Wednesday, December 12, 2012

ရသအားဖြင့်

လမ်း

လမ်းမှားသွားရင် ပြေးလေ ပန်းတိုင်ရဲ့ဝေးလေ---
ဆူးခင်းလမ်းကျဉ်းလေးမှာ
လက်တွဲဖော်မရှိလည်း
ပွဲဈေးလမ်းမကျယ်ကြီးမှာတော့
ပျော်ရွှင်နေကြသူတွေ အများကြီးပေါ့။
ပင်ပန်းနေတဲ့ နှလုံးသားအတွက်
မေတ္တာရေကြည်ချမ်းမြတစ်ပေါက် သောက်ပါရစေ။
ကိုယ့်အပြစ်နဲ့ကိုယ် တို့နဲ့မဆိုင်ဘူးဆိုတဲ့
စကားတွေအောက်မှာ လမ်းမပျောက်ပါစေနဲ့။
နွေရာသီမှာ အရွက်တွေ တဖြုတ်ဖြုတ်ကြွေလို့
အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်လေးဟာ
မိုးရာသီမှာတော့ လှပမွှေးပျံ့တဲ့ပန်းပွင့်လေးတွေနဲ့ လောကကိုအလှဆင်နေလေရဲ့။ ။



ဆေး

ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ကွာခြားလွန်းတော့
ကိုယ်နဲ့စိတ်နဲ့ မကပ်နိုင်တော့ဘူး၊
ရူးမတတ်ဖြစ်ရမိတယ်။
ကြုံးဝါးသံတွေဟာ လှောင်ပြောင်သံတွေကြားမှာ
ပျောက်ဆုံးခဲ့ပြီလား။
အစွမ်းရှိသလောက် ကြိုးစားခဲ့တယ်။
ဖြစ်မလာတာတော့ မတတ်နိုင်ဘူး။
မငိုဘူး။ အားတင်းထားမယ်။
သူ့အလိုလိုမျက်ရည်ကျတာတော့ မတတ်နိုင်ဘူး။
အားငယ်နေချိန်မှာ
စေတနာစကားတစ်ခွန်းဟာ အားဆေးတစ်ခွက်ပါပဲ။
အားပေးမယ့်သူမရှိလည်း
ကိုယ့်ကိုယ်ကို အားပေးနိုင်ပါစေလို့ ဆုတောင်းမိတယ်။
ပြန်ထနိုင်သေးသရွေ့ ပွဲမပြီးသေးဘူး။
အောင်မြင်မှုပန်းတိုင်ကို ရောက်တဲ့တစ်နေ့မှာတော့
ရှုံးနိမ့်မှုများစွာဟာ မှတ်တိုင်တွေအဖြစ် ကျန်ရစ်ခဲ့မှာပေါ့။ ။
( youth မဂ္ဂဇင်း 2011,october ဖူးငုံသစ်လွင် ကဗျာဥယျာဉ်တွင် ပါဝင်ခဲ့)

အလှကိုယ်စီ

ပင်ယံနန်းမှာ သဇင်ပန်းလေး လှလိုက်တာ -
အမြင်မဆန်းပေမယ့် ခရေပန်းလေးလည်း မွှေးတာပဲ။
သညောင်ပင်အိုကြီးရဲ့ တည်ကြည်ခန့်ညားတဲ့ အလှများ --
မြေဆီနှစ်တွေ မရှိကြားက ရုန်းကန်ထနေတဲ့ အုတ်ကြားမြက်လေးတောင်မှ
သူ့အားမာန်နဲ့သူ၊ သူ့အလှနဲ့သူ ---
နှင်းဆီပန်းမှာ ဆူးလေးတွေရှိနေတာကိုက လှနေတာ။
အလှတရားကို မြင်တတ်သူရဲ့ စိတ်ဓါတ်က ပိုလှနေပါလား !
အလှတရားမှ အမှန်တရားသို့ သွားကြစို့။
အနမ်းခံ နုနုရွရွပန်းလေးတွေရဲ့ အလှကိုသာမက
အနင်းခံ စိမ်းလဲ့လဲ့မြက်ခင်းလေးရဲ့အလှကို မြင်တတ်တဲ့နေ့မှာ
ရာသီဥတု သာယာပါလိမ့်မယ်။




ဘ၀ Vs ဆန္ဒ

ငါ့ကိုယ်ငါဝယ်ယူနိုင်ဖို့
ကြေးစားဘ၀က လွတ်မြောက်ဖို့
ကြိုးစားနေတုန်းပဲ။
မလုပ်ချင်တဲ့အလုပ်ကို
ငွေကြေးအရ လုပ်နေတာ
ကိုယ့်ဘ၀ကို ရောင်းစားသလိုပေါ့။

တချို့သောကျေးဇူးတရားတွေဟာ
ကြွေးလိုပဲ ဘ၀ကို ပိပြားသွားစေတယ်။
ပြန်လည်ရှင်သန်ဖို့
ရုန်းကန်ရဦးမယ်။

တစ်နေ့သောနေသာချိန် -
လောင်းရိပ်အောက်ကထွက်၊
သံယောဇဉ်နှောင်ကြိုးတွေဖြတ်ပြီး
အသီးအပွင့်တွေနဲ့
လောကကို မေတ္တာလက်ဆောင်
ပေးနိုင်ရပါလို၏။
လေလွင့်ငှက်ကလေးတွေတောင်
အဲဒီအပင်မှာနားခိုကာ
တေးဆိုနိုင်ကြပါစေ။





အမေနှင့်သူတော်စင်

ဥစ္စာဓနကို တန်ဖိုးထားသူတွေအလယ်မှာ
ချစ်မေတ္တာကို တန်ဖိုးထားသူရရှိခဲ့တဲ့ အမှတ်တရလက်ဆောင်က
စိတ်ဒဏ်ရာတွေပါ အမေ -
သားလေ ခုဆို --
ဟန်ဆောင်မျက်လုံးတွေ၊ ဟန်ဆောင်နုလုံးသားတွေ
အပြုံးတုတွေ၊ မျက်ရည်တုတွေကြား
နေသားကျခဲ့ပြီ။
ဆေးသကြားလိုချိုတဲ့ အပြောချိုတွေကို
မစားသုံးချင်တော့ဘူး။
အကျိုးရှိရင်ချစ်၊ မရှိရင်ပစ်တဲ့လောကမှာ
အချစ်စစ်ဆိုတာ ဘာကိုပြောတာလဲ အမေ ?
ဘာပဲဖြစ်ဖြစ်၊ ဘာအပြစ်တွေလုပ်ခဲ့ခဲ့
အမေသားကို ချစ်နေဆဲပဲ။
သားရဲ့စိတ်ဒဏ်ရာတွေကို အမေ့ရဲ့ချစ်မေတ္တာတွေနဲ့
ကုစားနိုင်ခဲ့ပြီလေ။
ရေနည်းငါးလေးတွေကိုလည်း သနားကူညီတတ်ပြီ။
သူတော်စင်တွေကတော့
အမေက တစ်ဦးတည်းသောသားကို ချစ်သလို
လောကကို ချစ်ကြတယ်တဲ့။
ကြားရတာနဲ့တင် လှပလိုက်တာ။



သြော် !

အောင်မြင်တုန်းက ကိုယ့်ကိုအရေးထားပြီး
ဟန်ဆောင် အလေးပေးဆက်ဆံခဲ့ပေမယ့်
ဆုံးရှုံးသွားတော့
ကိုယ်နဲ့ အသိအကျွမ်းဖြစ်ရတာကို ရှက်သလိုလို--- ရွံ့သလိုလို---
ဂုဏ်သိက္ခာတွေ ပွန်းပဲ့သွားတော့မှာလိုလို---
ဒါဟာ သဘာဝပဲ။
ဘာလို့ ၀မ်းနည်းနေရမှာလဲ။
လောကကြီးမှာ ဒုက္ခတွေ အလုံအလောက်ရှိပြီးသားပဲ။
ကိုယ်ကိုယ်ကို ဘာလို့ ဒုက္ခတွေ ထပ်ပေးချင်နေတာလဲ။
သူများကိုလည်း ဒုက္ခမပေးချင်ပါနဲ့တော့။
နိုးကြားတော့--- ကြိုးစားတော့--- မိုးလင်းတော့မယ်။
သန်းခေါင်ယံထက် ညမနက်နိုင်ပါဘူး။ ။


အို မေတ္တာရှင် -

မိဘမဲ့ကလေးများရင်မှာ
“ မေမေ၊ ဖေဖေ”ခေါ်သံတွေ
ကျယ်လောင်ဆူညံနေသော်လည်း
တစ်ပါးသူတို့မှာကား မကြားကြလေကုန်၊
မြုံနေကြဆဲ။
အို သစ္စာရှင် -
အရှင်မိန့်ကြားခဲ့သော
မြင့်မြတ်လှပစကားတို့
လောကကို အလင်းရောင်ပေး
ငြိမ်းအေးစေသော်လည်း
အများစုမှာကား မကြားကြလေကုန်၊
မြုံနေကြဆဲ။
အို ကဗျာရှင် -
အသင် နှလုံးသွေးဖြင့် ရေးလှူအပ်သော
မေတ္တာအာဟာရများသည်
စားသုံးသူတို့အား
စိတ်ခွန်အားပေးသော်လည်း
အများစုမှာကား မကြားကြလေကုန်၊
မြုံနေကြဆဲ။

မှတ်ချက်။ ကျွန်တော်လေးစားသည့် တေးရေးဆရာ အဉ္စလီမောင်မောင်ရေးသားသော “အိုမေတ္တာရှင်” သီချင်းမှ
မွေးဖွားလာသည့် ကဗျာတစ်ပုဒ်ဖြစ်ပါသည်
ဥာဏ်ဖြိုးမြင့်



၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ (၄၈)နေရာအတွက် စည်းရုံးရေးခရီးစဉ်အဖြစ် တောင်ငူကိုအမေစုလာတဲ့အခါ လူတွေလူတွေ ပင်လယ်ပြင်ကြီးလောက်၊ ကောင်းကင်ကြီးလောက်၊ သူတို့ရဲ့မျက်ဝန်းတွေထဲမှာ ကြယ်စင်တွေလင်းလက်၊ ရင်ထဲမှာမျှော်လင့်ခြင်းတွေနဲ့အသက်ဝင်၊ မျက်နှာမှာ အပြုံးပန်းတွေဝေလို့ပေါ့။ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ကျွန်တော်ဟာတေးရေးကိုရဲလွင်ရေးခဲ့တဲ့ ဒီစာသားလေးကိုသတိရမိပါတော့တယ် ---
နံနက်ခင်းဆီးနှင်းတို့ အဝေးမလွင့်မီ…နေရောင်ခြည် အရှေ့အရပ်ကအကြိုဆိုက်ပြီ။မကြည်လင်တာတွေ အမှောင်ရိပ်ထဲသိပ်ခဲ့ကွယ်***မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်။

ကဗျာဖတ်သူတို့နှလုံးသား နှင့် တရားနာတတ်သူတို့နှလုံးသား
“ကျေးငှက်လေးတို့ ရုတ်တရက်ထပျံစဉ်
သစ်ရွက်ခြောက်မို့ လွင့်လို့ကြွေတာဆို---”
ငှက်ကလေးတွေပျံသွားတယ်။ အဲဒါကြောင့် သစ်ရွက်လေးတွေကြွေသွားတယ်။ ဒါကလူတိုင်းသိပါတယ်။
ကိုယ့်ရင်ခွင်ထဲကကိုယ်ခင်မင်တဲ့သူတွေထွက်သွားတဲ့အခါ ကိုယ့်စိတ်တွေ လှုပ်ရှားသွားတယ်။ နှလုံးသားကြွေလုမတတ်ပဲ။ ဒါကကဗျာကိုခံစားတတ်သူတွေသိပါတယ်။
စိတ်ပူလောင်ရတာ၊ စိတ်လွင့်ကြွေပျက်စီးရတာဟာသစ်ရွက်ခြောက်နဲ့တူတဲ့စိတ်ဖြစ်နေလို့ပါ။ စိမ်းစိုနေတဲ့သစ်ရွက်ဆိုရင်တော့ ငှက်လေးတွေပျံလည်းကြွေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် စိတ်အေးချမ်းအောင်နေတတ်ရပါမယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွာရလည်းခံနိုင်ရည်ရှိရပါမယ်။ ဒါကကဗျာကဟောတဲ့ တရားပါ။ တရားနာတတ်သူတွေသိပါတယ်။ (3-4-2012)

No comments:

Post a Comment