ ကောသလဘုရင်ကို နန်းချပြီးတော့ ၀ိဋဋူဘက နန်းလုတယ်၊ Power sharing-မလုပ်လို့။ ဝေသာလီကျတော့ လိစ္ဆ၀ီမင်းတွေက "ဝေသာလိယာ လိစ္ဆ၀ီရာဇာနော ၀ါရေန ရဇ္ဇံ ကာရေသုံ"-ဆိုပြီးတော့ ဘုရင်ကို လေးနှစ် တစ်ကြိမ်, လေးနှစ် တစ်ကြိမ် ပါလီမန်လွှတ်တော်ထဲကနေ ရွေးပြီးတော့ ဘုရင်ကို တင်မြှောက်သွားတာကို တွေ့ရတယ်။ ဝေသာလီမှာ ရာဇဂြိုလ်ရဲ့ ဖြစ်ရပ်မျိုး ကောသလတိုင်းမှာ တခါမှ မဖြစ်ခဲ့ဘူး။
အဲဒါကြောင့် ဒါနဆိုတဲ့ သဘောသည် ပစ္စည်းဥစ္စာကို လှူတာလောက် တခုတည်း မဟုတ်ပဲနဲ့ ဝေတာကော ယူရမယ်။ ကိုယ်က Billion-အထိ ချမ်းသာနေတယ် ကိုယ့်အိမ်ရှေ့မှာ သူတောင်းစားတွေ့ရင် နဲနဲတော့ ဝေပေးပါ။ ကိုယ်က ဘီလျံ (Billion)၊ မီလျံ(Million) လောက် ချမ်းသာနေမယ် ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ ဆေးမကုနိုင်တဲ့ ပုဂ္ဂိုလ်တွေ တွေ့ရင် ဆေးလေးတွေ၊ ပညာရေးလေးတွေ ဝေပေးပါ။ Sharing our positions with the poor people။ Poverty ကမ္ဘာကြီးက အများကြီး poor-ဖြစ်နေကြတယ်၊ poverty-ဖြစ်ကြတဲ့ ပုဂ္ဂိုလ်တွေများနေကြတယ်။ The possessor-တွေက ဘာလုပ်ကြမလဲ? ဝေနိုင်မှ tension-မှုတွေ လျော့ပြီးတော့၊ the world fighting, conflicting-တွေလည်း လျော့သွားမယ်။
ဒါနပါရမီဟာ အလွန်ကျယ်ပြန့်ပါတယ်။ နာနာ ပေးနိုင်ရင် အရာရာကို အောင်မြင်တယ်။
ဒါနံ သဗ္ဗတ္ထ သာဓကံ-ဟောထားတာ ရှိပါတယ်။ Learning the beauty of giving- ပေးကမ်းစွန့်ကြဲခြင်းနဲ့ ပတ်သက်တဲ့ အလှအပလေးတွေကို သင်ယူကြပါ။
We should pity on millions of people who are living under poverty-line- ဆင်းရဲ မွဲတေနေကြတဲ့ လူတွေကို များများကြီးကြည့်ပြီးတော့ မီလျံနာတွေ၊ ဘီလျံနာတွေက ဝေငှနိုင်တဲ့ စိတ်ဓာတ်တွေ မွေးကြပါ။
And suffering from diseases and ignorance- အ၀ိဇ္ဇာကြောင့် ရလာတဲ့ mental disease၊ ရောဂါအမျိုးမျိုးကြောင့် ရလာတဲ့ physical disease၊ အဲဒီ disease- (၂)မျိုးကို ခံနေရတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပြီးတော့ သနားပြီးတော့ များများကြီး ဝေတဲ့အလုပ် ဒါနပါရမီကို ဖြည့်ကြပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ

Dhamma Web မှကူးယူပူဇော်ပါသည်ခင်ဗျာ ..

ညီရိုးမြေ
Nyi Yoe Myay
( သီတဂူဆရာတော်ဘုရားကြီး ဟောကြားတော် မူသော ခေါင်းဆောင်တို့ကျင့်စဉ် တရားတော်မှ ပါရမီ ဆယ်ပါးအား ထုတ်နုတ်ပူဇော်ခြင်ီး

No comments:

Post a Comment