ပုံတော်ဟာ ဂုဏ်မဟုတ်ဘူး ဆိုပေမယ့် ပုံသက်သက်ကို အပေါ်ယံ သာမန်အာရုံပြုတာမျိုးမဟုတ်ဘဲ ပုံရဲ့ အရည်အသွေးကို လေးလေးနက်နက် အာရုံပြုတာမျိုးဆိုရင်တော့ ပုံတော်သည်ပင်လျှင် ဂုဏ်တော်တစ်ခု ဖြစ်သွားပါတယ်။ ဘဂ၀ါဂုဏ်တော်ရဲ့ ဘုန်းတော်ခြောက်ပါးထဲက သိရီဘုန်းတော်”ဆိုတာ ကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲပုံတော်”ကို ပြောတာပါ။
ရွှေအဆင်းလို ၀ါဝင်းတဲ့ အသားအရေတော်၊ ပြည့်ပြည့်ဖြိုးဖြိုး ပြေပြေပြစ်ပြစ် ဖွဲ့စည်းထားတဲ့ ခြေ၊ လက်၊ မျက်နှာ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတော်များ၊ ကြည်လင်သန့်စင်ပြီး တင့်တယ်သပ္ပာယ်တဲ့ အေးမြမြ မျက်နှာတော်၊ အဲဒီ အလှကျက်သရေတွေကို ရရှိစေနိုင်တဲ့ အတိတ်ကံပါရမီတော်များ၊ ဒါတွေကို အကြောင်းအကျိုး ဆက်စပ်ပြီး လေးလေးနက်နက် ဆင်ခြင်မယ်ဆိုရင် ရုပ်အဆင်းရဲ့ ကျက်သရေရှိပုံကို အာရုံပြုနေတာကိုက ဂုဏ်တော်ပွားနေတာပါပဲ။ ဘာဂုဏ်တော်လဲ မေးရင်တော့ ဘဂ၀ါဂုဏ်တော် (သီရိဘုန်းတော်) ပေါ့။
ဒါပေမဲ့ ရုပ်အဆင်းလောက်တွင် စိတ်က ရပ်မထားဘဲ ရုပ်အဆင်းရဲ့ နောက်ကွယ်မှာရှိတဲ့ အရည်အသွေးတွေ၊ အစွမ်းသတ္တိတွေ ဂုဏ်ပုဒ်တွေအထိ အာရုံပြုရပါမယ်။ ရုပ်အဆင်းကို ဂုဏ်တစ်ခုအနေနဲ့ စပြီး ပွားရင်တောင် တခြားဂုဏ်တွေနဲ့ တွဲပြီး ပွားရပါမယ်။
ဥပမာ - “သီရိဘုန်းတော် - အတုမရှိသော ကျက်သရေတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၊ ပင်ကိုက ရွှေအဆင်းလို ၀ါဝင်းပြီး ပြည့်ပြည့်ဖြိုးဖြိုး ပြေပြေပြစ်ပြစ်နဲ့ တင့်တယ်ရတဲ့အထဲမှာ စိတ်တော်ကလည်း ကိလေသာ အညစ်အကြေးတွေ ကင်းစင်နေတဲ့အတွက် အထူးတောက်ပပြီး အထူးကျက်သရေ ရှိတော်မူတယ်”
အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊ ကိလေသာ ကင်းစင်တဲ့အတွက် စိတ်ကြည်လင်တော်မူသော မြတ်စွာဘုရား၊ စိတ်ကြည်လင်တဲ့အတွက် ရုပ်အဆင်းလည်း အထူးကြည်လင်တော်မူသော မြတ်စွာဘုရား၊ သီရိဘုန်းတော်- အတုမရှိကျက်သရေတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား”
အဲဒီလိုပွားလိုက်မယ်ဆိုရင် ဘဂ၀ါဂုဏ်တော်(သိရီဘုန်းတော်) ရော၊ အရဟံဂုဏ်တော်ရော ပွားပြီးသား ဖြစ်သွားပါတယ်။ တခြားဂုဏ်တော်တွေနဲ့လည်း နည်းတူပဲ တွဲပြီး ပွားများရပါတယ်။ အဲဒီလိုဆိုရင် ပုံတော်ပွားတာဟာလည်း ဂုဏ်တော်ပွားတာ ဖြစ်သွားတာပါပဲ။
တချို့က ပုံအရင်ပေါ်ပြီးမှ ဂုဏ်ပေါ်တာရှိတယ်။ တချို့က ဂုဏ်ရောနှစ်မျိုးစလုံးကို ကြည်ညိုရမှာပါပဲ။ ပုံဟာ ဂုဏ်ရဲ့ အရိပ်ဖြစ်သလို ဂုဏ်ဟာလည်း ပုံမှာပဲ တည်နေတာ မဟုတ်လား။
ပုံကို သတိရပြီး စိတ်ကြည်လင်နေရင်လည်း ကုသိုလ်တရား တိုးပွားပါတယ်။ ဂုဏ်ကို သတိရပြီး စိတ်ဖြူစင်နေရင်လည်း ကုသိုလ်တရား တိုးပွားပါတယ်။ ပုံထဲမှာလည်း ဂုဏ်တွေ့အောင်ရှာ၊ ဂုဏ်ထဲမှာလည်း ပုံတွေ့အောင်ဖမ်းပေါ့။
ပြည့်စုံတဲ့ဗုဒ္ဓါနုဿတိမှာ ပုံရော၊ ဂုဏ်ရော အရေးကြီးပါတယ်။ ဘာပုံတွေ့တွေ့ ကြည်ညိုတတ်ပြီ၊ ဘာဂုဏ်ပေါ်ပေါ် လေးမြတ်တတ်ပြီဆိုရင် သဒ္ဓါ၊ ပညာ ညီမျှနေပြီ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဗုဒ္ဓနုဿတိဟာ ပြည့်စုံတဲ့ ဗုဒ္ဓါနုဿတိ၊ အဆင့်မြင့်တဲ့ ဗုဒ္ဓါနုဿတိ ဖြစ်သွားပါပြီ။
ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက လိုတရနှလုံးသား” စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားပါသည်
No comments:
Post a Comment