Saturday, June 13, 2015

ဘုရားအား ရွှေချခြင်း

့ဘုရားအား ရွှေချခြင်းနှင့် ပတ်သက်၍ နမ္မားဆရာတော်ကြီး၏ သြ၀ါဒတော်

များသောအားဖြင့် သတ္တ၀ါတွေထားကြတဲ့ စေတနာဟာ ဉာဏ်မယှဉ်ဘဲ ထုံးစံအရထားကြတဲ့ စေတနာက များတယ်၊ ထုံးစံအရသာ များပုံကို ပြောပါဦးမယ်၊ မောင်စိန် မန္တလေးကို ရောက်ဖူးသလား”

ရောက်ဖူးရုံ ဘယ်ကမလဲ၊ မဟာမြတ်မုနိဘုရားမှာတောင် ရွှေချခဲ့သေးတယ် ဘုရား”

အဲဒီ စေတနာဟာ ဉာဏ်မယှဉ်တဲ့ စေတနာပေါ့ကွဲ့ မောင်စိန်ရဲ့”

အမိန့်ရှိပါဦး ဘုရား”

ရုပ်ပွားဆင်းတုဆိုတာ (၃၂)ပါးသော လက္ခဏာတော်ကြီးကို ရုပ်လုံးဖော်ပြီး
လှနိုင်သမျှ လှအောင် လုပ်ရတာမျိုးကွဲ၊
ရွှေမရှိတဲ့ ရုပ်ပွားဆင်းတုကို တင့်တယ်အောင် ရွှေချတာကိုသာ ချီးမွမ်းစရာရှိတယ်၊

ယခု မဟာမြတ်မုနိ ရုပ်ပွားဆင်းတုတော်ကြီးမှာ မင်းတို့လို အမိုက်တွေက ၀ိုင်းအုံပြီး
အရုပ် မဆိုး-ဆိုးအောင် လုပ်ကြတာနဲ့ ရုပ်ပွားတော်ကြီးဟာ ဘယ်မှာ တင့်တယ်တော့လို့လဲ၊
လက်ချောင်းတွေဆိုတာ ဘုရားလက်နှင့် တူဖို့ ဝေးစွ၊
တောင်သူလယ်သမားကြီးတွေရဲ့ လက်လောက်တောင် မလှဘူး၊
ဒူးကြီးကလည်း ဖောတဲ့လူရဲ့ ဒူးကြီးနှင့်သာ တူနေပါပေါ့ကလား၊
ကိုယ်လုံးကလည်း ငါးကြင်း ကြေကွက်တွေထနေတဲ့အပြင်၊ အခုတွေ အဖိန့်တွေ ထနေပြီ။

မျက်နှာကလွဲရင် ဘယ်နေရာကြည့်၍ ကြည်ညိုစရာ မရှိသည့်အပြင်
ကြောက်စရာကြီး ဖြစ်နေပါပေါ့လား မောင်စိန်ရဲ့”

ဒါလည်း ဘုရားလူကြီးတွေက ခွင့်ပေးတာကိုး ဘုရား”

ဘုရားလူကြီး ဖြစ်တိုင်းလည်း ဉာဏ်ရှိတာ မဟုတ်ဘူးကွယ့်၊
မဲပေးတဲ့ သူတွေက ဉာဏ်ရှိသူများမှ ပညာရှိသော ဘုရားလူကြီးကို ရမှာ၊
မဲဆန္ဒရှင်တွေကလည်း အမိုက်သားများတယ်၊
အဲဒီ အမိုက်တွေကို သင့်မြတ်အောင်ပေါင်းနိုင်မှ မဲနိုင်တာဆိုတော့
အမိုက်ကြီးတွေကသာ မဲနိုင်တတ်တယ်၊
သို့သော် မဲနိုင်တိုင်းလည်း အမိုက်တော့ မဟုတ်ပါဘူး၊
များသောအားဖြင့် ပြောရတာသာဖြစ်ပါတယ်၊
ရွှေတိဂုံဘုရားလူကြီးတွေကတော့ ချီးမွမ်းစရာပါပဲ၊
ဘာကြောင့်လဲဆိုတော့ ရွှေကိုထင်သလို ချခွင့်မပေးဘူး၊
ရွှေဆိုင်းတွေကိုသာ လက်ခံပြီး ရွှေပြားခက်ပြီး စေတီမှာ ကပ်ထားလေတော့
သိပ်ပြီး ကြည်ညိုစရာကောင်းတာပဲ မောင်စိန်ရဲ့”

မှန်ပါ၊ ကောင်းတာကို ချီးမွမ်းပြီး မကောင်းတာကို ကဲ့ရဲ့တာဟာ တရားပါတယ် ဘုရား”

အိုးထိန်းသည်ဟာ အိုးကိုရိုက်တာ လှအောင်ရိုက်တာလား၊ ကွဲအောင် ရိုက်တာလား”

လှအောင်ရိုက်တာပါ ဘုရား”

အေး ... ဆရာကလည်း ကဲ့ရဲ့ပေမယ့် ဉာဏ်ရှိစေချင်တဲ့ စေတနာနဲ့ လှအောင်ရိုက်ပေးတာပဲ၊

အကျိုးပေးတာက မိမိ စေတနာကသာ မိမိကိုပြန်ပေးတာပဲ၊
ရုပ်ပွားဆိုတာ အာရုံပြုဖို့သာဖြစ်တယ်၊ ရုပ်ပွားဆင်းတုကို မြင်သောအခါ တစ်ထောင့် ငါးရာ ကိလေသာတွေကို ဆရာမရှိ ကိုယ်တိုင်သိသော ဉာဏ်ဖြင့် တစ်ခုမကျန် အကုန်သတ်လျက် ကိလေသာဘေးမှ အအေးကြီးအေးတော်မူသော မြတ်သည် ဤပုံသဏ္ဍာန်ပါကလားလို့
အရဟံ ဂုဏ်တော်ကြီးကို ကြည်ညိုစိတ်တွေ ဖြစ်လိုက် ရင်
ခန္ဓာကိုယ်မှာ အလွန်အေးမြသော စေတနာမျိုးစေ့တွေ တဖွားဖွား ဖြစ်လာတယ်၊
အဲဒီစေတနာမျိုးစေ့တွေက ကောင်းကျိုးတွေကို တစ်ခုပြီး တစ်ခု ဖြစ်စေတာကွဲ့ မောင်စိန်ရဲ့”

မှန်ပါဘုရား”

နမ္မားဆရာတော်ကြီး

(နိဗ္ဗာန်ကိုသွား ဉာဏ်ရထား - ၆၂)

-
မေတ္တာရှင် (ရွှေပြည်သာ)
ဆရာကောင်းကို ရှာဖွေခြင်း - မှ ကောက်နုတ်ရေးသားပါသည်။

No comments:

Post a Comment