ဓမ္မပဒအတွေးအမြင် ၉
#စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့နေကျပါပဲ။
ပညာရှိကတော့
ကောင်းမှုတွေမှာ စိတ်ပျော်မွေ့လာအောင်
ကြိုးစားလေ့ကျင့်နိုင်ပါတယ်။
အညှီရှိရာ ယင်အုံပါတယ်။
လူမိုက်ဟာ အကုသိုလ်ကို ကြိုက်ပါတယ်။
လိပ်ပြာကို ဝတ်မှုံတွေ ကြိုနေပါတယ်။
သူတော်ကောင်းကို
ကုသိုလ်တွေ ကြိုနေပါတယ်။
#မကောင်းမှုကို နည်းတယ်လို့ အထင်မသေးသင့်ပါဘူး။
ကောင်းမှုကိုလည်း နည်းတယ်လို့
အထင်မသေးသင့်ပါဘူး။
#ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ
ရေအိုးကြီး ပြည့်သွားသလို -
လူမိုက်ဟာ
မကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ
မကောင်းမှုအကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။
ပညာရှိဟာ
ကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ
ကောင်းမှုကုသိုလ်နဲ့
ပြည့်လာပါတော့တယ်။
ကျောက်စရစ်ခဲဟာ ငယ်ပေမယ့်
ရေမှာမြှုပ်သလို -
အကုသိုလ်ဟာ ငယ်ပေမယ့် ဒုက္ခပေးနိုင်ပါတယ်။
ရွှေဟာ သေးငယ်ပေမယ့် အဖိုးတန်သလို -
ကုသိုလ်ဟာ ငယ်ပေမယ့် တန်ဖိုးရှိပါတယ်။
အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်သင့်ပါဘူး။
ပညာရှိဟာ အမှိုက်ကို ရွှေဖြစ်အောင်
လုပ်ဆောင်နိုင်ပါတယ်။
#အသက်ရှင်ချင်သူဟာ အဆိပ်ကို ရှောင်ကြဉ်ပါတယ်။
ဒီလိုပါပဲ - ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ မကောင်းမှုကိုလည်း ရှောင်ကြဉ်ပါတယ်။
ရှေးကံ၊ ယခုကံ တွေရဲ့
ကောင်းကျိုး ၊ ဆိုးမွေကို
အချိန်တန်မှ ခံစားကြရတာပါ။
ရှေးက မကောင်းခဲ့လို့ ခုမကောင်း၊
ခုမကောင်းရင် နောင်မကောင်း။
ရှေးက ကောင်းခဲ့လို့ ခုကောင်း၊
ခုကောင်းမှ နောင်ကောင်း။
(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပါပဝဂ္ဂ)
အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်။
No comments:
Post a Comment