ပေါ်တော်မူအစစ် မှိုနဲ့မျှစ်
ကိုယ့်သန္တာန်မှာ ဉာဏ်ဘုရားပေါ်အောင် လုပ်ရမှာ၊ မလုပ်ကြဘဲနဲ့ ဟိုအနား ဘုရားပေါ်တယ်ဆိုရင် သွားလိုက်ကြတာ ဆီးမရ တားမရ၊ နွားမိတ်သင်းကြီးလိုပဲကွယ့်၊ ကောင်းလိုက်တဲ့ သဒ္ဓါတရား။ ပါတာအကုန်ချွတ်လှူတာပဲ။ ပေါ်တော်မူအစစ်ဆိုတာ မှိုနဲ့ မျှစ်သာ ရှိသကွယ့်၊ အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှုပ်၊ ကိုယ့်အိပ်မက်ကိုယ်မြင်ပြီး လိမ်စားကြတာချည်းပဲ၊ ပေါ်တော်မူမှန်ရင် မြေထဲမြှုပ်လို့မဆွေးတဲ့ ကျောက်ဆင်းတုနဲ့ ဖန်သားဘုရားတွေချည်းပဲ၊ "ကျွန်းသား ဆင်းတု" မပါဘူး။
"ဒီလို မစဉ်းစားဘဲ အရမ်းကောင်းတဲ့ သဒ္ဓါတရားဟာ သဒ္ဓါရူး, သဒ္ဓါနှမ်းတဲ့။ ငွေကုန်ပြီး ဘာမှအကျိုးမရှိဘူး၊ အကျိုးမရှိတဲ့နေရာမှာ သဒ္ဓါတွေကကောင်း၊ အကျိုးရှိမည့်နေရာမှာ သဒ္ဓါတရားမကောင်း၊ ဘယ်ကလာပြန်ပြီး မြန်မာတွေ ကောင်းစားမလဲကွဲ့၊ ကြည့်ပါလား အလှူပေးတာလဲ မြန်မာ၊ မွဲတာလည်း မြန်မာ၊ အဲဒါ သဒ္ဓါ အချိုးမကျလို့ကွဲ့"
"မြတ်စွာဘုရားက ဆင်းရဲတဲ့လူတွေကို ကရုဏာနဲ့ ပေးကမ်းကြ၊ ထောက်ပံ့ကြတဲ့။ ဒါမှ သဒ္ဓါအစစ်ကွဲ့၊ အခုတော့ မဟုတ်တာလုပ်ပြီး ညာရင် သဒ္ဓါတရားကောင်းပြီ၊ အဲဒါ သဒ္ဓါအစစ် မဟုတ်ဘူးကွဲ့၊ ဒိဋ္ဌိတဲ့"
နမ္မားဆရာတော်ကြီး အရှင်ဉာဏ
မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင်ဖြစ်ပါတော့သည်”
ဟူသောစကားရပ်သည် မြန်မာတို့၏ အသက်သည် ဗုဒ္ဓဘာသာဟုပင် ဆိုလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်လျှင် မြန်မာလူမျိုး ကမ္ဘာမှ ကွယ်ပျောက်သွားသည်နှင့် အတူတူပင်။ မြန်မာဖြစ်လျက် ဗုဒ္ဓဘာသာ အသက်သေနေသူများ ဗုဒ္ဓဘာသာအသက် ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသူများကို တွေ့နေရ၏။
ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာသို့ အပြီးအပိုင် ပြောင်းသွားကြသူများကား ဗုဒ္ဓဘာသာ အသက်သေသွားသူများပင် ဖြစ်သည်။ ရတနာသုံးပါးမှတစ်ပါး ဘိုးတော်၊ မယ်တော်၊ နတ်စိမ်းမျိုးစုံကို အဓိကထား ကိုးကွယ်ကြသူများမှာ ဗုဒ္ဓဘာသာအသက် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေသူများဟု ဆိုသင့်သည်။
ထိုသူများသည် လူ့ဘ၀တန်ဖိုးနှင့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကို သေချာမသိသူများသာ ဖြစ်သည်။
ကချင်ပြည်နယ်၊ မင်္ဂလာရာမကျောင်း၊ နမ္မားဆရာတော်ကြီးက -
ကမ္ဘာမှာ ဒါနအပြုဆုံးကလဲ မြန်မာဘဲ၊ ဒါပေမယ့် အမွဲဆုံးကလဲ မြန်မာဘဲဖြစ်နေတယ်။ အဲဒါဘာကြောင့်လဲဆိုရင် သဒ္ဒါအချိုးမကျလို့ကွဲ့” ဟု သြ၀ါဒပေးဖူး၏။ ဆိုလိုသည်မှာ ဒါနမပြုတတ်ကြသေးဟု ပြောလိုရင်းဖြစ်သည်။ ထိုကဲ့သို့ တကယ်လိုအပ်သောနေရာတွင် လှူရမည်ကို ဗုဒ္ဓဘာသာဝင်အများစု မသိကြ။
မိဘမဲ့ကလေးများကို စောင့်ရှောက်မွေးမြူနေသော ဆရာတော်တစ်ပါးသည် အသိတစ်ယောက်၏ လမ်းညွန်ချက်ဖြင့် ရန်ကုန်မြို့ရှိ သူဌေးကြီးတစ်ယောက်ထံ ရောက်လာပြီး အကူအညီတောင်းကြည့်သည်။ သူဌေးကြီးပြန်ပြောသည်က -
တပည့်တော်က ဒီလိုအလှူမျိုးတွေ ၀ါသနာမပါဘူး၊ တောတောင်တွေထဲမှာ ဘုရားတည်တဲ့ သာသနာပြုအလုပ်ဘဲလုပ်တယ်၊ တပည့်တော်ရဲ့ဘဘုရား(ဘိုးတော်)ကလည်း ဘုရားတည်တဲ့ကုသိုလ်ဘဲ လုပ်ရမယ်လို့ အမိန့်ချထားလို့ပါ” ဟူ၏။
တစ်ပြားတစ်ချပ်မျှမထောက်ပံ့သဖြင့် မထင်ရှားသေးသော ပရဟိတ ဆရာတော်လေးမှာ လမ်းစရိတ်သာကုန်ပြီး လက်ချည်းပြန်သွားခဲ့ရသည်။ထိုဆရာတော်၏ ကျောင်းတွင် မိဘမဲ့ကလေးများ ရာဂဏန်းကျော်လာသဖြင့် အနီးအပါးမှ အထောက်အပံ့ဖြင့် မလောက်ငတော့ပါ။ ထို့ကြောင့် အသိတစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် ရောက်လာခြင်းဖြစ်သည်။
ထိုဆရာတော်သည် ကလေးအားလုံးကို ခေတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာတို့ကိုသာမက ဗုဒ္ဓဘာသာယဉ်ကျေးမှုများကိုပါ သင်ပေးနေသဖြင့် ကလေးများ၏ နှလုံးသားတွင် ဘုရားတည်ပေးနေခြင်းပင်ဖြစ်သည်။ ထိုကလေးများထဲမှ ရှင်ဘ၀၊ ရဟန်းဘ၀ ရောက်သွားသူတွေလည်း မနည်းပေ။
ရန်ကုန်မြို့ပေါ်ကသူဌေးကြီး မြေပြင်မှာတည်နေသော ဘုရားများထက် ပရဟိတဆရာတော်ကလေးများ၏ နှလုံးသားတွင် တည်နေသောဘုရားများက တကယ့်အရေး တကယ့်ဘေးတွင် ဗုဒ္ဓသာသနာမကွယ်ပျောက်အောင် စောင့်ရှောက်ကြမည်ဖြစ်သည်။ အကယ်၍ ပရဟိတဆရာတော်ကဲ့သို့ နှလုံးသားတွင် ဘုရားတည်ပေးသူများ ရှိခဲ့လျှင် ထိုနိုင်ငံများတွင် ဗုဒ္ဓဘာသာ ကွယ်ပျောက်စရာ မရှိပေ။
ထို့ကြောင့် မြန်မာနိုင်ငံကြီး ဗုဒ္ဓဘာသာ သာသနာ မကွယ်ပျောက်စေလိုလျှင် ကလေးများရော၊ လူကြီးများကိုပါ နှလုံးသားမှာ ဘုရားတည်ကြပါ။ ကိုယ်ကိုတိုင် မတည်နိုင်သည့်တိုင် တစ်လွဲဆံပင်ကောင်းနေမည့်အစား နှလုံးသားမှာ ဘုရားတည်နေသူများအား ထောက်ပံ့ကူညီကြမည်၊ ဆိုလျှင်ဖြင့် လှူပုံလှူနည်းလည်း သဒ္ဒါကျသလို ကိုယ်လည်းပီတိဖြစ်၊ ကိုယ့်အမျိုးဘာသာ သာသနာကိုလည်း ကာကွယ်စောင့်ရှောက်ပြီးသားဖြစ်စေတာပေါ့။ ဒါကြောင့် ရွှေမြန်မာများရဲ့ ရွှေနှလုံးသားမှာ ရွှေဘုရားတွေတည်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။
မေတ္တာရှင်(ရွှေပြည်သာ)၏ မြန်မာတို့ရဲ့ အသက်” စာအုပ်ကို မှီငြမ်း၍ -
နှလုံးသားမှာ ဘုရားတည်ပေးပါ
မြန်မာတွေ ဘုရားတည်နေတဲ့အချိန်..... ဘာသာခြားတွေက မိဘမဲ့ကလေးတွေ မွေးစားပြီး သူတို့ဘာသာကြီးပွားတိုးတက်အောင်လုပ်တယ်။
ရုပ်တုတော်တွေများလာတယ်။ ဗုဒ္ဓဘာသာဝင်တွေနည်းသွားတယ်။ ဘာသာခြားတွေက ရုပ်ထုကိုးကွယ်တယ်လို့စွပ်စွဲကြတယ်။ အာ့ကြောင့် တချို့ ဘာသာမဲ့ကွန်မြူနစ်တွေများလာတယ်။
အပြင်မှာပဲ ဘုရားတည်ဖို့အားသန်ရင်း သူတပါး ရင်ထဲမှာ ဘုရားတည်ပေးဖို့ ဓမ္မစေတီတည်ပေးဖို့မေ့လျော့ခဲ့ကြတယ်။
မေ့လျော့နေကြဆဲပါပဲ။
ကိုရင်လေးကို စာအုပ်လှူတာလည်း သာသနာနဲ့ကြုံမှ ပြုခွင့်ရတဲ့ကုသိုလ်ပါပဲ။ ဘုရားတည်မှ မဟုတ်ပါဘူး။ မိဘမဲ့ကျောင်းတွေဖွင့်ပီး အဲ့ကလေးတွေကို ဗုဒ္ဓဘာသာဖြစ်စေတာလည်း သူတို့ရင်ထဲ ဓမ္မစေတီတည်ပေးရာရောက်တဲ့ သာသနာတွင်းမှာမှ ပြုခွင့်ရှိတဲ့ကုသိုလ်ပါပဲ။ အဲ့လိုမဟုတ်ရင် သူတို့လေးတွေ ဘုမသိ ဘမသိနဲ့ ဘာသာခြားဖြစ်သွားမှာ။ ဘုရားတည်တာကမှ သာသနာတွင်း ကုသိုလ်မဟုတ်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်းပြီး အိမ်က ဘုရားကို ရိုသေစွာတဝကြီးရှိခိုးနေတာလည်း သာသနာနဲ့ကြုံမှ ပြုခွင့်ရတဲ့ ကြုံတောင့်ကြုံခဲ ကုသိုလ်ကြီးပါပဲ။
ဝိပဿနာကုသိုလ်ဆိုတာကတော့ သာသနာတွင်းကုသိုလ်အနှစ်ဆိုတာ
့ ပြောစရာတောင် မလိုတာ့ပါဘူး။
ကုသိုလ်လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် အခြေအနေ အချိန်အခါအရ အလုပ်သင့်ဆုံး၊ အလိုအပ်ဆုံး ကုသိုလ်ကို ဖြည့်ဆည်းလုပ်ဆောင်တာကတော့ အကောင်းဆုံးပါပဲ။
အရှင်ဉာဏဝရ
No comments:
Post a Comment