Showing posts with label ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း. Show all posts
Showing posts with label ဂုဏ်တော်များကို ဖြန့်ကျက်ပွားများခြင်း. Show all posts

Sunday, September 11, 2016

ပါရမီဆယ်ပါး အပြားသုံးဆယ်

ပါရမီ၁၀ပါး အပြား၃၀����
••••••••••••••••••••••••••••••••••

၁။ ဒါနပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုလှူဒါန်းခြင်း။
ဒါနဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို စွန့်လွှတ်လှူဒါန်းခြင်း။
ဒါနပရမတ္ထပါရမီ = မိမိအသက်ကို စွန့်လွှတ်လှူဒါန်းခြင်း။

၂။ သီလပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ မိမိသီလကိုဖြောင့်တန်းစွာစောင့်ထိန်းခြင်း။

သီလဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိသီလကို ဖြောင့်တန်းစွာစောင့်ထိန်းခြင်း။

သီလပရမတ္ထပါရမီ = မိမိအသက်ကို ထောက်ထားငဲ့ကွက်ခြင်းမရှိဘဲ(စွန့်လွှတ်၍) မိမိသီလကို ဖြောင့်တန်းစွာ စောင့်ထိန်းခြင်း။

၃။ နေက္ခမပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို စွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။

နေက္ခမဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုအစရှိသည်ကို စွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။

နေက္ခမပရမတ္ထပါရမီ = မိမိအသက်ကိုစွန့်လွှတ်၍ ကိလေသာတောမှ ထွက်မြောက်ရန်ကြိုးစားအားထုတ်ခြင်း၊ ထွက်မြောက်ခြင်း။

၎။ ပညာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။

ပညာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။

ပညာပရမတ္ထပါရမီ = မိမိအသက်ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှားအမှန်ကို ပိုင်းခြားဆုံးဖြတ်နိုင်ခြင်း။

၅။ ၀ီရိယပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကိုငဲ့ကွက်ခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။

ဝီရိယဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကိုငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။

ဝီရိယပရမတ္ထပါရမီ = မိမိအသက်ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ တရားဓမ္မတို့၌ မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။

၆။ ခန္တီပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို နိုင်ထက်လုယူ၊ နှိပ်စက်ညှင်းပမ်းသော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။

ခန္တီဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို နှိပ်စက်ညှဉ်းပမ်းသော ရန်သူတို့ပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။

ခန္တီပရမတ္ထပါရမီ = မိမိအသက်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်သော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ သည်းခံ၍နေခြင်း။

၇။ သစ္စပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။

သစ္စဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။

သစ္စပရမတ္ထပါရမီ = မိမိအသက်ကိုပင် ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ အမှန်တရားဘက်မှရပ်တည်ခြင်း။

၈။ အဓိဋ္ဌာနပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။

အဓိဋ္ဌာနဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။

အဓိဋ္ဌာနပရမတ္ထပါရမီ = မိမိအသက်ကိုပင် ငဲ့ကွက်ထောက်ထားခြင်းမရှိဘဲ မိမိ၏ဆုံးဖြတ်ချက်ကို မယိမ်းမယိုင် ခိုင်မာစွာဆောက်တည်ခြင်း။

၉။ မေတ္တာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့ကို နိုင်ထက်လုယူ၊ နှိပ်စက်ညှင်းပမ်းသော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သောစိတ်ဖြင့်နေထိုင်ခြင်း။

မေတ္တာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းကို နှိပ်စက်ညှဉ်းပမ်းသော ရန်သူတို့ပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် နေထိုင်ခြင်း။

မေတ္တာပရမတ္ထပါရမီ = မိမိအသက်ကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်သော ရန်သူတို့အပေါ်၌ ပြန်လည်ခုခံမှုလည်းမပြု၊ စိတ်ဆိုးခြင်းလည်းမရှိ ရန်ငြိုးလည်းမထားဘဲ မေတ္တာနှင့်ယှဉ်သော စိတ်ဖြင့် နေထိုင်ခြင်း။

၁၀။ ဥပေက္ခာပါရမီ = မိမိခန္ဓာကိုယ်နှင့်မစပ်သော ပစ္စည်းဥစ္စာ၊ သား၊ သမီး၊ ဇနီး အစရှိသည်တို့၏ အကျိုးကိုလိုလားသော မိတ်ဆွေ၊ အကျိုးကိုမလိုလားသောရန်သူတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။

ဥပေက္ခာဥပပါရမီ = ခြေ၊ လက် အစရှိသော မိမိခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို နှိပ်စက်ညှင်းပမ်းသောရန်သူ၊ မိမိအကျိုးလိုလားသော မိတ်ဆွေတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။

ဥပေက္ခာပရမတ္ထပါရမီ = မိမိအသက်ကိုပင် သတ်ဖြတ်သောရန်သူ၊ မိမိအကျိုးကိုလိုလားသော မိတ်ဆွေတို့အပေါ်၌ ချစ်ခြင်း၊ မုန်းခြင်းမရှိဘဲ လျစ်လျူရှု၍နေခြင်း။

သီတဂူဗုဒ္ဓ၀ိဟာရ

အရှင်ဒေ၀ဒတ်ဘုရားရှိခိုး

အရှင်ဒေ၀ဒတ် ဘုရားရှိခိုး
++++++++++++++++

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊
ဒေ၀ါတိ ဒေ၀ံ နရဒမ္မ သာရထိံ ။
သမန္တ စက္ခုံ သတပုည လက္ခဏံ၊
ဝါတေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။

အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်တည်း ဖြစ်တော်မူပေထသော။

ဒေ၀ါတိဒေ၀ံ - နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ် နတ်မင်းလင်းဖြစ်တော်မူပေထသော။

နရဒမ္မသာရထိံ - ဆုံးမရန်ကြုံ များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံးမတော်မူပေထသော ။

သမန္တစက္ခုံ - ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သိမြင် သဗ္ဗညုဥာဏ်ရှင်လည်း ဖြစ်တော်မူပေထသော ။

သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာလည်း ရှိပေထသော။

တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို ။

ဣမေဟိ အဋ္ဌီဟိ - အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသုံးရာသော အရိုးတို့ဖြင့် လည်းကောင်း။

ဣမေဟိ ပါဏေဟိ - မငြိမ်လှုပ်လှက် ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း ။

သရဏံ - ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ။

ကိုးကွယ်ရာဟူ၍ သာလျှင် ။ ဂတောသ္မိ - အပြစ်ရှိသမျှ သတိရသဖြင့် အာမ၀န္တံ အကုန်ခံ၍ အတန်တန်ဆည်းကပ်ပါသည် ဘုရား။

နတ်တကာတို့ထက် မြတ်တော်မူထသော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသိုလ်တော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတို့ဖြင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

မှတ်သားရန်။ ။မြေမြိုနေသောကာလတွင် ဒေ၀ဒတ် က ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနောက်ဆုံး ရှိခိုးရွတ်ဆိုခဲ့သော ဘုရားရှိခိုးဖြစ်ပါတယ်။ ဒေ၀ဒတ်က ဤသို့ ရှိခိုးခဲ့သောကုသိုလ်ကြောင့် နောင်ကာလတွင် ပစ္စေကဗုဒ္ဓ အဖြစ်ပွင့်မည်ဖြစ်ပါသည်။

ရေးသားသူ အောင်ဦး

ပုံတော်မှဂုဏ်တော်သို့၊ ဂုဏ်တော်မှနိဗ္ဗာန်သို့

ပုံတော်အတွင်း ဂုဏ်တော်သွင်း၊
ပုံတော်ထဲမှာ ဂုဏ်တော်ရှာ

လက္ခဏာတော်မှ တစ်ဆင့် by ဓမ္မရနံ့

လက္ခီယတီတိ လက္ခဏံ။
လက္ခီယတေ ဧတေနာတိ လက္ခဏံ။

မှတ်သားအပ်လို့ လက္ခဏာ လို့ခေါ်ပါတယ်။ လက်မှာပါလို့ လက္ခဏာ။ ခြေမှာပါရင် ခြေခဏာ အဲဒီလို မဟုတ်ပါဘူး။ ဘယ်နားပါပါ၊ အမှတ်အသားကိုသာ လက္ခဏာလို့ ခေါ်တာပါ။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှာ ယောက်ျားမြတ်တို့ရဲ့ လက္ခဏာ (မဟာပုရိသလက္ခဏာ) ၃၂- ပါး ရှိပါတယ်။ လက္ခဏာတော်ကြီး ၃၂- ပါးလို့ ခေါ်ပါတယ်။ လက္ခဏာတော်ငယ် ၈ဝ- ရှိပါတယ်။ မဟာပုရိသ လက္ခဏာနဲ့ ပြည့်စုံတဲ့သူဟာ လူ့ဘဝမှာနေရင် စကြဝတေးမင်း၊ ရဟန်းပြုရင် ဘုရားစင်စစ် ဧကန်ဖြစ်ပါတယ်။

စကြဝတေးမင်းလက္ခဏာပါတိုင်း စကြဝတေးမင်း ဖြစ်ပါသလား။ (စက်လက္ခဏာနှင့် ပြည့်စုံပေမယ့် ညောင်ရမ်းမင်းသားလေးဟာ စကြဝတေးမင်း မဖြစ်ခဲ့ပါဘူး။) စကြဝတေးမင်းကျင့်ဝတ်ကို ကျင့်မှသာ စကြာရတနာ ဖြစ်ပေါ်ပြီး စကြဝတေးမင်း ဖြစ်ပါတယ်။ (စကြဝတေးမင်း ကျင့်ဝတ်ကို ပါထိကဝဂ် - စက္ကဝတ္တိသုတ် မြန်မာပြန် - ၅၁ ၌ ဖတ်ရှုနိုင်ပါသည်။) ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်လည်း ဘုရားဖြစ်ကြောင်း ကျင့်စဉ်တို့ကို ကျင့်တော်မူပြီးမှသာ ဘုရားဖြစ်တော်မူပါတယ်။

ဒါ့ကြောင့် လက္ခဏာဆိုတာ အတိတ်ကံရဲ့ အမှတ်အသားမျှသာ ဖြစ်ပါတယ်။ အဲဒီကံရဲ့ ကောင်းကျိုး ပြည့်စုံဖို့၊ မကောင်းကျိုးများ ပျောက်ပျက်ဖို့ကတော့ ပစ္စုပ္ပန်ကံတွေနဲ့ ဖြည့်တန်ဖြည့်၊ ဖျောက်တန်ဖျောက် ရမှာပဲ ဖြစ်ပါတယ်။ ပစ္စုပ္ပန်ကံ ပြောင်းရင် လက္ခဏာများလည်း ပြောင်းတတ်တဲ့ သဘောရှိတယ်လို့ (လက်ဖ၀ါးပေါ်က) အမှတ်အသားတွေကို ယုံကြည်လွန်းသူများ သတိထားမိစေချင်ပါတယ်။

လက္ခဏာဆိုတာ အကြောင်းတရားမဟုတ်ပါဘူး။ ကံသည်သာလျှင် အကြောင်းတရား ဖြစ်ပါတယ်။ အကြောင်းကံတရားများကို ဆည်းပူးခဲ့လို့ လက္ခဏာတွေ ပေါ်လာပြီး အဲဒီလက္ခဏာရှိတဲ့သူများ ခံစားရတဲ့ အကျိုးတရားတွေကို ခံစားရတာပါ။ ကောင်းကျိုးလက္ခဏာတွေကို ဗုဒ္ဓရှင်တော်ရဲ့ မဟာလက္ခဏာတော်ကြီးများနဲ့ တွဲစပ်ပြီး သဘောလောက် ဖော်ပြချင်ပါတယ်။

ကုသိုလ်ကောင်းမှုနဲ့၊ ကျင့်ဝတ်တရားတွေကို ဝတ်မပြတ်ပုံမှန် လုပ်ဆောင်ခဲ့လို့ (၁) ခြေဖဝါးတော် ညီညာပြီး ရန်သူတွေက မပိတ်ပင် မတားဆီးနိုင်ပါဘူး။

လူအများကို ဘေးကင်းအောင် တရားနှင့်အညီ စောင့်ရှောက်ခြင်း၊ လှူဒါန်းရာမှာ စုံစုံလင်လင် အခြံအရံများနဲ့ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့လို့ (၂) ခြေဖဝါးအပြင်မှာ စက်လက္ခဏာတော် ဖြစ်ပေါ်ပြီး အခြံအရံ များပါတယ်။

သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ပြီး သတ္တဝါတွေကို သနားကာ အစီးအပွား လိုလားစောင့်ရှောက်ခဲ့လို့ (၃) ရှည်သော ဖနောင့်ရှိ။ (၄) ရှည်သော ခြေချောင်း၊ လက်ချောင်းရှိ။ (၅) ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိပြီး သူတစ်ပါးက မသတ်ဖြတ်နိုင်ဘဲ အသက်ရှည်ပါတယ်။

စားကောင်း သောက်ဖွယ်တွေ လှူဒါန်းခဲ့လို့ (၆) လက်ဖမိုး-၂ ခု၊ ခြေဖမိုး-၂ ခု၊ ပခုံး-၂ ခု၊ လည်ကုပ်- ၁ ခု အားဖြင့် အရပ်(၇)ပါး အသားပြည့်ဖြိုးပြီး မွန်မြတ်တဲ့ စားကောင်းသောက်ဖွယ်တွေ ရရှိပါတယ်။

လူအများကို သင်္ဂဟတရားလေးပါးနဲ့ ချီးမြှောက်ခဲ့လို့ (၇) နူးညံ့သော။ (၈) ညီညာသော လက်ခြေရှိပြီး ညီညွတ်သော ပရိသတ် ရှိပါတယ်။

(ကိုယ့်လက်အောက်ငယ်သားတွေ မညီညွတ်ရင်လည်း အလွန်စိတ်ပျက်စရာကောင်း ပါတယ်။ သင်္ဂဟတရားလေးပါးဆိုတာက ပေးသင့်သူကိုပေး၊ ချိုချိုသာသာပြောသင့်သူကို ချိုချိုသာသာပြော၊ အကျိုးဆောင်ပေးသင့်သူကို အကျိုးဆောင်ပေး၊ ကိုယ်နဲ့ထပ်တူထားသင့်သူကို ထပ်တူထားခြင်းတို့ပါပဲ။ ဒါဆို ညီညွတ်သော ပရိသတ်ကို ရရှိမှာ ဖြစ်ပါတယ်။)

အကျိုးရှိတဲ့စကား၊ တရားစကားတို့ကို ပြောခဲ့၊ တရားအလှူကို လှူခဲ့လို့ (၉) မြင့်သော ဖမျက်ရှိ။ (၁၀) လက်ျာရစ်လည်ကာ အထက်သို့ ကော့တက်နေတဲ့ မွေးညှင်းတော်ရှိပြီး အကြီးဆုံး၊ အမြတ်ဆုံး၊ အချီးမွမ်းအပ်ဆုံးသူ ဖြစ်ရပါတယ်။

အတတ်ပညာတို့ကို လွယ်ကူလျင်မြန်စွာ တတ်မြောက်အောင် သေသေချာချာ သင်ကြားပို့ချပေးခဲ့လို့ (၁၁) ပြေပြစ်သော မြင်းခေါင်းတော်ရှိပြီး ပစ္စည်းပရိက္ခရာနဲ့ ပရိတ်သတ်လေးပါး လျင်မြန်စွာ ရရှိပါတယ်။

ပညာရှိတို့ထံ ချဉ်းကပ်ပြီး သိလိုရာကို အဖန်ဖန် မေးမြန်းခဲ့လို့ (၁၂) အသားအရေ ချောမွေ့ပြီး ပညာဉာဏ် ကြီးပါတယ်။ ပညာအရာမှာ သာသူမပြောနဲ့၊ တူသူတောင် မရှိပါဘူး။

ဒေါသမထွက်ခဲ့၊ ဒေါသကို ထင်ရှားမပြခဲ့၊ ရန်ငြိုးမဖွဲ့ခဲ့ / နူးညံ့သိမ်မွေ့တဲ့ အဝတ်တန်ဆာတွေကို လှူဒါန်းခဲ့လို့ (၁၃) ရွှေအဆင်း အသားအရေရှိပြီး ထူးကဲလွန်မြတ်တဲ့ အဝတ်သင်္ကန်း၊ အခင်းတို့ကို ရလွယ်ပါတယ်။ ကောင်းမှုတွေလည်းပဲ မပျက်မစီး တည်ရှိပါတယ်။

ကွဲကွာနေသူတွေကို ပေါင်းဆုံစေ/ ညီညွတ်စေခဲ့လို့ (၁၄) အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ပုရိသနိမိတ် ရှိပြီး စကားကို လိုက်နာတဲ့ တပည့်သာဝကများစွာ ရှိပါတယ်။

ပုဂ္ဂိုလ်ကိုလိုက်၍ ဂုဏ်နဲ့လျော်စွာ ထိုက်ထိုက်တန်တန် ပေးလှူခဲ့လို့ (၁၅) ပညောင်ပင်ကဲ့သို့ ဝန်းသောကိုယ် ရှိကာ (ပုအိုင့်အိုင့်/ ရှည်မျောမျော မဟုတ်ဘဲ လက်နှစ်ဘက်ဘေးကို ဆန့်ထုတ်ထားတဲ့ အကျယ် အတိုင်းအတာနဲ့ လက်ကို အပေါ်ဆန့်ထားရင် ရှိမယ့် အမြင့်အတိုင်းအတာ ညီမျှ)။ (၁၆) မကိုင်း မညွတ် (မကုန်း) ရဘဲ လက်ဝါးပြင်ဖြင့် ပဆစ်ဒူးတို့ကို သုံးသပ်နိုင်ပြီး သဒ္ဓါသီလစတဲ့ သူတော်ဥစ္စာများနဲ့ ပြည့်စုံပါတယ်။ အမြတ်ဆုံး အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် ဆိုတဲ့ ဥစ္စာကို ရရှိပါတယ်။

လူအများရဲ့ အကျိုးစီးပွါးကို လိုလားခဲ့လို့ (၁၇) ခြင်္သေ့မင်းရဲ့ ရှေ့ပိုင်းကိုယ်နဲ့ တူတဲ့ ကိုယ်ရှိ။ (၁၈) လက်ပြင် နှစ်ခုအကြား ပြည့်ဖြိုးတဲ့ အသားရှိ။ (၁၉) ညီညာလုံးဝန်းတဲ့ လည်တိုင်ရှိပြီး သဒ္ဓါသီလ စတာတွေကနေ မဆုတ်ယုတ်၊ သဗ္ဗညုတဉာဏ်မှ မဆုတ်ယုတ်ပါဘူး။

သတ္တဝါတွေကို မညှင်းဆဲခဲ့လို့ (၂၀) အရသာကို ဆောင်နိုင်တဲ့ အလွန်ကောင်းမြတ်တဲ့ အကြောရှိပြီး အနာရောဂါ ကင်းပါတယ်။ ဝမ်းမီးနဲ့ ပြည့်စုံပါတယ်။

ဒေါသနဲ့ မျက်လုံးပြူးပြီး မကြည့်ခဲ့၊ မျက်စောင်း မထိုးခဲ့/ ရိုးဖြောင့်စွာ မေတ္တာဖြင့်သာ ကြည့်ခဲ့လို့ (၂၁) အလွန်ညိုသော မျက်လုံးရှိ။ (၂၂) နွားငယ်ရဲ့ မျက်တောင်နဲ့တူတဲ့ မျက်တောင်ရှိပြီး သတ္တဝါအများရဲ့ နှစ်သက် ကြည်ညိုဖူးမြော်ခြင်းကို ခံရပါတယ်။

ကုသိုလ်ကောင်းမှုတို့ကို ခေါင်းဆောင်ပြီး ပြုခဲ့လို့ (၂၃) သင်းကျစ်ဆင်ထားသကဲ့သို့သော ဦးခေါင်းရှိပြီး ဗုဒ္ဓအလိုကိုလိုက်တဲ့၊ အဆုံးအမကို လိုက်နာတဲ့ ဝေနေယျ များစွာရှိပါတယ်။

မှန်သောစကားတစ်မျိုးတည်းကိုသာ ပြောခဲ့လို့ ၊ သူများကို မလှည့်စားခဲ့လို့ (၂၄) မွေးညှင်းတစ်တွင်းမှာ မွေးညှင်တစ်ပင်သာရှိ။ (၂၅) မျက်မှောင်နှစ်ခုကြား ဖြူစင်တဲ့ ဥဏ္ဏလုံ မွေးရှင်တော်ရှိပြီး သတ္တဝါအများဟာ ဗုဒ္ဓအလိုကိုသာ လိုက်ရပါတယ်။

ဂုံးမတိုက်ခဲ့၊ ညီညွတ်ခြင်းကို အားပေးခဲ့လို့ (၂၆) လေးဆယ်သော။ (၂၇) မကြဲသောသွားရှိပြီး သူများ မဖြိုခွဲနိုင်တဲ့/ အဆုံးအမကို ခိုင်မြဲစွာ လိုက်နာတဲ့ ပရိသတ် ရှိပါတယ်။

ကြမ်းသောစကားကို မပြောခဲ့၊ နူးညံ့ချိုသာ နားဝင်ချိုအောင် ပြောခဲ့လို့ (၂၈) ကြီးမားရှည်လျား နူးညံ့တဲ့ လျှာတော် ရှိ။ (၂၉) ဗြဟ္မာ့အသံနှင့် တူတဲ့ အသံရှိပြီး ဘုရားရှင်ရဲ့ စကားဟာ အောင်မြင်ပါတယ်။ ဘုရားရှင်ရဲ့ စကားကို နာယူလက်ခံကြပါတယ်။

အကျိုးမရှိ ပြိန်ဖျင်းတဲ့စကားကို မပြောခဲ့၊ အကျိုးရှိတဲ့ စကားကိုသာ ပြောခဲ့လို့ (၃၀) ခြင်္သေ့မေးနဲ့တူသေတဲ့ မေးရှိပြီး အတွင်းအပ ရန်သူတွေ မဖျက်ဆီးနိုင်ပါဘူး။

အသက်မွေးမှုစင်ကြယ်ခဲ့လို့ (စဉ်းလဲ ကောက်ကျစ်၊ ခေါင်းပုံဖြတ် မတရားသဖြင့် ဖြတ်လမ်းက အသက်မမွေးခဲ့လို့) (၃၁) ညီညွတ်တဲ့ သွားတွေရှိ။ (၃၂) အလွန် ဖြူစင်တဲ့ စွယ်တော်လေးဆူရှိပြီး မကောင်းမှု ကိလေသာကင်းတဲ့ စင်ကြယ်တဲ့ အခြံအရံ ရှိပါတယ်။

အကြောင်းအကျိုးများသာ ဆက်စပ်ဖြစ် ပေါ်နေသော သံသရာမှာ မှန်ကန်တဲ့ အကြောင်း အကျိုးကို သိမြင်ဖို့အရေးကြီးပါတယ်။ ကိုယ်အလိုရှိတဲ့အရာတွေ မရရှိခြင်း (အကျိုးချို့တဲ့နေခြင်း)ဟာ အကြောင်းချို့တဲ့ခဲ့လို့ပါပဲ။ အဲဒါကို ဟိုလူ့ကြောင့် ဒီလူ့ကြောင့်လို့ အပြစ်တင်မနေဘဲ အဲဒီ ချို့တဲ့ခဲ့တဲ့ အကြောင်းတွေကို ပြည့်စုံအောင် ကြိုးစားလိုက်မယ်ဆိုရင် ကိုယ်အလိုရှိတဲ့ အကျိုးတွေ ပြည့်စုံလာမှာ ဖြစ်ပါတယ်။ အကျိုးကို မျှော်မျှော် မမျှော်မျှော် အကြောင်းကိုပြုရင် အကျိုးက ရမှာသေချာပါတယ်။ အကျိုးကို မျှော်ခြင်း မမျှော်ခြင်းကတော့ ကိုယ်နဲ့သာ ဆိုင်ပါတယ်။ အခု ရေးခဲ့တာလေးတွေဟာ ကြောင်းကျိုးအမှန်ကို မြင်သိတဲ့ ကမ္မဿကတာ သမ္မာဒိဋ္ဌိဉာဏ်အတွက် ရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အခြေခံဉာဏ်ဖြစ်ပါတယ်။ ဒီဉာဏ်ကို အခြေခံ၊ တစ်ဆင့်ထက်တစ်ဆင့်မြင့်တဲ့ ဉာဏ်တွေရအောင်လုပ်ပြီး အမြင့်ဆုံး နိဗ္ဗာန်ရအောင် ကြိုးစားကြရမှာပါ...။

လက္ခဏာတော်မှ တစ်ဆင့်
Author: Dhamma Yanant

မြတ်ဗုဒ္ဓ၏ လက္ခဏာတော်ကြီး (၃၂)ပါး

(၁) သုပ္ပတိဋ္ဌိတပါဒတာ လက္ခဏာတော် -ကောင်းစွာတည်ရှိသောခြေတော်ရှိခြင်း၊

(၂) စက္ကေနင်္ကီတပါဒတာ လက္ခဏာတော် -အမှတ်တံဆိပ်ခပ်နှိပ်အပ်သောခြေတော်ရှိခြင်း၊

(၃) ဒီဃပဏှိတာ လက္ခဏာတော် -ရှည်သောဖနောင့်တော်ရှိခြင်း၊

(၄) အာယတင်္ဂုလိတာ လက္ခဏာတော် -ရှည်သွယ်သော လက်ချောင်းတော်ရှိခြင်း၊

(၅) ဗြဟ္မုဇုဂတ္တတာ လက္ခဏာတော် -ဗြဟ္မာမင်းလို ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း၊

(၆) သတ္တုဿဒတာ လက္ခဏာတော် -

လက်ဖမိုးတော် ၂-ဘက်၊ ခြေဖမိုးတော် ၂-ဘက် ပခုံးတော် ၂-ဘက် လည်ကုတ်တော်အားဖြင့် ၇-ပါးသောအရပ် တို့၌ ပြည့်ဖြိုးသောအသားတော်ရှိခြင်း၊

(၇) မုဒုတလုဏဟတ္တပါဒတာလက္ခဏာတော် -ပျိုသော နုညံ့သောလက်တော်ခြေတော်ရှိခြင်း၊

(၈) ဇာလဟတ္ထပါဒတာ လက္ခဏာတော် -

ဇာကွန်ယက်ပမာ ညီစွာတည်သော လက်ချောင်းခြေချောင်း တော်ရှိခြင်း၊

(၉) ဥဿင်္ခပါဒတာ လက္ခဏာတော် -အောက်သို့မသက် အထက်တက်သည့် ဖမျက်အနေခြေတော်ရှိခြင်း၊

(၁၀) ဥဒ္ဓဂ္ဂလောမတာ လက္ခဏာတော် -

ရှေ့မျက်နှာတော်ဖူးမျှော်လိုဘိ မော်၍ကြည့်သို့ အဖျားလှည့်မော် မွေးညှင်းတော်ရှိခြင်း၊

(၁၁) ဧဏီဇင်္ဃတာ လက္ခဏာတော် -

ဧဏီမည်သောသားကောင်၏ သလုံးအသွင် အစဉ်အဆက် လုံး၍ တက်သောခြေသလုံး တော်ရှိခြင်း၊

(၁၂) သုခုမစ္ဆ၀ိတာလက္ခဏာတော် -နုညံ့သိမ်မွေ့သောအသားအရေတော်ရှိခြင်း၊

(၁၃) သုဝဏ္ဏ၀ဏ္ဏတာလက္ခဏာတော် -၀င်းဝါသောအသားအရေရှိတော်မူခြင်း၊

(၁၄) ကောသောဟိတ၀တ္ထဂုယှတာလက္ခဏာတော် -

ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်တော် ရှိခြင်း။

(၁၅) နိဂြောဓပရိမဏ္ဍလ လက္ခဏာတော် -

ဝိုင်းဝန်းသော ပင်ညောင်ပင်ကဲ့သို့ ကိုယ်တော်နှင့်အလံ လျော်ကန်ညီညီ ၀န်းဝိုင်းတော်မူခြင်း၊

(၁၆) ဇာဏုပရာမသနလက္ခဏာတော် -ဒူးတော်ကို သုံးသပ်ကိုင်လိုတော်မူလျှင် မတ်မတ်ရပ်တော်မူလျက် ပုဆစ်ဒူးဝန်း ၂-ဖက်တို့ကို လက်တော် ၂-ဖက်ဖြင့်ထိအောင်သုံးသပ်တော်မူနိုင်ခြင်း၊

(၁၇) ၀တ္တက္ခန္ဓတာ လက္ခဏာတော်ကြီး -

ရွှေမုရိုးစည်ကဲ့သို့ အညီပတ်ဝင်း လုံးသောလည်ပင်းတော်ရှိခြင်း၊

(၁၈) စိတန္တရတာ လက္ခဏာတော် -

ခါးမှအထက်ပခုံးတိုင်အောင် အသားလွှာပြည့်နေသောကြောင့် ထိုလက်ပြင်၂-ဖက် ကြား၌လည်း ရွှေပျဉ်ပြားကဲ့သို့ အသားပြည့်တော်မူခြင်း။

(၁၉) သီဟဗုဗ္ဗဒ္ဓကာယတာ လက္ခဏာတော် -

ခြင်္သေ့မင်း၏ရှေ့ထက်ဝက်ကိုယ်ကဲ့သို့ အထက်အောက်နှစ်ဌာန၌ ပြည့်ဝသော ကိုယ်တော်ရှိခြင်း၊

(၂၀) ရသဂသဂ္ဂိတလက္ခဏာတော် -

အရသာကိုဆောင် ယူနိုင်သောအကြောတို့တွင် အမြတ်ဆုံးဖြစ်သော ခုနစ်ထောင်သောအကြောတော်ရှိခြင်း၊

(၂၁) အဘိနီလနေတ္တတာ လက္ခဏာတော် -

မျက်လုံးတော်သည် ညိုသင့်ရာ အရပ်ဝယ် အောက်မဲညိုပန်း နှမ်းကြတ်ပန်း အသွေးကဲ့သို့ညိုသော မျက်လုံးတော်လည်း ရှိတော်မူခြင်း၊

(၂၂) ဂေါပခုမတာ လက္ခဏာတော် -မွေးစအရွယ် နွားနီငယ်၏ တင့်တယ်ကြည်အေးမျက်လုံးကလေး သို့ မျက်မွေးစီရရီ အလွန်ကြည်သော မျက်လုံးတော်ရှိခြင်း၊

(၂၃) ဥဏှီသသီသတာလက္ခဏာတော် -

သင်းကျစ်အပြား ဖွဲ့ပတ်ထားသို့ သီးခြားဆန်းထူး မဟာနဖူးကြောင့် ဖူးရ ရွှင်ပျော် လုံးသောဦးခေါင်းတော်ရှိခြင်း၊

(၂၄) ဧကေကလောမတာ လက္ခဏာတော် -မွေးတွင်း တစ်တွင်းလျှင် တစ်ပင်စီ သောအမွေးတော်ရှိခြင်း၊

(၂၅) ဥဏ္ဏလောမတာ လက္ခဏာတော် -

မျက်ခုံးတော် ၂-ပါးအလယ်ကြား၌ ထူးခြား ပေါ်လွင် အလွန်ဖြူစင် သောမွေးတော်ရှင်ရှိခြင်း၊

(၂၆) သမစတ္တာလီသဒန္တတာ လက္ခဏာတော် -အမျှ လေးဆယ် လွန်တင့်တယ်သော သွားတော်ရှိခြင်း၊

(၂၇) အ၀ိရုဠတာ လက္ခဏာတော် -ရွှေပြားအပြင် ၀ရဇိန်တင်သို့ အစဉ်မကွဲ မကျဲသော သွားတော်ရှိခြင်း၊

(၂၈) ပဟူတဇိဝှတာ လက္ခဏာတော် -ရှည်လျား နုနယ် ကျယ်ပြန့်သော လျှာတော် ရှိခြင်း၊

(၂၉) ဗြဟ္မဿရတာ လက္ခဏာတော် -

ဗြဟ္မာမင်း၏ အသံကဲ့သို့ သာယာနာပျော် အသံတော်ရှိသည်ကောင်း၊ အာဒေယျဝစနောစ- အများကြည်ဖြူ နာယူဖွယ် စကားတော်ရှိခြင်း၊

(၃၀) သီဟ ဟနုတာ လက္ခဏာတော် -

ခြင်္သေ့မင်း၏ အောက်မေးအလား ထက်အောက်အားဖြင့် ၂-ပါးထင်ပေါ် ပြည့်ဝသော မေးတော်ရှိခြင်း၊

(၃၁) သမဒန္တတာ လက္ခဏတော် -၀ရဇိန်များ စီ၍ထားသို့ ထက်ဖျား စီရရီ ညီသော သွားတော်ရှိခြင်း၊

(၃၂) သသုက္ကဒါဌတာ လက္ခဏာတော်

-သောကြာကြယ်ဝန်း ထွန်းသည့်အသွင် အလွန်ဖြူစင်သောစွယ်တော် ရှိခြင်း၊