Saturday, September 3, 2016

လှပချောမောပြီး ချမ်းသာကြွယ်ဝချင်ရင်...

လှပချောမောပြီး ချမ်းသာကြွယ်ဝချင်ရင်...

ဘုရားရှင်လက်ထက်က ထင်ရှားခဲ့တဲ့ မလ္လိကာမိဖုရားဆိုတာဟာ သာမန်အရပ်သူတစ်ယောက်ပဲ၊ နန်းတွင်းသူ တစ်ယောက် မဟုတ်ဘူး၊ သူ့အဖေက ပန်းဥယျာဉ်လုပ်ပြီး ပန်းပင်တွေ စိုက်ပျိုးတယ်။ ခုခေတ်လိုဆိုရင် ပန်းခြံလုပ်ပြီး ပန်းပွင့်ရောင်းတဲ့လူ ဖြစ်ကောင်းဖြစ်မယ်။ ဟိုတုန်းကတော့ ဥယျာဉ်မှူး ဖြစ်ကောင်းဖြစ်မယ်ပေါ့၊ အဲဒီ အမျိုးသမီးလေးက တစ်နေ့တော့ သူ အဆာပြေစားဖို့ ဂျုံနဲ့လုပ်ထားတဲ့မုန့် သုံးယှက်ကို မစားတော့ဘဲ ဘုရားလှူတယ်။
မြတ်စွာဘုရားက အဲဒီမုန့်လေးဘုဉ်းပေးပြီး အဲဒီအမျိုးသမီးကိုကြည့်ရင်း ပြုံးတော်မူလိုက်တော့ ရှင်အာနန္ဒာက မေးတယ်
"အရှင်ဘုရား ဘာဖြစ်လို့တုန်း" ဆိုတော့
"ဒီအမျိုးသမီးလေးဟာတဲ့ မကြာခင်ပဲ ဘုရင်ရဲ့မိဖုရား ဖြစ်လိမ့်မယ်၊"
ဟော- မုန့်လှူတဲ့ကုသိုလ်က အကျိုးပေးလိမ့်မယ်လို့ ဒီလို မြတ်စွာဘုရားက ဟောလိုက်တာနော်။ ပရိုဖက်ဆီ လို့ ခေါ်တာပေါ့၊ ဗျာဒိတ်ပေးတယ်ပေါ့။
တစ်နေ့ကျ သူကလည်း ပန်းခြံကိုအသွား၊ ပသေနဒီကောသလမင်းကြီးကလည်း အဇာတသတ်နဲ့ စစ်တိုက်ရာက ပြေးလာတယ်။ သူတို့နှစ်ယောက်ကလည်း တူအရီး တော်တယ်၊
အဲဒီနေ့တော့ ကောသလမင်းကြီးက ရှုံးလို့ ထွက်ပြေးလာခဲ့ရတာ၊ သူ့နောက်က စစ်သည်ဗိုလ်ပါတွေနဲ့ကွဲပြီး မြင်းစီးကာ ပြေးမိပြေးရာ ပြေးလာတဲ့အခါ မလ္လိကာမိဖုရားဖြစ်မယ့် ကလေးမလေးရဲ့ ပန်းဥယျာဉ်ထဲကို ရောက်လာတယ်၊ ရောက်လာတဲ့အခါ အဲဒီကလေးမလေးက ဘုရင်ကြီးအနီး ရောက်လာတာနဲ့တပြိုင်နက် ဒီမြင်းဇက်ကို လှမ်းဆွဲပြီး ဘုရင်ကြီးကို ဝတ်ကြီးဝတ်ငယ်ပြုတယ်၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ဘုရင်ကြီးကို ကူညီပေးတယ်။ ကောသလမင်းကြီးကလည်း ကြောက်အားလန့်အားနဲ့ သူပြေးလာခဲ့ရတော့ မောမောပန်းပန်းနဲ့ အဲဒီမှာ လုံခြုံစိတ်ချရတော့ ဘုရင်ကြီးက တစ်ရေးတစ်မော အိပ်လိုက်တယ်။
ဒီအမျိုးသမီးလေး ဝတ္တရား ကျေပွန်မှုကို ဘုရင်က သဘောကျလာပြီးတော့ မြင်းပေါ်တင်ခေါ်သွားတယ်၊ ခေါ်သွားပြီး သူ့အိမ်ကို ပို့ပေးတယ်၊ နောက်ရက်ကျတော့ မင်္ဂလာဆောင် အခမ်းအနားလုပ်ပြီး အဲဒီသတိုးသမီးလေးကို မိဖုရားမြှောက်လိုက်တယ်။ မလ္လိကာမိဖုရားလို့ ခေါ်တယ်နော်။
မလ္လိကာမိဖုရားက ဉာဏ်သိပ်ကောင်းတယ်၊ ရုပ်ကတော့ ဆိုးတယ်၊ ဒါပေမယ့်လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ နှုတ်ချိုတယ်၊ ဝတ္တရားကျေပွန်တယ်။ အပြုအစု ကောင်းတယ်ပေါ့။ ဒါကြောင့်မို့ ဘုရင်ကြီးက သူ့ကိုသဘောကျတယ်၊ သဘောကျလို့ မိဖုရားမြှောက်တာ၊
ပါချုပ်ဆရာတော်ကြီး၏
ကံကြမ္မာ၏ ရုပ်ပုံလွှာများ တရားဒေသနာတော်မှ
credit ဒေါ် Hla Hla Win

အမျိုးသမီးလေးမျိုး-
နံပါတ်(၁)က အရုပ်ဆိုးမွဲ အရုပ်ဆိုးတယ် ပစ္စည်းမွဲတယ်။
နံပါတ်(၂)က အရုပ်ဆိုးတယ် ပစ္စည်းချမ်းသာတယ်။
နံပါတ်(၃)က ရုပ်လှတယ် ပစ္စည်းမွဲတယ်၊ ရုပ်လှတယ် မွဲတယ်။
နံပါတ်(၄)က ရုပ်လှတယ် ချမ်းသာတယ်။ ဟော အမျိုးသမီးလေးမျိးရှိတယ်။

အဲဒီလို ကွဲပြားခြားနားနေတာ ဘာကြောင့်တုန်းဘုရား" လို့ မလ္လိကာမိဖုရားကြီးက မြတ်စွာဘုရားကို လျှောက်တယ်။

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဖြေတယ်၊ "အေး လွန်ခဲ့တဲ့ ဘဝတွေတုန်းက နံပါတ်(၁) အမျိုးသမီးဟာ ထစ်ကနဲရှိ ဒေါသထွက်တယ်၊ စိတ်တိုတယ်၊ ဘာလေးပြောပြော မခံနိုင်ဘူး၊ ကက်ကက်လန် ရန်တွေ့တယ်၊ ထစ်ကနဲရှိ ဒေါသဖြစ်တယ်၊ ဒေါသဖြစ်ပြီး အတော်နဲ့လည်း မကျေချင်ဘူး၊ ဆောင့်လို့အောင့်လို့ ဟုတ်လား၊ ရန်ဖြစ်တယ် ဒေါသကြီးတယ်၊ ဟော- အဲဒီလို အမျိုးသမီး အတိတ်ဘဝတုန်းက သူကလုပ်ခဲ့တယ်။ ဘယ်သူ့ကိုမှ ထမင်းခဲဘွယ် စတဲ့လှူစရာတန်းစရာတွေကို ပေးတာကျွေးတာလည်း မလုပ်ခဲ့ဘူးတဲ့၊ သူတစ်ပါးတွေ ကြီးပွားနေလို့ရှိရင်လည်း မနာလိုစိတ်ဖြစ်တယ်တဲ့ (ဘယ်နှစ်တုန်း? (၃)ခုနော်)စိတ်တိုတယ်,
အလှူအတန်း မလုပ်ဘူး,
ဣဿာ ဖြစ်တယ်၊ မနာလိုဖြစ်တယ်၊
အဲဒီ အကုသိုလ်ကံတွေ သူ့သန္တာန်မှာ ဖြစ်ခဲ့သည့်အတွက်ကြောင့် အဲဒီ အကုသိုလ်ကံတွေကို အများကြီး သူ့ရဲ့စိတ်အစဉ်ထဲမှာ စုဆောင်းမိလို့ လူ့ဘဝ ရောက်လာတဲ့အခါ အဲဒီ ကံကြမ္မာပန်းချီဆရာကနေပြီး ရုပ်ပုံခြယ်လိုက်တဲ့အခါမှာ၊ စုတ်နဲ့ဆေးနဲ့ ခြယ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ ရုပ်ပုံက မ,ရုပ်ဆိုးတဲ့။ ဟုတ်လား မ,ရုပ်ဆိုးပုံ ပေါ်လာတယ်။

အို- မွဲလိုက်တာလည်း လွန်ရော ကုန်းကောက်စရာတောင် မရှိဘူး၊ ထဘီကိုက အဖာဖာအထပ်ထပ် အများကြီး ဖာထားတာ ဝတ်နေရတာ၊ ဂုဏ်သရေလည်း မရှိဘူးတဲ့၊ ဟောဒါ နံပါတ်(၁)။ ဒါဟာ ကံကြမ္မာရဲ့ ရုပ်ပုံလွှာပဲနော်၊ ကိုရုပ်ဆိုးတို့လည်း ဒီလိုပဲ ဖြစ်မှာပေါ့နော်၊ ကိုရုပ်ဆိုးတို့လည်း ဒါမျိုးလုပ်ခဲ့ရင်တော့ ကိုရုပ်ဆိုးဖြစ်မှာ သေချာတယ်ပေါ့။

ကဲ-ဒုတိယကတော့ သူက စိတ်တော့ တိုတယ်တဲ့၊ ဒါပေမယ့် ပေးတယ် ကမ်းတယ် လှူတယ် တန်းတယ်၊ စိတ်တော့ အင်မတန်တိုတယ်၊ စိတ်ဆတ်တယ်၊ အဲဒီအမျိုးသမီးက ဖြစ်လေရာ ဖြစ်လေရာ ဘဝမှာ အရုပ်ဆိုး အကျဉ်းတန်တယ်၊ ဒါပေမယ့်လို့ ပစ္စည်းဥစ္စာ ချမ်းသာတယ်တဲ့၊ လူတကာက လေးစားလောက်တဲ့ အရှိန်အဝါရှိတယ်၊
ဟော ဒါ ဒုတိယအမျိုးသမီး။

တတိယ အမျိုးသမီးကတော့ စိတ်မဆိုးတတ်ဘူးတဲ့၊ အရာရာမှာသည်းခံတယ်၊ ပြုံးပြုံးပဲနေတယ်၊ ဒေါသတွေ စိတ်ထဲမှာ မထားဘူးတဲ့၊ အမှတ်မထားဘူး၊ အတော်နဲ့ စိတ်မဆိုးတတ်ဘူး၊ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ နေတတ်တယ်၊ သို့သော် သူက အလှူအတန်းမလုပ်ဘူး၊ ဣဿာ မစ္ဆရိယ ရှိတယ်။ အဲဒီ အမျိုးသမီးဟာ ဖြစ်လေရာဘဝမှာ စိတ်မဆိုးသည့်အတွက်ကြောင့် မ,ချော တော့ဖြစ်ပါရဲ့။ မလှူခဲ့လို့ မ,မွဲဖြစ်နေတယ်။ ဟုတ်ကဲ့လား၊ ဆင်းရဲမွဲတေသူ ဖြစ်နေတယ်။

နောက် စတုတ္ထအမျိုးသမီးကျတော့ သူကစိတ်လည်း မဆိုးတတ်ဘူး၊ အင်မတန်မှ သည်းခံတဲ့စိတ်ရှိတယ်၊ အလှူအတန်း ဝါသနာပါတယ်၊ ဘယ်သူ့ကိုမှ ဣဿာ မနာလိုတဲ့စိတ်တွေ မဖြစ်ဘူးတဲ့၊ အဲဒီ အမျိုးသမီးကတော့ ရုပ်ချော ဥစ္စာပေါဟုတ်လား၊ ဂုဏ်သရေရှိတဲ့ အမျိုးသမီး လာဖြစ်တယ်တဲ့။ ဒါက ကံကြမ္မာက ပေးလိုက်တဲ့ ရုပ်ပုံလွှာတွေပဲ၊ ဒါက ကံပန်းချီဆရာက ဆွဲပေးလိုက်တာ၊ ဘယ် ထာဝရဘုရားကမှ ဖန်ဆင်းပေးတာ မဟုတ်ဘူးတဲ့၊ လိပ်ပြာလေး တစ်ကောင်ရဲ့ အတောင်မှာ ပန်းချီခြယ်ထားတာ စိတ်ကူးထက်တောင်မှ လှသေးတယ်၊ ဘယ်လိုလုပ်ပြီး အသေးစိတ် ဖန်ဆင်းနိုင်မှာတုန်းနော်။

အေး- ကံကြမ္မာတို့ သညာတို့ လူ့စိတ်ရဲ့ အမှတ်သညာတို့ဆိုတာ အင်မတန်မှ ထူးဆန်းတယ်တဲ့၊ စွမ်းအားကြီးမားတဲ့ အရာတွေ ဖြစ်တယ်။ ဒါကြောင့် ကံကြမ္မာက ဖန်တီးထားတဲ့ ရုပ်ပုံလွှာတွေကို လူတိုင်းလူတိုင်းဟာ ရနေကြတာဖြစ်တယ်" လို့ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အဲဒီမေးခွန်းကို ဒီလိုဖြေခဲ့ပါတယ်၊ "မလ္လိကာသုတ်" ဆိုတာ အင်္ဂုတ္တရမှာ ရှိတယ်။

အဲဒီလို ဖြေလိုက်တဲ့အခါ မလ္လိကာမိဖုရားက "အရှင်ဘုရားတဲ့၊ ဒီလိုဆိုလို့ရှိရင် တပည့်တော် ဟိုဘဝတုန်းက ခဏခဏ စိတ်တိုတတ် စိတ်ဆိုးတတ်တဲ့ အမျိုးသမီး ဖြစ်ခဲ့ပါလိမ့်မယ်တဲ့၊ ဒါကြောင့်မို့ တပည့်တော် ဒီဘဝမှာ အရုပ်ဆိုး အကျဉ်းတန်တယ် ဘုရားတဲ့၊ သို့သော်လည်း တပည့်တော် ဟိုဘဝတုန်းက လှူခဲ့တန်းခဲ့လို့၊ သူများအပေါ်မှာ မနာလိုဣဿာတွေ မထားခဲ့သည့်အတွက်ကြောင့် အခုတပည့်တော်ဟာ မိဖုရားဖြစ်ရတယ်၊ သြဇာအာဏာရှိတယ် ဘုရားတဲ့၊ ပစ္စည်းဥစ္စာလည်း ချမ်းသာတယ်"

မလ္လိကာက ရုပ်ဆိုးတယ်၊ ရုပ်ဆိုးပေမယ့်လို့ မိဖုရားဖြစ်ပြီးတော့ သူ့လက်အောက်မှာ အမျိုးသမီးတွေ အများကြီး၊ သူက သြဇာအာဏာလည်း ရှိတယ်၊ အဲဒါကြောင့် သူက သန္နိဋ္ဌာန် ချလိုက်တယ်။ "အရှင်ဘုရား ဒီနေ့ကစပြီး တပည့်တော် စိတ်မဆိုးတော့ပါဘူး" တဲ့။
ဟော- အားလုံး အဲဒီအတိုင်း မလိုက်နာသင့်ဘူးလား။ သိတတ်တဲ့ဘဝမှာ ဒီကနေ့ကနေစပြီးတော့ စိတ်မတိုတော့ပါဘူး၊ စိတ်မဆိုးတော့ပါဘူး၊ စိတ်ထဲမှာ မကျေနပ်တာတွေ နှလုံးထဲ ရင်ထဲမှာ မထားတော့ပါဘူး၊ အားလုံးကို သည်းခံခြင်း ခွင့်လွှတ်ခြင်းဆိုတဲ့ မေတ္တာတရားပဲ ထားမယ်။ စိတ်ဆိုးတာ၊ အလိုမကျတာ ငါတစ်ခုမှမထားဘူးဆိုတဲ့စိတ် ထားလိုက်ရင် ဘယ်လောက် ကောင်းမလဲပေါ့ဟုတ်ကဲ့လား၊ အေး- မလ္လိကာကတော့ အဲဒီလို အဓိဋ္ဌာန်ချလိုက်တယ်။ "အရှင်ဘုရားတဲ့၊ တပည့်တော် ဒီနေ့ကနေစပြီးတော့ ဒေါသဆိုတာ မဖြစ်အောင် တပည့်တော်ထိန်းပါမယ်" တဲ့၊ စိတ်မဆိုးတော့ပါဘူး၊ တပည့်တော် ကြိုးကြိုးစားစား ဒါနကောင်းမှုတွေကိုလည်း ဆက်ပြီးတော့ လုပ်ပါ့မယ်၊ ဘယ်သူ့ကိုမှလည်း မနာလိုဣဿာဆိုတာ မရှိစေရပါဘူး ဘုရား" လို့ မလ္လိကာမိဖုရားက အဲဒီသုတ္တန်မှာ လျှောက်ထားသွားတယ်။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

စာအုပ်အမှတ်စဉ်(၁၁၄)

-----------------------------------------------------------------

ညီမ Lwin Lwin Htay ရေးပို့သော ကုသိုလ်ဖြင့် ပူဇော်ပါတယ်ရှင်။

No comments:

Post a Comment