Monday, December 17, 2012

အနှိုင်းမဲ့ ဘာဝနာ



       ကိုယ့်စိတ်ဓာတ်နဲ့လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက် ကြောင့်ရော၊ လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်း အမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ ဗုဒ္ဓါနုဿတိဘာဝနာ ဟာ ဘာဝနာအားလုံးရဲ့ ထိပ်ခေါင်တင် အနှိုင်းမဲ့ ဘာဝနာ ဖြစ်ရပါတယ်။


လိုတရနှလုံးသား ဆိုတာမြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်နဲ့ ထုံမွမ်းထားတဲ့ နှလုံးသား ပါပဲ။ မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တည်းဟူသော ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနှလုံးသား ဖြစ်ပါတယ်။


          အကောင်းမှီရင် အမှီကောင်းတယ်        
ဂုဏ်တော်အမြဲပွားသူတဲ့စိတ်ဟာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ဓါတ်တွေ အမြဲအရှိန်ဟပ်နေ တဲ့အတွက် ရတနာတုံး၊ ရတနာခဲကြီးနဲ့ တူပါတယ်။ “ရတနာရှိရာ ရတနာလာ” မြဲ ထုံးစံအတိုင်း ဂုဏ်တော် အမြဲပွားသူရဲ့ ထံမှောက်ကို ကောင်းကျိုးမျိုးစုံ ဆိုက်ရောက်လာမှာ အသေအချာမို့ မြတ်စွာဘုရားရှင်က “ဂုဏ်တော်ပွားရင် လိုတရ နိုင်တယ်” လို့ စကားကုန် မိန့်ကြားတော်မူခဲ့ပါတယ်။

          ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးတယ်
          ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ စံပယ်ပန်းကို လက်ထဲဆုပ်ထားရင် စံပယ်ပန်းရနံ့ လက်မှာ ကူးစက်သင်းပျံ့လာသလို မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို ထပ်တလဲလဲ အမှတ်ရနေရင် အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ သဘာဝသတ္တိကတော့ တုံ့ပြန်မှု ထူးခြားလွန်းပါတယ်။ မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင် အစစ်ပါပဲ။

ဂုဏ်တော်ဟာ ဘ၀လမ်းညွှန်
“စိတ်ကောင်းမှ ကံကောင်းတယ်။ ကံကောင်းမှ အကျိုးပေးကောင်းတယ်”
ဆိုတာကို လုံးဝ မမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ဓါတ်ကို
အကောင်းမြတ်ဆုံးဖြစ်အောင် လုပ်နေတာပါ။



နံသာဖြင့်ထုံမွှမ်းအပ်သော (စိတ်ဓါတ်)---
ယောနိသော မနသိကာရ ဆိုတဲ့
စိတ်ထားကောင်းလေးနဲ့သာ
စိတ်ကောင်းလေး ထားနိုင်မယ်ဆိုရင်
ဘယ်အာရုံနဲ့ ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ ကြုံကြုံ
စိတ်လည်း ချမ်းသာပါတယ်။
ကုသိုလ်တရားလည်း တိုးပွားပါတယ်။

အလုပ်တိုင်းမှာ အနှစ်ပါဖို့
မေတ္တာဟာလည်း မရှိမဖြစ်ပါ။
ဘာအလုပ်ပဲလုပ်လုပ်
မေတ္တာထုံမွမ်းပြီးလုပ်ရင်
လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

 


          နုလုံးသားဝယ် ဘုရားတည်
        နုလုံးသားပိုလှပလေ အပြုံးပွားလိုတရ လေ -
          “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
          စိတ်ကိုဖြူအောင်ထား” လို့
          မြတ်စွာဘုရားရှင် မိန့်ကြားခဲ့ပါတယ်။
          ကိုယ်ပြုတဲ့ကံကို ကိုယ်ပဲ ပြန်ခံစားရမှာပါ။
          သတ္တ၀ါအားလုံးဟာ
          ကောင်းတဲ့ကံတွေကို ပြုလုပ်နိုင်ကြပါစေ။
          စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားနိုင်ကြပါစေ။
         ကုသိုလ်ဖြစ်အောင် တွေးနိုင်ကြပါစေ။
          ဘုရားရှင်အား သတိရခြင်းဖြင့်
          လှပသော ဘ၀များကို ဖန်တီးနိုင်ကြပါစေ။


မေတ္တာဖြင့်

အရှင်ဆန္ဓာဓိက(အောင်သိဒ္ဓိမင်းကျောင်း)

No comments:

Post a Comment