Saturday, April 19, 2014

ဂုဏ်တော်ကောင်းကင်ကြီးတွင် ပျံသန်းလွင့်မျောခြင်း

ဂုဏ်တော်ကောင်းကင်ကြီးတွင် ပျံသန်းလွင့်မျောခြင်း

စိတ်အားဖြည့် ဂုဏ်တော်သံစဉ်


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
ဘုရားရှင်ဟာ စိတ်ပူခြင်းကင်းသူ၊ စိတ်ညစ်ခြင်းကင်းသူ၊ စိတ်ရှုပ်ခြင်းကင်းသူပါ။
ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ အရှင်မြတ်များလည်း ကိလေသာလုံးဝ ကင်းစင်ကြပေမယ့်
ဝါသနာအထုံ အငွေ့အသက်ကိုတော့ မပယ်နိုင်ကြပါဘူး။
ဘုရားရှင်သာလျှင် အငွေ့အသက်ပါမကျန် ကိလေသာကင်းစင်တော်မူပါတယ်။

မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
ဘုရားမဖြစ်ခင် ဒုက္ကရစရိယာ(၆)နှစ်ကျင့်စဉ်ကတည်းက
မကောင်းမှုကို စိတ်နဲ့တောင် ပြုတော်မမူပါဘူး။
ပါရမီဖြည့်ကျင့်စဉ်မှာလည်း မကောင်းမှုကို ရှောင်ကြဉ်ခဲ့ပါတယ်။
မကောင်းမှုကို မပြုခြင်းဟာ
ကောင်းကျိုးချမ်းသာရရှိခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။

စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား
ပူဇော်ခြင်းကို ခံထိုက်သူအားလုံးထဲမှာ ဘုရားရှင်ဟာ
အထူးမြတ်ဆုံး၊ အထူးခြားဆုံး၊ အထူးချွန်ဆုံးပါပဲ။
ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့
ဥာဏ်တော်၊ တန်ခိုးတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ဟာလည်း
မရေတွက်နိုင်အောင် ကြီးမားများပြားထူးခြားလှပါတယ်။



ပူဇော်အထူးကို ခံယူတော်မူထိုက်သောဥာဏ်တော်
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ဟာ တစ်လောကလုံးမှာ ဥာဏ်ပညာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်
လောကရဲ့အကျိုးစီးပွားကို
ဘယ်လူ၊ ဘယ်နတ်၊ ဘယ်တန်ခိုးရှင်ကမှ မနှိုင်းယှဉ်နိုင်အောင်
အဆုံးစွန်အထိ သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်။


အသိ/အကျင့်ဘက်စုံမြင့်---
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား
တစ်ချို့က သိတော့သိတယ်၊ မကျင့်ဘူး။
တစ်ချို့က ကျင့်တော့ကျင့်တယ်၊ မသိဘူး။
ဘုရားရှင်က အသိ/အကျင့် ဘက်စုံမြင့်သူပါ။
အတုမရှိသောအသိဥာဏ်ပညာ၊
 အတုမရှိသော အကျင့်တရားကောင်းတို့နဲ့
ပြည့်စုံတော်မူပါတယ်။

အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ရဲ့စကားတော်ဟာ
တစ်ခွန်းဆိုတစ်ခွန်း
ငြိမ်းအေးချမ်းသာခြင်းကို ဖြစ်ပေါ်စေတော်မူနိုင်ပါတယ်။
ဘုရားရှင်ရဲ့စကားတော်တွေဟာ
လိုက်နာကျင့်သုံးဖွယ်ရာ၊ ကိုးကွယ်ဆည်းကပ်ဖွယ်ရာ တရားတော်အဖြစ်
ဘုရားရှင်ရဲ့ကိုယ်စား ကျန်ရစ်ခဲ့ပါတယ်။

လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ။
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား
သတ္တ၀ါများအကြောင်း (သတ္တလောက)၊
သတ္တပါတွေနေထိုင်ရာ ဘုံဌာနများ (သြကာသလောက)၊
အမြဲတမ်းဖြစ်ပျက်နေတဲ့ ရုပ်/နာမ်ပရမတ် (သင်္ခါရလောက) ဆိုတဲ့
လောကသုံးပါးလုံးကို
ဘုရားရှင်က အကုန်အစင် သိမြင်တော်မူပါတယ်။
အဲဒါကြောင့် လောကကို လမ်းညွှန်ကယ်တင်နိုင်ခဲ့တာပေါ့။

လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်---
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား
စံပြပုဂ္ဂိုလ်ဆိုတာ
စိတ်ဓါတ်စင်ကြယ်သူ၊
ဥာဏ်ပညာကြီးများသူ၊
အများအကျိုးသယ်ပိုးသူ ပါ။
ဘုရားရှင်ဆိုတဲ့ အနှိုင့်မဲ့စံပြပုဂ္ဂိုလ်ကို
ကြည်ညိုမြတ်နိုးတဲ့အတွက်
ကောင်းမှုပြုလို့ ကောင်းကျိုးခံစားရသူတွေကတော့
အင်္သေချေ၊ အနန္တပါပဲ။

သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်--- ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ။
ပုရိသဓမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား
ဘုရားရှင်ဟာ ဆုံးမထိုက်သူတို့ကို
ဆုံးမသင့် ဆုံးမထိုက်တဲ့ အခြေအနေ၊ အချိန်အခါမှာ
အလိုက်ဖက်ဆုံးသြ၀ါဒတော်နဲ့ပဲ ဆုံးမတော်မူပါတယ်။
ဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒကို ခံယူရသူတွေကတော့
ကောင်းကျိုးချမ်းသာတွေ
အလျှံအပယ် ရရှိသွားကြပါတယ်။

ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ။
သတ္တာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား
ဘုရားရှင်ဟာ နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့ကို
လမ်းကောင်း၊ လမ်းမှန်ပေါ်ရောက်အောင်
တိကျသေချာစွာ ညွှန်ပြပေးတော်မူပါတယ်။
ဘုရားရှင်ညွှန်ပြတဲ့လမ်းပေါ်မှာ လျှောက်လှမ်းရင်
လူချမ်းသာ၊ နတ်ချမ်းသာတို့အပြင်
အနှိုင်းမဲ့ချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုတောင် ရောက်နိုင်ပါတယ်။




ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူသော မြတ်စွာဘုရား
ရုပ်၊ နာမ် ခန္ဓာဟာ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)၊
တဏှာ/ကိလေသာဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
နိဗ္ဗာန်ဟာ ဆင်းရဲအားလုံး ချုပ်ဆုံးရာအမှန် (နိရောဓသစ္စာ)
မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားရာ အကျင့်လမ်းအမှန် (မဂ္ဂသစ္စာ) ဆိုတဲ့
သစ္စာလေးပါးမြတ်တရားကို
ဘုရားရှင်ဟာ ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူပါတယ်။

သစ္စာသိရင် ကိလေသာစင်/နိဗ္ဗာန်ဝင်---
မြတ်စွာဘုရားရှင်ဟာ ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူပါတယ်။


ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်ဟာ ကျွတ်သင့်ကျွတ်ထိုက်တဲ့ သတ္တ၀ါဝေနေယျတို့ကို
ကိလေသာအပူအလောင်တွေ ငြိမ်းအေးအောင်
တရားရေအေး တိုက်ကျွေးတော်မူပါတယ်။
ကိလေသာရောဂါတွေ ပျောက်ကင်းချမ်းသာအောင်
တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
စိတ်အေးချမ်းအောင်၊ စိတ်ကြည်လင်အောင်၊ စိတ်ရွင်လန်းအောင်
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။

တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။
မွေးခြင်း/အိုခြင်း/ နာခြင်း/သေခြင်း သံသရာစက်ဝန်းမှ လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား



နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်---
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား
ဘုရားရှင်ရဲ့ဂုဏ်တော်အားလုံးဟာ
ပြောသမျှအဟုတ်၊
လုပ်သမျှအမှန်၊
ကြံသမျှအကောင်းချည်းပါပဲ။
ဘုရားရှင်ဟာ တစ်လောကလုံးမှာ
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါ။
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို သတိရနေသူမှာ
အမြင့်မြတ်ဆုံးဓါတ်တွေ ကူးစက်နေပြီး
အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်တွေ တိုးပွားနေကြပါတယ်။

မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ--
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်ဟာ ပရဟိတစိတ်ဓါတ်အရှိဆုံး မေတ္တာ၊ ကရုဏာရှင်ပါ။
လက်တကမ်းမှာရှိတဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုစွန့်ပြီး
ကမ္ဘာပေါင်း လေးအသင်္ချေနဲ့တစ်သိန်း ကာလပတ်လုံး
ပရဟိတစိတ်ဓါတ်နဲ့ ပါရမီဖြည့်ခဲ့ပါတယ်။
ဘုရားဖြစ်တော့လည်း ပရဟိတစိတ်ဓါတ်နဲ့ပဲ
လောကအကျိုးစီးပွားအတွက် စွမ်းစွမ်တမံဆောင်ရွက်တော်မူပါတယ်။
ပရဟိတစိတ်ဓါတ်ဟာ  သူတော်ကောင်းစိတ်ဓါတ်၊ မြင့်မြတ်သူတို့ရဲ့စိတ်ဓါတ်၊
ဘုရားရှင်ရဲ့စိတ်ဓါတ်ပါပဲ။


မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ--
ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား
စိတ်ကိုထိန်းသိမ်းဆုံးမနိုင်ရင် ဘ၀ချမ်းသာပါတယ်။
အပြင်လူတစ်သန်းကို အောင်မြင်ရခြင်းထက်
အတွင်းကိလေသာစိတ်ပုပ်၊ စိတ်ယုတ်ကို အောင်မြင်ရခြင်းက
အဆပေါင်းများစွာသာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင်
ဆောင်ရွက်တော်မူနိုင်တဲ့ ဘုရားရှင်ကတော့
မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရသူပါပဲ။

မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ
တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံစေနိုင်
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
နိဗ္ဗာန်နဲ့ မပြည့်စုံသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက်
နိဗ္ဗာန်နဲ့ပြည့်စုံသူရဲ့ တစ်ခဏတာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ သာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံ
သူတပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်
ဆောင်ရွက်တော်မူတဲ့ ဘုရားရှင်ဆိုရင်
ဘယ်လောက်များ မြင့်မြတ်လိုက်မလဲ။

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမား
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ဘုရားရှင်ဟာ
လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာ
အနှိုင်းမဲ့ရတနာပါပဲ။



လောကအကျိုးဆောင်ရွက်လေလေ ကျက်သရေရှိလေလေ---
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
ဘုရားရှင်ဟာ ပြည့်စုံတော်မူပါတယ်။

ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ဆန္ဒတော်---
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြန်စွာဘုရား
ဘုရားရှင်မှာ သတ္တ၀ါဝေနေယျတို့ကို
သံသရာဝဋ်ဆင်းရဲထဲက ကယ်ဆယ်ချင်တဲ့
ကောင်းမွန်မြင့်မြတ်တဲ့ ဆန္ဒတော်ပဲရှိပါတယ်။
အခက်တကာ့ အခက်ခဲဆုံးဖြစ်တဲ့ ဆန္ဒတော်ကြီး ပြည့်ဝတော်မူခဲ့ပါတယ်။

လုံ့လ၀ီရိယကြီးမားမှ ဆန္ဒပြည့်ဝ---
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား
ဘုရားအလောင်းတော်မြတ်ဟာ
ကမ္ဘာပေါင်း လေးအင်္သချေနှင့်တစ်သိန်းကာလပတ်လုံး
ပါရမီဖြည့်စဉ်မှာ အခက်အခဲအမျိုးမျိုး၊ ဆင်းရဲဒုက္ခအဖုံဖုံနဲ့
တွေ့ကြုံရပေမယ့် နောက်မဆုတ်ခဲ့ပါဘူး။
ဖြစ်သမျှအခြေအနေကို ရဲရင့်စွာရင်ဆိုင်ပြီး
အကောင်းမြတ်ဆုံး ကျင့်သုံးခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက်မှာလည်း
လောကအကျိုးစီးပွားအတွက်
ရဲရဲရင့်ရင့် မနားမနေ ဆောင်ရွက်တော်မူခဲ့ပါတယ်။

လုံ့လ၀ီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့--
ဘဂ၀ါ -  ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

အခက်အခဲအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား၊
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )
ဘေးရန်အန္တရာယ်အားလုံးကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )



လိုတရနှလုံးသား

မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော
ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ
ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
ဂုဏ်တော်နဲ့ထုံမွှမ်းထားတဲ့နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
စာသံပေသံနဲ့ပြောရင်တော့ “ ဗုဒ္ဓါနုဿတိနှလုံးသား ” ဟာ
လိုတရနုလုံးသား ဖြစ်ပါတယ်။

အနှိုင်းမဲ့ဘာဝနာ

ကိုယ့်စိတ်ဓါတ်နဲ့ကိုယ့်လုပ်ရပ်ကို
အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို
အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။


နှလုံးသားဝယ် ဘုရားတည်

ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာတည်လိုက်တဲ့ဘုရားဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပကတန်ခိုးကြီးဘုရားတွေကို ဖူးမြော်တာဟာ အဲဒီဘုရားတွေကိုအာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက်ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာအားကိုးရလောက်အောင် နှလုံးသားထဲကဘုရားက တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ်အထပ်ထပ်ပွားမှ တန်ခိုးကြီးလာတာပါ။



ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)        လိုတရနှလုံးသား/နှလုံးသားမိတ္တူ/အနှိုင်းမဲ့ဘာဝနာ
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)        အနှိုင်းမဲ့ရနံ့
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)        နိုးနှစ်လုံးဖိုးလုံးကျေပါတယ်
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)        ဘ၀အဓိဋ္ဌာန်
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)        နံ့သာဖြင့် ထုံမွှမ်းအပ်သော
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)        စိတ်အားဖြည့်ဓမ္မသံစဉ်

ရွှေပါရမီဘုန်းဘုန်းအရှင်ဆန္ဒာဓိက အား ပူဇော်သောအားဖြင့်

အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း)မှ ပူဇော်ပါသည်။


နှလုံးသားပိုလှပလေ အပြုံးပွားလိုတရလေ

“ မကောင်မှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို ဖြူအောင်ထား ” လို့
မြတ်စွာဘုရားရှင် မိန့်ကြားခဲ့ပါတယ်။
ကိုယ်ပြုတဲ့ကံကို ကိုယ်ပဲ ပြန်ခံစားရမှာပါ။
သတ္တ၀ါအားလုံးဟာ ကောင်းတဲ့ကံတွေကို ပြုလုပ်နိုင်ကြပါစေ။
စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားနိုင်ကြပါစေ။
ကုသိုလ်ဖြစ်အောင် တွေးနိုင်ကြပါစေ။
ဘုရားရှင်အား သတိရခြင်းဖြင့်
စိတ်ထားလှပ၊ ဘ၀လှပကြပါစေ။

No comments:

Post a Comment