Sunday, October 16, 2016

ဓမ္မပဒအတွေးအမြင် ၁၇

ဓမ္မပဒအတွေးအမြင် - ၁၇

# စိတ်ဆိုးဒေါသကို စွန့်ပယ်သင့်ပါတယ်။
မာနကို စွန့်ပယ်သင့်ပါတယ်။
သံယောဇဉ်အားလုံးကို ကျော်လွှားသင့်ပါတယ်။
ခန္ဓာငါးပါး နာမ်ရုပ်တရားမှာ မငြိတွယ်သူ
စိုးရိမ်ကြောင့်ကြမရှိသူဆီကို
ဆင်းရဲဒုက္ခတွေ မကျရောက်နိုင်ပါဘူး။

#အမျက်ဒေါသထွက်သူကို
မေတ္တာတရားနဲ့ အောင်မြင်နိုင်ပါတယ်။
မကောင်းတာကို
ကောင်းတာနဲ့ အောင်မြင်နိုင်ပါတယ်။
နှမြောဝန်တိုကပ်စေးနဲသူကို
ပေးကမ်းစွန့်ကြဲတာနဲ့ အောင်မြင်နိုင်ပါတယ်။
မှားယွင်းစကားပြောဆိုသူကို သစ္စာစကားပြောဆိုတာနဲ့ အောင်မြင်နိုင်ပါတယ်။

အမျက်ပါတဲ့သစ်သား တန်ဖိုးနည်းသွားတယ်။
အမျက်ပါတဲ့ရတနာ တန်ဖိုးကျသွားတယ်။
အမျက်ထွက်တဲ့လူဟာ အပြစ်အနာအဆာများသူ၊
အဖိုးမတန်သူ ဖြစ်သွားတယ်။

စိတ်ဆိုးဒေါသ အပြစ်ရ။
ဒေါသများ သောကပွား။

မီးပုံကြီးရဲ့ အစဟာ မီးပွားလေးပါ။
အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်အောင် သတိပညာ ဆောင်။

ဒေါသမဖြစ်ရင် အပြစ်ကင်းစင်။
ဒေါသမရှိ အေးချမ်း၏။
ဒေါသမထွက် ချီးမွမ်းအပ်။
ဒေါသမထွက် နတ်ပြည်တက်။
မညှဉ်းဆဲရင် မဆင်းရဲဘူး။

ကဲ့ရဲ့ခံရတာဟာ လောကသဘာဝပါ။
ဒေါသထွက်စရာမဟုတ်ဘူး။
#လောကမှာ အကဲ့ရဲ့လွတ်သူ မရှိပါဘူး။

လုံးဝ အကဲ့ရဲ့ခံရသူ၊
လုံးဝ အချီးမွမ်းခံရသူဆိုတာ
ဘယ်တော့မှ ရှိမှာ မဟုတ်ပါဘူး။

#မကျိုးမပြတ် (ကောင်းမြတ်) အကျင့်ရှိတဲ့၊
သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် နဲ့ ပြည့်စုံသူကို
ပညာရှိတွေဟာ ဟုတ်တိုင်းမှန်စွာ သိမြင်ပြီး
နေ့စဉ်နေ့တိုင်း ချီးမွမ်းကြပါတယ်။

မေတ္တာဓာတ်နဲ့ ဗုဒ္ဓမြတ်စွာ
ဆောင်နှင်းခဲ့ အောင်ခြင်းအနန္တပါ။

ဒေါသရှောင်၊ မေတ္တာဆောင်၊
ဒုစရိုက်ရှောင်၊ သုစရိုက်ဆောင်။

ဒုစရိုက် နှင့် သုစရိုက် မှတ်စုအကျဉ်း

ကာယဒုစရိုက်(၃)ပါး
၁။ သူတစ်ပါးအသက်ကို သတ်ခြင်း၊
၂။သူတစ်ပါးပစ္စည်းဥစ္စာကို ခိုးဝှက်လှည့်ပတ်ယူခြင်း၊
၃။ ကာမဂုဏ် ဖောက်ပြန်ယုတ်မာစွာ ကျင့်ခြင်း၊

ဝစီဒုစရိုက်(၄)ပါး
၁။ မဟုတ်မမှန်လိမ်ညာပြောဆိုခြင်း၊
၂။ ကုန်းတိုက်ပြောဆိုခြင်း၊
၃။ ကြမ်းတမ်းရိုင်းစိုင်းစွာ ပြောဆိုခြင်း၊
၎။ အကျိုးမရှိ သိမ်ဖျင်းသောစကားပြောဆိုခြင်း၊

မနောဒုစရိုက် (၃)ပါး
၁။သူတစ်ပါးဥစ္စာကို အချောင်မတရားကြံစည်ခြင်း
၂။သူတစ်ပါး ပျက်စီးအောင် ကြံစည်ခြင်း၊
၃။အယူအမြင် လွဲမှားခြင်း (အထူးသဖြင့်
ကံ၊ ကံ၏အကျိုး ကို မယုံကြည်ခြင်း)

လိုချင်တပ်မက်မှု (လောဘ)၊
အမျက်ထွက်မှု (ဒေါသ)၊
အသိဉာဏ်ကင်းမဲ့မှု (မောဟ) တို့သည်
ဒုစရိုက် (အကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
အကုသိုလ် ဒုစရိုက်သည်
အပြစ်ရှိ၍ ဆိုးကျိုးပေးသည်။

ဒုစရိုက်(၁၀)ပါး၏ ဆန့်ကျင်ဘက်သည် သုစရိုက်(၁၀)ပါး ဖြစ်သည်။

လိုချင်တပ်မက်မှုမရှိ၊ စွန့်လွှတ်ခြင်း(အလောဘ)၊
အမျက်မထွက် စိတ်ထားနူးညံ့ခြင်း (အဒေါသ)၊
အမှန်တရားကို သိမြင်နားလည်ခြင်း (အမောဟ) တို့သည် သုစရိုက် (ကုသိုလ်ကမ္မပထ) ၏ အခြေခံရေသောက်မြစ်များ ဖြစ်ကြသည်။
ကုသိုလ် သုစရိုက် သည်
အပြစ်ကင်း၍ ကောင်းကျိုးပေးသည်။

၁။ မိမိကိုယ်တိုင်ပြုလုပ်ခြင်း၊
၂။ သူတစ်ပါးအား တိုက်တွန်းခြင်း၊
၃။ ချီးမွမ်းပြောဆိုခြင်း၊
၎။ သဘောတူခွင့်ပြုခြင်း၊
ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ ဟူ၍ -
တစ်မျိုးလျှင် (၁၀)ပါးစီ ရနိုင်သောကြောင့်
ဒုစရိုက်(၄၀) / သုစရိုက်(၄၀) ဖြစ်သွားသည်။

ဒု= မကောင်းသော၊ စရိတ= အလေ့အကျင့်စရိုက်
သု= ကောင်းသော၊ စရိတ= အလေ့အကျင့်စရိုက်

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ကောဓဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၆


ဓမ္မပဒအတွေးအမြင် - ၁၆

#အချစ်ကြောင့် ဘေးဖြစ်၊
အချစ်ကြောင့် အဆိပ်သင့်၊
အချစ်ကြောင့် စိတ်ညစ်၊
#အချစ်ကြောင့် စိတ်ပူ၊
အချစ်ကြောင့် စိတ်ရှုပ်။

အိုခြင်းဆင်းရဲ၊
နာခြင်းဆင်းရဲ၊
သေခြင်းဆင်းရဲ၊
ချစ်တာတွေနဲ့ ခွဲရခြင်းဆင်းရဲ၊
မုန်းတာတွေနဲ့ တွဲရခြင်းဆင်းရဲ၊
တကယ်က -
ခန္ဓာဝန်ထမ်း ပင်ပန်းဆင်းရဲနေကြတာ။

#(လူကိုပဲဖြစ်ဖြစ်၊ ပစ္စည်းဥစ္စာကိုပဲဖြစ်ဖြစ်)
ချစ်ခင်စွဲလမ်းတာ မလုပ်ပါနဲ့။
ဟုတ်ပါတယ်။
ချစ်ခင်ရသူနဲ့ ခွဲခွာရတာ မကောင်းပါဘူး။
ချစ်ခြင်း မုန်းခြင်း မရှိသူမှာ
ရစ်ပတ်တုပ်နှောင်တာတွေ မရှိပါဘူး။

တစ်ယောက်ယောက်ကို
တစ်ဖက်သတ် ဘယ်လောက်ပဲချစ်ချစ်
သူက ပြန်ချစ်ချင်မှ ချစ်မှာပေါ့။
သဘာဝတရားကတော့
သစ္စာရှိပါတယ်။
ကောင်းမှုကုသိုလ်ကိုချစ်ရင်
ကောင်းမှုကုသိုလ်က ပြန်ချစ်မှာပါ။

ကောင်းမှု မြတ်နိုး၊
ကောင်းအောင် ကြိုးစား၊
ကောင်းကျိုး ကိုယ့်မှာ တည်စေသား။

ချစ် မုန်း မရှိ၊ ငြိမ်းအေး၏။
အချစ်များ ငြိမ်းစေသတည်း။
အမုန်းများ ငြိမ်းစေသတည်း။
အလွမ်းများ ငြိမ်းစေသတည်း။

#ကောင်းမှုကုသိုလ် ပြုလုပ်ထားသူကို
ဒီပစ္စုပ္ပန်ဘဝမှ တမလွန်ဘဝ ရောက်သွားရင်
ကောင်းမှုတွေက ကြိုဆိုကြပါတယ်။
ချစ်ခင်တဲ့ဆွေမျိုးရောက်လာတာကို
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသလိုပါပဲ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပိယဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၅

ဓမ္မပဒအတွေးအမြင် - ၁၅

#ကိလေသာနှိပ်စက်ခံနေရသူတွေအလယ်မှာ
ငါတို့ဟာ ကိလေသာနှိပ်စက်မခံရဘဲ
ချမ်းချမ်းသာသာ အသက်ရှင်နိုင်ကြပါတယ်။
ကိလေသာရောဂါ ဖြစ်သူတွေကြားမှာ -
ငါတို့ဟာ ကိလေသာရောဂါ မဖြစ်ဘဲ
ချမ်းချမ်းသာသာ နေနိုင်ကြပါတယ်။

လောဘတက်နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
စွန့်လွှတ်မှုနဲ့ ချမ်းချမ်းသာသာနေရပါတယ်။
ဒေါသထွက်နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
မေတ္တာဓာတ်နဲ့ ချမ်းချမ်းသာသာ နေရပါတယ်။
မောဟမူးမေ့နေသူတွေအလယ်မှာ -
သူတော်ကောင်းဟာ
သတိ ပညာ နဲ့ ချမ်းချမ်းသာသာ နေရပါတယ်။

#(ကိလေသာ) ငြိမ်းအေးပြီးသူဟာ
နိုင်တာ၊ ရှုံးတာကို စွန့်ခွာပြီး
ချမ်းချမ်းသာသာ နေရပါတယ်။

#ရုပ်နာမ် ခန္ဓာ သင်္ခါရတရားတွေဟာ
အလွန်ကဲဆုံး ဆင်းရဲပါ။
(ခန္ဓာဒုက္ခမရှိရာ)
နိဗ္ဗာန်ဟာ အလွန်ကဲဆုံး ချမ်းသာပါ။

#အနာရောဂါကင်းတာ
အလွန်ကဲဆုံး လာဘ်ပါ။
တင်းတိမ်ရောင့်ရဲတာ
အလွန်ကဲဆုံး ဥစ္စာဓနပါ။
ချစ်ကျွမ်းဝင်သူဟာ
အလွန်ကဲဆုံး ဆွေမျိုးပါ။
နိဗ္ဗာန်ဟာ
အလွန်ကဲဆုံး ချမ်းသာပါ။

ဓမ္မပီတိအရသာ ချမ်းသာလိုက်တာ !

#ရာဂ - အပူပြင်းဆုံးမီး၊
ဒေါသ - အကြီးမားဆုံးအဖျက်စွမ်းအား၊
ခန္ဓာ -  အဆင်းရဲဆုံးဒုက္ခ၊
နိဗ္ဗာန် - အမွန်မြတ်ဆုံးချမ်းသာ

ချမ်းသာချင်ရင် သူတော်ကောင်းကိုပေါင်း၊
သူတော်ကောင်းလိုနေ၊
သူတော်ကောင်းဖြစ်ပါစေ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ သုခဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၄

ဓမ္မပဒအတွေးအမြင် - ၁၄

#မြတ်စွာဘုရားရှင်
ပွင့်ထွန်းပေါ်ပေါက်တော်မူဖို့
အလွန်အင်မတန်ပဲ ခက်ခဲပါတယ်။

ဘုရားရှင်တိုင်း ဟောကြားတော်မူသော သြဝါဒပါတိမောက်တော်
#၁။မကောင်းမှု အကုသိုလ်ဟူသမျှ မလုပ်ပါနဲ့။
ကောင်းမှုကုသိုလ်တွေ ဖြစ်ပွားပြည့်စုံပါစေ။
ကိုယ့်စိတ်ကို စင်ကြယ်သန့်ရှင်းပါစေ။
ဒါဟာ မြတ်ဗုဒ္ဓအဆူဆူရဲ့
အဆုံးအမသြဝါဒတော် ပါပဲ။

#၂။သည်းခံခြင်း ခန္တီ(မေတ္တာ) ဟာ
သာလွန်မြင့်မြတ်တဲ့အကျင့်ပါ။
နိဗ္ဗာန်ကို သာလွန်မြင့်မြတ်တယ်လို့
ဘုရားရှင်အဆူဆူ မိန့်တော်မူပါတယ်။
စိတ်အညစ်အကြေးနှင်ထုတ်သူဟာ
သူတစ်ပါးကို မသတ်ပါဘူး။
မကောင်းမှုတွေငြိမ်းစေသူဟာ
သူတစ်ပါးကို မညှဉ်းဆဲပါဘူး။

#၃။သူတပါးကို မစွပ်စွဲ မပြစ်မှားသင့်ပါဘူး။
မညှဉ်းဆဲ မနှိပ်စက်သင့်ပါဘူး။
အလွန်မြင့်မြတ်တဲ့သီလမှာ
စောင့်စည်းလုံခြုံပါစေ။
အစားအစာမှာ အတိုင်းအတာသိပါ။
တိတ်ဆိတ်ငြိမ်သက်တဲ့နေရာမှာ နေပါ။
မြင့်မြတ်တည်ကြည်တဲ့ သမထဝိပဿနာစိတ်မှာ
ကြိုးစားအားထုတ်ပါလေ။
ဒါတွေဟာ
မြတ်စွာဘုရားရှင်အဆူဆူရဲ့
အဆုံးအမသြဝါဒတော်တွေပါ။

ဘုရားရှင်စကားတော်သာ
နားထောင်ခဲ့ရင် ---
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
ဖြူအောင် စိတ်ကိုထားတာဟာ
မြတ်ဗုဒ္ဓကို အကျင့်တရားနဲ့ ပူဇော်တာပါပဲ။

သီလ သမာဓိ ပညာ
သိက္ခာသုံးပါး အကျင့်တရားကို
ဖြည့်ကျင့်တာဟာ
အမြင့်မြတ်ဆုံးပူဇော်ခြင်းပါ။

မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်တွေဟာ မကြံစည်နိုင်လောက်အောင်
အလွန်အင်မတန် များပြားကြီးမားတာကြောင့် -
မြတ်ဗုဒ္ဓကို ကြည်ညိုမြတ်နိုး ကိုးကွယ်ဆည်းကပ်ပူဇော်သူရဲ့
ကောင်းမှုအကျိုးဟာလည်း
မကြံစည်နိုင်လောက်အောင်
ကြီးမားများပြားလှပါတယ်။

မြတ်စွာဘုရားရှင်ဟာ လူ၊နတ်၊ဗြဟ္မာ သတ္တဝါအားလုံးရဲ့ အမြတ်တနိုး တန်ဖိုးထားစရာ အနှိုင်းမဲ့ရတနာပါ။

#ရတနာမြတ်သုံးပါး ကိုးကွယ်တဲ့ပုဂ္ဂိုလ်ဟာ
ဒီကိုးကွယ်မှုကို အကြောင်းပြုပြီး
ဒုက္ခအားလုံးကနေ လွတ်မြောက်နိုင်ပါတယ်။

ကိလေသာ ဝါသနာအထုံအငွေ့ပါမကျန် ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ။
ဆိတ်ကွယ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်ဗုဒ္ဓ။
ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်ဗုဒ္ဓ။

သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်ဗုဒ္ဓ။
သတ္တဝါအပေါင်းတို့အား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်ဗုဒ္ဓ။

ကိုယ်တော်တိုင်လည်း
စိုးရိမ်သောက ကင်းငြိမ်းတော်မူ၊
သူတပါးကိုလည်း
စိုးရိမ်သောက ကင်းငြိမ်းအောင် လမ်းပြကူညီတော်မူသော မြတ်စွာဘုရား။

သစ္စာလေးပါး မြတ်တရားကို
ကိုယ်တော်တိုင်လည်း သိတော်မူ ၊ သူတပါးကိုလည်းသိအောင်
ဟောညွှန်ပြတော်မူသော မြတ်ဗုဒ္ဓ။
မဂ္ဂင်ရှစ်ပါး အကျင့်တရားမြတ်ကို
ကိုယ်တော်တိုင်လည်း ကျင့်သုံးတော်မူ၊
သူတပါးကိုလည်း ကျင့်သုံးတတ်အောင် ဟောညွှန်လမ်းပြတော်မူသော မြတ်ဗုဒ္ဓ။

#တဏှာ မာန ဒိဋ္ဌိ
သံသရာနယ်ချဲ့တရား သုံးပါးကို
လွန်မြောက်ပြီးတဲ့၊
စိုးရိမ်ပူဆွေးငိုကြွေးတာတွေကို
လွန်မြောက်ပြီးတဲ့၊
ကိလေသာမီး ငြိမ်းအေးပြီးတဲ့၊
ဘေးရန်မရှိတော့တဲ့
အနှိုင်းမဲ့မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ နဲ့ မြတ်ဗုဒ္ဓသာဝကတွေကို
ပူဇော်သူတွေရဲ့
ကုသိုလ်ကောင်းမှုဟာ (အနန္တမို့)
ဒီလောက်၊ ဒီလောက်ပဲ ရှိတယ်လို့
တစ်ယောက်ယောက်မှ ရေတွက်ဖို့
မတတ်စွမ်းနိုင်ပါဘူး။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဗုဒ္ဓဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၃

ဓမ္မပဒအတွေးအမြင် - ၁၃

#တရားနဲ့နေသူဟာ
ဒီဘဝရော နောက်ဘဝပါ
ချမ်းချမ်းသာသာ နေရပါတယ်။

လောကကြီးကို အကျဉ်းချုပ်လိုက်ရင်
ရုပ်နဲ့ နာမ်ပဲ ရှိပါတယ်။
လောကကြီးရဲ့
သိပ်ရှုပ်ထွေးတဲ့ ဖြစ်စဉ်တွေဟာလည်း
မွေး အို နာ သေ မွေး ... စက်ဝိုင်းထဲမှာ
ထပ်ခါထပ်ခါ လည်ပတ်နေတာပါပဲ။

နာမည်တွေ ဘယ်လိုခွဲခြားသတ်မှတ်ထားပါစေ၊
တကယ်တမ်းတော့
လောက ဟာ ဖြစ်-ပျက် ပါပဲ။

#ရုပ်နာမ်အစုအဝေးဖြစ်တဲ့ ဟောဒီလောကမှာ
လူမိုက်တွေဟာ
(စွဲလမ်းစိတ်နဲ့ အငမ်းမရ)
ပူပန်နွမ်းလျ နစ်မြုပ်ကြပါတယ်။
(ရုပ်နာမ်နှစ်ပါး သဘောတရားကို ခွဲခြားသိမြင်)
ပညာရှိသူတော်စင်တွေမှာ
ငြိကပ်စွဲလမ်းတာ မရှိပါဘူး။

လောကမှာ နေရင်တော့
လောကဓံတွေ ခံရမှာပါပဲ။

မေ့မနေနဲ့လေ၊
မမြဲခြင်းအရိပ်ဆိုးတွေ ---

#ဟိုအရင်က မေ့လျော့ခဲ့ပေမယ့်
နောင်အခါမှာ မမေ့လျော့သူ၊
ပြုခဲ့ပြီးတဲ့ မကောင်းမှုအကုသိုလ်ကံကို
ကောင်းမှုကုသိုလ်ကံနဲ့
ပိတ်ဆို့တားမြစ်သူဟာ
တိမ်တိုက်ကလွတ်မြောက်လာတဲ့ လမင်းကြီးလို ဒီလောကကို
ထွန်းလင်းတောက်ပစေပါတယ်။
#ပညာရှိပဲ ဒါနကို
ဝမ်းသာကြည်ဖြူ သာဓုခေါ်နိုင်ပါတယ်။

#သစ္စာတရားကို ကျော်လွန်ပြီး
မဟုတ်မမှန် ပြောဆိုတတ်တဲ့၊
တမလွန်လောကကို
(ဖြစ်ချင်ရာဖြစ် လုံးဝ ထည့်မစဉ်းစားဘဲ)
လွှင့်ပစ်ထားသူအတွက်
မပြုလုပ်နိုင်တဲ့ မကောင်းမှုဆိုတာ
မရှိတော့ပါဘူး။
(နောက်ဘဝမယုံသူဟာ
မကောင်းတာအကုန် လုပ်ရဲပါတယ်။)

#ဒီလောကဟာ အကန်းပါပဲ။
ဒီလောကမှာ (ဝိပဿနာဉာဏ်မျက်စိနဲ့)
အထူးကြည့်ရှုသိမြင်သူဟာ
သိပ်နည်းပါးပါတယ်။

ပိုက်ကွန်မှာမိနေတဲ့ငှက်
လွတ်ထွက်ဖို့ခက်သလို၊
လောက က လွတ်ထွက်ဖို့ ခက်ပါတယ်။

မြတ်ဗုဒ္ဓ အစရှိတဲ့ သူတော်ကောင်းတွေဟာ
လောက ကနေ လွတ်ထွက်နိုင်ကြပါတယ်။
လောကကို လွန်မြောက်နိုင်ကြပါတယ်။
လောကထက် သာလွန်မွန်မြတ်ကြပါတယ်။

လမင်းဟာ ညခင်းကို အလှဆင်သလို၊
မြတ်ဗုဒ္ဓနဲ့ သူတော်ကောင်းတွေဟာ
မှောင်မိုက်နေတဲ့ အကန်းလောကကြီးကို
အေးအေးမြမြ အလင်းရောင်ပေးကြပါတယ်။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ လောကဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၂

ဓမ္မပဒအတွေးအမြင် - ၁၂

#ကိုယ့်ကိုယ်ကိုဆုံးမနိုင်ဖို့ ခက်လှပါတယ်။

#ကိုယ့်ကိုယ်ကို ချစ်ရင်
မကောင်းမှု ရှောင်၊
ကောင်းမှု ဆောင်၊
ဖြူအောင် စိတ်ကိုထား။
ကိုယ့်ကိုယ်ကိုချစ် တရားကျင့်။

#ကိုယ့်ကိုယ်ကိုသာ အားကိုးရာ။

မြတ်စွာဘုရားရှင်ကို
အမြင့်မြတ်ဆုံးနည်းနဲ့ ပူဇော်ချင်ရင်
တရားအားထုတ်ပါ။
ကောင်းတာ လုပ်ပါ၊
ကောင်းတာ ပြောပေါ့၊
မနောကလည်း ကောင်းရမယ်။
ကိုယ့်ထိုက် ကိုယ့်ကံ ကိုယ်သာပြန်
ခံ စံ ကြရမည်။
ကိုယ်ပြုသောကံ ပဲ့တင်သံ
ကိုယ့်ထံပြန်လာမည်။
ဘယ်သူမပြု၊ မိမိမှု။

#မိမိဟာ မကောင်းမှုကို ပြုလုပ်တယ်ဆိုရင်
မိမိကိုယ်တိုင်ပဲ ညစ်နွမ်းပူပန်ရပါတယ်။
မိမိဟာ မကောင်းမှုကို မပြုရင်
မိမိကိုယ်တိုင်ပဲ စင်ကြယ်(ချမ်းမြေ့)ရပါတယ်။
သန့်ရှင်းစင်ကြယ်ခြင်း၊
ညစ်နွမ်းပေတူးခြင်းဟာ
မိမိကိုယ်တိုင် ပြုလုပ်တာပါပဲ။

ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်။
ကိုယ်တိုင်မောင်းတဲ့ ကိုယ့်လမ်းကြောင်းကို
မစောင်းစေနှင့်၊ ကောင်းအောင်ကျင့်။

ရေစုန်မျောဖို့လွယ်သလောက်
ရေဆန်တက်ဖို့ သိပ်ခက်ပါတယ်။
#မကောင်းတာလုပ်ဖို့ လွယ်သလောက်
ကောင်းတာလုပ်ဖို့ ခက်လှပါတယ်။
(#သူတော်ကောင်းဟာ
ကောင်းတာလုပ်ဖို့ လွယ်ပါတယ်။
သူယုတ်မာဟာ
မကောင်းတာလုပ်ဖို့ လွယ်ပါတယ်။)

ကိုယ့်ပန်းချီကိုယ်ရေးရတာ -
မကောင်းဆိုးဝါး ငရဲသားပုံ ဆွဲမလား?
နတ်သားနတ်သမီးပုံ ဆွဲမလား?
ဘယ်ပန်းချီရေးလို့မမီအောင် ဆွဲမလား?
ရွေးချယ်ခွင့်က ကိုယ့်လက်ထဲမှာ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ အတ္တဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

ဓမ္မပဒအတွေးအမြင် ၁၁

ဓမ္မပဒအတွေးအမြင် - ၁၁

#ကိလေသာအပူမီးတွေ
အမြဲတမ်း တောက်လောင်နေပါလျက်
ဘာကြောင့် ရယ်မောအားရ
နှစ်သက်နေကြတာလဲ?
အဝိဇ္ဇာအမိုက်အမှောင်ထုကြီး
ပိတ်ကာဆီးနေပါလျက်
ပညာဆီမီးကို
ဘာကြောင့် မရှာဖွေကြတာလဲ ?

အိုခြင်းသဘော ရှိပေမယ့် ဘာလို့
ရယ်မောအားရ နှစ်သက်နေကြတာလဲ ?
အိုခြင်းကိန်းရာ ဒီခန္ဓာကို
ဘာလို့ တွယ်တာမက်မောနေကြတာလဲ ?
အိုခြင်းကင်းရာ တရားမြတ်ကို
ဘာလို့ မရှာဖွေကြတာလဲ ?

အိုဘေးဆင်ခြင် မအိုခင်
ကြိုတင်ကောင်းမှု ကြိုးစားပြု။

ငယ်ရွယ်တုန်းမှာ လွတ်အောင်ရုန်းပါ။

ကိုယ်နာပေမယ့်
စိတ်မနာပါစေနဲ့။

ရုပ်က အကျဘက်ရောက်မှာပါ။
စိတ်က အတက်ဘက်ရောက်မှ
အမြတ်ထွက်မှာပါ။

ကြာလေ အနှစ်ပြည့်လေဖြစ်တဲ့
သူတော်ကောင်းတွေပဲ
အိုခြင်းရဲ့အလှတရာကို
ပိုင်ဆိုင်နိုင်ကြတာပါ။

သူတော်ကောင်းတရားဟာ
အိုဟောင်းမသွားပါဘူး။

#တဏှာလက်သမား ဆောက်လုပ်ထားတဲ့ ခန္ဓာအိမ်။ ဒုက္ခအိမ်။

အပူထဲမှာ အေးအောင်နေ ၊
အမှောင်ထဲမှာ လင်းနိုင်စေ ။

ကိုယ်တော်တိုင်လည်း အိုခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန်ကို သိမြင်ရောက်ရှိ၊
သူတပါးကိုလည်း အိုခြင်းကင်းရာသို့ လမ်းညွှန်ပြတော်မူသော ဗုဒ္ဓမြတ်စွာဘုရား။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဇရာဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)

Saturday, October 15, 2016

ဓမ္မပဒအတွေးအမြင် ၁၀

ဓမ္မပဒအတွေးအမြင် - ၁၀

ဘေးဒဏ်ကြောက်ရသူအချင်းချင်း
ဘဝတူတွေ …
ကိုယ်ချင်းစာ သနားကြပါလေ။

အိုနာသေ သို့ မောင်းနှင်ပို့
လူတို့မမြဲပါတကား။

ရဟန္တာအရှင်မြတ်တွေဟာ
သတ္တဝါအားလုံးအပေါ်မှာ
ပြစ်မှားဒဏ်ထားတာမရှိဘဲ
မေတ္တာကရုဏာနဲ့ အညီအမျှ ကျင့်ပါတယ်။

#ကိုယ့်စိတ်ကို မတုန်မလှုပ်
တိတ်ဆိတ်ငြိမ်သက်နေအောင်
စောင့်ထိန်းနိုင်သူဟာ ငြိမ်းအေးမှာပါ။

အတွေးဆိုး၊ အကြံမှားကို
တားနိုင်သူ ရှားမှရှား။

ကိုယ့်အတွေးဆိုးက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အလေ့အကျင့်မှားတွေက ကိုယ့်ပြန်ဒဏ်ခတ်တာပါ။
အတွေးဆိုး၊ အကျင့်ဆိုးတွေရဲ့ ကျေးကျွန် မဖြစ်ပါရစေနဲ့။

အကောင်းကျင့်ရင်းနဲ့
အကျင့်ကောင်းသွားမှာပါ။

#မြင်းကောင်းဟာ ကြိမ်လုံးနဲ့ တို့ထိခံရရင်
အားထုတ်ကြိုးစား ထိတ်လန့်သွားသလို -
ကြိုးစားအားထုတ်ကြပါ။
(သံသရာဝဋ်ဆင်းရဲကို) ဉာဏ်နဲ့ ထိတ်လန့်ကြပါ။
ယုံကြည်မှု သဒ္ဓါ၊
စောင့်ထိန်းမှု သီလ၊
ရဲရဲရင့်ရင့်အားထုတ်မှု ဝီရိယ၊
တည်ကြည်မှု သမာဓိ၊
ကြောင်းကျိုး ကောင်းဆိုး မှားမှန် ဆုံးဖြတ်နိုင်မှု ဉာဏ်ပညာ … စတာတွေနဲ့
အသိရော အကျင့်ပါ ပြည့်စုံပြီး၊
တရားသတိ အထပ်ထပ်ရှိနေကြရင်
အတိုင်းမသိတဲ့ ဟောဒီ သံသရာဝဋ်ဆင်းရဲကြီးကို
စွန့်ပယ်နိုင်ကြမှာပါ။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ဒဏ္ဍဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်

ဓမ္မပဒအတွေးအမြင် ၉

ဓမ္မပဒအတွေးအမြင် ၉

#စိတ်ဟာ မကောင်းမှုမှာ ပျော်မွေ့နေကျပါပဲ။
ပညာရှိကတော့
ကောင်းမှုတွေမှာ စိတ်ပျော်မွေ့လာအောင်
ကြိုးစားလေ့ကျင့်နိုင်ပါတယ်။

အညှီရှိရာ ယင်အုံပါတယ်။
လူမိုက်ဟာ အကုသိုလ်ကို ကြိုက်ပါတယ်။
လိပ်ပြာကို ဝတ်မှုံတွေ ကြိုနေပါတယ်။
သူတော်ကောင်းကို
ကုသိုလ်တွေ ကြိုနေပါတယ်။

#မကောင်းမှုကို နည်းတယ်လို့ အထင်မသေးသင့်ပါဘူး။
ကောင်းမှုကိုလည်း နည်းတယ်လို့
အထင်မသေးသင့်ပါဘူး။

#ရေစက်ရေပေါက်လေးတွေ ကျရောက်ပါများတဲ့အခါ
ရေအိုးကြီး ပြည့်သွားသလို -
လူမိုက်ဟာ
မကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ
မကောင်းမှုအကုသိုလ်နဲ့ ပြည့်လာပါတော့တယ်။
ပညာရှိဟာ
ကောင်းမှုကို နည်းနည်းစီ ထပ်ခါထပ်ခါ
ဆည်းပူး စုပေါင်းပါများတဲ့အခါ
ကောင်းမှုကုသိုလ်နဲ့
ပြည့်လာပါတော့တယ်။

ကျောက်စရစ်ခဲဟာ ငယ်ပေမယ့်
ရေမှာမြှုပ်သလို -
အကုသိုလ်ဟာ ငယ်ပေမယ့် ဒုက္ခပေးနိုင်ပါတယ်။
ရွှေဟာ သေးငယ်ပေမယ့် အဖိုးတန်သလို -
ကုသိုလ်ဟာ ငယ်ပေမယ့် တန်ဖိုးရှိပါတယ်။

အမှိုက်ကစ ပြဿာဒ်မီးလောင် မဖြစ်သင့်ပါဘူး။
ပညာရှိဟာ အမှိုက်ကို ရွှေဖြစ်အောင်
လုပ်ဆောင်နိုင်ပါတယ်။

#အသက်ရှင်ချင်သူဟာ အဆိပ်ကို ရှောင်ကြဉ်ပါတယ်။
ဒီလိုပါပဲ - ပညာရှိဟာ
သေးငယ်နည်းပါးတဲ့ မကောင်းမှုကိုလည်း ရှောင်ကြဉ်ပါတယ်။

ရှေးကံ၊ ယခုကံ တွေရဲ့
ကောင်းကျိုး ၊ ဆိုးမွေကို
အချိန်တန်မှ ခံစားကြရတာပါ။

ရှေးက မကောင်းခဲ့လို့ ခုမကောင်း၊
ခုမကောင်းရင် နောင်မကောင်း။
ရှေးက ကောင်းခဲ့လို့ ခုကောင်း၊
ခုကောင်းမှ နောင်ကောင်း။

(ရည်ညွှန်းကိုးကား - ဓမ္မပဒ၊ ပါပဝဂ္ဂ)

အရှင်ဉာဏဝရ(ပါရမီ)
ပူဇော်ပါသည်။