Friday, April 11, 2014

ရတနာနုလုံးသား (ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း)

ရတနာနုလုံးသား

ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း


အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်စွာဘုရား

စိတ်အပူအလောင်တွေကင်းစင်တဲ့အတွက် စိတ်အေးချမ်း၊ ရုပ်လည်းအေးချမ်းပါတယ်။
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်စွာဘုရား

စိတ်အညစ်အကြေးတွေကင်းစင်တဲ့အတွက် စိတ်ကြည်လင်၊ ရုပ်လည်းကြည်လင်ပါတယ်။
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်စွာဘုရား

စိတ်အအရှုပ်အထွေးတွေကင်းစင်တဲ့အတွက် စိတ်ရွှင်လန်း၊ ရုပ်လည်ရွှင်လန်းပါတယ်။
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်စွာဘုရား

မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား



ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဉာဏ်တော်---
 ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား



အသိ/အကျင့်ဘက်စုံမြင့်---
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား

အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်။
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား

လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ။
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား

လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်---
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား
သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်---
ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ။
ပုရိသဓမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား

ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ။
သတ္တာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား


သစ္စာသိအောင်ညွှန်ပြတော်မူ---
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသောမြတ်စွာဘုရား။

သစ္စာသိရင် ကိလေသာစင်/နိဗ္ဗာန်ဝင်---
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။

တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး---- ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။
မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား

နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်---
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား

မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ--
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။



မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ--
ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား

မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ
တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်ဆောင်ရွက်နိုင်
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ်။
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။

လောကအကျိုး ဆောင်ရွက်နိုင်လေလေ ကျက်သရေရှိလေလေ---
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား

ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ဆန္ဒတော်---
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြန်စွာဘုရား

လုံ့လ၀ီရိယကြီးမားမှ ဆန္ဒပြည့်ဝ---
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြန်စွာဘုရား


လုံ့လ၀ီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့--
ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်
ပြည့်စုံတော်မူသော မြန်စွာဘုရား

အခက်အခဲအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား၊
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )
ဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား )

ကိုးကား----

ရွှေပါရမီဘုန်းဘုန်းအရှင်ဆန္ဒာဓိက ရေသားပြုစုသော    လိုတရနှလုံးသား၊နှလုံးသာမိတ္တူ၊ အနှိုင်းမဲ့ဘာဝနာ၊ အနှိုင်းမဲ့ရနံ့၊ နိုးနှစ်လုံးဖိုးလုံးကျေပါတယ်၊ ဘ၀အဓိဋ္ဌာန်၊     နံ့သာဖြင့် ထုံမွှမ်းအပ်သော၊ စိတ်အားဖြည့်ဓမ္မသံစဉ် ---- စသော စာအုပ်များထဲမှ အဓိက ပါဝင်ပါသည်။ (အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း)မှ ပူဇော်ပါသည်။)

 


No comments:

Post a Comment