မြတ်မြတ်နိုးနိုး
စံပယ်ဖြူပွင့်လေး - ချေမွပစ်သူရဲ့လက်ကိုတောင်
မွှေးပျံ့စေတယ်။
နံသာတုံး - မီးရှို့နေသူကိုတောင် ပြာမကျမချင်း
သင်းရနံ့တွေ ပေးအပ်ခဲ့တယ်။
ညောင်ပင်ကြီး - ခုတ်လှဲနေသူကိုတောင်
မလဲမချင်း အရိပ်ပေးကာ အေးမြစေတယ်။
ဘုရားအလောင်း သူတော်ကောင်း - သတ်မယ့်သူအပေါ်မှာတောင်
မေတ္တာမပျက် ကရုဏာလက်နဲ့ ကောင်းကျိုးဆောင်ရွက်ခဲ့တယ်။
ရွှံ့နွံဗွက်ထဲမှာ အလွန်အင်မတန်မှ လှပမွှေးပျံသန့်ရှင်းတဲ့
ကြာပွင့်ကြီး ပေါ်ထွက်ကာ မြင်ရသူတဲ့စိတ်ကို
ရွှင်လန်းစေသလို၊
ငါ့ဥစ္စာ၊ ငါ မှ ငါ ဆိုတဲ့ အတ္တစွဲတွေ၊
လောဘ၊ ဒေါသတွေ၊ မနာလို ဝန်တိုမှုတွေကြောင့်
ညစ်ပတ်ပေရေပြီး စိတ်ပျက်စရာကောင်းလှတဲ့
လောကကြီးမှာ
ဘုရားရှင် အစရှိတဲ့ သူတော်ကောင်းတွေကတော့
အများအကျိုးအတွက် ကိုယ့်ဘဝတစ်ခုလုံးကို
ပေးဆပ်ရင်း
မိုးတိမ်ပုံပြင်
တိမ်တိုက်လေးတွေဟာ လေကြောင့်ပဲဆုံဆည်းခွင့်ရကြသလို
တို့တတွေဟာလည်း ကံကြောင့်ပဲ ဆုံဆည်းခွင့်ရကြတာပါ။
အချိန်တန်တော့ တိမ်တိုက်လေးတွေပြိုကွဲသွားကြပါတယ်။
အဓိကအကြောင်းရင်းကတော့ လေကြောင့်ပေါ့။
တို့တတွေလည်း အချိန်တန်ရင်ခွဲခွာရမှာပါ။
အဓိကအကြောင်းရင်းကတော့ ကံကြောင့်ပေါ့။
ဝေလည်းမွှေး၊ ကြွေလည်းမွှေး
သင်းပျံ့တဲ့ပန်းပွင့်လေးဟာ သူ့ကို ပွတ်ခြေဖျက်ဆီးနေသူရဲ့လက်ကိုတောင်
အမွှေးဓါတ်တွေ ပေးဆပ်နေသလို
ဘုရားလောင်းစတဲ့ သူတော်ကောင်းအပေါင်းတို့ဟာလည်း
ကိုယ့်အပေါ် မကောင်းကြံဒုက္ခပေးနေသူတွေကိုတောင်
မေတ္တာမပျက်ဘဲ ကောင်းကျိုးပြုလျှက်ပါပဲ။
နှလုံးသားအထဲထိမွှေးပျံ့နိုင်စွမ်းရှိတဲ့၊
ရင်နင့်အောင်မွှေးပျံ့တဲ့ မေတ္တာရနံ့ပါ။
အကျင့်သီလနဲ့ပြည့်စုံပြီး အများအကျိုးသယ်ပိုးဆောင်ရွက်တဲ့
သူတော်ကောင်းတွေရဲ့ ကောင်းခြင်းဂုဏ်သတင်းဟာ
အသက်ရှိစဉ်လည်းမွှေးပျံ့၊ သေသွားရင်လည်း
မွှေးနေဆဲပါပဲ။
လောကကန္တာရထဲက မေတ္တာအိုအေစစ်
အပေါ်နေပူ၊ အောက်သဲပူ၊ လေပူတွေတိုက်ခတ်၊ ရေပြတ်လပ်နေတဲ့ ကန္တာရကြီးမှာ
ရှားရှားပါးပါး သာယာလှပတဲ့ အိုအေစစ်လေးရှိနေပါတယ်။
ပူပန်နွမ်းလျနေတဲ့ကန္တာရခရီးသွားတွေရဲ့စိတ်ကို
အေးမြတဲ့ရေ၊ သန့်စင်တဲ့လေ၊ စိမ်းလန်းတဲ့အပင်တွေနဲ့
အမောအပန်းပြေရွှင်လန်းစေသလို
လောဘ၊ ဒေါသ၊ အတ္တ၊ မာန်မာနတွေနဲ့ပြည့်နှက်နေတဲ့အတွက်
အလွန်ပူလောင်အရုပ်ဆိုးနေတဲ့ လောကရဲ့အလယ်မှာ
ဘုရားလောင်းအစရှိတဲ့သူတော်ကောင်းအပေါင်းတို့ဟာ
လှပတဲ့မေတ္တာတရား၊ ကြီးမားတဲ့ဥာဏ်ပညာ၊
သန့်စင်တဲ့စိတ်ဓါတ်တို့နဲ့ ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ
ခန့်ငြားခြင်း
ကျောက်သားပကတိပြီးတဲ့ တခဲနက်ကျောက်တောင်ကြီးဟာ
အရပ်ရှစ်မျက်နှာကတိုက်ခတ်လာတဲ့လေကြောင့်
တုန်လှုပ်ခြင်းလုံးဝမရှိပါဘူး။
ဘုရားရှင်အရှိတဲ့ သူတောစင်၊ သူတော်ကောင်တို့ရဲ့စိတ်ဟာလည်း
ချီးမွမ်းခြင်း/ကဲ့ရဲ့ခြင်း
လာဘ်ပေါခြင်း/လဘ်မရခြင်း
အခြံအရံအကျော်အစောရှိခြင်း/မရှိခြင်းတို့ကြောင့်
တုန်လုံးခြင်းလုံးဝမဖြစ်ပါဘူး။
စိုးရိမ်ပူဆွေးခြင်းလည်းမရှိ၊
တွယ်တာမက်မောခြင်းလည်းမရှိ၊
အမြဲတမ်းအေးချမ်းတည်ကြည်တဲ့စိတ်ပဲဖြစ်ပါတယ်။
အမြဲတမ်းကြည်လင်သန့်ရှင်းတဲ့စိတ်ပဲဖြစ်ပါတယ်။
အမြဲတမ်းရွှင်လန်းချမ်းသာတဲ့စိတ်ပဲဖြစ်ပါတယ်။
ဆူးတွေကြားက ပန်းတစ်ပွင့်
နှင်းဆီပန်းလေးကို မြတ်နိုးတယ်ဆိုရင်
နှင်းဆီဆူးလေးတွေကိုလည်း မမုန်းသင့်ပါဘူး။
သူတော်ကောင်းတွေကို မြတ်နိုးတယ်ဆိုရင်
မသူတော်တွေကို မမုန်းသင့်ပါဘူ။
မသူတော်တွေဟာ သူတော်ကောင်းတွေရဲ့ဂုဏ်ကို
ပေါ်လွင်ထင်ရှားအောင်လုပ်ပေးတာလေ။
နှင်းဆီပန်းက တစ်ပွင့်ထဲပါ။
နှင်းဆီဆူးတွေကတော့ အများကြီးပဲပေါ့။
အဆိပ်သင့်လေပြည်
လေပြည်လေညှင်းလေးတွေတိုက်ခတ်တဲ့အခါစိတ်ကြည်နူးရပါတယ်။
ဒါပေမယ့် အဆိပ်တွေပါနေတဲ့လေပြဆိုရင်တော့
သေစေနိုင်တာပေါ့။
မူးယစ်ဆေးဟာ အဆိပ်သင့်လေပြည်ပါ။
ဆေးလိပ်ဟာလည်း အဆိပ်သင့်လေပြည်ပါပဲ။
ကြည်နူးစရာအပျော်အပါးတစ်ချို့မှာလည်း
အဆိပ်တွေပါနေပါတယ်။
စက္ကန့်ပိုင်းအတွင်း ဘ၀တစ်ခုလုံးသေဆုံးသွားနိုင်တဲ့အဆိပ်မျိုးပေါ့
ပိုးကိုက်ပန်းလေးလည်း
မွှေးတာပဲ
သစ်ပွသစ်လုံးတွေက အနာအဆာအနည်းဆုံးပဲ။
ကျွန်းသစ်လုံးက အနာအဆာအများဆုံးပဲ။
အနာအဆာများတာကို စိတ်မပျက်ပါနဲ့။
ကိုယ့်ရဲ့အရည်အသွေးကို အကောင်းဆုံးဖြစ်အောင်ကြိုစားနိုင်ရင်
တခြားအားနည်းချက်တွေရှိနေတောင် တန်ဖိုးမြင့်မားတဲ့လူတစ်ယောက်
ဖြစ်လာမှာပါ။
အမှန်ဆိုတဲ့ ပန်းတိုင်ကို မရောက်ခင်မှာ
အမှားပြင်ဆင်ချက်ဆိုတဲ့ မှတ်တိုင်တွေကို
ဖြတ်ကျော်သွားရလိမ့်မယ်။
ကဗျာဖတ်သူတို့နှလုံးသား
နှင့် တရားနာတတ်သူတို့နှလုံးသား
“ကျေးငှက်လေးတို့
ရုတ်တရက်ထပျံစဉ်
သစ်ရွက်ခြောက်မို့
လွင့်လို့ကြွေတာဆို---”
ငှက်ကလေးတွေပျံသွားတယ်။
အဲဒါကြောင့် သစ်ရွက်လေးတွေကြွေသွားတယ်။ ဒါကလူတိုင်းသိပါတယ်။
ကိုယ့်ရင်ခွင်ထဲကကိုယ်ခင်မင်တဲ့သူတွေထွက်သွားတဲ့အခါ
ကိုယ့်စိတ်တွေ လှုပ်ရှားသွားတယ်။ နှလုံးသားကြွေလုမတတ်ပဲ။ ဒါကကဗျာကိုခံစားတတ်သူတွေသိပါတယ်။
စိတ်ပူလောင်ရတာ၊
စိတ်လွင့်ကြွေပျက်စီးရတာဟာသစ်ရွက်ခြောက်နဲ့တူတဲ့စိတ်ဖြစ်နေလို့ပါ။ စိမ်းစိုနေတဲ့သစ်ရွက်ဆိုရင်တော့
ငှက်လေးတွေပျံလည်းကြွေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် စိတ်အေးချမ်းအောင်နေတတ်ရပါမယ်။ကိုယ်ချစ်တဲ့သူတွေနဲ့
ခွဲခွာရလည်းခံနိုင်ရည်ရှိရပါမယ်။ ဒါကကဗျာကဟောတဲ့ တရားပါ။ တရားနာတတ်သူတွေသိပါတယ်။
(3-4-2012)
(အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ))
(အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိ))
No comments:
Post a Comment