Saturday, April 19, 2014

လိုတရနှလုံးသား


မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော
ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ
ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
ဂုဏ်တော်နဲ့ထုံမွှမ်းထားတဲ့နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
စာသံပေသံနဲ့ပြောရင်တော့ “ ဗုဒ္ဓါနုဿတိနှလုံးသား ” ဟာ
လိုတရနုလုံးသား ဖြစ်ပါတယ်။

အနှိုင်းမဲ့ဘာဝနာ

ကိုယ့်စိတ်ဓါတ်နဲ့ကိုယ့်လုပ်ရပ်ကို
အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို
အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။

အကောင်းမှီရင် အမှီကောင်းတယ်

ဂုဏ်တော်အမြဲပွားသူရဲ့စိတ်ဟာ
ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ဓါတ်တွေ အမြဲအရှိန်ဟပ်နေတဲ့အတွက်
ရတနာတုံး၊ ရတနာခဲကြီးနဲ့ တူနေပါတယ်။
“ ရတနာရှိရာ ရတနာလာ ” မြဲထုံးစံအတိုင်း
ဂုဏ်တော်အမြဲပွားနေသူရဲ့ထံမှောက်ကို
ကောင်းကျိုးမျိုးစုံဆိုက်ရောက်လာမှာ အသေအချာမို့
မြတ်စွာဘုရားရှင်က “ ဂုဏ်တော်ပွားရင် လိုတရနိုင်တယ် ” လို့
စကားကုန် မိန့်ကြားတော်မူခဲ့ပါတယ်။

ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးမယ်

ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ၊ ကိုယ့်နုလုံးသားထဲမှာ စိမ့်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စံပယ်ပန်းရနံ့ လက်မှာကူးစက်သင့်ပျံ့လာသလို
မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲအမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။
မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို
ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင်အစစ်ပါပဲ။

နှလုံးသားဝယ် ဘုရားတည်

ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာတည်လိုက်တဲ့ဘုရားဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပကတန်ခိုးကြီးဘုရားတွေကို ဖူးမြော်တာဟာ အဲဒီဘုရားတွေကိုအာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက်ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာအားကိုးရလောက်အောင် နှလုံးသားထဲကဘုရားက တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ်အထပ်ထပ်ပွားမှ တန်ခိုးကြီးလာတာပါ။



ဂုဏ်တော်ဟာ ဘ၀လမ်းညွှန်

“ စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်။ ” ဆိုတာကို
လုံးဝမမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်လုပ်ရပ်ကို အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင်
ပြုပြင်ဖန်တီးတည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
စိတ်ဓါတ်နဲ့လုပ်ရပ်ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့
အန္တရာယ်ကင်း၊ လာဘ်ရွှင်စတဲ့ ဘေးထွက်အကျိုးတွေကကို
တမင်တောင့်တနေစရာမလိုတော့ပါဘူး။
မလိုချင်အဆုံး ရမှာပါ။

မြင့်မြတ်သူတိုင်း၊ မြင့်မြတ်လိုသူတိုင်း ဖြည့်ကျင့်ရမယ့် ပါရမီတော်ဆယ်ပါး

၁။       စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း       ဒါနပါရမီ
၂။       ကိုယ်၊ နှုတ်လွန်ကျူးမှု စောင့်ထိန်းခြင်း     သီလပါရမီ
၃။       ကာမဂုဏ်အာရုံရှောင်ခွာခြင်း၊ တောထွက်ခြင်း      နေက္ခမ္မပါရမီ
၎။       အတတ်ပညာမျိုးစုံ၊ အသိပညာမျိုးစုံ သိခြင်း၊ သိစေခြင်း     ပညာပါရမီ
၅။       ကုသိုလ်ကိစ္စ၊ အပြစ်မဲ့ကိစ္စတို့ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြိုးပမ်းအားထုတ်ခြင်း ၀ီရိယပါရမီ
၆။       သဘာဝဘေးဒဏ်နှင့် သတ္တ၀ါလုပ်ဘေးဒဏ်တို့ကို သည်းခံခြင်း     ခန္ဓီပါရမီ
၇။       မလိမ်ညာ၊ မလှည့်ပတ်ဘဲ ဖြောင့်မတ်မှန်ကန်စွာ ပြောဆို၊ လုပ်ကိုင်ခြင်း      သစ္စာပါရမီ
၈။       ကုသိုလ်အလုပ်၊ အပြစ်မဲ့အလုပ်တို့ကို ရည်မှန်းချက် မရောက်မချင်း စွဲစွဲမြဲမြဲစိတ်ဇွဲသန် အားမာန်ခိုင်ခန့်စွာ ပြုလုပ်အားထုတ်ခြင်း     အဓိဋ္ဌာန်ပါရမီ
၉။       သတ္တ၀ါအများရဲ့ အကျိုးစီးပွားကို လှိုက်လှဲစွာ လိုလားခြင်း  မေတ္တာပါရမီ
၁၀။     ဆင်းရဲ၊ ချမ်းသာအပေါ်/ ချစ်သူ၊ မုန်းသူအပေါ်/ အကောင်း၊ အဆိုးလောဓံ အပေါ် ချစ်စိတ်၊ မုန်းစိတ်မထားဘဲ တည်တည်တံ့တံ့ ခန့်ခန့်သန့်သန့်နေခြင်း ဥပေက္ခာပါရမီ တို့ပါပဲ။
အလောင်းတော်ဟာ သဗ္ဗညုတဘုရားရှင်ဖြစ်ရန် ပါရမီတော်(၁၀)ပါးကို
စည်းစိမ်ဥစ္စာများစွန့်၍ဖြည့်ကျင့်ခြင်း၊
ခန္ဓာကိုယ်အစိတ်အပိုင်းများကို စွန့်၍ဖြည့်ကျင့်ခြင်း၊
အသက်ကိုစွန့်၍ ဖြည့်ကျင့်ခြင်း တို့ဖြင့် ကမ္ဘာပေါင်းလေးအင်္သေချေနဲ့တစ်သိန်းကာလပတ်လုံး
ဖြည့်ကျင့်တော်မူခဲ့ပြီး လောကအကျိုးစီးပွားအတွက် ဘုရားဖြစ်တော်မူပါတယ်။



ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                လိုတရနှလုံးသား
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                အနှိုင်းမဲ့ရနံ့
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                နိုးနှစ်လုံးဖိုးလုံးကျေပါတယ်
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                ဘ၀အဓိဋ္ဌာန်
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                နံ့သာဖြင့် ထုံမွှမ်းအပ်သော
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)                စိတ်အားဖြည့်ဓမ္မသံစဉ်




နှလုံးသားပိုလှပလေ အပြုံးပွားလိုတရလေ

“ မကောင်မှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို ဖြူအောင်ထား ” လို့
မြတ်စွာဘုရားရှင် မိန့်ကြားခဲ့ပါတယ်။
ကိုယ်ပြုတဲ့ကံကို ကိုယ်ပဲ ပြန်ခံစားရမှာပါ။
သတ္တ၀ါအားလုံးဟာ ကောင်းတဲ့ကံတွေကို ပြုလုပ်နိုင်ကြပါစေ။
စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားနိုင်ကြပါစေ။
ကုသိုလ်ဖြစ်အောင် တွေးနိုင်ကြပါစေ။
ဘုရားရှင်အား သတိရခြင်းဖြင့်
စိတ်ထားလှပ၊ ဘ၀လှပကြပါစေ။



လောကကျက်သရေ

နေမင်းသည် နေ့အခါ၌
ထွန်းလင်းတောက်ပစွာ တင့်တယ်ပါပေ၏။
လမင်းသည် ညခင်း၌
အေးမြရွှန်းလဲ့စွာ တင့်တယ်ပါပေ၏။
ရှင်ဘုရင်သည် မင်းဝတ်တန်ဆာပြည့်စုံစွာဆင်ယင်သောအခါ
ဝံ့ဝံ့ကြွားကြွား တင့်တယ်ပါပေ၏။
ရဟန္တာအရှင်မြတ်သည် ဈာန်သမာပတ်ဝင်စားသောအခါ
ကြီးမြင့်ခံထည် တင့်တယ်ပါပေ၏။
ဗုဒ္ဓဘုရားရှင်သာလျှင် နေ့ရောညပါ အခါခပ်သိမ်း
ပါရမီတော်တန်ခိုးဖြင့် အံ့ချီးလောက်ဖွယ်
လောကအလယ် တင့်တယ်တော်မူပါပေ၏။
 (အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း))

 နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

မဟာဂန္ဓာရုံဆရာတော်ကြီး၏ နမောတဿ အဖွင့်

သော ဘဂ၀ါ- ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန - တစ်ထောင့်ငါးရာ ကိလေသာမာရ် ကိုယ်တွင်းရန်တို့ ၀ါသနာဓလေ့ အထုံငွေ့မျှ မငွေ့မရိပ် ၀င်းဝင်းဖိတ်သို့ ရွှေစိတ်ပျံ့သင်း၊ လွန်သန့်ရှင်း၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော်၊ အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ - အရဟံ ဟူသောဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။


ဆိတ်ကွယ်ရာအရပ်၌ပင် ပါပညစ်စု မကောင်းမှုမှန်သမျှတို့ကို ပြုတော်မမူ၊ ပြောတော်မမူ၊ ကြံတော်မမူ၍ မင်းမင်းပြည်သူ ကြည်ဖြူကော်ရော်၊ အလှူတော်မှန် အပူဇော်ကို ခံယူတော်မူထိုက်သော ဤအကြောင်းကြောင့်လည်း၊ အရဟံ - အရဟံ
ဟူသောဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သော ဘဂ၀ါ- ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန - သဗ္ဗဉ်ဉာဏ်အား စွမ်းပကားဖြင့် များသင်္ခါရ၊ ၀ိကာရနှင့် လက္ခဏ၊ ပညတ်၊ နိဗ္ဗာန်ဓာတ်ဟု ငါးရပ်သိရန် ဉေယျဓမ်ကို ဖောက်ပြန်မရှိ ကိုယ်တော်တိုင်သိ တော်မူသော ဤအကြောင်းကြောင့်လည်း သမ္မာသမ္ဗုဒ္ဓေါ - သမ္မာသမ္ဗုဒ္ဓ ဟူသော
ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

သော ဘဂ၀ါ- ထိုရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန-
၁။ အဏုမြူသဖွယ် ပျောက်ကွယ်သိမ်မွေ့ မမြင်တွေ့အောင် ရုပ်ဆောင်ဖန်ဆင်း နိုင်သော အဏိမာ ဘုန်းတော်၊
၂။ စိတ်၏အလား ကောင်းကင်ဖျား၌ ပေါ့ပါးလျင်မြန် ဈာန်ပျံကြွသွားနိုင်သော လဃိမာဘုန်းတော်၊
၃။ ကိုယ်တော်သဏ္ဌာန် ပုံဟန်တိုင်းငြား မနှိုင်းအားဖို့ ကြီးမားလေအောင် ရုပ်ဆောင်ဖန်ဆင်း နိုင်သော မဟိမာ ဘုန်းတော်၊
၎။ ဆီးတားကွယ်ကာ မရှိပါဘဲ လိုရာတိုင်းပေါက် တစ်ခဏလောက်ဖြင့် ကြွရောက် နိုင်သော ပတ္တိ ဘုန်းတော်၊
၅။ အဆင်းအတန်တန် ပုံသဏ္ဌာန်ကို စီမံဖန်တီး တစ်ခဏတည်းဖြင့် ပြီးစီးနိုင်သော ပါကမ္မ ဘုန်းတော်၊
၆။ ကိုယ်တော်မြတ်၏ စိတ်ဓာတ်တော်မှ စ၍မကြွင်း လူနတ်မင်းကို ပိုင်နင်းအုပ်စိုး လွှမ်းမိုးနိုင်သော ဤသိတာ ဘုန်းတော်၊
၇။ သမာပတ်ဈာန် အဘိညာဏ်ကို ၀င်စံလိုက တစ်ခဏချင်းပိုင် ၀င်စားနိုင်သော ၀သိတာ ဘုန်းတော်၊
၈။ ကိစ္စတစ်ခု ပြုစုတုန်းပင် ပြီးဆုံးချင်သော် ဆောလျင်မသွေ ပြီးဆုံးစေနိုင်သော ယတ္ထကာမာဝသာယိတာ ဘုန်းတော်၊

၁။ (၈)ဖော်အပြား ဤသို့အားဖြင့် ထင်ရှားလေဘိ ဣဿရိယ ဘုန်းတော်။
၂။ ကိလေသာရန် ပယ်ဖျက်လှန်ဖို့ နိဗ္ဗာန်ဖိုလ်မဂ် (၉)ချက်အပြား လောကုတ္တရာတရား
တည်းဟူသော ဓမ္မ ဘုန်းတော်။
၃။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာ၍ ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်စောခြင်းဟူသော ယသ ဘုန်းတော်။
၎။ ရွှေမျက်နှာတော် လက်ခြေတော်မှ စ၍မကြွင်း ပင်လုံးဝင်းသည့် ပန်းမင်းအနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပါယ်တော်မူသော သိရီ ဘုန်းတော်။
၅။ အလိုတော်တိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမ ဘုန်းတော်။
၆။ တစ်လောကလုံး ညွတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တ ဘုန်းတော်။
ဤ(၆)ဖော်ဂုဏ် ဘုန်းတော်ဟုန်နှင့် ပြည့်စုံတော်မူသော ဤအကြောင်းကြောင့်လည်း ဘဂ၀ါ - ဘဂ၀ါ ဟူသော
ဂုဏ်တော်ကြီးဖြင့် အံ့ချီး၍မကုန် ဗြဟ္မာ့ဘုံတိုင်အောင် ပျံ့လှိုင်ကျော်ကြား ထင်ရှားတော်မူပါပေသည်တကား။

ဂုဏ်တော်ပွားရကျိုး

(၁)စေတီအတူ၊ (၂)စိတ်မူတည်ကြည်၊ (၃)ရောက်မည်နတ်ရွာ၊ (၄)သစ္စာသိလွယ်၊ (၅)မြတ်နွယ်အမျိုး၊ (၆)ရိုကျိုးခံရ၊ (၇)ပြည့်ဝအင်္ဂါ၊ (၈)ဆင်းလှစွာနှင့်
(၉-၁၀)ကာယာ-ခံတွင်း ကြိုင်သင်းမွှေးကြူ
(၁၁-၁၅)ကြီးမူပညာ၊ နက်စွာ၊ ထက်၊ ရွှင်၊ လျင်မြန်၊ ဆန်းကြယ်၊
(၁၆)ကောင်းကြွယ်စကား ဆိုနိုင်ငြားသည်။
(၁၇)ရှိခိုးရကျိုး ဆယ့်ခုနှစ်မျိုးတည်း။      




နှလုံးသားဝယ် ဘုရားတည်
ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာတည်လိုက်တဲ့ဘုရားဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပကတန်ခိုးကြီးဘုရားတွေကို ဖူးမြော်တာဟာ အဲဒီဘုရားတွေကိုအာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက်ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာအားကိုးရလောက်အောင် နှလုံးသားထဲကဘုရားက တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ်အထပ်ထပ်ပွားမှ တန်ခိုးကြီးလာတာပါ။

ရွှေပါရမီဘုန်းဘုန်းအရှင်ဆန္ဒာဓိက အား ပူဇော်သောအားဖြင့်

အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ)မှ ပူဇော်ပါသည်။

No comments:

Post a Comment