Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၇

ဓမ္မပဒအတွေးအမြင် - ၁၇

# စိတ်ဆိုးဒေါသကို စွန့်ပယ်သင့်ပါတယ်။
မာနကို စွန့်ပယ်သင့်ပါတယ်။
သံယောဇဉ်အားလုံးကို ကျော်လွှားသင့်ပါတယ်။
ခန္ဓာငါးပါး နာမ်ရုပ်တရားမှာ မငြိတွယ်သူ
စိုးရိမ်ကြောင့်ကြမရှိသူဆီကို
ဆင်းရဲဒုက္ခတွေ မကျရောက်နိုင်ပါဘူး။

#အမျက်ဒေါသထွက်သူကို
မေတ္တာတရားနဲ့ အောင်မြင်နိုင်ပါတယ်။
မကောင်းတာကို
ကောင်းတာနဲ့ အောင်မြင်နိုင်ပါတယ်။
နှမြောဝန်တိုကပ်စေးနဲသူကို
ပေးကမ်းစွန့်ကြဲတာနဲ့ အောင်မြင်နိုင်ပါတယ်။
မှားယွင်းစကားပြောဆိုသူကို သစ္စာစကားပြောဆိုတာနဲ့ အောင်မြင်နိုင်ပါတယ်။

အမျက်ပါတဲ့သစ်သား တန်ဖိုးနည်းသွားတယ်။
အမျက်ပါတဲ့ရတနာ တန်ဖိုးကျသွားတယ်။
အမျက်ထွက်တဲ့လူဟာ အပြစ်အနာအဆာများသူ၊
အဖိုးမတန်သူ ဖြစ်သွားတယ်။

စိတ်ဆိုးဒေါသ အပြစ်ရ။
ဒေါသများ သောကပွား။

မီးပုံကြီးရဲ့ အစဟာ မီးပွားလေးပါ။
အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်အောင် သတိပညာ ဆောင်။

ဒေါသမဖြစ်ရင် အပြစ်ကင်းစင်။
ဒေါသမရှိ အေးချမ်း၏။
ဒေါသမထွက် ချီးမွမ်းအပ်။
ဒေါသမထွက် နတ်ပြည်တက်။
မညှဉ်းဆဲရင် မဆင်းရဲဘူး။

ကဲ့ရဲ့ခံရတာဟာ လောကသဘာဝပါ။
ဒေါသထွက်စရာမဟုတ်ဘူး။
#လောကမှာ အကဲ့ရဲ့လွတ်သူ မရှိပါဘူး။

လုံးဝ အကဲ့ရဲ့ခံရသူ၊
လုံးဝ အချီးမွမ်းခံရသူဆိုတာ
ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။

#မကျိုးမပြတ် (ကောင်းမြတ်) အကျင့်ရှိတဲ့၊
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် နဲ့ ပြည့်စုံသူကို
ပညာရှိတွေဟာ ဟုတ်တိုင်းမှန်စွာ သိမြင်ပြီး
နေ့စဉ်နေ့တိုင်း ချီးမွမ်းကြပါတယ်။

မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်းအနန္တပါ။

ဒေါသရှောင်၊ မေတ္တာဆောင်၊
ဒုစရိုက်ရှောင်၊ သုစရိုက်ဆောင်။

ဒုစရိုက် နှင့် သုစရိုက် မှတ်စုအကျဉ်း

ကာယဒုစရိုက်(၃)ပါး
၁။ သူတစ်ပါးအသက်ကို သတ်ခြင်း၊
၂။သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးဝှက်လှည့်ပတ်ယူခြင်း၊
၃။ ကာမဂုဏ် ဖောက်ပြန်ယုတ်မာစွာ ကျင့်ခြင်း၊

ဝစီဒုစရိုက်(၄)ပါး
၁။ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊
၂။ ကုန်းတိုက်ပြောဆိုခြင်း၊
၃။ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြောဆိုခြင်း၊
၎။ အကျိုးမရှိ သိမ်ဖျင်းသောစကားပြောဆိုခြင်း၊

မနောဒုစရိုက် (၃)ပါး
၁။သူတစ်ပါးဥစ္စာကို အချောင်မတရားကြံစည်ခြင်း
၂။သူတစ်ပါး ပျက်စီးအောင် ကြံစည်ခြင်း၊
၃။အယူအမြင် လွဲမှားခြင်း (အထူးသဖြင့်
ကံ၊ ကံ၏အကျိုး ကို မယုံကြည်ခြင်း)

လိုချင်တပ်မက်မှု (လောဘ)၊
အမျက်ထွက်မှု (ဒေါသ)၊
အသိဉာဏ်ကင်းမဲ့မှု (မောဟ) တို့သည်
ဒုစရိုက် (အကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
အကုသိုလ် ဒုစရိုက်သည်
အပြစ်ရှိ၍ ဆိုးကျိုးပေးသည်။

ဒုစရိုက်(၁၀)ပါး၏ ဆန့်ကျင်ဘက်သည် သုစရိုက်(၁၀)ပါး ဖြစ်သည်။

လိုချင်တပ်မက်မှုမရှိ၊ စွန့်လွှတ်ခြင်း(အလောဘ)၊
အမျက်မထွက် စိတ်ထားနူးညံ့ခြင်း (အဒေါသ)၊
အမှန်တရားကို သိမြင်နားလည်ခြင်း (အမောဟ) တို့သည် သုစရိုက် (ကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
ကုသိုလ် သုစရိုက် သည်
အပြစ်ကင်း၍ ကောင်းကျိုးပေးသည်။

၁။ မိမိကိုယ်တိုင်ပြုလုပ်ခြင်း၊
၂။ သူတစ်ပါးအား တိုက်တွန်းခြင်း၊
၃။ ချီးမွမ်းပြောဆိုခြင်း၊
၎။ သဘောတူခွင့်ပြုခြင်း၊
ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ဟူ၍ -
တစ်မျိုးလျှင် (၁၀)ပါးစီ ရနိုင်သောကြောင့်
ဒုစရိုက်(၄၀) / သုစရိုက်(၄၀) ဖြစ်သွားသည်။

ဒု= မကောင်းသော၊ စရိတ= အလေ့အကျင့်စရိုက်
သု= ကောင်းသော၊ စရိတ= အလေ့အကျင့်စရိုက်

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ကောဓဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

No comments:

Post a Comment