Tuesday, February 14, 2017

သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာ

သုံးဆယ့်နှစ်ပါးသော မဟာပုရိသလက္ခဏာ

၁၉၈။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်
ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊ ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့'' ဟူ၍ ခေါ်တော်မူ၏။
ထိုရဟန်းတို့သည် ''အသျှင်ဘုရား''ဟူ၍ မြတ်စွာဘုရားအား ပြန်ကြားလျှောက်ထား ကုန်၏၊
မြတ်စွာဘုရားသည် ဤစကားကို ဟောတော်မူ၏။

၁၉၉။ ရဟန်းတို့ ယောက်ျားမြတ်၏ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် 'မဟာပုရိသ' လက္ခဏာတို့သည် ရှိကုန်၏၊ အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်ပါးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားတစ်ပါးသော အဖြစ်တို့သည် မရှိကုန်။
အကယ်၍ လူ့ဘောင်၌ နေသော် တရားစောင့်သော တရားနှင့်အညီ မင်းပြုသော သမုဒ္ဒရာ
လေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို အောင်မြင်သော
တိုင်းနိုင်ငံကို တည် ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်၏၊ ထို
(စကြဝတေးမင်း) အား ဤရတနာခုနစ်ပါးတို့သည် ဖြစ်ကုန်၏၊ ဤ (ရတနာခုနစ်ပါး) တို့ကား အဘယ်နည်း။ စကြာရတနာ ဆင်ရတနာ မြင်းရတနာ ပတ္တမြားရတနာ မိန်းမမြတ်ရတနာ သူဌေးရတနာ ခုနစ်ခုမြောက်သော သားကြီး ရတနာတို့တည်း။ ထို (စကြဝတေးမင်း) အား ရဲရင့်ကုန်သော သူရဲကောင်းအင်္ဂရုပ် ရှိကုန်သော တစ်ဖက်စစ် သည်တို့ကို နှိမ်နင်းနိုင်ကုန်သော အထောင်မကသော သားတော်တို့သည် ရှိကုန်၏။ ထို (စကြဝတေးမင်း) သည် သမုဒ္ဒရာအဆုံးရှိသော ဤမြေကို ညှဉ်းဆဲခြင်း သတ်ဖြတ်ခြင်း မရှိဘဲ တရားသဖြင့် အောင်မြင်၍ အုပ်စိုး၏။

အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော (အလုံးစုံသောတရားတို့ကို) ကိုယ်တိုင် မှန်စွာသိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။

၂ဝဝ။ အကြင်လက္ခဏာတို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင်
ရှိကုန်၏၊ အခြားသော အဖြစ် မရှိကုန်၊ အကယ်၍ လူ့ဘောင်၌ နေသော် စကြဝတေးမင်း ဖြစ်၏။ပ။
အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူထိုက်သော
(အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ) အပိတ်အပင်ကို
ဖွင့်လှစ် ဖျက်ဆီးပြီးသော ဘုရားဖြစ်၏။
ရဟန်းတို့ ယောက်ျားမြတ်၏ သုံးဆယ့်နှစ်ပါးသော ထိုယောက်ျားမြတ် 'မဟာပုရိသ' လက္ခဏာ တို့
ဟူသည် အဘယ်တို့နည်း ဟူမူ -

ရဟန်းတို့ ဤလောက၌ ယောက်ျားမြတ်သည် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိ၏၊
ရဟန်းတို့ ယောက်ျားမြတ်သည် အကြင် အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိ၏၊ ရဟန်းတို့ ဤ
(အညီအညွတ် ကောင်းစွာ ထိသော ခြေဖဝါးရှိခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း (၁)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ယောက်ျားမြတ်၏ အောက်ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင်
ရှိကုန်သော အကွပ်ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော စက်ဝန်းတို့သည် ဖြစ်ပေါ်လျက် ရှိကုန်၏၊ ရဟန်းတို့ ယောက်ျားမြတ်၏ ခြေဖဝါးပြင်တို့၌ အကန့်တစ်ထောင်ရှိကုန်သော
အကွပ် ပုံတောင်းတို့နှင့်တကွ အခြင်းအရာအလုံးစုံနှင့် ပြည့်စုံကုန်သော အကြင်စက်ဝန်းတို့သည်
ဖြစ်ပေါ် ကုန်၏။ ရဟန်းတို့ ဤ (စက်ဝန်းတို့ ဖြစ်ပေါ်ခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း။ (၂)

ရဟန်းတို့ တစ်ဖန် ထို့ပြင်လည်း ယောက်ျားမြတ်သည် ရှည်သော ဖနှောင့်ရှိ၏။ပ။ (၃)

ရှည်သွယ်သော လက်ချောင်း ခြေချောင်းရှိ၏။ (၄)

နူးညံ့ နုနယ်သော လက်ဖဝါး ခြေဖဝါးရှိ၏။ (၅)

ကွန်ရက်ပမာ ညီညာသော လက်ချောင်း ခြေချောင်းရှိ၏။ (၆)

ဖမျက်မြင့်သော ခြေရှိ၏။ (၇)

ဧဏီသားကောင်၏ သလုံးမြင်းခေါင်းကဲ့သို့သော သလုံးမြင်းခေါင်းရှိ၏။ (၈)

မကိုင်းမညွတ်ဘဲ ရပ်လျက်ပင် နှစ်ဖက်သော လက်ဝါးပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်နိုင်၏။ (၉)

အအိမ်ဖြင့် ဖုံးလွှမ်းသော ပုရိသနိမိတ်ရှိ၏။ (၁ဝ)

ရွှေအဆင်းရှိ၏၊ ရွှေနှင့်တူသော (အသား) အရေရှိ၏။ (၁၁)

ချောမွေ့သော အသားအရေရှိ၏၊ အသားအရေ ချောမွေ့သောကြောင့် မြူအညစ်အကြေး မလိမ်းကျံ
(မငြိကပ်)။ (၁၂)

တစ်ပင်ချင်းပေါက်သော မွေးညင်းရှိ၏၊ မွေးညင်းပေါက်တို့ ၌ တစ်ပင် တစ်ပင်သော မွေးညင်းတို့
သာလျှင် ပေါက်ကုန်၏။ (၁၃)

အထက်သို့ ကော့တက်သော မွေးညင်းရှိ၏၊ မျက်စဉ်းညိုအဆင်း ရှိကုန်သော မွေးညင်းတို့သည့်ဖက်
နားတောင်းသဏ္ဌာန် လက်ျာရစ်လည်၍ အထက်သို့ ကော့တက်လျက် ပေါက်ကုန်၏။ (၁၄)

ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သော ကိုယ်ရှိ၏။ (၁၅)

အရပ်ခုနစ်ပါး၌ (အသား) ဖြိုးမောက်ခြင်း ရှိ၏။ (၁၆)

ခြင်္သေ့ကိုယ်ရှေ့ပိုင်းနှင့် တူသော ကိုယ်ရှိ၏။ (၁၇)

လက်ပြင်နှစ်ဖက်အကြား၌ (တစ်ပြင်တည်းညီလျက်) ပြည့်ဖြိုးသော ကျောပြင်ရှိ၏။ (၁၈)

ပညောင်ပင်ကဲ့သို့ ဝန်းသော ကိုယ်ရှိ၏၊ ထို (ယောက်ျားမြတ်)၏ အလံသည် ကိုယ်အရပ်မြင့်သလောက် ကျယ်ပြန့်၏၊ ကိုယ်အရပ်သည်လည်း အလံကျယ်ပြန့်သလောက် မြင့်၏။ (၁၉)

ညီညာစွာ လုံးသော လည်ပင်းလည်တိုင် ရှိ၏။ (၂ဝ)

အရသာကို ဆောင်သော အလွန်ကောင်းမြတ်သော အကြော ရှိ၏။ (၂၁)

ခြင်္သေ့၏ မေးနှင့်တူသော မေးရှိ၏။ (၂၂)

လေးဆယ်သော သွားရှိ၏။ (၂၃)
ညီညွတ်သော သွားရှိ၏။ (၂၄)
မကျဲသော သွားရှိ၏။ (၂၅)
အလွန်ဖြူစင်သော အစွယ် (လေးချောင်း) ရှိ၏။ (၂၆)

ကြီးမား ရှည်လျား နူးညံ့သော လျှာရှိ၏။ (၂၇)

ဗြဟ္မာမင်း၏ အသံနှင့်တူသော အသံရှိ၏၊ ကရဝိက်ငှက်၏ အသံနှင့်တူသော အသံရှိ၏။ (၂၈)

အလွန်ညိုသော မျက်လုံးရှိ၏။ (၂၉)

နွားငယ်မျက်တောင်နှင့်တူသော မျက်တောင်ရှိ၏။ (၃ဝ)

ရဟန်းတို့ ယောက်ျားမြတ်၏ မျက်မှောင်နှစ်ခု အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့် တူသော
ဖြူစင်သော ဥဏ္ဏလုံမွေးရှင်သည် ပေါက်လျက် ရှိ၏၊ ရဟန်းတို့ ယောက်ျားမြတ်၏ မျက်မှောင်နှစ်ခု
အကြား၌ နူးညံ့သော လဲဝါဂွမ်းနှင့် တူသော ဖြူစင်သော အကြင်ဥဏ္ဏလုံ မွေးရှင် ပေါက်လျက် ရှိ၏၊
ရဟန်းတို့ ဤ (ဥဏ္ဏလုံမွေးရှင် ပေါက်လျက် ရှိခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း။ (၃၁)

ရဟန်းတို့ ဤယောက်ျားမြတ်သည် သင်းကျစ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ရဟန်းတို့
ယောက်ျားမြတ်သည် အကြင် သင်းကျစ်ဆင်ထား ဘိသကဲ့သို့သော ဦးခေါင်းရှိ၏၊ ရဟန်းတို့ ဤ
(သင်းကျစ် ဆင်ထားဘိ သကဲ့သို့သော ဦးခေါင်းရှိခြင်း) သည်လည်း ယောက်ျားမြတ်၏ မဟာပုရိသ
လက္ခဏာ ပေတည်း။ (၃၂)

ရဟန်းတို့ ယောက်ျားမြတ်၏ ထိုသုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ် 'မဟာပုရိသ' လက္ခဏာ
တို့သည် ဤသည်တို့ ပေတည်း။ ယင်း (လက္ခဏာ) တို့နှင့် ပြည့်စုံသော ယောက်ျားမြတ်အား နှစ်မျိုးသော အဖြစ်တို့သာလျှင် ရှိကုန်၏၊ အခြားသော အဖြစ်တို့ကား မရှိကုန်။
(ထိုယောက်ျားမြတ်သည်) အကယ်၍ လူ့ဘောင်၌နေသော် တရားစောင့်သော တရားနှင့်အညီ
မင်းပြုသော သမုဒ္ဒရာလေးစင်း အပိုင်းအခြားရှိသည့် လေးကျွန်းလုံးကို အစိုးရသော ရန်အပေါင်းကို
အောင်မြင်သော တိုင်းနိုင်ငံကို တည်ငြိမ်စေသော ရတနာခုနစ်ပါးနှင့် ပြည့်စုံသော စကြဝတေးမင်း
ဖြစ်၏။ပ။ အကယ်၍ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်သော် ပူဇော်အထူးကို ခံတော်မူ
ထိုက်သော (အလုံးစုံသော တရားတို့ကို) ကိုယ်တိုင် မှန်စွာ သိတော်မူသော လောက၌ (ကိလေသာ)
အပိတ်အပင်ကို ဖွင့်လှစ်ဖျက်ဆီး ပြီးသော ဘုရားဖြစ်၏။

ရဟန်းတို့ ယောက်ျားမြတ်၏ ဤသုံးဆယ့်နှစ်ပါးသော မဟာပုရိသ လက္ခဏာတို့ကို သာသနာပ
ရသေ့တို့ သည်လည်း ကျက်မှတ်ထားကုန်၏၊ ထိုသူတို့သည် ဤကံကို ပြုခြင်းကြောင့် ဤလက္ခဏာကို့ရ၏ ဟူ၍ကား မသိကုန်။

ပါထိကဝဂ်၊ လက္ခဏသုတ်ပါဠိတော်မြန်မာပြန်

Monday, February 13, 2017

ဓမ္မပဒဂုဏ်ရည်

ဓမ္မပဒဂုဏ်ရည်
**************************

ဓမ္မပဒပါဠိတော်သည် ပိဋကသုံးပုံ နိကယ်ငါးရပ်တွင် ခုဒ္ဒကနိကယ်၌ ပါဝင်သော ကျမ်းစာဖြစ်ပါသည်။ ဓမ္မပဒဟူသည်- (ဓမ္မ=တရားတော်တို့ ၏ + ပဒ=အပေါင်းအစု၊ တရားတော်အပေါင်းအစု) ဟုအဓိပ္ပါယ်ရပါသည်။

တရားပဒေသာ တရားညွန့် ပေါင်းကျမ်းကြီးဟုလည်း ခေါ်ဆိုသင့်ပါသည်။
ဤဓမ္မပဒကျမ်းကြီး၌ လောကုတ္တရာ မဂ် ဖိုလ် နိဗ္ဗာန် တရားများဆိုင်ရာ ပါဝင်ဟောကြားထားပါသည်။ ယင်းတရားတော်ကို ဦးတည်၍ လူမှုရေး၊ ကြီးပွားရေး၊ စီးပွားရေး၊ ပညာရေး စသည့်လောကီရေးရာ အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်သည့် တရားတော်များကိုလည်း ထည့်သွင်းဟောကြား ထားပါသည်။

ထို့ ကြောင့် ဓမ္မပဒဟူသော ပါဠိဘာသာအမည်ကို တရားတော်ညွန့် ပေါင်းကျမ်းကြီးဟူ၍ ခေါ်ဆိုသင့်ပါသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဤဓမ္မပဒ ပါဠိတော်ဂါထာများဖြင့် သတ္တ၀ါ အနန္တတို့ အား ကိလေသာအမိုက်အမဲတို့ ကို ဖျက်ခွဲတော်မူစေ၍ နိဗ္ဗာန်သို့  ပို့ ဆောင်တော်မူခဲ့သည်။ မိခင်သည် ငိုကြွေးနေသောသားငယ်ကို နို့ ချိုတိုက်ကျွေးကာ သီချင်းဆို၍အငိုတိတ်စေသကဲ့သို့  ဘုရားရှင်သည်လည်း ကိလေသာဖြင့် ငိုကြွေးနေရသည့် သတ္တ၀ါအများအား ဤဓမ္မပဒနို့ ချိုဒေသနာကို တိုက်ကျွေးတော်မူ၍ ဓမ္မဂီတဖြင့် ကိလေသာအငိုကို တိတ်စေတော်မူခဲ့ပေသည်။

ဤဓမ္မပဒလာ ဂါထာများကို ကြားနာရလေသဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ်သို့  ရောက်ရှိခဲ့ကြသူများမှာ အသောကမင်းနှင့် အနော်ရထာမင်းတို့ ဖြစ်ကြပါသည်။

အသောကမင်းကြီး
------------------

ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် နှစ်ပေါင်း ၃၅၀ ခန့် ကမြတ်ဗုဒ္ဓ၏ အဆုံးအမ သာသနာတော်ကြီး ပျောက်သုဉ်းလုနီးနီး ဖြစ်၍ မိစ္ဆာဝါဒီများ ဖိစီးလွှမ်းမိုး ကြီးစိုးနေချိန်တွင် သာသနာပြုပုဂ္ဂိုလ် အစစ်အမှန်ကို ရှာကြံလိုလားသော အသောကမင်းတရားကြီးသည် စိတ်ပြေလက်ပျောက် လေသောက်တံခါးကိုဖွင့်ကာ အပြင်လောက သွားလာလှုပ်ရှားနေကြပုံများကို ကြည့်ရှုနေစဉ်

ဝိနည်းသိက္ခာပုဒ်တော်နှင့်အညီ နန်းရင်ပြင်၌ ဖြည်းညှင်းစွာ လှမ်းကြွ၍သွားသော သာသနာ့ကျက်သရေဆောင် နိဂြောဓသာမဏေကို နန်းတော်သို့ ပင့်ဖိတ်စေ၍ လှူဖွယ်ဝတ္ထုအစုစုဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ပြီးနောက် နိဂြောဓသာမဏေ မိန့် တော်ချွေသည့် " အပ္ပမာဒေါ အမတံ ပဒံ" အစရှိသော ဂါထာတရား နာကြားရ၍ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့လေသည်။

အနော်ရထာမင်းကြီး
--------------------

သာသနာနှစ် ၁၅၆၁ ခုနှစ်သို့  ရောက်သောအခါ အနော်ရထာမင်းလက်ထက်တွင် အရည်းကြီးတို့ ၏ မသင့်မလျှော် ဖောက်ပြန်မှားယွင်းသည့် အကျင့်ယုတ်များကို တွေ့ မြင်ရသောအခါ ဘုန်းကံပါရမီ ရင့်သန်သောသူ ဖြစ်သောကြောင့် ထိုအရည်းကြီးတို့ အား မကြည်ညိုမနှစ်သက်နိုင် ရှိခဲ့လေသည်။

ယင်းသို့ ဖြစ်စဉ်မှာပင် တောလိုက်မုဆိုးတစ်ယောက်သည် ထူးဆန်းသည့်အ၀တ်အစားကို ဆင်ယင်ထားသည့် အရှင်ဓမ္မဒဿီဘွဲ့ တော်ရှိသည့် ရှင်အရဟံကို ပင့်ဆောင်လာရာ ကြည်ညိုဖွယ် အတိရှိသော ထိုရှင်အရဟံကိုယ်တော်မြတ်အား ဖူးမြင်လိုက်ရသော အနော်ရထာဘုရင်သည်

အရည်းကြီးများနှင့် မိုးနှင့်မြေအလား အလွန်ကွာခြားကြောင်း သိရှိမြင်တွေ့  ကြည်ညိုသဒ္ဓါတရား ဖြစ်ပွားကာ ပစ္စည်းလေးပါးလျူဒါန်းပူဇော်၍ အရှင်မြတ်၏ဆရာဖြစ်တော်မူသော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ တရားတော်များကို ဟောကြားတော်မူပါလော့ဟု တောင်းပန်သောအခါ

ရှင်အရဟံသည် " အပ္ပမာဒေါ အမတံပဒံ " အစချီသော ဤဓမ္မပဒဂါထာတော်မြတ်ကို ဟောကြားတော်မူပြီးနောက် အနော်ရထာမင်းကြီးသည် သာသနာတော်၌ သက်ဝင်ယုံကြည် သရဏဂုံတည်ကာ ဗုဒ္ဓဘာသာဝင်စစ်စစ် ဖြစ်ခဲ့ရလေသည်။

ဆရာတော် အရှင်စန္ဒိမာ (သာသနာရေးဦးစီးဌာန)

ဓမ္မပဒကြောင့် ဘဝပြောင်းခဲ့သူ
သာသနာ့အာဇာနည် ဦးလောကနာထ
=========================

ခရစ်ယာန်ဘာသာဝင်ဖြစ်သော ဆာဗာတိုရေစီအိုဖီသည် ... အီတလီနိုင်ငံ၊ မီလန်မြို့ တွင် အသက်မွေးဝမ်းကြောင်းပြုနေထိုင်ခဲ့သည်။ သူသည် အမေရိကန်နိုင်ငံ၊ ကိုလံဗီယာတက္ကသိုလ်မှ ဘီအက်စ်စီ ဘွဲ့ရ ခေတ်ပညာတတ် တစ်ဦး ပင်ဖြစ်သည်။

တစ်နေ့တွင် ခရစ္စမတ်လက်ဆောင် အဖြစ် မိတ်ဆွေတစ်ယောက်က အင်္ဂလိပ်ဘာသာပြန် ဓမ္မပဒစာအုပ်လေး တစ်အုပ်ကို ပေးလိုက်သည်။ ထို ဓမ္မပဒ ကိုဖတ်ရင်းမှ မည်သူမှ တရားမဟောဘဲ ၊ မစည်းရုံးဘဲ .. အလိုလို ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့ရသည်။

(ဗုဒ္ဓ၏ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်သော တရားတော်တို့တွင် ဓမ္မပဒသည်ကား နိုင်ငံခြားဘာသာခြားတို့အနှစ်သက်ဆုံး တရားပါပေ။)

အနှစ်သာရပြည့်ဝသော ဓမ္မများစွာကိုဖော်ပြထားသော ထို ဓမ္မပဒ ကျမ်းစာအုပ်လေးဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်လာသော ဆာဗာတိုရေစီအိုဖီသည် အသက်ထက်ဆုံး ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကို ခံယူလိုက်ပါသည်။

မြန်မာနိုင်ငံကို အမြဲနေရာဌာနအဖြစ်ထားကာ ကမ္ဘာကို သုံးပတ် ပတ်မိသည်အထိ သာသနာပြုခြင်းမှာ ဘာသာခြားအဖြစ်နှင့် ကွယ်လွန်ခဲ့သော မိဘနှစ်ပါးသည် ဖြစ်ရာ ဘဝ၊ ဖြစ်ရာ ဒေသမှ သူ့တရားကို နာယူကာ ဗုဒ္ဓဘာသာဖြစ်စေချင်သောကြောင့်ဟု ပါ၏။

တစ်ခါကလည်း ဝမ်းဗိုက်မှာဖြစ်သာ ရောဂါတစ်ခုကြောင့်ခွဲစိတ်ကုသရန် အီတလီသို့ ခေတ္တပြန်ကြွရသည်။ ရောဂါပျောက်၍ ပြန်မည်အပြုတွင် ...
ဘာသာခြားဖြစ်သော ဦးလေးနှင့်ဆွေမျိုးတစ်စုက သူတို့ဘာသာကို စွန့်ပစ်သည့်အပြင် တခြားဘာသာ၏ ရဟန်းအဖြစ်သို့ပင် တက်ရောက်ခြင်းကို မကျေနပ်သဖြင့် ဗုဒ္ဓဘာသာနိုင်ငံများသို့ ပြန်သွားခွင့်မပြုနိုင် ၊ အီတလီမှာပင် နေရမည် ဟု အကျပ်ကိုင်ကြလေသည်။

ထိုအခါက ရှင်လောကနာထ တစ်ဖြစ်လဲ ဘုန်းကြီးလေးက ဗုဒ္ဓဘာသာရဟန်းအဖြစ်နှင့် သာသနာမပြုရလျှင် သေခြင်းကမှ မြတ်သေးသည်ဟု အဓိဋ္ဌာန်ပြုကာ အစားအစာများ လုံးလုံးမစားတော့ခြင်းဖြင့် ဆွေမျိုးများကို အနုနည်းဖြင့် တုန့်ပြန်လိုက်ပါသည်။

လေးငါးရက်ရှိ၍ လူလည်း မျော့မျော့ကျန်သော အခါမှ ဆွေမျိုးများလည်း အလျော့ပေးပြီး ပြန်ခွင့်ပေးရပါတော့သည်။ ထိုသို့ပြန်ခွင့်ပေးသော်လည်း လမ်းစရိတ် မပေးသဖြင့် - - -
အီတလီ၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ သြစတြေးလျ၊ ယူဂိုစလားဗီးယား၊ ဘူလ်ဂေးရီးယား၊ တူရကီ၊ ဆီးရီးယား၊ ပါလက်စတိုင်း၊ အိန္ဒိယ
ဟူသော နိုင်ငံဆယ်နိုင်ငံ ကို ရှစ်လ ကျော်ကြာခြေလျင်ဖြတ်သန်း၍ မြန်မာနိုင်ငံသို့ အရောက်ပြန်ခဲ့ရပါသည်။

ဓူတင် ၁၃ ပါးကိုလည်း အမြဲဆောင်ကာ ဘယ်သော အခါမှ ဖိနပ်မစီး ၊ ထီးမဆောင်းပါပေ။
အသားငါးကိုလည်း အသက်ထက်ဆုံးရှောင်ကြဉ်၍ သဗ္ဗတ္ထကမ္မဋ္ဌာန်း ခေါ် မေတ္တာဘာဝနာကို အထူးတလည်ပွားများတော်မူပါသည်။

ဆရာတော်၏ မေတ္တာဦးစီးသော အဆုံးအမကြောင့် ဗုဒ္ဓဘာသာဖြစ်ခဲ့ကြသော ဘာသာခြားများမှ မနည်းလှပေ။
အီတလီ ဘုန်းတော်ကြီး ဆရာတော် ဦးလောကနာထသည် ဗုဒ္ဓသာသနာ ကမ္ဘာအနှံ့ပြန့်ပွားအောင် မနေမနား၊ သာသနာပြုရင်း ပြင်ဦးလွင်မြို့တွင် ပျံလွန်တော်မူခဲ့ပါသည်။
= = = = = = = = = = = = = = = = = = = = = = =

"မေတ္တာရှင်(ရွှေပြည်သာ)" ၏ "မျက်ရည်မကျခင်သိစေချင်" စာအုပ်မှ ကူးယူဖော်ပြအပ်ပါသည်။

ဓမ္မပဒဟူသည်
**********

ဓမ္မဟူသည် တရား၊ ပဒဟူသည် ပုဒ်ဖြစ်သည်။ တရားဟူသည် သဘာဝကျစွာ ဖြစ်တည်ပေါ်ပေါက်လာသော အကြောင်းနှင့် အကျိုးများဖြစ်သည်။ ထိုအကြောင်းနှင့် အကျိုးများကို ဗုဒ္ဓရှင်တော်မြတ်သည် နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က သူ၏မျက်မှောက်တွင် ဖြစ်ပျက်ခဲ့သည်တွင် အခြေခံလျက် လူပုဂိုလ် ၊ ရဟန်း ပုဂိုလ်တို့အား အကျယ်ဝေဖန် ဟောကြားခဲ့သည်။ အကျဉ်းချုံးကာ ဥပဒေသအဖြစ် အနှစ်ချုပ်လည်း ဟောကြားခဲ့သည် ။ ထိုအနှစ်ချုပ်ကလေးများသည် ဓမ္မပဒ ဟူသော အမည်ဖြင့် ထင်ရှားသော တရားပုဒ်လေးများ ဖြစ်လာသည်။ ထိုတရားပုဒ်လေးများကို ရှေးယခင်က ရဟန္တာအရှင်တို့က ပေါင်းစုညီညာ ရွတ်ဆိုကာ သင်္ဂါယနာ တင်ခဲ့ကြသည် ။ တဖန်နှောင်းခေတ်လူများက ကျောက်ထက်အက္ခရာ ၊ စာရွက်အက္ခရာ တင်ခဲ့ကြသည်။ ဘာသာအသီးသီးသို့လည်း ပြန်ဆိုခဲ့ကြသည်။ ထို့ကြောင့် ဘုရားရှင်၏ နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က ဓမ္မပဒ ဟူသည့် တရားအနှစ်ချုပ်စာပိုဒ်လေးများသည် ယခု ကျွန်ုပ်တို့၏ မျက်မှောက်သို့ မြန်မာဘာသာဖြင့် ရောက်လာရခြင်း ဖြစ်ပေသည်။ ထိုစာပိုဒ်လေးများသည် ဖတ်ကောင်းရုံ ၊ သိရရုံမျှသာ မဟုတ် ။ ဖတ်ရှုပြီးနောက် လိုက်နာကျင့်ကြံကျိုးကုပ် အားထုတ်ပါက အလုပ်၏ အရည်အသွေးအလျောက် အကျိုးတရားပေါ်ပေါက်နိုင်သည့် စာပိုဒ်လေးများဖြစ်ပေသည်။

Dhammapada
**********

Dhammapada is a collection of the teachings of the Buddha expressed in clear, pithy verses. These verses were culled from various discourses given by the Buddha in the course of forty-five years of his teaching, as he travelled in the valley of the Ganges (Ganga) and the sub-mountain tract of the Himalayas. These verses are often terse, witty and convincing. Whenever similes are used, they are those that are easily understood even by a child, e.g., the cart's wheel, a man's shadow, a deep pool, flowers. Through these verses, the Buddha exhorts one to achieve that greatest of all conquests, the conquest of self; to escape from the evils of passion, hatred and ignorance; and to strive hard to attain freedom from craving and freedom from the round of rebirths. Each verse contains a truth (dhamma), an exhortation, a piece of advice.

World Of Wisdom

ဓမ္မပဒအဖော်မွန် ၁၃

ဓမ္မပဒအဖော်မွန် - ၁၃
မြတ်ဗုဒ္ဓ၏ ဓမ္မပဒ ၁၃။ လောကဝဂ္ဂ၊ လောက

သံသရာ မရှည်ပါစေနဲ့ ( ဓ- ၁၆၇ )
ယုတ်ညံ့တဲ့တရား ကို မပေါင်းဖော် မမှီဝဲပါနဲ့။
မေ့လျော့ခြင်းနှင့် အတူမနေပါနဲ့။
မှားယွင်းတဲ့ အယူအဆကို အားရနှစ်သက် မှီဝဲမနေပါနဲ့။
လောကသံသရာကြီးပွားရေး သက်သက်အတွက်ပဲ မဖြစ်သင့်ပါဘူး။

၁၆၇.  ဒဟရဘိက္ခုဝတ္ထု (၁၆၇)
ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောကဝဍ္ဎနော။

13. Lokavagga: The World 167. Follow not the vulgar way; live not in heedlessness;
hold not false views; linger not long in worldly existence.



တရားကျင့်မှ ချမ်းသာရ ( ဓ- ၁၆၈ )
( ဗုဒ္ဓမြတ်စွာ၊ ရဟန္တာတို့ အလေးအမြတ် ပြုကျင့်အပ်တဲ့ ဆွမ်းခံကြွခြင်းမှာ မမေ့လျော့သင့်ပါဘူး။ )
ထကြွနိုးကြားပါ။ မမေ့လျော့ပါနဲ့။
ကောင်းမွန်မြင့်မြတ်တဲ့ တရားကို ကျင့်ပါ။
တရားကျင့်သူဟာ ဒီလောကမှာရော နောင်တမလွန်လောကမှာပါ
ချမ်းချမ်းသာသာ နေရပါတယ်။

သုစရိုက်တရားကို ကျင့်ပါ။
ဒုစရိုက်တရားကို မကျင့်ပါနဲ့။
တရားနှင့်နေသူဟာ ဒီဘဝရော နောက်ဘဝပါ ချမ်းချမ်းသာသာ နေရပါတယ်။

၁၆၈. သုဒ္ဓေါဒနဝတ္ထု (၁၆၈၊ ၁၆၉)
ဥတၱိေ႒ နပၸမေဇၨယ်၊ ဓမၼံ သုစရိတံ စေရ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။
၁၆၉. ဓမ္မံ  စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။

168. Arise! Do not be heedless! Lead a righteous life.
The righteous live happily both in this world and the next.
169. Lead a righteous life; lead not a base life. The righteous live happily both in this world and the next.

ရေပွက်၊ တံလျှပ်၊ မျက်လှည့်ပမာ - ရုပ်နာမ်ခန္ဓာ ဖြစ်ပျက်ပါ။ ( ဓ- ၁၇၀ )
(ရေပြင်အထက် ခဏတက်တဲ့) ရေပွက်ကို (ဖြစ်ပြီးပျက်တယ်လို့) ကြည့်မြင်သလို၊
ရုပ်နာမ်ခန္ဓာကို (ဖြစ်ပြီးပျက်တယ်လို့) ကြည့်မြင်ပါ။
( ရေအိုင်ငယ်လို့ ထင်မှတ်မှားစေတဲ့) တံလျှပ်ကို
(အနှစ်သာရ မရှိပါလားလို့) ကြည့်မြင်သလို၊
ရုပ်နာမ်ခန္ဓာကို (ဖြစ်ပြီးပျက်သွား  အနှစ်သားမရှိပါလားလို့) ကြည့်မြင်ပါ။
ဒီလို (ရေပွက်ပမာ ဖြစ်ပြီးပျက်တာ၊ တံလျှပ်အသွင် ထင်တိုင်းမဟုတ်ပါ -
ပေါင်းစုစပ်တွဲ အစိုင်ခဲထင်ရ ရုပ်နာမ်ခန္ဓာဆိုတဲ့ ) လောကကို
ကြည့်ရှုဆင်ခြင် သိမြင်သူကို သေမင်း မမြင်နိုင်တော့ပါဘူး။

(( ရုပ်နာမ်အစုအဝေးဖြစ်တဲ့လောကကို
ရေမြုပ်ရေပွက်လိုပဲ ဖြစ်ပျက်တတ်တယ်။
တံလျှပ်လိုပဲ အနှစ်မရှိဘဲ အထင်လွဲမှားစေတတ်တယ် လို့ ရှုမြင်ဆင်ခြင်သူကို
သေမင်း မမြင်တွေ့နိုင်ပါဘူး။ ))

၁၇၀. ပဉ္စသတဝိပဿကဘိက္ခုဝတ္ထု (၁၇ဝ)
ယထာ ပုဗ္ဗုဠကံ  ပေဿ၊ ယထာ ပေဿ မရီစိကံ။
ဧဝံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။

170. One who looks upon the world as a bubble and a mirage,
him the King of Death sees not.

သဘောမှန်သိ၊ မကပ်ငြိ၊ သောကငြိမ်းလေ၏ ( ဓ- ၁၇၁ )
လာကြပါ။
ဆန်းဆန်းကြယ်ကြယ် (ပေါင်းစပ်စုစည်း ပြုပြင်ထားတဲ့) ဘုရင့်ရထားလိုပါပဲ။
(ရုပ်နာမ်နှစ်ဖြာ ပေါင်းစပ်ကာ ခန္ဓာခေါ်ရ) ဒီလောကကို
(စေ့စပ်သေချာ ဉာဏ်နဲ့) ကြည့်ရှုပါ။
(ရုပ်နာမ်အစုအဝေးဖြစ်တဲ့) ဟောဒီလောကမှာ
လူမိုက်တွေဟာ (စွဲလမ်းစိတ်နဲ့ အငမ်းမရ) ပူပန်နွမ်းလျ နစ်မြုပ်ကြပါတယ်။
(ရုပ်နာမ်နှစ်ပါး သဘောတရားကို ခွဲခြားသိမြင်)
ပညာရှိသူတော်စင်တွေမှာ ငြိကပ်စွဲလမ်းတာ မရှိပါဘူး။

၁၇၁. အဘယရာဇကုမာရဝတ္ထု (၁၇၁)
ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇရထူပမံ။
ယတ္ထ ဗာလာ ဝိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ဝိဇာနတံ။

171. Come! Behold this world, which is like a decorated royal chariot. Here fools flounder, but the wise have no attachment to it.

အမှောင်ထဲက ထွက်ခဲ့ကြပါ ( ဓ- ၁၇၂ )
ဟိုအရင်က မေ့လျော့ခဲ့ပေမယ့်၊ နောင်အခါမှာ မမေ့လျော့သူဟာ
တိမ်တိုက်က လွတ်မြောက်လာတဲ့ လမင်းကြီးလို
ဒီလောကကို ထွန်းလင်းတောက်ပစေပါတယ်။

၁၇၂. သမ္မဇ္ဇနတ္ထေရဝတ္ထု (၁၇၂)
ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပ္ပမဇ္ဇတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

172. He who having been heedless is heedless no more,
illuminates this world like the moon freed from clouds.

တိမ်ကင်း - လမင်း - အလင်းဖြာဝေ ( ဓ- ၁၇၃ )
ပြုခဲ့ပြီးတဲ့ မကောင်းမှုအကုသိုလ်ကံကို
ကောင်းမှုကုသိုလ်ကံနှင့် ပိတ်ဆို့တားမြစ်သူဟာ
တိမ်တိုက်က လွတ်မြောက်လာတဲ့ လမင်းကြီးလို
ဒီလောကကို ထွန်းလင်းတောက်ပစေပါတယ်။

၁၇၃. အင်္ဂုလိမာလတ္ထေရဝတ္ထု (၁၇၃)
ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

173. He, who by good deeds covers the evil he has done,
illuminates this world like the moon freed from clouds.

အလင်းရှာဖွေ လွတ်မြောက်ပါစေ( ဓ- ၁၇၄ )
ဒီလောကဟာ အကန်းပါပဲ။
ဒီလောကမှာ (ဝိပဿနာဉာဏ်မျက်စိနဲ့) ကြည့်ရှုဆင်ခြင် ထိုးထွင်းသိမြင်သူဟာ
သိပ်နည်းပါးပါတယ်။
မုဆိုးလက်နက်ပိုက်ကွန်ယက်က လွတ်ထွက်နိုင်တဲ့ ငှက်ဟာ နည်းနည်းပဲရှိသလို -
နတ်ပြည်၊ ဗြဟ္မာ့ပြည် (နဲ့----  နိဗ္ဗာန်) ရောက်သွားသူဟာ
သိပ်နည်းပါးပါတယ်။

၁၇၄. ပေသကာရဓီတာဝတ္ထု (၁၇၄)
အန္ဓဘူတော  အယံ လောကော၊ တနုကေတ္ထ ဝိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။

174. Blind is the world; here only a few possess insight. Only a few,
like birds escaping from the net, go to realms of bliss.

လောကကို လွန်မြောက်ခြင်း ( ဓ- ၁၇၅ )
ဟင်္သာတွေဟာ ကောင်းကင်မှာ ပျံသန်းကြပါတယ်။
(ဣဒ္ဓိပါဒ်လေးပါး ပွားများထားသူ) တန်ခိုးရှင်တွေဟာ ကောင်းကင်မှာ သွားလာကြပါတယ်။
ဝိပဿနာပညာရှိသူတွေဟာ
မာရ်မင်းနှင့် သူ့အပေါင်းအပါစစ်တပ်ကြီးကို အောင်နိုင်ပြီး
လောက က ထွက်မြောက်ကြပါတယ်။

၁၇၅. တိံသဘိက္ခုဝတ္ထု (၁၇၅)
ဟံသာဒိစ္စပထေ ယန္တိ၊ အာကာသေ ယန္တိ ဣဒ္ဓိယာ။
နီယန္တိ ဓီရာ လောကမှာ၊ ဇေတွာ မာရံ သဝါဟိနိံ  ။

175. Swans fly on the path of the sun; men pass through the air by psychic powers; the wise are led away from the world
after vanquishing Mara and his host.

နောက်ဘဝမယုံသူ မကောင်းတာအကုန် လုပ်ရဲသည် ( ဓ- ၁၇၆ )
သစ္စာတရားကို ကျော်လွန်ပြီး မဟုတ်မမှန် ပြောဆိုတတ်တဲ့၊
တမလွန်လောကကို
(ဖြစ်ချင်ရာဖြစ် လုံးဝ ထည့်မစဉ်းစားဘဲ) လွှင့်ပစ်ထားသူအတွက်
မပြုလုပ်နိုင်တဲ့ မကောင်းမှုဆိုတာ မရှိတော့ပါဘူး။

၁၇၆. စိဉ္စမာဏဝိကာဝတ္ထု (၁၇၆)
ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။

176. For a liar who has violated the one law (of truthfulness)
who holds in scorn the hereafter, there is no evil that he cannot do.

' ဗာလ ' ဟာ  ' ဒါန ' ကို ' သာဓု ' မခေါ်နိုင်ပါ ( ဓ- ၁၇၇ )
(ဝန်တိုနှမြောတတ်သူ)ကပ်စေးနဲသူဟာ စင်စစ်- နတ်ပြည်ကို မရောက်နိုင်ပါဘူး။
တကယ်တော့-
လူမိုက်တွေဟာ အလှူဒါနကို မချီးမွမ်းနိုင်ကြပါဘူး။
ပညာရှိပဲ အလှူဒါနကို ဝမ်းသာကြည်ဖြူ သာဓုခေါ်နိုင်ပါတယ်။
ဒါကြောင့်ပဲ သူတို့ဟာ နောက်ဘဝမှာလည်း ချမ်းသာကြပါတယ်။

၁၇၇. အသဒိသဒါနဝတ္ထု (၁၇၇)
န  ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊ ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊ တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

177. Truly, misers fare not to heavenly realms; nor, indeed, do fools praise generosity. But the wise man rejoices in giving,
and by that alone does he become happy hereafter.

မြတ်သောတာပန် ( ဓ- ၁၇၈ )
မြေပြင်တစ်ခုလုံးကို အစိုးရတဲ့ စကြဝတေးမင်းကြီးထက်၊
နတ်ပြည် ဗြဟ္မာ့ပြည် သွားရောက်ရတာထက်၊
တစ်လောကလုံးကို အစိုးရတာထက်၊
သောတာပတ္တိဖိုလ် က ပိုမြင့်မြတ်ပါတယ်။

၁၇၈. အနာထပိဏ္ဍိကပုတ္တကာလဝတ္ထု (၁၇၈)
ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ဝါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ဝရံ။

178. Better than sole sovereignty over the earth,
better than going to heaven, better even than lordship over all the worlds is the supramundane Fruition of Stream Entrance.

(( မှတ်စု ၁၃။ ။ လောကမှာ နေရင်တော့ လောကဓံတွေ ခံရမှာပါပဲ။

ပိုက်ကွန်မှာမိနေတဲ့ငှက် လွတ်ထွက်ဖို့ခက်သလို -
လောက က လွတ်ထွက်ဖို့ ခက်ပါတယ်။

မြတ်ဗုဒ္ဓ အစရှိတဲ့ သူတော်ကောင်းတွေဟာ
လောက ကနေ လွတ်ထွက်နိုင်ကြပါတယ်။
လောကကို လွန်မြောက်နိုင်ကြပါတယ်။
လောကထက် သာလွန်မွန်မြတ်ကြပါတယ်။

လမင်းဟာ ညခင်းကို အလှဆင်သလို -
မြတ်ဗုဒ္ဓနဲ့ သူတော်ကောင်းတွေဟာ
မှောင်မိုက်နေတဲ့ အကန်းလောကကြီးကို
အေးအေးမြမြ အလင်းရောင်ပေးကြပါတယ်။ ))