Showing posts with label ဓမ္မရိပ်မဂ္ဂဇင်းဆောင်းပါး. Show all posts
Showing posts with label ဓမ္မရိပ်မဂ္ဂဇင်းဆောင်းပါး. Show all posts

Saturday, February 17, 2018

အရှုံးထဲကအမြတ်


#အရှုံးထဲကအမြတ်

#ဓမ္မရိပ်မဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၂၀၁၈

၁။
နာမ်တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ) အစဉ်တစိုက် လိုက်ပါနေပါတယ်။ လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။ (ဓမ္မပဒ - ၁)

အရှင်စက္ခုပါလမထေရ်ရဲ့ ဇာတ်လမ်းဟာ မှတ်သားဖွယ်ရာ၊ လိုက်နာကျင့်သုံးစရာတွေနှင့် ပြည့်နေပါတယ်။ စက္ခုပါလမထေရ်နှင့်ပတ်သက်ပြီး မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ ဓမ္မပဒဂါထာတော်ဟာလည်း အလွန်ထင်ရှားလှပါတယ်။

မြတ်ဗုဒ္ဓဟာ သ၀တ္ထိပြည်မှာ သီတင်းသုံးစဉ် အခါက -----။
မဟာပါလသူဌေးဟာ တရားတော်များကို နာကြားပြီး သဒ္ဓါတရားတွေ တိုးပွားလာလို့ ရဟန်းပြုဖို့ စိတ်ထက်သန်လာပါတယ်။ ဒါ့ကြောင့် သူ့ညီ စူဠပါလကို စည်းစိမ်ဥစ္စာတွေ အကုန်စွန့်ပြီး ရဟန်းပြုခဲ့ပါတယ်။ ရဟန်းပြုပြီး ငါးဝါလွန်မြောက်တဲ့အခါ မြတ်ဗုဒ္ဓဆီမှာ ကမ္မဋ္ဌာန်းတောင်းပြီး အဖော်ရဟန်း ခြောက်ဆယ်နှင့်အတူ သာဝတ္ထိမြို့မှ ယူဇနာ (၁၂၀)ကျော်ဝေးတဲ့ ရွာကြီးမှာ သီတင်းသုံးရင်း ကမ္မဋ္ဌာန်းတရား ပွားများအားထုတ်ပါတယ်။

ဝါဆိုတဲ့နေ့မှာတော့ မဟာပါလမထေရ်ဟာ အတူပါလာတာတဲ့ ရဟန်းတော်ခြောက်ဆယ်ကို မမေ့မလျော့နေဖို့ တိုက်တွန်းပြောကြားပါတယ်။ ကိုယ်တိုင်လည်း တစ်ဝါတွင်းလုံး မအိပ်ဘဲ၊ ကျောမခင်းဘဲ မမေ့မလျော့ အားထုတ်ဖို့ အဓိဋ္ဌာန်တော်မူပါတယ်။
ဝါခေါင်လအရောက်မှာတော့ အရှင်မဟာပါလမထေရ်မှာ မျက်စိရောဂါစွဲကပ်လာပါတယ်။ မျက်စိက ကျလာတဲ့ မျက်ရည်တွေဟာ အိုးပေါက်က ကျလာတဲ့ ရေတွေလို တသွင်သွင် ယိုစီးလို့နေပါတယ်။ ဆွမ်းခံရွာက ဆေးဆရာဟာ မထေရ်အတွက် ဆေးဆီကို ချက်ပြီး လှူပါတယ်။ လဲလျောင်းပြီး နှာခေါင်းမှာ လောင်းထည့်ဖို့(နှာနှပ်ဖို့)ကိုလည်း မှာလိုက်ပါတယ်။ ဒါပေမယ့် အရှင်မဟာပါလ ကတော့ သူ့ရဲ့ အဓိဋ္ဌာန်အတိုင်း ထိုင်ရက်ပဲ နှာခေါင်းထဲကို ဆေးဆီကို လောင်းထည့်ပါတယ်။ ဆေးဆရာဟာ အကြိမ်ကြိမ်အခါခါမှာထားပါပေမယ့် မထေရ်ဟာ ထိုင်နေရက်ပဲ ဆေးဆီထည့်ပါတယ်။ နောက်ဆုံးမှာတော့ ဆေးဆရာဟာ စိတ်ပျက်သွားပြီး မထရ်ကို အပြစ်တင်စကားပြောပါတယ်။ ဆေးဆီကိုလည်း ဆက်မလှူတော့ပါဘူး။

ဆေးဆရာရဲ့ အထင်လွဲခံရပေမယ့် မဟာပါလမထေရ်ဟာ စိတ်ပျက်အားလျော့တာ မဖြစ်ပါဘူး။ မမေ့လျော့ဖို့၊ ပိုမိုကြိုးစားဖို့ ကိုယ့်ကိုယ်ကို သတိပေးဆုံးမပြီး ဝိပဿနာတရား ပွားများအားထုတ်တော်မူပါတယ်။ သန်းခေါင်ယံ အချိန်မှာတော့ မျက်စိလည်း ကွဲပျက်၊ ကိလေသာတွေလည်း ကွဲပျက်ပြီး သုက္ခဝိပဿက ရဟန္တာအရှင်မြတ် ဖြစ်တော်မူပါတယ်။ ( ဒီအချိန်ကစပြီး စက္ခုပါလ မထေရ် လို့ အမည်တွင်ပါတယ်။ )

ရဟန္တာဖြစ်ပြီးတဲ့နောက်မှာတော့ အတူသီတင်းသုံးဖော် ရဟန်းတော် ခြောက်ဆယ်ကို လမ်းညွှန်ဆုံးမ သြဝါဒပေးတော်မူခဲ့ပါတယ်။ ရဟန်းတော်ခြောက်ဆယ်ဟာလည်း အရှင်စက္ခုပါလမထေရ်ရဲ့ ဆုံးမလမ်းညွှန်မှုကို လိုက်နာရင်း တရားအားထုတ်လိုက်ကြတာ သီတင်းကျွတ်လပြည့် ပဝါရဏာနေ့ ရောက်ခါနီးမှာ ပဋိသမ္ဘိဒါလေးပါးနှင့် ပြည့်စုံတဲ့ ရဟန္တာအရှင်မြတ်ကြီး ခြောက်ဆယ်ဖြစ်တော်မူကြပါတယ်။

( ၂ )
စက္ခုပါလမထရ်ကို ရွာဆေးဆရာက အထင်လွဲခဲ့ပါတယ်။ ဆေးကို အိပ်ပြီး မထည့်ရကောင်းလားဆိုပြီး အပြစ်တင်ခဲ့ပါတယ်။ ဒီ့အတွက် ဆေးဆရာရဲ့ ကုသိုလ်တွေဟာ ရပ်တန့်ခဲ့ရပါတယ်။ တကယ်ဆိုရင် ကိုယ့်မျက်စိကို မငဲ့ကွက်ဘဲ တရားကိုသာ ကြိုးစားအားထုတ်နေတဲ့ ရဟန်းတော်ပါလားလို့ နှလုံးသွင်းနိုင်ရင် ဆေးဆရာအတွက် ကုသိုလ်တွေ တိုးပွားလိုက်မယ့်ဖြစ်ခြင်း။ ယောနိသော မနသိကာရ - သင့်လျော်မှန်ကန်စွာ နှလုံးသွင်းတတ်ခြင်းဟာ ကုသိုလ်ဖြစ်ဖို့အတွက် အလွန်အရေးကြီးလှပါတယ်။ နှလုံးသွင်းလေးတစ်ချက် မှားလိုက်လို့ နောက်ထပ်ရမယ့် ကုသိုလ်တွေ ဆုံးရှုံးလိုက်ရပြီ။ မထေရ်ဟာ ထိုင်ရက်နှင့်ပဲ ဆေးခပ်နေလို့ မပျောက်နိုင်ဖြစ်နေတာ၊ ငါ့စေတနာ၊ ငါ့ပညာကို အလေးမထားတာ --- စသဖြင့် မသင့်တော်တဲ့ နှလုံးသွင်းကြောင့် ကုသိုလ်တွေ ဆုံးရှုံးခဲ့ရပါတယ်။ ကုသိုလ်တွေ ဆုံးရှုံးခြင်းရဲ့ အဓိကအကြောင်းရင်းက အယောနိသော မနသိကာရ - သင့်လျော်မှန်ကန်အောင် နှလုံးမသွင်းတတ်ခြင်း ကြောင့်ပါပဲ။ တကယ်ဆိုရင် ဆေးလှူပြီးပြီပဲ၊ ပျောက်သည်ဖြစ်စေ၊ မပျောက်သည်ဖြစ်စေ၊ ကိုယ့်ဘက်က ကိုယ်တတ်သမျှ အကောင်းဆုံး လုပ်ပြီးပြီဖြစ်လို့ ကုသိုလ်ရနေပါပြီလေ။

"မှန်မှန်ကန်ကန်စဉ်းစားတာ၊ နှလုံးသွင်းမှုမှန်ကန်တာ၊ လိမ္မာပါးနပ်စွာစဉ်းစားတာ၊ ဒါကို ယောနိသောမနသိကာရ လို့ခေါ်တယ်။ ဘယ်ကိစ္စပဲဖြစ်ဖြစ် ယောနိသောမနသိကာရ မထားတတ်ရင် ကုသိုလ်လုပ်နေတာတောင်မှ ကုသိုလ်မရဘဲ ဖြစ်တတ်တယ်။ " လို့ ပါချုပ်ဆရာတော်ကြီးက ဓမ္မအသိဖြင့်အကျိုးကျိုးနေမည် တရားတော်ထဲမှာ ဟောတော်မူပါတယ်။

ယောနိသောမနသိကာရ မှတစ်ပါး အခြားကျေးဇူးများသော တရားတစ်ခုမျှကိုလည်း ငါဘုရားမြင်တော်မမူ၊
ယောနိသောမနသိကာရရှိသူသည် အကုသိုလ်ကိုပယ်စွန့်၍ ကုသိုလ်ကိုပွားစေ၏။
(ဣတိဝုတ်၊ ပထမသေခသုတ်)

ဆေးဆရာရဲ့ အထင်လွဲမှုဟာ စက္ခုပါလမထေရ်အတွက်တော့ တွန်းအားပေးတဲ့ အခြေအနေဖြစ်သွားပါတယ်။
သူတပါးရဲ့ အထင်လွဲမှုကို သင့်တော်မှန်ကန်တဲ့စိတ်(ယောနိသောမနသိကာရ)နှင့် အသုံးချတတ်တော့ စိတ်ခွန်အားတွေ ပြည့်ပြီး တရားကို ပိုမိုကြိုးစားအားထုတ်ဖြစ်လို့ ရဟန္တာမြန်မြန်ဖြစ်ခဲ့ပါတယ်။ သူတပါးရဲ့ အထင်လွဲတာကိုလည်း အသုံးချတတ်ရင် အမြတ်ထွက်တာပါပဲ။

စိတ်ထားတတ်မှ မြတ်တယ်။ စိတ်ထားတတ်ဖို့ပါ။ ဘယ်အရာပဲဖြစ်ဖြစ် စိတ်မထားတတ်ရင် (သို့မဟုတ်) ယောနိသောမနသိကာရ မရှိဘူးဆိုရင် ကုသိုလ်မရနိုင်ဘူး။ ကုသိုလ်အားလုံးရဲ့ ဖြစ်ပေါ်လာရာ မုခ်ဦးလို့ ပြောရမှာက ယောနိသောမနသိကာရ ပဲ။ "ယေကေစိ ကုသလာဓမ္မာ၊ သဗ္ဗေ တေ ယောနိသောမနသိကာရ မူလကာ" တဲ့။ အဓိပ္ပါယ်က "ဖြစ်ပေါ်လာတဲ့ ကုသိုလ်မှန်သမျှဟာ ယောနိသောမနသိကာရ" ပေါ်မှာ အခြေခံတယ်လို့ပြောတာ။ ယောနိသောမနသိကာရ ဆိုတာ ဘယ်လိုအာရုံပဲလာလာ (proper attention) wise attention ဆင်ခြင်ဉာဏ်နှင့် နှလုံးသွင်းတတ်တာ၊ ပိုပြီးနားလည်အောင်လို့ပြောရရင် ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသောမနသိကာရ --- လို့  ပါချုပ်ဆရာတော်ကြီးက ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရား ဆိုပြီး ဟောတော်မူပါတယ်။

အဆိုးတစ်ခုက အကောင်းများစွာဖြစ်လာဖို့ အကြောင်းတစ်ချက်လည်း ဖြစ်လာနိုင်ပါသေးတယ်။ စက္ခုပါလမထေရ် မျက်စိကွဲပျက်သွားတာဟာ ကျန်တဲ့သီတင်းသုံးဖော် ရဟန်းတော်ခြောက်ဆယ်အတွက် တွန်းအားပေးသလို ဖြစ်သွားတာပေါ့။ သူတောင် မျက်စိကို ဂရုမစိုက်ဘဲ တရားကိုပဲ ဂရုတစိုက် အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပြီ။ တို့လည်း မမေ့မလျော့ အားထုတ်မှပဲ --- စသဖြင့်ပေါ့။  အဆိုးတွေထဲက အကောင်းတွေလည်း ရနိုင်ပါတယ်။ ယူတတ်မှရ မှာပါ။

( ၃ )
စက္ခုပါလမထေရ်ဟာ ဇေတဝန်ကျောင်းတော်ကို လာရောက်ပြီး မြတ်ဗုဒ္ဓကို ဖူးမြော်ပါတယ်။ တစ်ညမှာတော့ စင်္ကြန်လျောက်ရင်း ပိုးကောင်လေးတွေကို နင်းမိပါတယ်။ စက္ခုပါလမထေရ်အကြောင်း မသိတဲ့ ရဟန်းတချို့က ပိုးကောင်သေလေးတွေကို တွေ့မြင်တဲ့အခါ အပြစ်တင်ပြီး မြတ်ဗုဒ္ဓကို လျှောက်ထားကြပါတယ်။ အဲဒီအခါမှာတော့ မြတ်ဗုဒ္ဓက စက္ခုပါလမထေရ် မျက်စိမမြင်လို့ မသိတဲ့အတွက် နင်းမိတဲ့အကြောင်း၊ ရဟန္တာမှာ သူတပါးကို သေစေလိုတဲ့ စေတနာ မရှိကြောင်း ရှင်းပြတော်မူပါတယ်။ ရဟန်းတော်တွေက " စက္ခုပါလမထေရ်ဟာ ရဟန္တာဖြစ်ဖို့ အကြောင်းတရား ပြည့်စုံပါလျက် ဘာကြောင့် မျက်စိကွယ်ပျက်ရတာပါလဲ? "လို့ မေးတဲ့အခါ အတိတ်ကံကို ပြန်လည်ဟောဖော် ရှင်းပြတော်မူပါတယ်။ အဆုံးမှာတော့ ဒီဂါထာတော်ကို ဟောကြားတော်မူပါတယ်။

မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ဝဟတော ပဒံ။

ဂါထာတော်ရဲ့ အဓိပ္ပါယ်က -
နာမ်တရားအားလုံးဟာ စိတ်ဆိုတဲ့ ရှေ့သွားခေါင်းဆောင်ရှိပါတယ်။
စိတ်သာ အကြီးအမှူးပါ။ စိတ်ကြောင့် ပြီးစီးရပါတယ်။
ပျက်စီးတဲ့စိတ်၊ မကောင်းတဲ့စိတ်နဲ့ (တွေးကြံ) ပြောဆို ပြုလုပ်သူ ရဲ့နောက်ကို
ဆင်းရဲဒုက္ခတွေဟာ (အခွင့်သင့်တဲ့အခါ ဆိုးကျိုးပေးဖို့ရာ) အစဉ်တစိုက် လိုက်ပါနေပါတယ်။
လှည်းဘီးဟာ ဝန်ဆောင်နွားရဲ့ ခြေရာနောက်ကို လိုက်ပါနေသလိုပါပဲ။ (ဓမ္မပဒ - ၁)

၎။
ကံကြမ္မာဆိုးထက် စိတ်ဆိုးက ပိုကြောက်စရာကောင်းပါတယ်။
စိတ်ဆိုးက ကံကြမ္မာဆိုးကို ဖန်တီးလိုက်လို့ပါပဲ။

စက္ခုပါလမထေရ် မျက်စိကွယ်သွားတာဟာ တရားပြင်းပြင်းထန်ထန် အားထုတ်လို့၊ ဆေးကို အိပ်ရက်အနေအထားနှင့် မခပ်လို့ဆိုပြီး ထင်စရာရှိပါတယ်။ ဒါဟာ တစ်စိပ်တစ်ဒေသပဲ မှန်ပါတယ်။ အတိတ်ကံ အကြောင်းတရားကိုပါ ထည့်သွင်းစဉ်းစားပါမှ အပြည့်အဝမှန်မှာပါ။

စက္ခုပါလမထေရ် ဟာ ဆေးဆရာဖြစ်ခဲ့တဲ့ အတိတ်ဘဝတစ်ခုမှာ မျက်စိအားနည်းပြီး စမ်းတဝါးဝါးဖြစ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကုသပေးခဲ့ပါတယ်။ အဲ့လူနာက တကယ်လို့ မျက်စိကောင်းခဲ့ရင် ဆေးဖိုးအဖြစ် ဆရာ့ဆီမှာ သားသမီးတွေနှင့်အတူ ကျွန်ခံပါ့မယ် လို့ ကတိပေးခဲ့ပါတယ်။ မျက်စိရောဂါပျောက်လို့ မြင်ရတဲ့ အခါမှာတော့ ကျွန်မခံချင်တဲ့အတွက် မမြင်ရသေးဘူး။ ပိုတောင်ဆိုးလာသေးတယ် ဆိုပြီး လိမ်ညာပါတော့တယ်။ ညာတာကို သိတဲ့ ဆေးဆရာက မျက်စိကွယ်စေတဲ့ ဆေးကိုပေးပြီး ဒီဆေးခပ်ရင် တကယ်ပျောက်မှာပါ ဆိုပြီး ခပ်ခိုင်းလိုက်ပါတယ်။ အဲ့ဆေးခပ်လိုက်တဲ့အတွက် အဲ့ဒီအမျိုးသမီး ဟာ မျက်စိလုံးဝကွယ် သွားပါတော့တယ်။

အကုသိုလ်ကံက ကင်ဆာဆဲလ်လိုပါပဲ။ ကင်ဆာ မရင့်သေးရင် ဆေးသောက်၊ ခွဲစိတ်ဖြတ်တောက်လို့ ပျောက်နိုင်ပါတယ်။ ကင်ဆာရင့်သွားရင်တော့ ဘယ်လိုမှ ကုသလို့ မပျောက်ကင်းနိုင်တော့ပါဘူး။ လျော့ပါးသက်သာ အောင်ပဲ တတ်နိုင်ပါတော့တယ်။ ဆေးဆရာဘဝက အကုသိုလ်ကံအကျိုးပေးခွင့်ဟာ စက္ခုပါလမထေရ်ဘဝမှာ ရင့်ကျက်နေပြီဖြစ်တဲ့အတွက် တားဆီးလို့ရမှာ မဟုတ်တော့ပါဘူး။ တစ်နည်းနည်းနှင့် အကျိုးပေးတော့မှာပါပဲ။ (မရင့်ကျက်သေးရင်တော့ တားဆီးလို့ ရနိုင်ပါသေးတယ်။)

( ၅ )
တကယ်လို့သာ စက္ခုပါလမထေရ်ဟာ ဆေးဆရာဘဝက '' ဒီလူနာဆီက ဆေးဖိုးဝါးခ မရလည်း ကုသိုလ်ဖြစ် ပဲ သဘောထားလိုက်ပါတော့မယ်။" ဒီလို သင့်တော်မှန်ကန်တဲ့နှလုံးသွင်း (ယေနိသောမနသိကာရ) ရှိခဲ့မယ်ဆိုရင်၊ စိတ်ကောင်းထားခဲ့မယ်ဆိုရင် --- ကုသိုလ်အကျိုးဖြစ်တဲ့ ကောင်းကျိုးကိုပဲ ခံစားရမှာပါ။ မျက်လုံးပေါက်ကွဲတာ မဖြစ်တဲ့အပြင် အနည်းဆုံးတော့ မျက်လုံးကြည်လင်လှပတာ၊ မျက်စိကောင်း၊ ကျန်းမာရေးကောင်းတာ စတဲ့ အကျိုးများစွာ ခံစားရမှာပါ။ (မျက်စိခွဲဖို့ ငွေကြေးမတတ်နိုင်သူတွေကို ထောက်ပံ့လှူဒါန်းတဲ့ ပရဟိတအလုပ်ကိုတောင် တကူးတက လုပ်နေကြရတာ မဟုတ်ပါလား)

လူနာအမျိုးသမီး ဆေးဖိုးဝါးခ မပေးချင်လို့ လိမ်ညာတာ သူ့အမှားပါ။ သူ့အပြစ်ပါ။ ခုတော့ ဆေးဆရာဟာ မျက်စိကွယ်ဆေးကို ပေးလိုက်တဲ့အခါမှာတော့ ဆေးဆရာအမှား ဖြစ်သွားပါပြီ၊ ဆေးဆရာအပြစ် ဖြစ်သွားပါပြီ။ သူ့အပြစ် သူခံရမှာ ဖြစ်သလို ကိုယ့်အပြစ်ကိုယ်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါကိုသိရင် သူ့အမှားကို ကိုယ့်အမှား မဖြစ်စေသင့်တော့ပါဘူး။

တစ်ခါတစ်လေမှာ ကိုယ့်ဆီက ပိုက်ဆံ၊ ပစ္စည်း ချေးငှားယူပြီး ပြန်မပေးတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ အဲလိုသာ ကြုံရင် ပြန်တောင်းလို့မှ မရနိုင်တဲ့အခါ လှူလိုက်တယ် လို့သာ သဘောထားပြောင်းကြည့်လိုက်ပါ။ သင့်တော့်မှန်ကန်တဲ့ နှလုံးသွင်း(ယောနိသောမနသိကာရ)ကြောင့် အကုသိုလ်မဖြစ်တော့ဘဲ ကုသိုလ်တောင် ရပါသေးတယ်။ ပိုက်ဆံလည်းကုန်သေး၊ အကုသိုလ်လည်းဖြစ်သေးဆိုရင် ဘယ်လိုမှ မတန်ပါဘူး။ ကုန်တာခြင်းအတူတူ ကုသိုလ်ဖြစ်ပါစေ။ အနည်းဆုံးတော့ လှူလိုက်တယ်လို့ သဘောထားလိုက်ရင် စိတ်ပေါ့ပါးသွားပါတယ်။ စိတ်လွတ်လပ်သွားပါတယ်။ စိတ်ကြည်သွားပါတယ်။ ဒါဟာ ကုသိုလ်စိတ်ရဲ့ ခုချက်ချင်းရတဲ့ လက်ငင်းအကျိုးပါပဲ။ လှူဒါန်းပေးကမ်းခြင်း ဒါနပါရမီ နှင့်အတူ သည်းခံခွင့်လွှတ်ခြင်း ခန္တီပါရမီ၊ မေတ္တာထားခြင်း မေတ္တာပါရမီ တို့ကိုပါ ဖြည့်ကျင့်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ သူမှားရင်လည်း ကိုယ်က မှန်နေမှပါ။ သူ့ဆီက မျှော်နေစရာ မလိုပါဘူး။ အချိန်တန်တဲ့အခါ ကိုယ့်ကုသိုလ်ဟာ ကိုယ့်ကို ကောင်းကျိုးပြန်ပေးမှာ ဖြစ်လို့ပါပဲ။

သူ့ကို ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုယ်ကိုယ်လည်း လွတ်လပ်ခွင့်ပေးလိုက်တာပါပဲ။ သူ့အပေါ် သည်းခံမေတ္တာထားလိုက်တာဟာ ကိုယ့်ရဲ့ စွမ်းအင်တွေကို မြှင့်တင်လိုက်တာပါပဲ။ သူ့ကို လှူလိုက်တာဟာ ကိုယ့်ရဲ့ လောဘစိတ်ကို အနိုင်ယူပြီး အလောဘမျိုးစေ့ကို မွေးမြူလိုက်တာပါပဲ။ ကုသိုလ်ဖြစ်အောင် တွေးတတ်ပါစေ။

"တကယ်တော့ ကိုယ့်ရဲ့ မကောင်းတဲ့စိတ်ကို အောင်မြင်ခြင်းဟာ အမြတ်ဆုံးပါပဲ။" (ဓမ္မပဒ- ၁၀၃၊၁၀၄၊၁၀၅)

ဘယ်လိုမှ ပြောင်းလဲလို့ မရတော့တဲ့ အခြေအနေတစ်ခုမှာတောင် အဲဒီအခြေအနေအပေါ် ထားရှိတဲ့ ကိုယ့်စိတ်၊ ကိုယ့်သဘောထားကိုတော့ ပြောင်းလဲခွင့် ရှိပါသေးတယ်။ ဒီအခြေအနေမှာပဲ ကောင်းတဲ့စိတ်ထားမလား? ဆိုးတဲ့စိတ် ထားမလား? ဆုံးဖြတ်ပိုင်ခွင့်ရှိနေပါသေးတယ်။ မြတ်ဗုဒ္ဓသာသနာတော်မှာ စိတ်ထားကောင်းနည်း၊ စိတ်ကောင်းထားနည်း၊ သင့်တော်မှန်ကန်တဲ့ နှလုံးသွင်းနည်းတွေ ပြည့်ပြည့်စုံစုံရှိနေပါတယ်။

ဆုံးရှုံမှုတွေ ဘယ်လောက်ပဲရှိရှိ အရှုံးထဲက အမြတ်ထုတ်ယူနည်းတွေ၊ အမှိုက်ကနေ ရွှေထုတ်ယူနည်းတွေ မြတ်ဗုဒ္ဓသာသနာတော်မှာ ရှိပါတယ်။ သဒ္ဓါ+ပညာ၊ သတိ + မေတ္တာ တွေဟာ အမှိုက်ကို ရွှေဖြစ်အောင်ပြောင်းလဲပေးနိုင်တဲ့ conventer တွေပါပဲ။ စိတ်ကောင်း၊ ဉာဏ်ကောင်း ဆိုတဲ့ အရင်းအနှီးသာရှိရင် ကုသိုလ်ဖြစ်ဖို့ လွယ်ကူသွားပါပြီ။ မြတ်ဗုဒ္ဓရဲ့ တပည့်သာဝကအဖြစ်ခံယူထားရင်တော့ အဲဒီ အခွင့်အရေးတွေကို လက်မလွှတ်သင့်ပါဘူးနော်။

#အရှင်ဉာဏဝရ (ပါရမီ)

ညွှန်း -
၁။ ဓမ္မပဒပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၂။ ဣတိဝုတ်ပါဠိတော်မြန်မာပြန် (ဆဋ္ဌမူ)
၃။ ဓမ္မပဒဝတ္ထုတော်ကြီး - အရှင်ဓမ္မဿာမီဘိဝံသ
၎။ ဓမ္မပဒ - မာဏဝ
၅။ သရုပ်ပြ ဓမ္မပဒ - ဒေါ်ဝိဇ္ဇေသီ
၆။ ဓမ္မပဒပန်းကုံး - အရှင်ကုမာရ
၇။ ဓမ္မပဒအဖော်မွန် - အရှင်ဉာဏဝရ(ပါရမီ)

#သတ္တမမြောက်ဆောင်းပါးလေးပါ

Tuesday, December 5, 2017

တံတားချစ်သူတို့နှလုံးသား

ဒုတိယမြောက်ဆောင်းပါး
#ဓမ္မရိပ်မဂ္ဂဇင်း
#အရှင်ဉာဏဝရ(ပါရမီ)
#တံတားချစ်သူတို့နှလုံးသား
#သရုပ်ဖော်ပုံကောင်းလေးနှင့်တွဲပေးသောအယ်ဒီတာအဖွဲ့ကိုကျေးဇူးတင်မိ

တံတားချစ်သူတို့ နှလုံးသား

( ၁ )

ဘုရားအလောင်းမျောက်မင်းဟာ ဟိမန္တာတောကြီးမှာ နေစဉ်အခါက ---။ မျောက်များစွာကို ဦးဆောင်ပြီး ဂင်္ဂါမြစ်ကမ်းအနီးမှာရှိတဲ့ သရက်ပင်က အနံ့အရသာနှင့် ပြည့်စုံလှတဲ့ သရက်သီးတွေကို စားသောက်တတ်ပါတယ်။ တစ်နေ့မှာတော့ ဗာရာဏသီပြည်ကို အုပ်ချုပ်တဲ့ ဗြဟ္မဒတ်မင်းကြီးဟာ စစ်သည်တွေနှင့်အတူ ဂင်္ဂါမြစ်ကို ဆန်တက်ပြီး သရက်သီးတွေကို လာရောက်သုံးဆောင်ပါတယ်။ ညသန်းခေါင်ယံမှာတော့ မျောက်တွေဟာ သရက်ပင်ပေါ်ကို တိတ်တိတ်လေးတက်ပြီး သရက်သီးတွေကို စားကြပါတယ်။ ဒါပေမယ့် စစ်သည်တွေ သိသွားပြီး မျောက်တွေကို ဝိုင်းထားလိုက်ကြပါတယ်။ လက်နက်တွေနှင့်ဝိုင်းရံနေကြတဲ့ စစ်သည်တွေကို မျောက်တွေမြင်ရတဲ့အခါ ကြောက်လန့်တကြား ဖြစ်ကုန်ပါတယ်။ မျောက်မင်းကတော့ တည်တည်ငြိမ်ငြိမ်နှင့် သူလုပ်ရမယ့် အလုပ်ကို စိတ်အေးအေးထားပြီး စီစဉ်နေပါတယ်။
မျောက်မင်းဟာ အံ့သြစရာကောင်းလောက်အောင် ခွန်အားကြီးမားတာကြောင့် သူတစ်ကောင်ထဲအတွက်ဆို ဟိုဘက်ကမ်းနှင့် ဒီဘက်ကမ်း ခုန်းကူးပြီး အလွယ်တကူ လွတ်မြောက်နိုင်ပါတယ်။ ဒါပေမယ့် ဘုရားလောင်း မျောက်မင်းဟာ အာဇာနည်ခေါင်းဆောင်ကောင်းပီပီ အမျိုးအတွက်၊ အများအတွက် အသက်စွန့်ပြီး ကယ်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သရက်ပင်ရဲ့ အမြင့်ဆုံးအကိုင်း ကနေ ဂင်္ဂါမြစ်တစ်ဖက်ကမ်းဆီ တအားကုန် ခုန်လွှားလိုက်တာ ဟိုဘက်ကမ်းက ချုံပုတ်တစ်ခုပေါ်ကို ကျသွားပါတယ်။ အဲဒီက ကြိမ်နွယ်တစ်ချောင်းကို ဖြတ်ယူလိုက်ပြီး ကြိမ်နွယ်ရဲ့ အစွန်းတစ်ဖက်ကို သစ်ပင်တစ်ပင်မှာချည်လိုက်ပါတယ်။ အခြားအစွန်းတစ်ဖက်ကိုတော့ ခါးမှာပတ်ကာ သရက်ပင်ကြီးဆီ ပြန်လည် ခုန်လွှားလိုက်ပါတယ်။ ကြိမ်နွယ်ဟာ နည်းနည်းတိုသွားတဲ့အတွက် မျောက်မင်းဟာ သရက်ပင်ဆီ လွတ်လွတ်ကျွတ်ကျွတ် မရောက်ပဲ သရက်ကိုင်းစွန်းကို စွဲကိုင်နိုင်ရုံ တန်းလန်းကြီး ဖြစ်နေပါတယ်။ ကြိမ်နွယ်ကို ခါးမှာပတ်ထားတဲ့ မျောက်မင်းဟာ သရက်ကိုင်းစွန်းကို မြဲမြဲစွဲကိုင်ရင်း တံတားသဖွယ် ဖြစ်နေပါတယ်။
"ငါ့ကိုယ်ပေါ် နင်းဖြတ်သွားကြ။ ကြိမ်နွယ်ပေါ်လျှောက်ပြီး ဟိုဘက်ကမ်းကို ရောက်အောင် သွားကြ" လို့ မျောက်မင်းက မျောက်အပေါင်းကို ပြောဆိုလိုက်ပါတယ်။ မျောက်တွေဟာ မျောက်မင်းကို အရိုအသေပြုပြီးတဲ့အခါ မျောက်မင်းရဲ့ ကိုယ်ပေါ်ကိုနင်းပြီး ကြိမ်နွယ်မှတစ်ဆင့် ဟိုဖက်ကမ်းကို ကူးသွားကြပါတယ်။ မျောက်ပေါင်းများစွာ နင်းလျောက်သွားတဲ့ ဒဏ်ကြောင့် မျောက်မင်းဟာ အလူးအလဲ အသည်းအသန် ခံစားနေရပေမယ့် သရက်ကိုင်းကို  လုံးဝမလွှတ်ပါဘူး။ လက်အံသေတဲ့အထိ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားဆဲပါပဲ။
နောက်ဆုံးမှာတော့ အငြိုးအတေးထားတဲ့ အရှင်ဒေဝဒတ်လောင်း  မျောက်က မျောက်မင်းရဲ့ ကိုယ်ပေါ်ကို အမြင့်ဆုံး သရက်ကိုင်းပေါ်ကနေ အရှိန်ပြင်းပြင်း ခုန်ဆင်းချပြီး ကြိမ်နွယ်ပေါ်ကိုလည်း ပြင်းပြင်းနင်းသွားပါတယ်။ သည်းအူပြတ်လောက်အောင် နှလုံးသားကွဲမတတ် ပြင်းထန်စွာ ခံစားနေရမယ့် မျောက်မင်းဟာ သရက်ကိုင်းကို မလွတ်ပါဘူး။ ခါးမှာချည်ထားတဲ့ နွယ်ကြိုးကိုလည်း မဖြုတ်မချပါဘူး။ ဒေဝဒတ်လောင်းမျောက် မြစ်ထဲကျပြီး သေသွားမှာစိုးလို့ပါ။
အလွန်မွှေးပျံ့သန့်စင်တဲ့ ပန်းပွင့်ဟာ သူ့ကို ပွတ်ချေဖျက်ဆီးနေသူကိုတောင်မှပဲ အမွှေးရနံ့တွေ ပေးခဲ့ပါတယ်။ သစ်ပင်ကြီးဟာ သူ့ကို ခုတ်ဖြတ်နေသူကိုတောင်မှပဲ မလဲမချင်း သူတတ်နိုင်သမျှ အေးရိပ်ကိုတော့ ပေးနေတာပါပဲ။ နံ့သာတုံးဟာ သူ့ကို မီးရှို့ဖျက်ဆီးသူကိုတော်မှပဲ ပြာမဖြစ်မချင်း မွေးရနံ့ကို ပေးနေတာပါပဲ။ ဘုရားလောင်း သူတော်ကောင်းတွေဟာလည်း ကိုယ့်ကို ညှဉ်းဆဲသတ်ဖျက်နေသူကိုတောင်မှပဲ သေသည်အထိ မေတ္တာမပျက်ဘဲ ကောင်းကျိုးကို ဆောင်ရွက်ခဲ့ပါတယ်။
ဒီလိုနှင့် တစ်ကောင်တည်း တန်းလန်းကျန်ရစ်ခဲ့တဲ့ မျောက်သားတံတားဖြစ်နေတဲ့ မျောက်မင်းကြီးကို ဗာရာဏသီမင်းကြီးက အလွန်အင်မတန် လေးစားကြည်ညိုသွားပါတယ်။ ဒါ့ကြောင့် ငြမ်းဆင်ပြီး မျောက်မင်းကို အသာအယာ ပွေ့ယူလာဖို့ မင်းကြီးက စစ်သည်တွေကို ခိုင်းစေလိုက် ပါတယ်။ သေလုမြောပါးဖြစ်နေတဲ့ မျောက်မင်းကို အောက်ချပေးပြီး နုညံ့တဲ့ အိပ်ရာထက်မှာ တင်ထားပြီး ရှင်လိုရှင်ငြား ဆေးကုပေးပါတယ်။ ဒါပေမယ့် မျောက်မင်းဟာ အများအတွက် အသက်စွန့်လှူရင်း သေဆုံးခဲ့ရပါတယ်။  (မဟာကပိဇာတက (ဇာ၊ဋ္ဌ၊၃၊၃၄၉))

( ၂ )

တကယ်တော့ ဘုရားအလောင်းတော် ပါရမီဖြည့်တယ်ဆိုတာ တံတားသဖွယ်ပါပဲ။ တံတားဟာ ကိုယ့်ပေါ်ကို ကျော်ဖြတ်သူအားလုံးကို လိုရာခရီး အလွယ်တကူ ရောက်စေပါတယ်။ တံတားဟာ ခရီးလမ်းကို အဆင်ပြေ ချောမွေ့အောင် လုပ်ပေးပါတယ်။  တံတားဟာ မိမိအပေါ်ကို တံတွေးထွေးသူ၊ အမှိုက်ပစ်သူကိုလည်း စိတ်မဆိုးပါဘူး။ တံတားဟာ ဝေးကွာနေတဲ့ချစ်သူတွေကို ပေါင်းကူးဆက်သွယ်ပေးပါတယ်။ လူမှုဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ စားဝတ်နေရေး စတာတွေ အားလုံးအတွက် တံတားဟာ သူတတ်နိုင်တဲ့ဘက်က ကူညီပေးပါတယ်။ တံတားဟာ ပရဟိတရဲ့ သင်္ကေတ တစ်ခုပါပဲ။
" ဒီပင်ထံပါး တံတားအနေ၊ ရွှေဗျာဒိတ်ပန်း ဆင်မြန်းဆွတ်ချွေ --- "
လွန်ခဲ့တဲ့ ကမ္ဘာပေါင်း လေးအသေင်္ချနှင့်တစ်သိန်း ထက်က ဂေါတမဘုရားလောင်းလျာ သုမေဓာရသေ့ဟာ ဒီပင်္ကရာမြတ်စွာဘုရားရဲ့ ခြေတော်ရင်းမှာ ဘုရားဆု ပန်ဆင်ခဲ့တုန်းကလည်း ကိုယ်ခန္ဓာကို အလျားစင်းပြီး တံတားခင်း လှူခဲ့ပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားနှင့် ရဟန္တာလေးသိန်း ရမ္မာမြို့တွင်း ဆွမ်းခံကြွလာမယ့်လမ်းကို မြို့သူမြို့သားတွေ ပျော်ပျာ်ရွှင်ရွှင် ပြင်ဆင်နေကြပါတယ်။ သုမေဓာရသေ့ဟာ ကောင်းကင်ခရီးက လှည့်လည်ရင်း ဒီမြင်ကွင်းကို တွေ့ရပြီး မေးမြန်းလို့ အကြောင်းစုံသိရတဲ့အခါ သူလည်း လမ်းကူပြင်မယ်ဆိုပြီး တစ်နေရာ တောင်းပါတယ်။ မြို့သားတွေ ကလည်း တန်ခိုးကြီးတဲ့ရသေ့ဆိုပြီး ရွှံ့ညွန်ထူထပ်တဲ့နေရာကို ပေးလိုက်ပါတယ်။ သုမေဓာရသေ့ဟာ လမ်းကို တန်ခိုးနှင့်ပြင်ရင် ချက်ချင်းပြီးမှာဖြစ်ပေမယ့် အားရအောင် ကုသိုလ်ယူချင်တာကြောင့် ကိုယ်တိုင်မြေထမ်း၊ လမ်းဖို့နေ ပါတယ်။ လမ်းပြင်တာ ပြီးခါနီးလေးမှာပဲ ဘုရားရှင်ကြွလာပါတယ်။ အဲဒီအခါ ရွှံ့ညွန်ပေါ်ကို ဘုရားရှင် မနင်းရအောင် ခန္ဓာကိုယ်ကို ဝပ်စင်းပြီး တံတားအဖြစ် လှူလိုက်ပါတယ်။ ဘုရားရှင်နှင့် ရဟန္တာလေးသိန်းတို့ဟာ တံတားအဖြစ် လှူထားတဲ့ သုမေဓာရသေ့ပေါ်ကို နင်းလျောက်သွားရင် ရသေ့သေသွားနိုင်ပါတယ်။ ဒါပေမယ့် အားကြီးလှတဲ့ သဒ္ဓါတရားနှင့် အသက်စွန့်ပြီး လှူဒါန်းတာပါ။ အဲဒါကို မြင်ရတဲ့ သုမိတ္တာအမျိုးသမီးလေး (ယသောဓရာလောင်းလျာ) ဟာ သူယူလာတဲ့ ကြာပန်းရှစ်ခိုင်ထဲက သုံးခိုင်ကို ကိုယ်တိုင်ပူဇော်ဖို့ချန်ပြီး၊ ငါးခိုင်ကို ရသေ့လေး ဘုရားပူဇော်နိုင်ဖို့ အတွက် ပေးလိုက်ပါတယ်။ သုမေဓာရသေ့ဟာ ကြာပန်းငါးခိုင်ကို ကိုင်ရင်း ဒီပင်္ကရာမြတ်စွာဘုရားကို ဝပ်စင်းပူဇော်နေ ပါတယ်။
ခန္ဓာကိုယ်ကို အလျားစင်း တံတားခင်းရင်း "ငါ့မှာ သတ္တဝါတွေကို ကယ်တင်နိုင်လောက်တဲ့ အရည်အချင်း ရှိပါလျက်နဲ့ တစ်ကိုယ်တည်း အလွတ်ရုန်းသွားဖို့ မသင့်ဘူး။ ဒီပင်္ကရာမြတ်စွာဘုရားလို သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူ ဖြစ်အောင် ကြိုးစားပါ့မယ်။ ငါငြိမ်းအေးချမ်းသာသလို သတ္တဝါတွေ ငြိမ်းအေးချမ်းသာစေရမယ်။ ငါဟာ သံသရာ ရေပြင်ကျယ်ကို ကူးမြောက်ပြီး တစ်ဖက်ကမ်းရောက်သလို သတ္တဝါတွေလည်း ကူးမြောက်စေရမယ်။" စသဖြင့် ကြံစည်ရင်း အဓိဋ္ဌာန်လိုက်ပါတယ်။
ဒီပင်္ကရာမြတ်စွာဘုရားဟာ သုမေဓာရသေ့ရဲ့ ဦးခေါင်းရင်းမှာ ရပ်ပြီး "ခန္ဓာကိုယ်ကို အလျားခင်း တံတားစင်း ပြီး အသက်စွန့်လှူဒါန်းတဲ့ ဒီရသေ့ဟာ နောင်အခါ ငါဘုရားကဲ့သို့ ဘုရားတစ်ဆူ ဖြစ်လိမ့်မယ်" လို့ ဗျာဒိတ်စကား မိန့်ကြားတော်မူပြီး ရသေ့ပေါ်က မကြွဘဲ ရသေ့ဘေးက ကြွခဲ့ပါတယ်။
ဒါကြောင့် လမ်းတံတားဟာ ပရဟိတရဲ့ သင်္ကေတ၊ ပါရမီရဲ့ သင်္ကေတ၊ မဂ္ဂင်ရှစ်ပါးရဲ့ သင်္ကေတလို့ ဆိုလို့ရပါတယ်။ လမ်းတံတားအကြောင်းတွေးတဲ့အခါ ဝေနေယျသတ္တဝါတွေကို ငြိမ်းအေးရာနိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်း ကိုရောက်အောင် တံတားခင်း လမ်းပြခဲ့တဲ့ မြတ်စွာဘုရားကို သတိရမိပါတယ်။ မြတ်စွာဘုရားရှင် ညွှန်ပြတော်မူတဲ့ မဂ္ဂင်ဆိုတဲ့ လမ်းတံတားကို လျှောက်လှမ်းရင် နိဗ္ဗာန်ကိုရောက်နိုင်မှာပါ။
သုမေဓာရသေ့ဘဝမှာ မြတ်စွာဘုရားရှင်နှင့် သံဃာတော်တွေအတွက် ခန္ဓာကိုယ်အလျားစင်း တံတားခင်းလှူ သလို မဟာကပိဇာတ်မှာ မျောက်မင်းဟာ အများအတွက် ခန္ဓာကိုယ်ကို တံတားထိုးလှူပစ်တဲ့ ဘဝမျိုးတွေလည်း မရေမတွက်နိုင်အောင် ရှိပါတယ်။ တံတားတွေကို မြင်တဲ့အခါ ဘုရားအလောင်းတော်ဖြည့်ကျင့်ခဲ့တဲ့ ပါရမီတော်တွေနှင့် ဘုရားရှင်ညွှန်ကြားထားတဲ့ မဂ္ဂင်လမ်းစဉ်ကို သတိရလိုက်ပါ။
လမ်း တံတားနှင့်တွဲပြီး မြင်ယောင်မိတာ ကတော့ ငြမ်း ပါ။  တံတားကတော့ အလျားလိုက်ပေါ့။ ငြမ်းကတော့ ဒေါင်လိုက်ပါ။ လယ်တီဆရာတော်ကြီးရဲ့ "သုံးလူ့ရှင်ပင်" ဗုဒ္ဓဝင်ဘုရားရှိခိုးမှာ ငြမ်း ဆိုတဲ့ စကားလုံးလေးကို ထည့်သုံးထားပါတယ်။ ဖွားတော်မူပုံကို ဖွဲ့ဆိုတဲ့အခါမှာ "နတ်လူ အောင်မြို့ လမ်းပါကို" တဲ့။ တောထွက်တော်မူပုံ မှာတော့ "စုံမြိုင်ပင်ရိပ် ခန်းမှာကို" တဲ့။ ဘုရားဖြစ်တော်မူပုံမှာတော့ "သုံးဖော်လူတို့ ငြမ်းပါကို" တဲ့။ ဓမ္မစကြာဟောတော်မူပုံကို "တရားနတ်စည် ရွမ်းတယ်ကို" လို့ ဖွဲ့ဆိုထားပါတယ်။
ဆရာကြီး ဦးသုခကတော့ လယ်တီဆရာတော်ကြီးသုံးနှုန်းဖွဲ့ဆိုတဲ့ "ငြမ်း" ဆိုတဲ့ စကားလုံးလေးကို  "စကားတစ်လုံး ဂုဏ်မဆုံး" တဲ့။ ငြမ်း ဆိုတာ အထက်ကိုတက်ပြီး ပြုပြင်မွမ်းမံတည်ဆောက်ဖို့ထားတဲ့ လှေကားအကြီးစားတစ်မျိုးပါ။ သုံးဖော်လူတို့ ငြမ်းပါကို - "ဗြဟ္မာနတ်လူ သုံးဘုံသူတို့ရဲ့ တည်ရာမှီရာ အားကိုးရာ ငြမ်းကြီးပမာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။ ဘုရားရှင်ပွင့်တော်မူတာဟာ သုံးလောကသားတွေ စိတ်ဓာတ်မြင့်မြတ် အထက်တန်းကျပြီး မိမိကိုယ်မိမိပြုပြင်တည်ဆောက်နိုင်ဖို့၊ သုဂတိဘုံကို တက်လှမ်းနိုင်ဖို့၊ ဘုံဘဝတွေ ငြိမ်းရာ နိဗ္ဗာန်ကို တက်လှမ်းနိုင်ဖို့ အလွန်အားထားရတဲ့ အနှိုင်းမဲ့ ငြမ်းကြီးသဖွယ် ဖြစ်တော်မူပါတယ်" လို့ ဆိုလိုပါတယ်။ ငြမ်း ဆိုတဲ့ စကားလုံးလေးက မဟာကရုဏာတော်ကြီးကို ညွှန်းဆို လိုက်တာပါ။ ဘုရားအလောင်းတော်ဟာ သတ္တဝါတွေ နိဗ္ဗာန်ရောက်ဖို့ ထမ်းတင်လို့ ရမယ်ဆိုရင် ထမ်းတင်ပေး လိုက်ချင်တဲ့ ကြီးမားလှတဲ့ သနားကရုဏာနှင့် ပါရမီဖြည့်ခဲ့ပုံကို လယ်တီဆရာတော်ကြီးက ငြမ်း ဆိုတဲ့ စကားလုံးလေးနှင့် ထင်းထင်းမြင်အောင် သုံးနှုန်းလိုက်တာပါ။ ဘုရားဆုပန် ဗျာဒိတ်ခံစဉ်က ခန္ဓာကိုယ်ကို အလျားခင်း တံတားစင်းပြီး လှူခဲ့တဲ့ပုံရိပ်ဟာ "သုံးဖော်လူတို့ ငြမ်းပါကို" ဆိုတာ ဖော်ပြနေသလိုပါပဲ။

( ၃ )

ဦးဇင်းတို့ တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာမှာ ပထမဆုံးသင်ရတဲ့ ကဗျာက "BRIDGES" တံတားများ တဲ့။
I like a bridge – Any kind of bridge at all.
A great steel bridge with towers stiff and tall;
An old covered bridge that spans a waterfall;
A hewn-stone bridge with its rugged floor and wall;
A railroad bridge where freight trains slowly crawl;
A wooden bridge, a cement bridge, whether big or small;
Yes, I like abridge – any kind of bridge at all.
(James S. Tippett)
ကျွန်ုပ်ဟာ တံတားအမျိုးအစားအားလုံးကို နှစ်သက်ပါတယ်။
ခိုင်ခံ့မြင့်မား မျှော်စင်များပါတဲ့ သံမဏိတံတားကြီးကိုလည်း နှစ်သက်ပါတယ်။
ရေတံခွန်ကိုဖြတ်သန်းဆက်သွယ်ထား အမိုးနှင့်တံတားအိုကိုလည်း နှစ်သက်ပါတယ်။
ထုဆစ်ကျောက်တုံးများနှင့် မညီမညာ တည်ဆောက်ထားတဲ့ တံတားကိုလည်း နှစ်သက်ပါတယ်။
ကုန်စည်ရထား တရွေ့ရွေ့သွားတဲ့ မီးရထားလမ်းတံတားကိုလည်း နှစ်သက်ပါတယ်။
သစ်သားတံတားပဲဖြစ်ဖြစ်၊ ကွန်ကရစ်တံတားပဲဖြစ်ဖြစ်၊
ကြီးကြီးငယ်ငယ် တံတားအသွယ်သွယ်၊ အားလုံးကို ကျွန်ုပ် နှစ်သက်ပါတယ်။
(ဂျိမ်းအက်စ်တိပတ်)
ကဗျာဆရာက တံတားအားလုံးကို နှစ်သက်ပါတယ်တဲ့။ တံတားဟာ အခက်အခဲနှင့် ဘေးအန္တရာယ် အသွယ်သွယ်ကို ကျော်ဖြတ်နိုင်ဖို့ အကူအညီပေးရင်း အများအကျိုးကို သယ်ပိုးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်ပဲ ကဗျာဆရာက တံတားအားလုံးကို ချစ်တာဖြစ်မှာပါ။
ဒီကဗျာအရ ဦးဇင်းတွေးတော ခံစားမိတာလေးကို ပြောပါရစေ။  ကိုယ်က အများအကျိုးကို ကြီးကျယ် မြင့်မားစွာ ဆောက်ရွက်ပေးနိုင်ရင် A great steel bridge ဧရာမသံမဏိတံတားကြီး ပေါ့။  သံမဏိတံတားကြီးက ကြီးမားခိုင်ခံ့ပြီး မြင့်မားတဲ့ မျှော်စင်တွေလည်းပါ ပါတယ်။
ချစ်ခင်သူတွေ ခွဲခွာနေရသူတွေကို ပေါင်းကူးချိတ်ဆက် သင့်မြတ်အောင် ဆောင်ရွက်ပေးနိုင်သူကတော့ bridge that spans a waterfall ရေတံခွန်ကိုဖြတ်သန်းဆက်သွယ်ထားတဲ့ တံတားနှင့် တူပါတယ်။ မြစ်တွေ ချောင်းတွေ ခြားနေပြီး တံတားမရှိလို့ ဒီဘက်ကမ်းက တစ်ယောက်ငိုတဲ့ မျက်ရည်က ဟိုဘက်ကမ်းက တစ်ယောက်ကျတဲ့ မျက်ရည်နှင့် ဒီမြစ်ချောင်းထဲမှာပဲ ပေါင်းစည်းသွားပါစေလို့ ဆုတောင်းလိုက်ပါတယ် ဆိုလားပဲ။ ကြားဖူးတာပါ။ တကယ်လို့ တံတားရှိမယ်ဆိုရင်တော့ ငိုစရာမလိုတော့ဘူးပေါ့။ တံတားပ်ါဖြတ်ပြီး သွားတွေ့လိုက်ရုံပါပဲ။ ရေတံခွန်နောက်ခံနှင့် တံတားအလယ်မှာ ချစ်သူတွေ ဆုံတွေ့တဲ့ရပုံရိပ်ဟာ တော်တော်ကဗျာဆန်နေမှာပါ။
ခက်ခဲကြမ်းတမ်းတဲ့ဘဝပေမယ့် လောကအကျိုးကို သူ့နည်းသူ့ဟန်နှင့် သယ်ပိုးနေသူကတော့ hewn-stone bridge ကျောက်တုံးတံတား ပါ။ ကျော်တုံးတွေကို ထုဆစ်ထားပြီး တံတားခင်းထားတဲ့အခါ အခင်းနှင့်နံရံတွေဟာ မညီမညာဖြစ်နေပါတယ်။ မညီမညာဖြစ်နေပေမယ့် အများအကျိုး ထမ်းပိုးတဲ့တံတား၊ ကြမ်းတမ်းပေမယ့် ခိုင်မာတဲ့ ကျောက်တုံးတံတားရဲ့ နှလုံးသားကို မြင်ယောင်ကြည့်ပါဦး။
လောကအကျိုးကို တရွေ့ရွေ့ နှင့် ပုံမှန်ရေရှည်ဆောင်ရွက်နေသူကတော့ railroad bridge မီးရထားလမ်းတံတား နှင့်တူပါတယ်။ သစ်သားတံတားပဲဖြစ်ဖြစ်၊ ကွန်ကရစ်တံတားပဲဖြစ်ဖြစ် တံတားဟာ လမ်းခရီးကို အဆင်ပြေချောမွေ့အောင် ကူညီပေးပါတယ်။ ကိုယ်က ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ပရဟိတလုပ်နေရင် "တံတားလိုလူ မြင့်မြတ်သူ" ပါပဲ။
လောကအတွက် ကိုယ့်ရဲ့ဆောင်ရွက်သယ်ပိုးနိုင်စွမ်းဟာ ဧရာမသံမဏိတံတားကြီးနှင် တူပါသလား၊ အမိုးပါတဲ့တံတားလား၊ ကျောက်တုံးတံတားလား၊ မီရထားတံတားလား၊ ကွန်ကရစ်တံတားလား၊ ဘယ်လိုတံတားမျိုးပဲ ဖြစ်ဖြစ်၊ သစ်သားတံတားလေးပဲဖြစ်ဖြစ် လောကအကျိုးကို ဆောင်ရွက်သယ်ပိုးနိုင်တာဖြစ်လို့ ဂုဏ်ရှိတာပါပဲ။ သံမဏိတံတားက ဂုဏ်ကြီးတယ်၊ သစ်သားတံတားက ဂုဏ်ငယ်တယ်လို့ ပြောချင်တာ မဟုတ်ပါဘူးနော်။ သူ့နေရာနှင့်သူ၊ သူ့အလှနှင့်သူ၊ သူ့အရေးပါမှုနှင့်သူ ပါပဲ။ ဒါ့ကြောင့် ကဗျာဆရာဟာ ဘယ်တံတားပဲဖြစ်ဖြစ် တံတားအားလုံးကို ချစ်တာနေမှာပါ။

( ၄ )

"ဥယျာဉ်, သစ်ပင်၊ ရေအိုးစင်နှင့် ၊  ထို့ပြင်ရေတွင်း၊ ခင်းသည့်တံတား၊ ကျောင်းကားတစ်ခု၊ ခြောက်စုဒါန ၊ စိုက်ပျိုးရ၍ ၊ နေ့နေ့ညည၊ အောက်မေ့မိက၊ ကုသလများစွာ၊ ပွားသည်သာ" တဲ့။ ထာဝရပုည (၆)မျိုးမှာလည်း လမ်းတံတားအလှူ ပါဝင်ပါတယ်။ လမ်းတံတား ပြုပြင်တည်ဆောက်လှူဒါန်းတာဟာ သတိရတိုင်း နေ့ရောညပါ အမြဲတမ်း ကုသိုလ်တိုးပွားရှင်သန်စေတဲ့ အလှူတစ်မျိုးပါ။ (သဂါထာဝဂ္ဂသံယုတ်၊ ဝနရောပသုတ်)
သိကြားမင်းကြီး ဦးမာဃ လူ့ဘဝဖြစ်စဉ်က ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေ၊ ပရဟိတအလုပ်တွေထဲမှာ လမ်းတံတား ပြုပြင်တည်ဆောက်တာလည်းပါဝင်ပါတယ်။ ဒါကြောင့် လမ်းတံတား လှူတာ၊ ပြုပြင်တာဟာလည်း လုပ်သင့်ကဲ့ ကုသိုလ်ပါပဲ။ လမ်းတံတားလည်းလှူ၊ လမ်းတံတားလို မြင့်မြတ်တဲ့ စိတ်ဓာတ်မျိုးလည်းထားပေါ့။
တံတားဆိုတာ ဝေးကွာနေသူတွေကို ပေါင်းစည်းပေးတဲ့အရာတစ်ခုပါပဲ။ ဘုရားအလောင်းတော်ဟာ ဘဝများစွာ ရှေးရှေးအခါက ဝေးကွာနေတဲ့ ဆွေမျိုး၊ မိတ်ဆွေတွေကို ပေါင်းဆုံနိုင်အောင် တံတားသဖွယ် ဆက်သွယ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ကွာဟနေသူတွေကြားမှာ မေတ္တာတရားဆိုတဲ့ တံတားထိုးပေးလိုက်ပြီး ပေါင်းစည်းညီညွတ် စေခဲ့ပါတယ်။ အဲဒီကောင်းမှုကြောင့် အအိမ်ဖြင့်ဖုံးထားအပ်တဲ့ ယောက်ျားမြတ် အင်္ဂါဇာတ်ရှိပြီး အကျိုးဆက်အနေနှင့် ထောင်သောင်းမကတဲ့ သားတပည့်များစွာ ခြံရံနေပါတယ်။ (ဒီဃနိကာယ်၊ ပါထိကဝဂ်၊ လက္ခဏသုတ်)
တကယ်တော့ ဘုရားအလောင်းတော် ဆုပန်စဉ်ကလည်း အလျားစင်း တံတားခင်းလှူခဲ့သလို၊ မရေမတွက်နိုင်တဲ့ ဘဝပေါင်းများစွာမှာ အသွေးအသားအသက်ကို စွန့်လွှတ်ပြီး တံတားသဖွယ်၊ ငြမ်းသဖွယ် ပါရမီဖြည့်တာကလည်း သံသရာဆိုတဲ့ ဒီဘက်ကမ်းကနေ ငြိမ်းအေးရာ နိဗ္ဗာန်ဆိုတဲ့ ဟိုဘက်ကမ်းဆီကို သတ္တဝါများစွာ သွားရောက်နိုင်ဖို့ ဖြည့်ခဲ့တာပါ။ မြတ်စွာဘုရားရှင် ခင်းပေးတဲ့၊ ညွှန်ပြတဲ့ မဂ္ဂင်(၈)ပါးဆိုတဲ့ လမ်းတံတားသာမရှိရင် ဟိုဘက်ကမ်းကို ဘယ်လိုမှ မရောက်နိုင်ပါဘူး။
မြတ်စွာဘုရားရှင်ဟာ အပင်ပန်းခံပြီး မေတ္တာကရုဏာဉာဏ်ပညာနှင့် လမ်းတံတားကို ခင်းပေးခဲ့ပြီးပါပြီ။ ညွှန်ပြခဲ့ပြီး ပါပြီ။ မြတ်စွာဘုရားရှင်ရဲ့ တာဝန်ပြီးပါပြီ။ အဲဒီလမ်းတံတားကို လျှောက်လှမ်းဖို့ကတော့ ကိုယ့်တာဝန်ပါပဲ။ ကိုယ့်တာဝန်က အဲဒီ လမ်းတံတားပေါ်မှာ လျှောက်လှမ်းရုံလေးပါ။ ရဲရဲဝံ့ဝံ့သာ လျှောက်လှမ်းလိုက်ပါ။ ဟိုဘက်ကမ်းက ငြိမ်းချမ်းပါတယ်။

အရှင်ဉာဏဝရ(ပါရမီ)

စာညွှန်း
၁။ ဇာတ်တော်ငါးရာ့ငါးဆယ် - မာဏဝ
၂။ ဝိစိတြဝန္ဒနာဘုရားရှိခိုး၊ သိဿကောဝါဒစကားပုံနှင့်သြဝါဒကထာ - ရွှေကျင်ဆရာတော်ကြီး
၃။ မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပဉ္စမတွဲ) - မင်းကွန်းဆရာတော်ကြီး
၎။ သုံးပုံတံချူကျမ်း
၅။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ် - ပါမောက္ခချုပ်ဆရာတော်ကြီး
၆။ သုတ ရသ ဓမ္မစာစုံ - သုခ
၇။ Paraphrasing (ဆယ်တန်းအင်္ဂလိပ်ကဗျာ စကားပြေပြန်ဆိုမှု) - စာသင်သန့်စင်

(မှတ်ချက်။ ။ လယ်တီဆရာတော်ကြီး၏ ဂမ္ဘီရကဗျာကျမ်းတွင် "သုံးဘော်လူတို့ ငြမ်းပါကို" ဟုပါရှိသည်။ တိပိဋကဓရမင်းကွန်းဆရာတော်ကြီး၏ မဟာဗုဒ္ဓဝင်ပဉ္စမတွဲတွင်လည်း "သုံးဘော်လူတို့ ငြမ်းပါကို" ဟုပါရှိသည်။ ဒဂုန်ဦးစန်းငွေ၊ ရဝေထွန်း၊ ဦးအောင်မွန်(မြတ်ဆုမွန်) သုံးဦးပေါင်းရေးသော သုံးလူ့ရှင်ပင်-ခုနှစ်နေ့ဗုဒ္ဓဝင်လင်္ကာအဖြေ စာအုပ်တွင်လည်း "သုံးဖော်လူတို့ ငြမ်းပါကို" ဟုပါရှိသည်။ စာအုပ်အချို့ ၌ သုံးဖော်လူတို့ ငြိမ်းပါကို ဟု ပုံနှိပ်ကြသည်။  ပဋိသန္ဓေယူခန်းတွင် "နတ်လူငြိမ်းဖို့ ကိန်းပါကို" ဟုပါပြီးဖြစ်သည်။ တောထွက်ခန်းမှ ဓမ္မစကြာဟောတော်မူခန်းအထိ "လမ်းမှာကို၊ ခန်းမှာကို၊ ငြမ်းပါကို၊ ရွမ်းတယ်ကို" ဟု အချစာပိုဒ်များအရလည်း "သုံးဖော်လူတို့ ငြမ်းပါကို" သာ အမှန်ဖြစ်ပါသည်။ စာမူရှုပ်ထွေးလေးလံသွားမည်စိုးသဖြင့် အောက်ခြေမှတ်စု အဖြစ်သာ ဖော်ပြလိုက်ရပါသည်။)

မှ/-
အရှင်ဉာဏဝရ (ပါရမီ)
17.7.17

ဓမ္မရိပ်မဂ္ဂဇင်း ၊ နိုဝင်ဘာလ ၂၀၁၇ တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။