ဓမ္မပဒအတွေးအမြင် - ၁၆
#အချစ်ကြောင့် ဘေးဖြစ်၊
အချစ်ကြောင့် အဆိပ်သင့်၊
အချစ်ကြောင့် စိတ်ညစ်၊
#အချစ်ကြောင့် စိတ်ပူ၊
အချစ်ကြောင့် စိတ်ရှုပ်။
အိုခြင်းဆင်းရဲ၊
နာခြင်းဆင်းရဲ၊
သေခြင်းဆင်းရဲ၊
ချစ်တာတွေနဲ့ ခွဲရခြင်းဆင်းရဲ၊
မုန်းတာတွေနဲ့ တွဲရခြင်းဆင်းရဲ၊
တကယ်က -
ခန္ဓာဝန်ထမ်း ပင်ပန်းဆင်းရဲနေကြတာ။
#(လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာကိုပဲဖြစ်ဖြစ်)
ချစ်ခင်စွဲလမ်းတာ မလုပ်ပါနဲ့။
ဟုတ်ပါတယ်။
ချစ်ခင်ရသူနဲ့ ခွဲခွာရတာ မကောင်းပါဘူး။
ချစ်ခြင်း မုန်းခြင်း မရှိသူမှာ
ရစ်ပတ်တုပ်နှောင်တာတွေ မရှိပါဘူး။
တစ်ယောက်ယောက်ကို
တစ်ဖက်သတ် ဘယ်လောက်ပဲချစ်ချစ်
သူက ပြန်ချစ်ချင်မှ ချစ်မှာပေါ့။
သဘာဝတရားကတော့
သစ္စာရှိပါတယ်။
ကောင်းမှုကုသိုလ်ကိုချစ်ရင်
ကောင်းမှုကုသိုလ်က ပြန်ချစ်မှာပါ။
ကောင်းမှု မြတ်နိုး၊
ကောင်းအောင် ကြိုးစား၊
ကောင်းကျိုး ကိုယ့်မှာ တည်စေသား။
ချစ် မုန်း မရှိ၊ ငြိမ်းအေး၏။
အချစ်များ ငြိမ်းစေသတည်း။
အမုန်းများ ငြိမ်းစေသတည်း။
အလွမ်းများ ငြိမ်းစေသတည်း။
#ကောင်းမှုကုသိုလ် ပြုလုပ်ထားသူကို
ဒီပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝ ရောက်သွားရင်
ကောင်းမှုတွေက ကြိုဆိုကြပါတယ်။
ချစ်ခင်တဲ့ဆွေမျိုးရောက်လာတာကို
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသလိုပါပဲ။
(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပိယဝဂ္ဂ)
အရှင်ဉာဏဝရ(ပါရမီ)
No comments:
Post a Comment