ဓမ္မဒူတ အရှင်ဆေကိန္ဒ “အသိပေးစကားစုများ”
စိတ်ဆိုးနေတဲ့အခါ
ကောင်းတဲ့စိတ်နဲ့ လဲ လိုက်ပါ။
ရှုပ်နေရင် ရှင်းတဲ့စိတ်၊
ပူနေရင် အေးတဲ့စိတ်၊
နောက်နေရင် ကြည်တဲ့စိတ်နဲ့
ချက်ချင်း လဲ လိုက်ပါ။
ကောင်းတာကို လုပ်ဖို့လွယ်ရင်
ကောင်းတဲ့လူ၊
မကောင်းတာကို လုပ်ဖို့ လွယ်တယ်ဆိုရင် ?
ဝမ်းသာစရာတွေလည်း ကြုံခဲ့ဖူးပါပြီ။
ဝမ်းနည်းစရာတွေလည်း ဆုံခဲ့ဖူးပါပြီ။
ဘာမျှ မယ်မယ်ရရ မရှိခဲ့ပါဘူး၊
အသိဥာဏ်တိုးပြီး လူဖြစ်ကျိုးနပ်တယ် ဆိုလို့
တော်သေးတာပေါ့။
တခြားပစ္စည်းတွေကို ရောင်းလိုက်ရင်
အရှုံးမဟုတ်ရင် အမြတ်ရသေးတယ်။
စိတ်ချမ်းသာမှုကို ရောင်းစားရင်
အရှုံးနဲ့ပဲ ရင်ဆိုင်ရမယ်။
စိတ်ချမ်းသာမှုကို ဘာနဲ့မျှ ရောင်းမစားပါနဲ့။
ကောင်းတဲ့အလုပ်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။
လုပ်ငန်း မစရသေးတာပဲရှိတယ်။
“ဘေး” ကို ကြည့်လွန်းအားကြီးရင် “ဘေး” တွေ့တတ်တယ်။
ပြဿနာဆိုတာ လောကရဲ့ ဂုဏ်ပုဒ်တစ်ခုပါ။
ကိုယ်နဲ့သိပ်မဆိုင်ရင် ပြဿနာက သေးတယ်။
များများဆိုင်ရင် ပြဿနာက ကြီးလာပြီ။
လုံးဝမဆိုင်ရင်တော့ ပြဿနာ မရှိတော့ပါဘူး။
အော်- မကောင်းလိုက်တာက လောက၊
အမြဲတမ်း ကောင်းနေတာက အသိဥာဏ်။
ဖြစ်ချင်တာကို ဦးစားပေးခဲ့လွန်းလို့
ဖြစ်နိုင်တာတွေပါ ဆုံးရှုံးလိုက်ရပြီ။
ဖြစ်နိုင်တာကိုသာ ဦးစားပေးရင်
ဖြစ်ချင်တာတွေပါ အားလုံးဖြစ်လာမယ်။
လုပ်သင့်တာကို မလုပ်မိရင်
မလုပ်သင့်တာတွေ လုပ်မိနေတတ်တယ်။
“အစစ်” မဟုတ်သေးရင် “အတု”လိုက်ရင်းနဲ့ တူပြီး အစစ်ဖြစ်သွားတတ်တယ်။
ကောင်းတာကို အတုလိုက်ရင် ကောင်းတာဖြစ်တယ်။
ဒီလိုနားလည်ရင် မကောင်းတာကို အတုမလိုက်နဲ့။
အထွဋ်အထိပ်ကို ရောက်သွားသူတိုင်း
အခက်အခဲကို ရင်ဆိုင်ခဲ့ရတာတွေချည်းပါပဲ။
ကောင်းတာကို နားလည်သလောက် လုပ်စမ်းပါ။
အလုပ် လုပ်ရင်းနဲ့ နားလည်လာလိမ့်မယ်။
သိသလောက် ကျင့်၊ ကျင့်သလောက် သိလာလိမ့်မယ်။
ကိုယ်ကကြိုက်လို့ ကောင်းတာ ထက်၊
ကောင်းတာမိုလို့ ကြိုက်တာဆိုရင်
အကောင်းဆုံးကို ရနိုင်တာပေါ့။
ပေးနိုင်သူထံက တောင်း၊ လက်ခံမယ့်သူကို ပေး၊
ဒါမှ အဆင်ပြေမယ်။
သစ်ပင်တိုင်းမှာ အလှတစ်မျိုးစီ ရှိကြပါတယ်။
လူတိုင်းရဲ့ တစ်မျိုးစီအလှကို မြင်တတ်ရင်
ဘယ်လောက် သာယာလိုက်မလဲလို့။
အခက်အခဲဆိုတာ -
ဥာဏ်နုံ့သူအတွက် ဘ၀တစ်ခုလုံး ကျိုးပျက်သွားတတ်ပေမယ့်
အသိဥာဏ်ရှိသူအတွက် ဘ၀ကြီးတစ်ခုလုံး တိုးတက်သွားနိုင်တယ်။
အပူမီးကြောင့် ပေါ်ထွက်လာတဲ့ အလင်းရောင်ကို
အားကိုးလို့ ရနိုင်သလို-
ပြဿနာကြောင့် ရရှိလာတဲ့ အသိဥာဏ်ကိုလည်း အားကိုးနိုင်တယ်။
လုံ့လရှိသူက လက်ရုံးအားကိုး---
ကြင်နာတတ်သူက နုလုံးသားနဲ့ စဉ်းစား ---
စည်းကမ်းရှိသူက ကိုယ်ကျင့်တရား လက်ကိုင်ထား ---
အသိဥာဏ်ရှိသူက ဦးနှောက်နဲ့ ဆုံးဖြတ် ---
မြင့်မြတ်သူက အမှန်တရားပေါ် ရပ်တည်။
ဆုံးဖြတ်ရဲသူကို ဇွတ်တရွတ်ဆန်တယ်။
ချင့်ချိန်တတ်သူကို သူရဲဘောကြောင်တယ်။
ရက်ရောသူကို လက်ဖွာတယ်။
စည်းကမ်းနဲ့ပေးသူကို ကပ်စေးနည်းတယ်။
ဦးဆောင်နိုင်သူကို နေရာယူတယ်။
ကျွမ်းကျင်သူကို နေရာယူတယ် လို့ အထင်မလွဲပါနဲ့။
ခွင့်လွှတ်နိုင်ဖို့ အကြောင်းပြချက် ရှာနေတတ်တယ်။
သည်းခံနိုင်ဖို့ မျိုသိပ်မှုကို မွေးယူရတယ်။
နားလည်နိုင်ပြီဆိုရင်-
ဆင်ခြေမပါတဲ့ ခွင့်လွှတ်မှု၊
ပွင်းလင်းတဲ့ သည်းခံမှုတွေ ဖြစ်နေပါပြီ။
သူ့ခမျာ- ဒို့လိုစိတ်မျိုး မထားနိုင်ရှာဘူး၊
ဒို့ကလည်း သူ့လိုစိတ်မျိုး မထားသင့်ပါဘူး။
နင့်အတွက်သာ နင်ကြည့်တတ်သလို
ငါလည်း ငါ့အတွက်သာ ကြည့်လိုက်ရင် -----?
သိလျက်နဲ့ ဆိုးနေတဲ့သူကို
သိအောင်ထပ်ပြီး မပြောဝံ့တော့ဘူး။
အမှန်သိ စမ်းပါ။
အဟုတ်ပါလားလိုက ထင်ထားသမျှတွေဟာ
လွဲနေတတ်သလို
မဟုတ်ဘူးလို့ မြင်သမျှတွေကလည်း
မှန်နေတတ်ပြန်တယ်။
“ အရေးအကြီးဆုံး ဆိုတာတွေက
ဘာမျှမဟုတ်ပါလား ” လို့ နားလည်ပြီးတော့
“ ဘာမျှမဟုတ်တဲ့သဘော” ကို သိဖို့က
အရေးကြီးဆုံးပါပဲ။
အကြိုက်ချင်း မတူကြပါဘူး၊
ကောင်းတာကိုကြိုက်ရင်
ကောင်းကြောင်းတော့ ပြောပေးလိုက်ပါ။
ကြိုက်အောင်တော့ အတင်းမတိုက်တွန်းပါနဲ့။
မကောင်းတာကို ကြောက်ပြီး
မကောင်းလုပ်သူကို သနားလိုက်စမ်းပါ။
မကောင်းတဲ့သူကု စိတ်ဆိုးလိုက်တာနဲ့
ကိုယ်ပါ သနားစရာသတ္တ၀ါစာရင်း ၀င်သွားပြီ။
ကိုယ့်စကားကို သူ နားထောင်စေချင်ရင်
သူ့စကားကို အရင် သေသေချာချာ
နားထောင်ပေးလိုက်ပါဦး။
အသိပေးဆုံးမမည့်သူကို ရှာသင့်ပေမယ့်
ကိုယ့်စကား နားထောင်မည့်သူကိုပဲ
ရှာနေကြတယ်။
တစ်ဖက်သတ်ဆိုတာ တစ်ဖက်ကို “သတ်”တာပါ။
ဒါပေမယ့် နှစ်ဖက်စလုံး သေသွားပြီး
ဆိုးကျိုးတွေ ဖြစ်လာမယ်။
လုပ်ကိုင်ချင်စိတ်ရယ်၊
ကျွမ်းကျင်မှုရယ် ရှိပြီး
လုပ်ကိုင်နေကျဆိုရင်
ဘယ်အလုပ်မဆို လွယ်ကူသွားပါပြီ။
အမှိုက်လှဲပြီးမှ ရှင်းတာထက်
မရှုပ်ဘဲ ရှင်းနေတာက ပိုကောင်းမယ်။
မသင့်တော်တဲ့နေရာကို ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့အကျင့်တွေ မဖျောက်ပစ်ပါနဲ့။
မကောင်းတာကို လုပ်မယ့်အစား
မလုပ်ပဲ နေတာက ကောင်းတယ်။
မင်းလိုပဲ၊
သူတို့ပြောတာသာ အဟုတ်၊
သူတို့လုပ်တာသာ အမှန်၊
သူတို့ ကြံတာသာ အကောင်း ထင်နေကြတယ်။
“ ကိုယ့်ကိုယ်ကိုသာ အချစ်ဆုံးပါပဲ။”
ဒီစကားကို မယုံရင်
တစ်လောကလုံးရဲ့ အလိမ်အညာတွေကို ခံနေရပြီမှတ်။
နင် - မမှတ်သေးဘူးလား ?
ပုံနှိပ်စာအုပ်၊ လောကစာအုပ်၊ စိတ်စာအုပ်
သုံးမျိုးရှိတယ်။
စိတ်ကိုဖတ်တတ်ဖို့ တစ်ခြားစာအုပ်တွေကို ဖတ်နေရတယ်။
လေကြောင့် ပျံသန်းနိုင်တဲ့ငှက်ဟာ
လေရှိမှန်း မသိကြသလို၊
ရေကြောင့် ကူးနိုင်တဲ့ငါးဟာ
ရေရှိမှန်း မသိကြသလို၊
ဓမ္မ၊ အဓမ္မကြောင့် ကောင်းကောင်း ဆိုးဆိုးဖြစ်နေတဲ့
သတ္တ၀ါတွေဟာလည်း
ဓမ္မ၊ အဓမ္မကို ရှိမှန်း မသိကြပါဘူး။
လျှာကို သွားက ကိုက်မိတတ်တယ်။
ဒါပေမယ့် ကိုယ့်လျှာကိုတော့
သူများရဲ့သွားက လာပြီးမကိုက်ပါဘူး။
တစ်ဆယ် က ကိုး ဖြစ်သွားတတ်တယ်။
ရှစ် က ကိုး ဖြစ်လာတယ်။
ကိုး ချင်းတူပေမယ့် မတူတာကို သိလိုက်စမ်းပါ။
ဒါကိုပဲ ကြည့်၊
ဒါကိုပဲ စဉ်းစား၊
ဒါကိုပဲ နှစ်သက်၊
ဒါနဲ့ပဲ မွေ့လျော် ပျော်နေရင်၊
ဒါပဲ ဖြစ်နေမှာပေါ့။
ကိုယ့်ကိုယ်ကို ကိုယ်ပြန်ကြည့်
ကြည့်မိရင် သတိ၊
ကြည့်နိုင်ရင် သမာဓိ၊
ကြည့်တတ်ရင် ပညာ၊
ကြည့်နေရင် ၀ီရိယ၊
ခု ကြည့်၊ ခု သေချာသိတယ်လို့
ယုံတာက သဒ္ဓါပေါ့။
ချမ်းသာတယ်။
“ပုထုဇ္ဇနော ဥမ္မတ္တကော” တဲ့။
လူတိုင်းလိုလို တစ်မျိုးလေးတွေ ချည်းပါပဲ။
တစ်မျိုးကြီးအထိ မဖြစ်စေနဲ့။
တစ်မျိုးလေးဆိုတာကိုတောင် ဖျောက်ပစ်ရမှာ။
ဘာလုပ်ရမှန်း မသိတဲ့အချိန်မှာ
ဘာမှ မလုပ်ဘဲနေတာ အကောင်းဆုံးပေါ့။
သိမှ ဆက်လုပ်။
မျက်စိစွေနေသူကို
“ကြည့်ရတာ တော်တော်ခက်မှာပဲ”လို့ အထင်နဲ့
တည့်အောင်လုပ်ပေးချင်လို့ မရပါဘူး။
သူ့ဟာနဲ့သူတော့
“အဆင်ပြေနေတယ်” ဆိုတာ သိလိုက်စမ်းပါ။
“ငါ” မရှိမှ သိကြလိမ့်မယ်တဲ့။
အဲဒီငါကရော ရေရေရာရာ
ဘာတွေကို သိထားပြီးပြီလဲ ?
“ခံ” ရတဲ့အခါ မတုန်မလှုပ် တည်နိုင်တာကို
“ခံတည်” တဲ့။
“စံ”ရတဲ့အခါမှာလည်း မတုန်မလှုပ်တည်နိုင်တဲ့
“စံတည်” လည်း ရှိဖို့ လိုတယ်။
နှစ်မျိုးစုံမှ “ခန္တီ” အစစ်။
စိတ်မကောင်းရက်နဲ့ စားရင် စားမကောင်းဘူး။
မပျော်ဘဲ အိပ်ရင် အိပ်မပျော်ဘူး။
စိတ်ဆိုးနေရင် စိတ်ကောင်းဖြစ်လာအောင်
ပြောင်းလိုက်ပါ။ မြန်မြန် !
စိတ်ကိုပြောင်းဖို့ထက် ဆိုးတဲ့ဓါတ်ကို
ကောင်းဓါတ် ပြောင်းလိုက်ပါ။
ထမင်း မငတ်ရုံသာ ကြိုးစားရင်
သူဌေး မဖြစ်ဘူး။
သူဌေးဖြစ်ဖို့သာ ကြည့်ရင် ထမင်းငတ်သွားတတ်တယ်။
ရေတို ရေရှည် နှစ်မျိုးစလုံး ကြိုးစားပေါ့။
ဖြစ်ချင်တရုံသက်သက်နဲ့ ဘာမျှ မဖြစ်လာဘူး။
ဖြစ်အောင်
လုပ်တတ်၊ လုပ်နိုင်၊ လုပ်နေ ရတယ်။
မတူညီကြတဲ့ အထဲမှာ
တူညီတဲ့ သဘောတွေကို မြင်အောင်
ကြည့်တတ်ပါစေ။
မီးဟုန်းဟုန်း တောက်တာက
မီးစ မီးပွားလေး ကြောင့်ပါ။
ဒေါသမီးစ မထားပါနဲ့။
နေရာတိုင်းမှာ ကုသိုလ်ရှိတယ်။
ကုသိုလ်ကို သတိက ပိုင်တယ်။
သတိကို သူတော်ကောင်းက ပိုင်တယ်။
လောက ကို မကျေနပ်လို့ အပြစ်မတင်နဲ့။
နေတတ်ရင် ကျေနပ်စရာပါ။
ရပြီးတာတွေကို ဖက်နေကြတယ်။
မရသေးတာတွေကို မက်နေကြတယ်။
ဖက်နေ မက်နေသမျှ မောနေရမယ်။
မီးလောင်နေတဲ့အခါ မီးကင်းစောင့်ဟာ သံချောင်းခေါက်ပြီး အချက်ပေးပါတယ်။
“ရသယ်ကြ၊ အထုပ်ဆွဲ၊ မီးငြှိမ်း၊ သားသမီးခေါ်၊ပစ္စည်းရွှေ့”
ဒီလိုဒီလို တစ်ခုချင်း တစ်ယောက်စီကို လိုက်ပြီး မပြောပါဘူး။
ဒါပေမယ့် သံချောင်းသံကြားရင် ကိုယ်နဲ့ဆိုင်တဲ့ အကျိုးရှိတဲ့အလုပ်ကို ကိုယ်လုပ်ကြတာပါပဲ။
ဒါကြောင့် အသိပေးစကားစုတွေဟာ
မီးကင်းက မီးလန့်သံချောင်းခေါက်ခံလေးပါပဲ။
ဓမ္မဒူတ အရှင်ဆေကိန္ဒ “အသိပေးစကားစုများ”
No comments:
Post a Comment