ရင်ထဲက အရဟံ
အပိုင်း(၃)
ပုံတော်နှင့် ဂုဏ်တော်
ဂုဏ်တော်ပွားတဲ့နေရာမှာ ပုံတော်ထက် ဂုဏ်တော်က အဓိကလို့ ပြောတတ်ကြပါတယ်။ ကျေးဇူးရှင်ဆရာတော် အရှင်ဇနကာဘိဝံသကတော့ ဘုရားရှင်ရဲ့ပုံတော် သပ္ပာယ်ပုံဟာ ဘဂဝါဂုဏ်တော်မှာပါတဲ့ ''သိရီ''ဘုန်းတော်ပါပဲတဲ့။ ဆရာတော်ဘုရားက တိလောကဝိဇယမင်းကြီးရဲ့ဝတ္ထုကို နမူနာသာဓက ပြထားပါတယ်။
တစ်ခါတုန်းက ဘုရားလောင်းတော်ဟာ တိလောကဝိဇယမင်းကြီး ဖြစ်ခဲ့ဖူးပါတယ်။ တိလောကဝိဇယမင်းကြီးဟာ ဘုရားအမှူးရှိတဲ့ သံဃာတော် တွေကို စိတ်ကူးနဲ့ပုံဖော်ပြီး ရှိခိုးပါတယ်။ နောက် ...
ဝေဇယန္တာဆိုတဲ့ အထပ်ပေါင်းများစွာရှိတဲ့ ကျောင်းတော်ကြီးကို စိတ်ကူးနဲ့ ဆောက်လိုက်ပါတယ်။ ကျောင်းဆောင်ကြီးထဲမှာ မြတ်စွာဘုရားထိုင်ဖို့ ရွှေပလ္လင်၊ သံဃာ တော်တွေ ထိုင်ဖို့ အခင်းတွေ၊ ရေအိုးတွေ၊ အခန်းတွေစသဖြင့် ကျောင်းတစ်ခုမှာလိုအပ်တာတွေ အကုန်ပုံဖော်လိုက်ပါတယ်။
ပြီးမှ ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စိတ်ကူးနဲ့ပင့်ပြီး စိတ်ကူးနဲ့ ဆွမ်းကပ်ပါတယ်။ ဆွမ်းကပ်ရုံတင်မကပါဘူး၊ တစ်ပါးကို တိစီဝရိတ် သင်္ကန်း(၃) ထည်စီကိုလည်း စိတ်ကူးနဲ့လှူလိုက်ပါသေးတယ်။ ဆွမ်းစားပြီးတဲ့အခါ ကိုယ့်အခန်းကို ကိုယ်ဝင်ပြီးနားစေပါတယ်။ ဈာန်ဝင်စား စေပါတယ်။ ကျောင်းဆောင်ရဲ့ အရပ်(၄)မျက် နှာမှာ ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ ရေကန်ကြီး(၄)ခုကိုလည်း စိတ်ကူးနဲ့ တည်ဆောက်လိုက်ပါတယ်။ ဘေးမှာ ပန်းဥယျာဉ်တွေကိုလည်း စိတ်ကူးနဲ့ ပုံဖော်လိုက်ပါတယ်။ မင်းကြီးရဲ့ ဆွမ်းကျွေးပွဲကိုရောက်လာတဲ့ လူနတ်ဗြဟ္မာ အားလုံးကိုလည်း စိတ်ကူးနဲ့ မိမိပြုတဲ့ကုသိုလ် အဖို့ကို အမျှပေးဝေလိုက်ပါသေးတယ်။
ဒီလိုနဲ့ နေ့စဉ်နေ့တိုင်း စိတ်ကူးနဲ့ပုံဖော်ပြီး လှူနေလိုက်တာ သက်တမ်းနဲ့အမျှပါပဲ။ တိလောကဝိဇယမင်းကြီး သေလွန်တဲ့အခါ တာဝတိံသာနတ်ပြည်မှာ ဖြစ်ရပါတယ်တဲ့။ ပုံတော်ကို အာရုံပြုပြီး ကောင်းကျိုးရသွားတာပါ။
တိလောကဝိဇယမင်းကြီးရဲ့ဝတ္ထုဟာ တကယ့်မှတ်သားစရာပါပဲ။ စိတ်ကူးနဲ့ ကျောင်းဆောက်၊ စိတ်ကူးနဲ့ ဆွမ်း ကျွေး၊ စိတ်ကူးနဲ့သင်္ကန်းလှူ၊ စိတ်ကူးနဲ့ရေစက်ချ၊ လူနတ်ဗြဟ္မာတွေကိုနေ့တိုင်းအမျှဝေ၊ သေလွန်တဲ့အခါ နတ်ပြည်ရောက် သွားရတာ ဆိုတော့ အားနေတဲ့အခါလေးတွေ မှာတောင် တောင်တွေး မြောက်တွေး တွေးမနေဘဲ တိလောကဝိဇယမင်းကြီးလို စိတ်ကူးနဲ့လှူနေလို့လည်း ရပါတယ်။
ရုပ်ပွားတော်တွေကတော့ မြန်မာပြည်သူတွေအတွက် တကယ့်အားကိုး အားထားရာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရုပ်ပွားတော်ကိုဦးချလိုက်ရရင်ပဲ စိတ်ထဲက ကျေနပ်မှုတစ်ခုခုကို ရသွားကြတာပါ။ ရုပ်ပွားတော်တွေကလည်း အရွယ်အစား မျိုးစုံပါ။ စပါးစေ့အရွယ်သေးသေးလေးကနေပြီး အတောင်(၅ဝ)ကျော်အရွယ် ကြီးကြီးမားမား အထိ ရှိကြပါတယ်။
အဲဒီလို ရုပ်ပွားတော်အသေးအကြီးတွေ ဖူးတွေ့ရတဲ့အခါ ဘဂဝါဂုဏ်တော်မှာပါတဲ့ အဏိမာဘုန်းတော်နဲ့ မဟိမာဘုန်းတော်ကို အာရုံပြုထားရပါမယ်။
အဏိမာဘုန်းတော်ဆိုတာက မြတ်စွာဘုရားရှင်ဟာ အနုမြူမှုန်မျှ အလွန်သေးငယ်အောင် ဖန်ဆင်းပြီး ပရိက္ခရာ ရှစ်ပါးလွယ် မုံညင်းစေ့အတွင်းမှာ စင်္ကြံကြွတော်မူနိုင်ပါတယ်။ မြတ်စွာဘုရားလက်ထက်တော်က ဗကဗြဟ္မာကြီး ကို ကိုယ်ရောင်ဖျောက်ပြတဲ့ ဘုန်းတော်မျိုးပါ။
တကယ်လို့ ရုပ်ပွားတော်သေးသေးလေးတွေ ဖူးတွေ့ရတဲ့အခါ မြတ်စွာဘုရားရှင်ရဲ့ အဏိမာဘုန်းတော်ကို အာရုံပြုပြီး ''သြော်... မြတ်စွာဘုရားရှင်ဟာ အနုမြူလောက်ဖန်ဆင်းပြီး မုံညင်းစေ့ထဲမှာတောင် စင်္ကြံကြွနိုင်တယ်'' လို့ ဆင်ခြင်ပြီး ပူဇော်ရပါမယ်။ အဲဒီလိုမှမဟုတ်ဘဲ ''ဟယ်... ဘုရားလေးက သေးသေးလေးပဲ'' ဆိုပြီး လက်အုပ်ချီရုံလောက်ပဲ မလုပ်ရပါဘူး။ အဏိမာဘုန်းတော်ကို အာရုံပြုပြီး ပူဇော်ရမှာပါ။
ပုံတော်သေးလျှင်၊ အဏိမာပင်၊ တွေးလျှင်ပူဇော်ပါ။
မဟိမာဘုန်းတော်ဆိုတာက ကိုယ်တော်ကို ပကတိအနေအထားထက် ကြီးမား အောင် ဖန်ဆင်းနိုင်တာပါ။
မြတ်စွာဘုရားလက်ထက်တော်က ရာဟုလို့ခေါ်တဲ့ အသူရိန်နတ်မင်းကြီးဟာ ခန္ဓာကိုယ် အလွန်ကြီးမားပါသတဲ့။ အသူရိန်နတ်မင်းကြီးက မြတ်စွာဘုရား ဂုဏ်သတင်းကြားပြီး သိပ်ဖူးချင်နေပါတယ်။ ဒါပေမဲ့ သူက ဘယ်လိုအတွေးရှိသလဲ ဆိုတော့ ''လူသားဖြစ်တဲ့ဘုရားကို ငါသွားဖူးရင် ငါကငုံ့ပြီး ကြည့်နေရလိမ့်မယ်'' လို့ တွေးထင်ထားတဲ့အတွက် မသွား ဖြစ်ပါဘူး။
မြတ်စွာဘုရားဂုဏ်သတင်း ကြီးမားသထက် ကြီးမားလာတော့ '' အင်း... အဆင်ပြေသလို ဖူးတာပေါ့လေ''ဆိုပြီး မြတ်စွာဘုရားဆီ ရောက်လာ ပါတယ်။ မြတ်စွာဘုရားရှင်က မဟိမာဘုန်းတော်နဲ့ ခန္ဓာကိုယ်ကြီးမားအောင် ဖန်ဆင်းပြီး လဲလျောင်းအဖူးခံတာတောင် အသူရိန်နတ်မင်းကြီးက မော်ဖူးပေမဲ့ မြတ်စွာဘုရားရှင်ရဲ့ အထက်ပိုင်းကို မမြင်နိုင်ပါဘူးတဲ့။
ဒါကြောင့် အတောင်(၅ဝ)ကျော် ရုပ်ပွားတော်ကြီးတွေ ဖူးတွေ့ရတဲ့အခါ မြတ်စွာ ဘုရားရှင်ရဲ့ မဟိမာဘုန်းတော်ကို အာရုံပြုပြီး ''သြော်... မြတ်စွာဘုရားရှင်ဟာ အသူရိန်နတ်မင်းကြီးကို သူ့ခန္ဓာကိုယ်ထက်ကြီးမားအောင် ဖန်ဆင်းပြီး အဖူးခံခဲ့တာပဲ လေ'' လို့ဆင်ခြင်ပြီး ဖူးမြော်ရပါမယ်။
ပုံတော်ကြီးလျှင် မဟိမာပင် တွေးလျှင်ပူဇော်ပါ။
တကယ်လို့ ကိုယ့်အိမ်မှာရှိတဲ့ ရုပ်ပွားတော်ဟာ (၁ဝ)လက်မလောက်ပဲ ရှိတယ်ဆိုရင်လည်း ''သြော် မြတ်စွာဘုရားရှင်ဟာ ငါ့အိမ်နဲ့ သပ္ပာယသင့် အောင် ဖန်ဆင်းပြီး သီတင်းသုံးနေတယ်''လို့ ဆင်ခြင်ပြီးပူဇော်ရပါမယ်။
လူတွေရဲ့စိတ်က ခက်တော့ခက်သားပါ။ စပါးစေ့လောက် ရုပ်ပွားတော်လေး ဖူးတွေ့ရတဲ့အခါ လက်အုပ်ချီရုံ၊ ဦးချရုံလောက်ပဲ ဖူးကြပါတယ်။ ဘုရားရုပ်ပွားတော် အကြီးကြီးတွေ့တဲ့အခါမှာတော့ ပုတီးစိပ်၊ ပရိတ်ရွတ်၊ အဓိဋ္ဌာန်ဝင် စသဖြင့် အကြာကြီးဖူးလေ့ရှိကြပါတယ်။ တကယ်တော့ ရုပ်ပွားတော်တွေ ဖူးတွေ့ရတဲ့အခါ ကြီးကြီး၊ ငယ်ငယ် သက်တော် ထင်ရှား မြတ်စွာဘုရားနဲ့ တစ်စိတ်တည်းထားနိုင်အောင် ကြိုးစားရမှာပါ။
တစ်ခါတုန်းက ရွာတစ်ရွာမှာ အမျိုးသမီးတစ်စု ရွာဦးကျောင်းဆရာတော်ဘုရားကို 'ဘုရားတပည့်တော်တို့ အထက် မြန်မာပြည်ဘုရားဖူး သွားမလို့ပါ''လို့ လျှောက်ပါသတဲ့။ ခရီးဝေးသွားရင် ရွာဦးကျောင်းဆရာတော်ကို လျှောက်သွားကြတာ ရွာရဲ့ဓလေ့တစ်ခုပါ။ ဒီတော့ ဆရာတော်ဘုရားက ''တိုးတိုးပြောကြပါဟာ။ နင်တို့အိမ်မှာရှိတဲ့ဘုရား အားနာ စရာကြီး''လို့ ပြန်မိန့်ပါသတဲ့။
ဆရာတော်ဘုရားစကားက တွေးရင်တွေးသလောက် တာသွားတာပါ။ ဆရာတော်ဘုရားက မြတ်စွာဘုရား ဝိမနဝတ္ထုပါဠိတော်မှာ ဟောထားတဲ့ ဂါထာကို အခြေပြုပြီး မိန့်ပုံရပါတယ်။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊
သမေစိတ္တေ သမံဖလံ။
စေတောပဏိဓိဟေတုဟိ။
သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
သက်တော်ထင်ရှား မြတ်စွာဘုရားရယ်၊ ပရိနိဗ္ဗာန်စံသွားတဲ့ မြတ်စွာဘုရားရဲ့ ကိုယ်စားရုပ်ပွားတော်ရယ်ကို တစ်စိတ်တည်းထားနိုင်ရင် လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ဂတိအကျိုးကို ရပါတယ်။ အဲဒီလိုစိတ်ထားနိုင်ခြင်းကြောင့် သေလွန်တဲ့အခါ သုဂတိဘဝကို ဧကန်ရောက်ပါလိမ့်မယ်လို့ မြတ်စွာဘုရားဟောပြထားပါတယ်။
ဒီသဘောလေးတွေကို အာရုံပြုပြီး ဘယ်ရုပ်ပွားတော်ပဲဖူးဖူး သက်တော်ထင်ရှား မြတ်စွာဘုရားအထိ အာရုံ ပြုနိုင်အောင် စိတ်ညွှတ်နိုင်ရပါမယ်။ ဒီလောက်ဆို ဂုဏ်တော်ပွားဖို့အတွက် အသင့်ဖြစ်နေလောက်ပါပြီ။
uzinn lay တောကဦးဇင်းလေး
Sunday, February 10, 2013
ရေးသားချိန် 2:15 AM
Saturday, May 23, 2015
ရင်ထဲက အရဟံ ၃
ရင်ထဲက အရဟံ ၂
ရင်ထဲက အရဟံ (၂ ) (ရဝေနွယ်-အင်းမ)
စိတ်ချမ်းသာချင်ရင်ဂုဏ်တော်ပွားပါ
အင်္ဂုတ္ထုရ်အဋ္ဌကထာမှာ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာခြင်း၊ ဝိပဿနာ အခြေခံသမာဓိရခြင်းဆိုတဲ့ သိပ်စိတ်ဝင်စားဖို့ကောင်းတဲ့ အကျိုးကိုလည်း ပြထား ပါတယ်။
ရှင်းအောင်ပြောရရင်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာမယ်၊ ဝိပဿနာ အခြေခံသမာဓိ ရမယ်လို့ဆိုလိုတာပါ။ လူတိုင်းလူတိုင်း စိတ်ချမ်း သာချင်ကြသလို တရားအားထုတ်သူတိုင်း တရားအားထုတ်သူတိုင်းလည်း ဝိပဿနာအခြေခံ သမာဓိ ရချင်ကြတာချည်းပါပဲ။ ဒီတော့ စိတ်ချမ်းသာချင်ရင်လည်း ဂုဏ်တော်ပွားရပါမယ်။ ဝိပဿနာအတွက် အခြေခံ သမာဓိ ရချင်ရင်လည်း ဂုဏ်တော်ပွားရပါမယ်။ ဂုဏ်တော်ပွားပြီးမှ ဝိပဿနာတရား အားထုတ်ရင် ပိုကောင်းပါတယ်။
+ စိတ်ချမ်းသာလို၊ ဂုဏ်တော်ကို ပွားကိုပွားရမယ်
+ ဝိပဿနာသမာဓိရလို၊ ဂုဏ်တော်ကို ပွားကိုပွားရမယ်
လောကမှာ ပိုက်ဆံချမ်းသာတိုင်းလည်း စိတ်မချမ်းသာကြပါဘူး။ ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ အများကြီးပါ။ ပိုက်ဆံမချမ်းသာပေမဲ့ စိတ်ချမ်းသာနေတဲ့လူတွေလည်း အများကြီးပါ။ တခိျု့ဆို သာမန်တိုက်ခန်းနဲ့ပါပဲ။ ဒါပေမဲ့ မိသားစုကြည့်လိုက်ရင် အပူအပင်ကင်းကင်းနဲ့ စိတ်ချမ်း သာနေကြပါတယ်။ မျက်နှာတွေကြည့်လိုက်ရင်လည်း ပြုံးရွှင်နေကြတာပါပဲ။ အချိန်တန်ရင် တရားလေး ဝင်လိုက်၊ ဝေယျာဝစ္စလေး ပြေးလုပ်လိုက်နဲ့ ကိုယ့်ဘဝကိုယ် ကျေနပ်နေကြတာပါ။
တချို့ကျ ပိုက်ဆံသိပ်ချမ်းသာကြပါတယ်။ ဒါပေမဲ့ မိသားစုကြည့်လိုက်ရင် ပူညံပူညံနဲ့ရှုပ်ယှက်ခတ် ဝုန်းဒိုင်းကို ကြဲနေတော့တာပါ။ ဘေးကကြည့်ရတဲ့ သူတွေတောင် သိပ်ပူလောင်တာပါ။ ကာယရှင်တွေဆို ဘယ်လိုနေကြမယ် မသိ ပါဘူး။ နေ့တိုင်းပူနေတော့ အပူကို ယဉ်ပါးပြီး ဆေးမတိုးတော့တာလည်း ဖြစ်နိုင်ပါတယ်။ ကြောက်ဖို့ကောင်းတာက ဒီဘဝ အပူတွေဟာ နောက်ဘဝအထိပါသွားမှာကိုပါ။ အထုံဆိုတာ နောက်ဘဝအထိပါတတ်တာဆိုတော့ ပူတာကို ပူမှန်းသိရပါမယ်။ ဘေးပတ်ဝန်းကျင်အနေနဲ့လည်း မိတ်ဆွေကောင်းအနေနဲ့ ဖြေဆည်နည်း တရား သဘောကို ပြောပြပေးရပါမယ်။ ပြုပေးနိုင်ခဲတာကို ပြုပေးမှ မိတ်ဆွေစစ်လို့ ခေါ်ပါတယ်။ ဒါကြောင့် ပြောပြပေးရပါမယ်။
တရားသဘောအရ စိတ်ဆင်းရဲရတယ်ဆိုတာ ကိုယ့်ရင်ထဲမှာ ရာဂ၊ ဒေါသ၊ မောဟ၊ ဣသာ၊ မစ္ဆရိယ အစရှိတဲ့ အကုသိုလ်တစ်ခုခု ကိန်းနေလို့ပါ။ ဂုဏ်တော်ပွားနေတဲ့ အခိုက်အတန့်လေးမှာ ရာဂ၊ ဒေါသ၊ မောဟ အစရှိတဲ့ အကုသိုလ်တွေ ကင်းနေတာပါ။ အဲဒီ အခိုက်အတန့်လေးဟာ စိတ်ချမ်းသာနေတဲ့ အချိန်လေးပါ။ အချိန်နည်းနည်း ပွားရင် အချိန်နည်းနည်း စိတ်ချမ်းသာ ပါတယ်။ အချိန်များများပွားရင် အချိန်များများ စိတ်ချမ်းသာပါတယ်။ ဒါတကယ့်လက်တွေ့ပါ။ ဂုဏ်တော်ပွားနေတဲ့ အချိန် အခိုက်အတန့်လေးမှာ စိတ်ဆင်းရဲရတယ်ဆိုတာ လုံးဝကိုမရှိတာပါ။ ဒါကြောင့် ဂုဏ်တော်ပွားရင် စိတ်ချမ်းသာ တယ်လို့ ဆိုလိုတာပါ။ ဒီတော့ စိတ်ချမ်းသာချင်ရင်လည်း ဂုဏ်တော်ကို ပွားရပါမယ်။
ရုပ်လှချင်ရင်ဂုဏ်တော်ပွားပါ
တကယ်တော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာရုံတင်မကပါဘူး။ ရုပ်ကိုလည်း လှစေတာပါ။ ဂုဏ်တော်ကို နေ့စဉ် ပွားနေရင် စိတ်သဘောထားတွေ မွန်မြတ်လာမယ်။ စိတ်သဘောထားတွေ မွန်မြတ်လာရင် စိတ်သဘောထားတွေ ပြောင်းလဲ ကြည်လင်လာမယ်။ စိတ်သဘောထားတွေ ပြောင်းလဲကြည်လင်လာရင် သွေးသားတွေပါ ပြောင်းလဲကြည်လင်လာတော့တာပါ။ သွေးသားတွေ ပြောင်းလဲ ကြည်လင်လာတဲ့အတွက် မျက်နှာရုပ်အဆင်းပါ ပြောင်းလဲကြည်လင် လာတော့တာပါ။
+ ရုပ်ကိုလှလို၊ ဂုဏ်တော်ကို၊ ပွားကိုပွားရမယ်။
ဆိုလိုတာက ဂုဏ်တော်နဲ့ ကိုယ့်ရုပ်ကို ပြောင်းလဲယူလို့ရပါတယ်။ ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက တပည့်တွေကို ပြောပြထားတာရှိပါတယ်။
ဆရာတော်ဘုရားက သူ့ဘဝမှာ တစ်ဘဝတည်းနဲ့ ရုပ်(၃)မျိုး ထွက်နေပါတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပထမ အရွယ် ဆရာတော်ဘုရား ရဟန်းငယ်ငယ်ဘဝ အသက်(၂ဝ)အရွယ်အထိ မျက်နှာက ကြည်ပြီးချိုနေပါတယ်တဲ့။ ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်(၂ဝ)ကျော်ဘဝမှာ ဆရာတော်ဘုရားရဲ့ မိဘတွေက စီးပွားရေးတွေ လျှောကျဆုံးရှုံးကုန်ပါတယ်။
အဲဒီတော့ ဆရာတော်ဘုရားရဲ့ မိဘတွေကို ပတ်ဝန်းကျင်က ခပ်တင်းတင်း၊ ခပ်ထန်ထန် ဆက်ဆံလာပါတယ်။ မိဘတွေကို ဆက်ဆံရုံ တင်မကပါဘူး။ ဆရာတော်ဘုရားကိုပါ ခပ်တင်းတင်း ဆက်ဆံလာပါတယ်။
တစ်ဆင့်တက်ပြီး သီတင်းသုံးဖော်တွေကပါ ဆရာတော်ဘုရားကို စီးစီးပိုးပိုး ဆက်ဆံလာတယ်။ ဒါကြောင့် ဆရာတော်ဘုရားကလည်း မခံချင်စိတ်နဲ့ မျက်နှာကို ခပ်ထန်ထန်တည်ထား၊ တင်းထားလိုက်ပါတယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားရဲ့ မျက်နှာက အမြဲတမ်း တင်းနေပါတော့တယ်။
ဒီလိုနဲ့ နေလာရင်း နေလာရင်း အသက်အရွယ်ကလေးလည်းရလာတော့ ဆရာတော်ဘုရားက သူ့မျက်နှာကလေး ကို ပြန်ကြည့်ပြီး 'ဟယ်... ငါ့မျက်နှာက တင်းနေတာပဲ။ မဖြစ်သေးပါဘူး။ ငါ့ရဲ့ ဥပဇ္ဈာယ်ဆရာဖြစ်တဲ့ စစ်ကိုင်းဂန္ဓာရုံ ဆရာတော်ဘုရားက ဗုဒ္ဓါနုဿတိဘာဝနာတွေ ပွားများပြီးတော့မှ မျက်နှာကြည်လင် အောင် လုပ်ခဲ့တယ်။ ငါလည်းပဲ ဗုဒ္ဓါနုဿတိပွားပြီးတော့မှ မျက်နှာကြည်လင်အောင် ပြန်လုပ်ဦးမှပဲ''လို့ ဆိုပြီး ဗုဒ္ဓါနုဿတိကို ပွားလည်းပွားရော မျက်နှာက ပြန်ကြည်ပြီး ဝင်းလာခဲ့တယ်။
ဘဝတစ်ခုထဲမှာ ပထမအရွယ်မှာ မျက်နှာကချိုနေတယ်။ ဒုတိယအရွယ်မှာ မျက်နှာက တင်းလာတယ်။ တတိယ အရွယ်မှာ မျက်နှာက ပြန်ချိုလာ တယ်။ ပြန်ပြီးတော့ ကြည်လာတယ်။ ဆရာတော်ဘုရားက ကိုယ်တိုင်ပြောပြထားတာပါ။ ဆရာတော်ဘုရားရဲ့ဓာတ်ပုံတွေကို သတိထားကြည့်ရင် သိသာပါတယ်။
သက်တော်ငယ်ငယ်ကပုံဆိုရင် မျက်နှာကချိုနပါတယ်။ သက်တော်အလယ်အလတ်ဆိုရင် မျက်နှာကတင်းနေပါတယ်။ သက်ကြီးပိုင်း ရောက်လာတော့ ဆရာတော့် မျက်နှာက ချိုပြီးတော့မှ ကြည်လင်နေပါတယ်။ မျက်နှာတော်မြင်လိုက်ရတာနဲ့ စိတ်ကို အေးချမ်းသွားတော့တာပါ။
ညောင်ပင်အောက်မှာ တင်ပလ္လင်ခွေထိုင်ပြီး ရိုက်ထားတဲ့ဓာတ်ပုံဆို မြင်ရသူတိုင်း စိတ်အေးချမ်းသွားကြတာပါ။ ဆရာတော် ဘုရားက ဂုဏ်တော်ပွားပြီး မျက်နှာကို ပြောင်းလဲခဲ့ပါတယ်။ ဂုဏ်တော်ပွားရင် ရုပ်လှစေတယ်ဆိုတာ ဆရာတော်ဘုရားရဲ့ ကိုယ်တွေ့ သာဓကတစ်ခုပါ။ ဆရာတော်ဘုရားရဲ့ မျက်နှာကို ကြည့်ရင် သိနိုင်ပါတယ်။
နောက်ဝိပဿနာအခြေခံသမာဓိ ရစေတယ်ဆိုတာက ဂုဏ်တော်ပွားရင် ဥပစာရသမာဓိအထိရပါတယ်။ ခဏိကသမာဓိရရင်ပဲ ဝိပဿနာ တရားအားထုတ်လို့ ရပြီဆိုတော့ ဥပစာရသမာဓိဆို အထူးပြောစရာမလိုတော့ပါဘူး။ ပိုလို့တောင်ကောင်းပါသေးတယ်။ ဝိပဿနာ တရား အားထုတ်သူတွေအတွက်လည်းပဲ အလို အပ်ဆုံး ဝိပဿနာအခြေခံ သမာဓိကို ရသွားတော့တာပါ။
ဗုဒ္ဓါနုဿတိ နှင့် ကြံရည်
တရားအားထုတ်တဲ့နေရာမှာ ဗုဒ္ဓါနုဿတိကို လွှတ်လို့မရပါဘူး။ မဟာဝဂ္ဂသံယုတ် အဋ္ဌကထာ (သံ . ဋ္ဌ ၃ . ၂၃၉) မှာ -
ဗုဒ္ဓါနုဿတိကို တရားအားထုတ်သူတွေအတွက် ကြံရည်နဲ့ ဥပမာပေး တိုက်တွန်းထားပါတယ်။ လူတစ်ယောက် ဟာ ကြံရည်ကြိတ်ဖို့ ကြံချောင်း တွေထမ်းပြီး နွေခေါင်ခေါင်မှာ လျှောက်လာပါတယ်။ ကြံချောင်းတွေထမ်းရင်း မောပန်း လာတော့ သစ်ပင်ရိပ်အောက်မှာ ကြံချောင်းတွေ ခဏချပြီးနားပါတယ်။ နားရင်းနဲ့ ထမ်းလာ တဲ့ကြံကိုစုပ်ပြီး အမောဖြေပါတယ်။ ကြံစုပ်လို့ အမောပြေတော့ လိုရာခရီးကို ဆက်သွားသလို -
တရားအားထုတ်တဲ့ ယောဂီဟာလည်း တရားအားထုတ်လို့ ကိုယ်ပင်ပန်း စိတ်ပင်ပန်းဖြစ်လာတဲ့အခါ၊ စိတ်တွေ ငြီးငွေ့လာတဲ့အခါ အားထုတ်နေတဲ့ ဝိပဿနာတရားကို ခေတ္တရပ်ပြီး ဗုဒ္ဓါနုဿတိ ကြံရည်ကို သောက်ပေးရပါတယ်။ ဗုဒ္ဓါနုဿတိကြံရည်သောက်လို့ စိတ်ပင်ပန်းငြီးငွေ့မှု ပျောက်သွားတဲ့အခါ ကြံထမ်းသမား လိုရာခရီးကိုဆက်သွားသလိုပဲ မူလအားထုတ်နေဆဲ ဝိပဿနာတရားကို ဆက်အားထုတ်သွားရမှာပါ။
ဒါလည်း မှတ်သားလောက်စရာ ဗဟုသုတတစ်ခုပါပဲ။ တရားအားထုတ်သူတိုင်း တွေ့ကြုံရတဲ့ ဖြစ်စဉ်လေး တစ်ခုမို့ပါ။
တခိျု့ကျတော့လည်း တရားအားထုတ်လို့ စိတ်ပင်ပန်းငြီးငွေ့လာရင် 'ဟင်း...'' ဆိုပြီး သက်ပြင်းကြီးကိုချပြီး မူလကမ္မဋ္ဌာန်းကို မမှတ်တော့ဘဲ ငုတ်တုတ်ကြီး ဒီအတိုင်း ထိုင်နေလိုက်တော့တာပါ။ ကိုယ်ချလိုက်တဲ့ သက်ပြင်းကြီးကို ဘေးကထိုင် နေတဲ့သူတွေတောင် ကြားလိုက်ရပါတယ်။ ကိုယ့်ဟာကိုယ် သက်ပြင်းချလို့ နားလို့အားရပြီဆိုမှ 'ဟယ်... မဖြစ်သေးပါဘူးလေ'' ဆိုပြီး မူလကမ္မဋ္ဌာန်းကို ပြန်အား ထုတ်ကြတာပါ။
စာထဲကအတိုင်းဆိုရင် သက်ပြင်းကြီးချပြီး စိတ်လွတ်ကိုယ်လွတ် နားရမှာမဟုတ်ပါဘူး။ အားထုတ်လို့ စိတ် ပင်ပန်းငြီးငွေ့လာရင် ဗုဒ္ဓါနုဿတိကြံရည်ကိုသောက်ပြီး အမောဖြေရမှာပါ။ အမောပြေမှ မူလကမ္မဋ္ဌာန်းကို ပြန်အားထုတ် ရမှာပါ။
ဒါတွေကတော့ ဂုဏ်တော်ပွားရင် စိတ်ချမ်းသာခြင်းနဲ့ ဝိပဿနာအခြေခံ သမာဓိရခြင်း အကြောင်းတရားလေး တွေပါ။
မှတ်ချက် ဆက်လက်ဖေါ်ပြပေးသွားပါမည်။
uzinn lay ရေးသားချိန် 2:24 AM
တောကဦးဇင်းလေး
Sunday, February 10, 2013
Friday, May 22, 2015
ရင်ထဲက အရဟံ ၁
သမထဘာဝနာ(၄ဝ)ထဲမှာ ဗုဒ္ဓါနုဿတိဂုဏ်တော်ဟာ အမြတ်ဆုံးပါတဲ့။ ဂုဏ်တော်တွေထဲမှာလည်း အရဟံဂုဏ်တော်က အဓိကပဓာန အကျဆုံးပါတဲ့။ ဒါကြောင့် အရဟံဂုဏ်တော်နဲ့ပတ်သက်လို့ လေ့လာထားသလောက်ကလေး ''တရားအလှု'' ပြုသွားရအောင်ပါ။
အရဟံဂုဏ်တော်ရဲ့အနက်ကို (၃)နည်း၊ (၅)နည်း စသည်ဖြင့် ပေးထားကြပါတယ်။ ဒီမှာတော့ အားလုံးရဖူးတဲ့ အရဟံ အနက်(၃)နည်းနဲ့ပဲ ကြည်ညိုပူဇော်သွားရအောင်ပါ။
အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အရဟံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာ ဘုရား။
အရဟံဂုဏ်တော်ရဲ့အကျိုးတွေကို ရှေးဆရာတော်ဘုရားကြီးတွေက ဆောင်ပုဒ် ဆန်ဆန်စာစီပေးထားကြပါတယ်။
+ အရဟံဂုဏ် ပွားများထုံ ချမ်းသာအကုန် ရပါသည်။
+ အရဟံဂုဏ် ပွားများထုံ ဘေးရန်အကုန် လုံပါသည်။
+ အရဟံဂုဏ် ပွားများထုံ နိဗ္ဗာန်အကုန် ရပါသည်။
အရဟံဂုဏ်တော်ပွားများရင် ချမ်းသာလည်းရပါတယ်။ ဘေးရန်လည်းလုံပါတယ်။ နိဗ္ဗာန်လည်း ရပါတယ်။ အကျိုး(၃)မျိုး ရပါတယ်တဲ့။
အကျိုး(၃)မျိုးလုံးက လူတိုင်းလိုချင်နေကြတဲ့အကျိုးတွေချည်းပါပဲ။ နံပါတ်(၁) အကျိုးက ''အရဟံဂုဏ်၊ ပွားများထုံ ချမ်းသာ အကုန် ရပါသည်...'' အရဟံဂုဏ် တော်ပွားများရင် ချမ်းသာအကုန် ရပါတယ်တဲ့။
#ဦးဆင်နှင့် အရဟံ
ပထမဆုံး ဘာကိုသွားသတိရလဲဆိုရင်တော့ မစိုးရိမ်ဆရာတော်ဘုရားကြီးနဲ့ အရဟံ ဦးဆင်အကြောင်းပါ။
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ ဝါဆိုကထိန် အလှူလုပ်ပြီဆိုရင် မတ္တရာဘက်က မောင်ဆင်''ဆိုတဲ့ တပည့် လေးတစ် ယောက် ရောက်ရောက် လာပါတယ်။
မောင်ဆင်က အလုပ်ကြမ်းတွေဖြစ်တဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန် ဆေးတာစတဲ့ ဝေယျာဝစ္စတွေကို အင်္ကျီ ချိုင်းပြတ်နဲ့လုပ်ပေးပါတယ်။ မောင်ဆင်က ငွေရေးကြေးရေးအရလည်း အတော်ဆင်းရဲပါတယ်။ မစိုးရိမ်ဆရာတော် ဘုရား ကြီးက ဆင်းရဲပြီးအလုပ်ကြမ်းတွေလုပ်နေရတဲ့ မောင်ဆင်ကို သနားပြီးတော့ 'မောင်ဆင် ရယ်... မင်း အရဟံ ဂုဏ်တော်ကို ပုတီးစိပ်စမ်းပါ၊ ပွားစမ်းပါ''လို့ မိန့်ပါတယ်။ မောင်ဆင်ကလည်း မှန်ပါ့ဘုရား။ ဆရာတော် မိန့်မှာတဲ့အတိုင်း စိပ်ပါမယ်၊ ပွားပါမယ်''လို့ ပြန်လျှောက်ပါတယ်။ ဆရာတော်ဘုရားကြီးကလည်း အရဟံဂုဏ်တော်ကို ပွားပုံ၊ စိပ်ပုံ သေချာသင်ပေး လိုက်ပါတယ်။
မောင်ဆင်လည်း ရွာပြန်ရောက်တဲ့အခါမှာ တချိန်လုံး အရဟံဂုဏ်တော်ကို ပွားနေပါတယ်။ ဒီအတိုင်းထိုင်ပြီး ပွားရုံတင် မကပါဘူး။ ထင်းခွဲတဲ့အခါ၊ ရေခပ်တဲ့အခါ၊ လွှဆွဲတဲ့အခါတွေမှာလည်း အလုပ်လုပ်ရင်း ပွားနေပါတယ်။
ဒီလိုနဲ့ နောက်နှစ်ကထိန်ပွဲရောက်တော့ မောင်ဆင်မစိုးရိမ်ကျောင်းတိုက်ကို ပြန်ရောက်လာပြန်ပါတယ်။ လုပ်နေကျအတိုင်း အင်္ကျီချိုင်းပြတ်နဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန်ဆေးတာစတဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြန်ပါတယ်။
ဒီတော့ မစိုးရိမ်ဆရာတော်ဘုရားကြီးက မောင်ဆင်... ဒီကိုလာပါဦး၊ မင်းအရဟံ ဂုဏ်တော် ပွားရဲ့လား''လို့ မေးပါတယ်။ မောင်ဆင်ကလည်း ပွားပါတယ်ဘုရား''လို့ ပြန်လျှောက် ပါတယ်။ကဲ... ရှေ့တိုးစမ်း'' ဆိုပြီး မောင်ဆင်ရဲ့ကျောကို ဖြန်းခနဲ ရိုက်ချလိုက်ပါတယ်။
မောင်ဆင်က အောင်မလေးဗျ''ဆိုပြီး ထအော်ပါသတဲ့။ ဒါနဲ့ ဆရာတော်ဘုရားကြီးက အေးအေး... အရဟံဂုဏ်တော်ကို ဆက်ပွားဦး''လို့ မိန့်ပါတယ်။ အလှူပွဲပြီးတော့ မောင်ဆင်လည်း ရွာပြန်သွားပါတယ်။ ရွာရောက်တော့ ဆရာတော်မိန့်တဲ့ အတိုင်း အရဟံ ဂုဏ်တော်ကို သွားရင်း၊ လာရင်း၊ အလုပ်လုပ်ရင်းမှာ ဆက်ပွားနေပါတယ်။
နောက်နှစ် ကထိန်အလှူရောက်တော့ ဆရာတော်ဘုရားကြီးက မောင်ဆင်... မင်းအရဟံဂုဏ်တော် ပွားရဲ့လား'' လို့ ထပ်မေးပါတယ်။ ပွားပါတယ်''လို့ ပြန်လျှောက် ပါတယ်။ ကဲ... ရှေ့တိုးစမ်း''ဆိုပြီး ကျောကို ဖြန်းခနဲ ရိုက်ချလိုက် ပြန်ပါတယ်။ မောင်ဆင်ကလည်း အောင်မလေးဗျ'' လို့ ထအော်လိုက်ပါတယ်။ ဆရာတော် ဘုရားကြီးက ကဲ... မင်း အရဟံဂုဏ်တော်ကို ဆက်ပွားဦး'' လို့ မိန့်ပါတယ်။
တတိယနှစ်ရောက်လာတော့ မောင်ဆင်ရောက်လာပြန်ပါတယ်။ ဆရာတော်ဘုရားကြီးကလည်း ထုံးစံအတိုင်း မောင်ဆင့်ကျောကို ဖြန်းခနဲ ရိုက်ပြန်ပါတယ်။ အဲဒီ အခါမှာတော့ မောင်ဆင်က အရဟံ၊ အရဟံ''ဆိုပြီး ထအော်ပါသတဲ့။ ဆရာတော်ဘုရားကြီးကလည်း
ကဲ ဆက်ပွားပေတော့၊ မင်း အကျိုးပေးတော့မယ်''လို့ မိန့်ကြားလိုက်ပါတယ်။
အဲဒီအချိန်မှာ အိန္ဒိယလူမျိုးတွေ အိန္ဒိယနိုင်ငံကို ပြန်နေတဲ့အချိန်ပါ။ မတ္တရာမြို့မှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယ အမျိုသားတစ်ယောက်က ဆင်းရဲပြီး ရိုးသားတဲ့မောင်ဆင်ကို ဆန်စက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ထားဖို့ ခဏအပ်ခဲ့ပါ တယ်။
ဒီလိုနဲ့ အချိန်တစ်ခုကြာတော့ အိန္ဒိယက စာတစ်စောင်ရောက်လာပါတယ်။ စာထဲမှာ မောင်ဆင်ရေ... ကျွန်တော် တော့ မြန်မာပြည်ကို ပြန်မလာနိုင်တော့ပါဘူး။ အဲဒါကြောင့် ဆန်စက်ကြီးကို မောင်ဆင်ပဲ ယူလိုက်ပါတော့''လို့ ပေးလိုက်ပါ တော့တယ်။
နေ့ချင်းညချင်း ဆန်စက်ပိုင်ရှင်ဖြစ်သွားတဲ့ မောင်ဆင်ကို မတ္တရာတဝိုက်မှာ အရဟံဦးဆင်လို့ ခေါ်ကြပါသတဲ့။ ဆရာ သမားတွေပြောခဲ့တဲ့ ပါးစပ်သမိုင်းတခုပါ။
ဒီသာဓကလေးကိုထောက်ပြီး ဘာကိုသိနိုင်မလဲဆိုတော့
'ခုပျိုးကြဲ ခုဆန်ဖြစ်'' ဆိုတဲ့ပုံစံမျိုးတော့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုပါ။ ကိုယ်ပွားမယ့် ဘာဝနာတစ်ခုကို အရဟံဦးဆင်လို ''အရဟံ''လို့ အော်ပြီးယောင်ရလောက်အောင် ထုံထားရမှာပါ။
ဒီနေရာမှာ အရဟံဦးဆင် ဆန်စက်ကြီး ရသွားတာထက် မစိုးရိမ် ဆရာတော်ဘုရားကြီး ကျောပုတ်လိုက်တဲ့အခါ အရဟံလို့ ထယောင်လိုက်တာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသလို အတုယူဖို့လည်း ကောင်းတာပါ။
ပဋ္ဌာန်းအာသေဝနပစ္စည်းအရ ထုံထားရင် စွဲနေတတ်ပါတယ်။ နည်းနည်းထုံရင် နည်းနည်းစွဲပါတယ်။ များများ ထုံထားရင် များများစွဲနေတတ်ပါတယ်။ ဒီဘပွားများရင် နောက်ဘဝတွေလည်း ဆက်ထုံနေဦးမှာပါ။ နောက်ဘဝတွေ ဆက်ထုံနေရင် ကောင်းကျိုးချမ်းသာတွေလည်း နောက်ဘဝအထိ ဆက်ဖြစ်နေဦးမှာပါ။
နံပါတ်(၂)အကျိုးကတော့ #အရဟံဂုဏ်တော်ပွားများထုံ ဘေးရန်အကုန်လုံပါသည်''တဲ့။ ဘေးရန်လုံတဲ့ဇာတ်ဝတ္တုတွေကတော့ အများကြီးရှိနေတဲ့အတွက် ဒီမှာရေး မပြတော့ပါဘူး။
#ဗုဒ္ဓါနုဿတိ နှင့် နိဗ္ဗာန်
နောက်ဆုံးအကျိုးက
အရဟံဂုဏ်ပွားများထုံ နိဗ္ဗာန်အကုန်ရပါသည်''တဲ့။ ဒါပေမဲ့ နိဗ္ဗာန်ကို တိုက်ရိုက် တော့မရ နိုင်ပါဘူး။ နည်းနည်း ရှင်းအောင်ပြောရရင် ဈာန်လည်းမရနိုင်ပါဘူး။ မဂ်လည်းမရနိုင်ပါဘူး။ ဖိုလ်လည်း မရနိုင်ပါဘူး။ ဂုဏ်တော် ပွားရင် ဈာန်ရဲ့အနီးအနား ဥပစာရဈာန်အထိပဲ ရပါတယ်။ အပ္ပနာဈာန်အထိတောင် မရနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဂုဏ်တော်တွေရဲ့ကျယ်ပြောခြင်း၊ ဂုဏ်တော်တစ်ခုစီတိုင်း အစမမြင်အောင် နက်ရှိုင်းခြင်း၊ ဂုဏ်တော်တစ်ခုနဲ့ပင် အားရတင်းတိမ်မနေနိုင်ဘဲ ပင်လယ်ပြင်လက်ပစ်ကူးရသလို တစ်ခုပြီးတစ်ခု လွှဲပြောင်းကြည်ညို နေရလို့ ဂုဏ်တော်သမာဓိဟာ အပ္ပနာဈာန်အထိ မရောက်နိုင်ပါဘူး။ ဥပစာရဈာန်အထိပဲ ရနိုင်ပါတယ်။
ဈာန်နဲ့ပြောရင် ကိုယ်နဲ့ဝေးသလိုထင်နေမှာစိုးလို့ သမာဓိ(၃)မျိုးနဲ့ ပြောင်းပြောလို့လည်းရပါတယ်။ သမာဓိမှာ ခဏိက သမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုပြီး သမာဓိ(၃)မျိုး ရှိပါတယ်။
ခဏိကသမာဓိဆိုတာ အာရုံတစ်ခုတည်းမှာ အချိန်အနည်းငယ်မျှ (အချိန်ခဏလေး) စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ခဏိကသမာဓိပါ။
ဥပစာရသမာဓိဆိုတာက အာရုံတစ်ခုတည်းမှာ အချိန်တော်တော်ကြာကြာ စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ဥပစာရ သမာဓိပါ။ ဒီသမာဓိက ဈာန်မရပေမဲ့ ဈာန်ရလုနီးပါး အလယ်အလတ် အားကောင်းတဲ့ သမာဓိပါ။
အပ္ပနာသမာဓိဆိုတာကတော့ ဈာန်ရတဲ့အထိ အလွန်အားကောင်းတဲ့သမာဓိကိုပြောတာပါ။ ဂုဏ်တော်ပွားရင် အလယ်အလတ် ဥပစာရသမာဓိပဲ ရနိုင်ပါတယ်၊ အလွန်အားကောင်းတဲ့ အပ္ပနာသမာဓိအထိ မရနိုင်ပါဘူး။
ဒါပေမဲ့ အဲဒီအလယ်အလတ် ဥပစာရသမာဓိကိုပဲ အခြေခံပြီး ဝိပဿနာ ဆက်ကူးသွားရင် နိဗ္ဗာန်ကိုရသွားနိုင်ပါတယ်။ နိဗ္ဗာန်ရပုံနဲ့ပတ်သက်လို့ အားလုံးကြား ဖူးတဲ့ ဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ဖုဿဒေဝမထေရ်ဆိုတာရှိပါတယ်။ ဖုဿဒေဝမထေရ်က ဗုဒ္ဓါနုဿတိဘာဝနာကို အမြဲပွားနေပါတယ်။ စေတီရင်ပြင်မှာ တံမြက် လှည်းရင်းလည်း ပွားပါတယ်။ တစ်နေ့တော့ တံမြက်လှဲထားတဲ့ စေတီရင်ပြင် ညီညာပြန့်ပြူးနေတာကိုကြည့်ပြီး ကျေနပ်အားရနေပါတယ်။
အဲဒီအချိန်မှာပဲ မျောက်ညိုကြီး တစ်ကောင်ရောက်လာပြီး နွားချေးခြောက်တွေ စေတီရင်ပြင်ပေါ်ကို ဖြန်ကြဲချ လိုက်ပါတယ်။ ဒီတော့ မထေရ်က တံမြက်စည်း ပြန်လှဲရပါတယ်။
ဒုတိယနေ့ရောက်လာတော့ နွားအိုကြီးတစ်ကောင်ရောက်လာပြီး စေတီရင်ပြင်မှာ နွားချေးတွေ စွန့်ချလိုက်ပြန် ပါတယ်။ မထေရ်ကတံမြက်စည်း ပြန်လှည်းရပြန်ပါတယ်။ တတိယနေ့ ရောက်လာတော့ ခြေခွင်နေတဲ့လူတစ်ယောက် ရောက်လာပြီး ညီညာ ပြန့်ပြူးနေတဲ့သဲတွေကို မညီမညာဖြစ်အောင် ခြေတရွတ်တိုက် ဆွဲနေပါတယ်။
ဒီတော့ မထေရ်က
ငါ့ ဂေါစရဂါမ် (ဝန်းကျင်) အတွင်းမှာ ဒီလောက် ရုပ်ပျက် ဆင်းပျက် ရုပ်ဆိုးတဲ့သူ တစ်ယောက် မှ မရှိဘူး။ မဟုတ်မှလွဲရော မာရ်နတ်ဖြစ်လေ မလား'' လို့ သံသယဝင်တာနဲ့
သင်မာရ်နတ် မဟုတ်လား''လို့ မေးလိုက်ပါတယ်။ မာရ်နတ်ကလည်း ''မှန်ပါ့ဘုရား'' ဟု ဝန်ခံလိုက်ပါတယ်။ ဒီတော့ မထေရ်က
မာရ်နတ်ဆိုတာ အလွန် တန်ခိုးကြီးတယ်၊ ဘုရားနဲ့တူအောင် ဖန်ဆင်းပြစမ်းပါ''ဟု တောင်းပန်လိုက်ပါတယ်။
မာရ်နတ်ကလည်း တပည့်တော် ဘုရားရှင်နဲ့ ထပ်တူတူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး။ ဒါပေမဲ့ အသင့်အတင့် တူအောင်တော့ ဖန်ဆင်းပြလို့ရပါတယ်''လို့ လျှောက်ပြီး မိမိကိုယ်ကို ဘုရားအသွင် ဖန်ဆင်းပြလိုက်ပါတယ်။ ဖုဿဒေဝ မထေရ်လည်း မာရ်နတ်ဖန်ဆင်းပြတဲ့ ရုပ်ပုံတော်ကိုကြည့်ပြီး
သြော်.... ရာဂ၊ ဒေါသ၊ မောဟရှိနေတဲ့ မာရ်နတ်တောင် ဒီလောက်တင့်တယ်သပ္ပာယ်သေးရင် အမြဲ ရာဂ ဒေါသ မောဟကင်းနေတဲ့ ဘုရားရှင်ဆိုရင် ဒီထက် တင့်တယ်သပ္ပာယ် မှာပဲ''ဆိုပြီး ပီတိတွေ တဖွားဖွား ဖြစ်လာပါတယ်။
ဖုဿဒေဝမထေရ်လည်း ဖြစ်ပေါ်လာတဲ့ပီတိကိုပဲ
ပီတိရဲ့သဘောလေးဟာ ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေးဖြစ်နေတာလဲ''ဆိုပြီး ဖြစ်ပေါ်နေတဲ့ပီတိကို ဝိပဿနာပြန်ရှုပါတယ်။ ရှုရင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေထင်လို့ ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပါတော့တယ်။ အားလုံးကြားဖူးနေတဲ့ သီဟိုဠ်ဝတ္ထုလေးပါ။
ဒါက ဂုဏ်တော်ပွားပြီး နိဗ္ဗာန်ရောက်သွားတာပါ။ တိုက်ရိုက်ကြီးရောက်သွားတာတော့ မဟုတ်ပါဘူး။ ဂုဏ်တော်သမာဓိကို အခြေခံပြီး နိဗ္ဗာန်ရသွားရတာပါ။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
#ရဝေနွယ် (အင်းမ)