Saturday, May 23, 2015

ရင်ထဲက အရဟံ ၂

ရင်ထဲက အရဟံ (၂ ) (ရဝေနွယ်-အင်းမ)

စိတ်ချမ်းသာချင်ရင်ဂုဏ်တော်ပွားပါ
အင်္ဂုတ္ထုရ်အဋ္ဌကထာမှာ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာခြင်း၊ ဝိပဿနာ အခြေခံသမာဓိရခြင်းဆိုတဲ့ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အကျိုးကိုလည်း ပြထား ပါတယ်။
   ရှင်းအောင်ပြောရရင်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာမယ်၊ ဝိပဿနာ အခြေခံသမာဓိ ရမယ်လို့ဆိုလိုတာပါ။ လူတိုင်းလူတိုင်း စိတ်ချမ်း သာချင်ကြသလို တရားအားထုတ်သူတိုင်း တရားအားထုတ်သူတိုင်းလည်း ဝိပဿနာအခြေခံ သမာဓိ ရချင်ကြတာချည်းပါပဲ။ ဒီတော့ စိတ်ချမ်းသာချင်ရင်လည်း ဂုဏ်တော်ပွားရပါမယ်။ ဝိပဿနာအတွက် အခြေခံ သမာဓိ ရချင်ရင်လည်း ဂုဏ်တော်ပွားရပါမယ်။ ဂုဏ်တော်ပွားပြီးမှ ဝိပဿနာတရား အားထုတ်ရင် ပိုကောင်းပါတယ်။

+    စိတ်ချမ်းသာလို၊ ဂုဏ်တော်ကို ပွားကိုပွားရမယ်
+    ဝိပဿနာသမာဓိရလို၊ ဂုဏ်တော်ကို ပွားကိုပွားရမယ်

လောကမှာ ပိုက်ဆံချမ်းသာတိုင်းလည်း စိတ်မချမ်းသာကြပါဘူး။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးပါ။ ပိုက်ဆံမချမ်းသာပေမဲ့ စိတ်ချမ်းသာနေတဲ့လူတွေလည်း အများကြီးပါ။ တခိျု့ဆို သာမန်တိုက်ခန်းနဲ့ပါပဲ။ ဒါပေမဲ့ မိသားစုကြည့်လိုက်ရင် အပူအပင်ကင်းကင်းနဲ့ စိတ်ချမ်း သာနေကြပါတယ်။ မျက်နှာတွေကြည့်လိုက်ရင်လည်း ပြုံးရွှင်နေကြတာပါပဲ။ အချိန်တန်ရင် တရားလေး ဝင်လိုက်၊ ဝေယျာဝစ္စလေး ပြေးလုပ်လိုက်နဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်နေကြတာပါ။
  တချို့ကျ ပိုက်ဆံသိပ်ချမ်းသာကြပါတယ်။ ဒါပေမဲ့ မိသားစုကြည့်လိုက်ရင် ပူညံပူညံနဲ့ရှုပ်ယှက်ခတ် ဝုန်းဒိုင်းကို ကြဲနေတော့တာပါ။ ဘေးကကြည့်ရတဲ့ သူတွေတောင် သိပ်ပူလောင်တာပါ။ ကာယရှင်တွေဆို ဘယ်လိုနေကြမယ် မသိ ပါဘူး။ နေ့တိုင်းပူနေတော့ အပူကို ယဉ်ပါးပြီး ဆေးမတိုးတော့တာလည်း ဖြစ်နိုင်ပါတယ်။ ကြောက်ဖို့ကောင်းတာက ဒီဘဝ အပူတွေဟာ နောက်ဘဝအထိပါသွားမှာကိုပါ။ အထုံဆိုတာ နောက်ဘဝအထိပါတတ်တာဆိုတော့ ပူတာကို ပူမှန်းသိရပါမယ်။ ဘေးပတ်ဝန်းကျင်အနေနဲ့လည်း မိတ်ဆွေကောင်းအနေနဲ့ ဖြေဆည်နည်း တရား သဘောကို ပြောပြပေးရပါမယ်။ ပြုပေးနိုင်ခဲတာကို ပြုပေးမှ မိတ်ဆွေစစ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ပြောပြပေးရပါမယ်။

  တရားသဘောအရ စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ့်ရင်ထဲမှာ ရာဂ၊ ဒေါသ၊ မောဟ၊ ဣသာ၊ မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။ ဂုဏ်တော်ပွားနေတဲ့ အခိုက်အတန့်လေးမှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ်တွေ ကင်းနေတာပါ။ အဲဒီ အခိုက်အတန့်လေးဟာ စိတ်ချမ်းသာနေတဲ့ အချိန်လေးပါ။ အချိန်နည်းနည်း ပွားရင် အချိန်နည်းနည်း စိတ်ချမ်းသာ ပါတယ်။ အချိန်များများပွားရင် အချိန်များများ စိတ်ချမ်းသာပါတယ်။ ဒါတကယ့်လက်တွေ့ပါ။ ဂုဏ်တော်ပွားနေတဲ့ အချိန် အခိုက်အတန့်လေးမှာ စိတ်ဆင်းရဲရတယ်ဆိုတာ လုံးဝကိုမရှိတာပါ။ ဒါကြောင့် ဂုဏ်တော်ပွားရင် စိတ်ချမ်းသာ တယ်လို့ ဆိုလိုတာပါ။ ဒီတော့ စိတ်ချမ်းသာချင်ရင်လည်း ဂုဏ်တော်ကို ပွားရပါမယ်။

ရုပ်လှချင်ရင်ဂုဏ်တော်ပွားပါ

တကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင်မကပါဘူး။ ရုပ်ကိုလည်း လှစေတာပါ။ ဂုဏ်တော်ကို နေ့စဉ် ပွားနေရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်းလဲ ကြည်လင်လာမယ်။ စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သွေးသားတွေ ပြောင်းလဲ ကြည်လင်လာတဲ့အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲကြည်လင် လာတော့တာပါ။

+    ရုပ်ကိုလှလို၊ ဂုဏ်တော်ကို၊ ပွားကိုပွားရမယ်။

    ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့်ရုပ်ကို ပြောင်းလဲယူလို့ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာရှိပါတယ်။

  ဆရာတော်ဘုရားက သူ့ဘဝမှာ တစ်ဘဝတည်းနဲ့ ရုပ်(၃)မျိုး ထွက်နေပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပထမ အရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝ အသက်(၂ဝ)အရွယ်အထိ မျက်နှာက ကြည်ပြီးချိုနေပါတယ်တဲ့။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်(၂ဝ)ကျော်ဘဝမှာ ဆရာတော်ဘုရားရဲ့ မိဘတွေက စီးပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။
    အဲဒီတော့ ဆရာတော်ဘုရားရဲ့ မိဘတွေကို ပတ်ဝန်းကျင်က ခပ်တင်းတင်း၊ ခပ်ထန်ထန် ဆက်ဆံလာပါတယ်။ မိဘတွေကို ဆက်ဆံရုံ တင်မကပါဘူး။ ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။

  တစ်ဆင့်တက်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့် ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကို ခပ်ထန်ထန်တည်ထား၊ တင်းထားလိုက်ပါတယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားရဲ့ မျက်နှာက အမြဲတမ်း တင်းနေပါတော့တယ်။

   ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်ကလေးလည်းရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာကလေး ကို ပြန်ကြည့်ပြီး 'ဟယ်... ငါ့မျက်နှာက တင်းနေတာပဲ။ မဖြစ်သေးပါဘူး။ ငါ့ရဲ့ ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းဂန္ဓာရုံ ဆရာတော်ဘုရားက ဗုဒ္ဓါနုဿတိဘာဝနာတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင် အောင် လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓါနုဿတိပွားပြီးတော့မှ မျက်နှာကြည်လင်အောင် ပြန်လုပ်ဦးမှပဲ''လို့ ဆိုပြီး ဗုဒ္ဓါနုဿတိကို ပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီး ဝင်းလာခဲ့တယ်။

   ဘဝတစ်ခုထဲမှာ ပထမအရွယ်မှာ မျက်နှာကချိုနေတယ်။ ဒုတိယအရွယ်မှာ မျက်နှာက တင်းလာတယ်။ တတိယ အရွယ်မှာ မျက်နှာက ပြန်ချိုလာ တယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားက ကိုယ်တိုင်ပြောပြထားတာပါ။ ဆရာတော်ဘုရားရဲ့ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။
  သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာကချိုနပါတယ်။ သက်တော်အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။ သက်ကြီးပိုင်း ရောက်လာတော့ ဆရာတော့် မျက်နှာက ချိုပြီးတော့မှ ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကို အေးချမ်းသွားတော့တာပါ။
ညောင်ပင်အောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံဆို မြင်ရသူတိုင်း စိတ်အေးချမ်းသွားကြတာပါ။ ဆရာတော် ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကို ပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင် ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာကို ကြည့်ရင် သိနိုင်ပါတယ်။

  နောက်ဝိပဿနာအခြေခံသမာဓိ ရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင် ဥပစာရသမာဓိအထိရပါတယ်။  ခဏိကသမာဓိရရင်ပဲ ဝိပဿနာ တရားအားထုတ်လို့ ရပြီဆိုတော့ ဥပစာရသမာဓိဆို အထူးပြောစရာမလိုတော့ပါဘူး။ ပိုလို့တောင်ကောင်းပါသေးတယ်။ ဝိပဿနာ တရား အားထုတ်သူတွေအတွက်လည်းပဲ အလို အပ်ဆုံး ဝိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ။

ဗုဒ္ဓါနုဿတိ နှင့် ကြံရည်

တရားအားထုတ်တဲ့နေရာမှာ ဗုဒ္ဓါနုဿတိကို လွှတ်လို့မရပါဘူး။ မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ (သံ . ဋ္ဌ ၃ . ၂၃၉) မှာ -
ဗုဒ္ဓါနုဿတိကို တရားအားထုတ်သူတွေအတွက် ကြံရည်နဲ့ ဥပမာပေး တိုက်တွန်းထားပါတယ်။ လူတစ်ယောက် ဟာ ကြံရည်ကြိတ်ဖို့ ကြံချောင်း တွေထမ်းပြီး နွေခေါင်ခေါင်မှာ လျှောက်လာပါတယ်။ ကြံချောင်းတွေထမ်းရင်း မောပန်း လာတော့ သစ်ပင်ရိပ်အောက်မှာ ကြံချောင်းတွေ ခဏချပြီးနားပါတယ်။ နားရင်းနဲ့ ထမ်းလာ တဲ့ကြံကိုစုပ်ပြီး အမောဖြေပါတယ်။ ကြံစုပ်လို့ အမောပြေတော့ လိုရာခရီးကို ဆက်သွားသလို -

  တရားအားထုတ်တဲ့ ယောဂီဟာလည်း တရားအားထုတ်လို့ ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်လာတဲ့အခါ၊ စိတ်တွေ ငြီးငွေ့လာတဲ့အခါ အားထုတ်နေတဲ့ ဝိပဿနာတရားကို ခေတ္တရပ်ပြီး ဗုဒ္ဓါနုဿတိ ကြံရည်ကို သောက်ပေးရပါတယ်။ ဗုဒ္ဓါနုဿတိကြံရည်သောက်လို့  စိတ်ပင်ပန်းငြီးငွေ့မှု ပျောက်သွားတဲ့အခါ ကြံထမ်းသမား လိုရာခရီးကိုဆက်သွားသလိုပဲ မူလအားထုတ်နေဆဲ ဝိပဿနာတရားကို ဆက်အားထုတ်သွားရမှာပါ။

   ဒါလည်း မှတ်သားလောက်စရာ ဗဟုသုတတစ်ခုပါပဲ။ တရားအားထုတ်သူတိုင်း တွေ့ကြုံရတဲ့ ဖြစ်စဉ်လေး တစ်ခုမို့ပါ။
တခိျု့ကျတော့လည်း တရားအားထုတ်လို့ စိတ်ပင်ပန်းငြီးငွေ့လာရင် 'ဟင်း...'' ဆိုပြီး သက်ပြင်းကြီးကိုချပြီး မူလကမ္မဋ္ဌာန်းကို မမှတ်တော့ဘဲ ငုတ်တုတ်ကြီး ဒီအတိုင်း ထိုင်နေလိုက်တော့တာပါ။ ကိုယ်ချလိုက်တဲ့ သက်ပြင်းကြီးကို ဘေးကထိုင် နေတဲ့သူတွေတောင် ကြားလိုက်ရပါတယ်။ ကိုယ့်ဟာကိုယ် သက်ပြင်းချလို့ နားလို့အားရပြီဆိုမှ 'ဟယ်... မဖြစ်သေးပါဘူးလေ'' ဆိုပြီး မူလကမ္မဋ္ဌာန်းကို ပြန်အား ထုတ်ကြတာပါ။

  စာထဲကအတိုင်းဆိုရင် သက်ပြင်းကြီးချပြီး စိတ်လွတ်ကိုယ်လွတ် နားရမှာမဟုတ်ပါဘူး။ အားထုတ်လို့ စိတ် ပင်ပန်းငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိကြံရည်ကိုသောက်ပြီး အမောဖြေရမှာပါ။ အမောပြေမှ မူလကမ္မဋ္ဌာန်းကို ပြန်အားထုတ် ရမှာပါ။

ဒါတွေကတော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာခြင်းနဲ့ ဝိပဿနာအခြေခံ သမာဓိရခြင်း အကြောင်းတရားလေး တွေပါ။

မှတ်ချက် ဆက်လက်ဖေါ်ပြပေးသွားပါမည်။

uzinn lay ရေးသားချိန် 2:24 AM
တောကဦးဇင်းလေး
Sunday, February 10, 2013

No comments:

Post a Comment