Monday, June 29, 2015

ပေါ်တော်မူအစစ်


ပေါ်တော်မူအစစ် မှိုနဲ့မျှစ်

ကိုယ့်သန္တာန်မှာ ဉာဏ်ဘုရားပေါ်အောင် လုပ်ရမှာ၊ မလုပ်ကြဘဲနဲ့ ဟိုအနား ဘုရားပေါ်တယ်ဆိုရင် သွားလိုက်ကြတာ ဆီးမရ တားမရ၊ နွားမိတ်သင်းကြီးလိုပဲကွယ့်၊ ကောင်းလိုက်တဲ့ သဒ္ဓါတရား။ ပါတာအကုန်ချွတ်လှူတာပဲ။ ပေါ်တော်မူအစစ်ဆိုတာ မှိုနဲ့ မျှစ်သာ ရှိသကွယ့်၊ အဲဒါကလွဲရင် ကိုယ့်ဘုရားကိုယ်မြှုပ်၊ ကိုယ့်အိပ်မက်ကိုယ်မြင်ပြီး လိမ်စားကြတာချည်းပဲ၊ ပေါ်တော်မူမှန်ရင် မြေထဲမြှုပ်လို့မဆွေးတဲ့ ကျောက်ဆင်းတုနဲ့ ဖန်သားဘုရားတွေချည်းပဲ၊ "ကျွန်းသား ဆင်းတု" မပါဘူး။
"ဒီလို မစဉ်းစားဘဲ အရမ်းကောင်းတဲ့ သဒ္ဓါတရားဟာ သဒ္ဓါရူး, သဒ္ဓါနှမ်းတဲ့။ ငွေကုန်ပြီး ဘာမှအကျိုးမရှိဘူး၊ အကျိုးမရှိတဲ့နေရာမှာ သဒ္ဓါတွေကကောင်း၊ အကျိုးရှိမည့်နေရာမှာ သဒ္ဓါတရားမကောင်း၊ ဘယ်ကလာပြန်ပြီး မြန်မာတွေ ကောင်းစားမလဲကွဲ့၊ ကြည့်ပါလား အလှူပေးတာလဲ မြန်မာ၊ မွဲတာလည်း မြန်မာ၊ အဲဒါ သဒ္ဓါ အချိုးမကျလို့ကွဲ့"
"မြတ်စွာဘုရားက ဆင်းရဲတဲ့လူတွေကို ကရုဏာနဲ့ ပေးကမ်းကြ၊ ထောက်ပံ့ကြတဲ့။ ဒါမှ သဒ္ဓါအစစ်ကွဲ့၊ အခုတော့ မဟုတ်တာလုပ်ပြီး ညာရင် သဒ္ဓါတရားကောင်းပြီ၊ အဲဒါ သဒ္ဓါအစစ် မဟုတ်ဘူးကွဲ့၊ ဒိဋ္ဌိတဲ့"
နမ္မားဆရာတော်ကြီး အရှင်ဉာဏ

မြန်မာလူမျိုးတို့၏ တိုးတက်မှုဟူသမျှသည် ဗုဒ္ဓ၀ါဒ၌သာ အခြေခံ၍ ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်ခြင်းသည် မြန်မာလူမျိုးတို့၏ ကျရှုံးခြင်းပင်ဖြစ်ပါတော့သည်”
ဟူသောစကားရပ်သည် မြန်မာတို့၏ အသက်သည် ဗုဒ္ဓဘာသာဟုပင် ဆိုလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်လျှင် မြန်မာလူမျိုး ကမ္ဘာမှ ကွယ်ပျောက်သွားသည်နှင့် အတူတူပင်။ မြန်မာဖြစ်လျက် ဗုဒ္ဓဘာသာ အသက်သေနေသူများ ဗုဒ္ဓဘာသာအသက် ဖုတ်လိုက်ဖုတ်လိုက် ဖြစ်နေသူများကို တွေ့နေရ၏။
ဗုဒ္ဓဘာသာမှတစ်ပါး အခြားဘာသာသို့ အပြီးအပိုင် ပြောင်းသွားကြသူများကား ဗုဒ္ဓဘာသာ အသက်သေသွားသူများပင် ဖြစ်သည်။ ရတနာသုံးပါးမှတစ်ပါး ဘိုးတော်၊ မယ်တော်၊ နတ်စိမ်းမျိုးစုံကို အဓိကထား ကိုးကွယ်ကြသူများမှာ ဗုဒ္ဓဘာသာအသက် ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေသူများဟု ဆိုသင့်သည်။
ထိုသူများသည် လူ့ဘ၀တန်ဖိုးနှင့် ရတနာသုံးပါး ဂုဏ်ကျေးဇူးကို သေချာမသိသူများသာ ဖြစ်သည်။

ကချင်ပြည်နယ်၊ မင်္ဂလာရာမကျောင်း၊ နမ္မားဆရာတော်ကြီးက -
ကမ္ဘာမှာ ဒါနအပြုဆုံးကလဲ မြန်မာဘဲ၊ ဒါပေမယ့် အမွဲဆုံးကလဲ မြန်မာဘဲဖြစ်နေတယ်။ အဲဒါဘာကြောင့်လဲဆိုရင် သဒ္ဒါအချိုးမကျလို့ကွဲ့” ဟု သြ၀ါဒပေးဖူး၏။ ဆိုလိုသည်မှာ ဒါနမပြုတတ်ကြသေးဟု ပြောလိုရင်းဖြစ်သည်။ ထိုကဲ့သို့ တကယ်လိုအပ်သောနေရာတွင် လှူရမည်ကို ဗုဒ္ဓဘာသာဝင်အများစု မသိကြ။

မိဘမဲ့ကလေးများကို စောင့်ရှောက်မွေးမြူနေသော ဆရာတော်တစ်ပါးသည် အသိတစ်ယောက်၏ လမ်းညွန်ချက်ဖြင့် ရန်ကုန်မြို့ရှိ သူဌေးကြီးတစ်ယောက်ထံ ရောက်လာပြီး အကူအညီတောင်းကြည့်သည်။ သူဌေးကြီးပြန်ပြောသည်က -
တပည့်တော်က ဒီလိုအလှူမျိုးတွေ ၀ါသနာမပါဘူး၊ တောတောင်တွေထဲမှာ ဘုရားတည်တဲ့ သာသနာပြုအလုပ်ဘဲလုပ်တယ်၊ တပည့်တော်ရဲ့ဘဘုရား(ဘိုးတော်)ကလည်း ဘုရားတည်တဲ့ကုသိုလ်ဘဲ လုပ်ရမယ်လို့ အမိန့်ချထားလို့ပါ” ဟူ၏။
တစ်ပြားတစ်ချပ်မျှမထောက်ပံ့သဖြင့် မထင်ရှားသေးသော ပရဟိတ ဆရာတော်လေးမှာ လမ်းစရိတ်သာကုန်ပြီး လက်ချည်းပြန်သွားခဲ့ရသည်။ထိုဆရာတော်၏ ကျောင်းတွင် မိဘမဲ့ကလေးများ ရာဂဏန်းကျော်လာသဖြင့် အနီးအပါးမှ အထောက်အပံ့ဖြင့် မလောက်ငတော့ပါ။ ထို့ကြောင့် အသိတစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် ရောက်လာခြင်းဖြစ်သည်။
ထိုဆရာတော်သည် ကလေးအားလုံးကို ခေတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပညာတို့ကိုသာမက ဗုဒ္ဓဘာသာယဉ်ကျေးမှုများကိုပါ သင်ပေးနေသဖြင့် ကလေးများ၏ နှလုံးသားတွင် ဘုရားတည်ပေးနေခြင်းပင်ဖြစ်သည်။ ထိုကလေးများထဲမှ ရှင်ဘ၀၊ ရဟန်းဘ၀ ရောက်သွားသူတွေလည်း မနည်းပေ။
ရန်ကုန်မြို့ပေါ်ကသူဌေးကြီး မြေပြင်မှာတည်နေသော ဘုရားများထက် ပရဟိတဆရာတော်ကလေးများ၏ နှလုံးသားတွင် တည်နေသောဘုရားများက တကယ့်အရေး တကယ့်ဘေးတွင် ဗုဒ္ဓသာသနာမကွယ်ပျောက်အောင် စောင့်ရှောက်ကြမည်ဖြစ်သည်။ အကယ်၍ ပရဟိတဆရာတော်ကဲ့သို့ နှလုံးသားတွင် ဘုရားတည်ပေးသူများ ရှိခဲ့လျှင် ထိုနိုင်ငံများတွင် ဗုဒ္ဓဘာသာ ကွယ်ပျောက်စရာ မရှိပေ။
ထို့ကြောင့် မြန်မာနိုင်ငံကြီး ဗုဒ္ဓဘာသာ သာသနာ မကွယ်ပျောက်စေလိုလျှင် ကလေးများရော၊ လူကြီးများကိုပါ နှလုံးသားမှာ ဘုရားတည်ကြပါ။ ကိုယ်ကိုတိုင် မတည်နိုင်သည့်တိုင် တစ်လွဲဆံပင်ကောင်းနေမည့်အစား နှလုံးသားမှာ ဘုရားတည်နေသူများအား ထောက်ပံ့ကူညီကြမည်၊ ဆိုလျှင်ဖြင့် လှူပုံလှူနည်းလည်း သဒ္ဒါကျသလို ကိုယ်လည်းပီတိဖြစ်၊ ကိုယ့်အမျိုးဘာသာ သာသနာကိုလည်း ကာကွယ်စောင့်ရှောက်ပြီးသားဖြစ်စေတာပေါ့။ ဒါကြောင့် ရွှေမြန်မာများရဲ့ ရွှေနှလုံးသားမှာ ရွှေဘုရားတွေတည်ကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

မေတ္တာရှင်(ရွှေပြည်သာ)၏  မြန်မာတို့ရဲ့ အသက်” စာအုပ်ကို မှီငြမ်း၍ -

နှလုံးသားမှာ ဘုရားတည်ပေးပါ

မြန်မာတွေ ဘုရားတည်နေတဲ့အချိန်..... ဘာသာခြားတွေက မိဘမဲ့ကလေးတွေ မွေးစားပြီး သူတို့ဘာသာကြီးပွားတိုးတက်အောင်လုပ်တယ်။

ရုပ်တုတော်တွေများလာတယ်။ ဗုဒ္ဓဘာသာဝင်တွေနည်းသွားတယ်။ ဘာသာခြားတွေက ရုပ်ထုကိုးကွယ်တယ်လို့စွပ်စွဲကြတယ်။ အာ့ကြောင့် တချို့ ဘာသာမဲ့ကွန်မြူနစ်တွေများလာတယ်။

အပြင်မှာပဲ ဘုရားတည်ဖို့အားသန်ရင်း သူတပါး ရင်ထဲမှာ ဘုရားတည်ပေးဖို့ ဓမ္မစေတီတည်ပေးဖို့မေ့လျော့ခဲ့ကြတယ်။
မေ့လျော့နေကြဆဲပါပဲ။

ကိုရင်လေးကို စာအုပ်လှူတာလည်း သာသနာနဲ့ကြုံမှ ပြုခွင့်ရတဲ့ကုသိုလ်ပါပဲ။ ဘုရားတည်မှ မဟုတ်ပါဘူး။ မိဘမဲ့ကျောင်းတွေဖွင့်ပီး အဲ့ကလေးတွေကို ဗုဒ္ဓဘာသာဖြစ်စေတာလည်း သူတို့ရင်ထဲ ဓမ္မစေတီတည်ပေးရာရောက်တဲ့ သာသနာတွင်းမှာမှ ပြုခွင့်ရှိတဲ့ကုသိုလ်ပါပဲ။ အဲ့လိုမဟုတ်ရင် သူတို့လေးတွေ ဘုမသိ ဘမသိနဲ့ ဘာသာခြားဖြစ်သွားမှာ။ ဘုရားတည်တာကမှ သာသနာတွင်း ကုသိုလ်မဟုတ်ပါ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်းပြီး အိမ်က ဘုရားကို ရိုသေစွာတဝကြီးရှိခိုးနေတာလည်း သာသနာနဲ့ကြုံမှ ပြုခွင့်ရတဲ့ ကြုံတောင့်ကြုံခဲ ကုသိုလ်ကြီးပါပဲ။
ဝိပဿနာကုသိုလ်ဆိုတာကတော့ သာသနာတွင်းကုသိုလ်အနှစ်ဆိုတာ
့ ပြောစရာတောင် မလိုတာ့ပါဘူး။

ကုသိုလ်လုပ်တာ ကောင်းပါတယ်။ ဒါပေမယ့် အခြေအနေ အချိန်အခါအရ အလုပ်သင့်ဆုံး၊ အလိုအပ်ဆုံး ကုသိုလ်ကို ဖြည့်ဆည်းလုပ်ဆောင်တာကတော့ အကောင်းဆုံးပါပဲ။
အရှင်ဉာဏဝရ

Sunday, June 21, 2015

အားလုံးအတွက် မပွားမဖြစ် ကမ္မဋ္ဌာန်းလေးမျိုး

သဗ္ဗတ္တက ကမ္မဋ္ဌာန်း
**************

၁- ဗုဒ္ဓါနုဿတိဘာဝနာ-အရဟံဂုဏ်တော်
၂-မေတ္တာဘာဝနာ
၃-မရဏဿတိ-အသုဘ

အထက်ပါကမ္မဌာန်းနည်းများသည်သဗ္ဗတ္တက ကမ္မဌာန်းဖြစ်ပြီး
အကျိုးကျေးဇူးအားလုံးရပါသည်။
အခါခပ်သိမ်း နေရာတကာ ပွါးများရတဲ့ကမ္မဌာန်းပါ။ စတုရာ ရက္ခတရားလေးပါး အစောင့်အရှောက်ကြီးလေးပါးလို့လည်းခေါ်ပါသည်။ဘယ်ကမ္မဋ္ဌာန်းကိုပဲ အားထုတ် အားထုတ် ဒီကမ္မဌာန်းကိုတော့လက်မလွတ်သင့်ပါဘူး။ပထမဆုံးပွါးများသင့်ပါတယ်။ပြီးမှ ကိုယ်အားထုတ်နေကျ ကမ္မဋ္ဌာန်းကို အားထုတ်ပါ။
အားထုတ်နေကျကမ္မဋ္ဌာန်းကိုတော့ ပါရိဟာရိယကမ္မဋ္ဌာန်း လက်စွဲကမ္မဋ္ဌာန်း ပင်တိုင်စွဲမြဲရှု ပွါးတဲ့ ကမ္မဋ္ဌာန်းလို့ခေါ်ပါတယ်။
ကမ္မဋ္ဌာန်းပွါးများအားထုတ်တဲပုဂ္ဂိုလ်တိုင်းပုဗ္ဗကိစ္စကိုတော့ နေ့စဉ်တိုတိုတုတ်တုတ် လောက်တော့လုပ်ရပါတယ်။
ကာယကံ ဝစီကံ မနောကံ အပြစ်တစ်ခုခုခံ နေရင် လည်း
တရားကဘယ်လိုအားထုတ်အားထုတ် မရပါဘူး။ဒါကြောင့် လုပ်ငန်းခွင်ဝင်တဲ့အခါ သူ့ ဆိုင်ရာစည်းကမ်းနည်းလမ်းတွေကို လိုက်နာရပါတယ်။

ဗုဒ္ဓါနုဿတိဘာဝနာ
***************
ဒီနေရာမှာ ဘုးရားဂုဏ်တော်ပွါးများပုံကို တင်ပြသွားမှာဖြစ်ပါတယ်။ဂုဏ်တော်ပွါးရာမှာ ဝတ်ကျေတန်းကျေမဟုတ်ပဲ စူးစူးစိုက်စိုက်ပွါးဖို့လိုပါတယ်။
ပုံတော်တင်စိတ်မရောက်စေပဲ ဂုဏ်တော်ထိ ရောက်အောင်ပွါးရမှာပါ။ဂုဏ်တော်ကိုးပါးမှာလည်း အရဟံ ဂုဏ်တော်သာလျှင် အရေးအကြီးဆုံးပါ။
ဥပမာ အရဟံဂုဏ်တော်ဆိုရင် ကိလေသာအားလုံးကို ဝါသနာအငွေ့အသက်ပါမကျန် ပယ်သတ်တော်မူသော အရဟံဂုဏ်တော်ရှင်ဖြစ်ပါပေ၏။
လူမင်းနတ်မင်းဗြဟ္မာမင်းတို့ဝပ်ဆင်းကော်ရော် ပူဇော်အထူးကိုခံတော်မူထိုက်လို့အရဟံမည်တော်မူထိုက်ပေ၏။
စသဖြင့် ဂုဏ်တော်အဓိပ္ပါယ်ထိအောင် ဆင်ခြင်ရပါတယ်။ပါးစပ်ကမရွတ်ရပါဘူး။ ကျန်တဲ့ဂုဏ်တော်ရှစ်ပါးလည်းဒီအတိုင်ပါပဲ။
ဒီလိုဆင်ခြင်ပွါးများရင်း ဘုရားရှင်ကြွလာတာ ရဟန္တာတွေကြွလာတာ ဖူးရနိုင်သော်လည်း အထူးအာရုံမစိုက်ရပါ။မြင်ကာမတ္တရှိပါစေ။ပွါးရမှာကဂုဏ်တော်ပါ။
အပြင်ကအသံတွေကြားရလည်း ကြားကာမတ္တထားပါ။
ကမ္မဋ္ဌာန်းရှုမှတ်ပွါးများတယ်ဆိုတာ ကာယကံအလုပ် ဝစီကံအလုပ်မဟုတ်ပါဘူး။ မနောကံအလုပ်မိုလို့မရွတ်ရပါဘူး။ပုတီးစိပ်တာတွေမပါရပါဘူး။
ရွတ်နေကျတွေခဏဘေးဖယ်ထားပါ။ အကောင်းကတော့အကောင်းချည်းပါပဲ။သူအချိန်နဲ့သူမို့သာခဏ ဖယ်ခိုင်းတာပါ။ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဆိုတာ နိမိတ်ပေါ်စေတဲ့ ကမ္မဌာန်းမျိုးမဟုတ်ပါဘူး။ပုံတော်အရောင်တွေပေါ်လာတယ်ဆိုရင် ဂုဏ်တော်ပွါးတယ်မခေါ်ပါဘူး။ဝဏ္ဏကသိုဏ်းလေးမျိုးထဲက တစ်ခုခုရောက်သွားတာပါ။ ဒါကြောင့် ဘုရားကြွလာပြီဆိုပြီး ငေးမောကြည်ညိုမနေပါနှင့်။နိမိတ်မထင်ကောင်းတဲ့ ကမ္မဋ္ဌာန်းပါ။ပီတိ ပဲဖြစ်ရတာပါ။ဂုဏ်တော်ပွားလို့ရလာတဲ့ပီတိကလည်း တန်ဖိုးမဖြတ်နိုင်ပါ။ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ ဘုရင်မင်းဖြစ်ရတာထက် သာလွန်မြင့်မြတ်တယ်လို့ သီလ က္ခန်အဋ္ဌကထာမှာလာရှိပါတယ်။

ဗုဒ္ဓေါ ဗုဒ္ဓေါတိ ကိတ္တယန္တဿ။
ကာ. ယေ ဘဝတိ ယာပီတိ။
ဝရမေဝ ဟိ သာ ပီတိ။
ကသိဏေနာပိ ဇမ္ဗုဒီပဿ။
လောဘ ဒေါသမောဟ မာန ဒိဋ္ဌိ ဝိစိကိစ္ဆာ စတဲ့ကိလေသာတွေမရှိတာ အရဟံ =ကိလေသာအပူအညစ်တွေ ကင်းရှင်းတော့ အားလုံးက ပူဇော်ကြမြတ်နိုးကြတာပေါ့။

ဘုရားပုရိနိဗ္ဗာန်စံသွားတာ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်ပေမဲ့ခုထိပူဇော်လို့မရကြသေးတာဟာ အရဟံဂုဏ်တော်ကြောင့်ပါ။
ရွှေတိဂုံစေတိတော်ကြီးမှာ တစ်နေ့တစ်နေ့လှူဒါန်းကြတဲ့ ဆွမ်းပန်း ရေချမ်း ဆီမီးဖိုးတွေဟာ တစ်သိန်းကပါ့မလား။
အဲ့ဒါ အရဟံဂုဏ်တော်ကြောင့်ပေါ့။
ဒါကြောင့် ဂုဏ်တော်ပွါးတဲ့သူဟာ ဂုဏ်တော်ရဲ့ ပါဠိရောအနက်ပါ ကျက်မှတ်ထားရမှာပါ။ရွတ်ဖက်နေတယ်ဆိုရင် အန္တရာယ်လည်းပ လာဘ်လာဘ လည်းရ အားလုံးကောင်းတာပေါ့။
အရံဟံဂုဏ်တော်ပွါးမယ်ဆိုရင် ထွက်လေဝင်လေ ထွက်တိုင်းဝင်တိုင်း
ရှူတယ်....အရဟံ
ရှိုက်တယ်....အရဟံ
ဘယ်လှမ်းတယ်...အရဟံ
ညာလှမ်းတယ်...အရဟံ
ရေသောက်တယ်...အရဟံ
စားတယ်ဝါးတယ်....အရဟံ
လို့ နိုင်ငံကျော်မဟာ ကမ္မဋ္ဌာနာစရိယမောင်းထောင်မြေဇင်းတောရဆရာတော်ဘုရားကြီးမှနည်းပေးဟောပြထားပါတယ်။လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံး တရစပ် အရဟံမချရပါဘူး။အင်မတန်ချမ်းသာပါတယ်။အကျိုးလည်းအင်မတန်များပါတယ်။
သက်တော်ထင်ရှား ရှိတဲ့ မြတ်စွာဘုရားရှင်လိုစိတ်ထားနိုင်ရင် အကျိုးပေးလည်းအတူတူပဲတဲ့။
အားရစရာကြီးပါလား။
မြတ်စွာဘုရားရှင် လက်ထက်တော်က သတင်းစကားတစ်ဆင့်ကြားနှင့် ဟို သာဝတ္ထိနှင့် ယူဇနာ ၁၂၀ဝေးတဲ့ ကုက္ကုဋဝတီ နေပြည်တော် ကနေပြီး မဟာကပ္ပိနမင်းကြီးနှင့် အမတ်တစ်ထောင် မြင်းစီးပြီးလာကြတာ ရှေနားမှာမြစ်ကြီးတစ်စင်းတွေ့ ဘယ်မှာမှ ကူးလို့မရတော့ဘူး။
အဲဒီတော့မဟာကပ္ပိနမင်းကြီးက ဘုရားဂုဏ်တော်တွေ ဆင်ခြင်ပြီးသစ္စာဆိုလိုက်တယ်။

ဘဝသောတံ ဟဝေ ဗုဒ္ဓေါ
တိဏ္ဏော လောကန္တဂူ ဝိဒူ
ဧတေန သစ္စဝဇ္ဇေန
ဂမနံ မေ သမိဇ္ဈတု။
အဲ့ သလိုဆိုပြီး မြစ်ကြီးကိုဖြတ်သွားလိုက်တာ မြင်းခွါတောင်ရေမစိုဘူး။
နောက်တစ်ခါ မြစ်ကြီးတစ်ခုတွေပြန်တော့ တရားဂုဏ်။ နောက်တစ်ခါတွေ့တော့ သံဃာ့ဂုဏ် အာရုံပြု သစ္စာဆိုကူးတာပဲ
အဲသလို သဒ္ဓါ ဝီရိယရှိတဲ့ ပုဂ္ဂိုလ်တွေ ဆိုတော့ ဘုရားရှင်ကိုယ်တိုင် ယူဇနာ၁၂၀ခရီးကြွလာပြီး အကြိုတော်ထောက် ချီးမြှောက်တော်မူရတယ် ဆိုမဟုတ်လား.? ကဲ ကြိုးစားပွားကြ။

Ashin Zawana

မကြီးကန်တောရဆရာတော်အရှင်ဇ၀န

ဓမ္မကိုယ်ရံတော်လေးပါး

ဓမ္မကိုယ်ရံတော် လေးပါး

အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။
တစ်ချို့က အစောင့်အရှောက်ထူထပ်စွာ ချထားပြီး မမြဲတဲ့ ရုပ်တရားနဲ့ မပိုင်ဆိုင်တဲ့ ဥစ္စာတရားတွေကို စောင့်ရှောက်ဖို့ ကြိုးစားကြပါတယ်။ ကိုယ့်ကိုစောင့်ရှောက်ဖို့ ဆိုပြီးတော့လည်း အစောင့်ဘော်ဒီဂတ် (Body guard) တွေတောင် ထားလိုက်ပါသေးတယ်။ ဘယ်လောက်ပဲထားထား သွားဖို့အချိန်တန်ရင်တော့ သွားကြရတာပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာ ချုပ်ထားလည်းပဲ သွားချိန်တန်သွား၊ ထားချိန်တန်ထား၊ ပျက်ချိန်တန် ပျက်နေမှာပဲ ဖြစ်ပါတယ်။
ဗုဒ္ဓရှင်တော်မြတ်ကတော့ မမြဲခြင်းသဘောရှိနေတဲ့ ရုပ်တရားကို စောင့်ရှောက်ဖို့ထက် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကို စောင့်ရှောက်ဖို့ လမ်းညွန်တော်မူပြီး တကယ်စောင့်သင့်တဲ့ ကိုယ့်စောင့်တရား လေးပါးကို ဟောတော်မူပါတယ်။ ဗုဒ္ဓညွန်ပြတဲ့ ကိုယ်စောင့်တရားလေးပါးကတော့

၁။ ဗုဒ္ဓါနုဿတိ
(ဘုရားဂုဏ်ကို ပွားများခြင်း)
၂။ မေတ္တာဘာဝနာ
(မေတ္တာတရား ပို့သပွားများခြင်း)
၃။ အသုဘဘာဝနာ
(အပုတ်ကောင်အပေါ် ရှုဆင်ခြင်ခြင်း)
၎။ မရဏာနုဿတိ
(သေခြင်းတရားကို ဆင်ခြင်ခြင်း)
ဆိုတဲ့ တရားလေးပါးပဲ ဖြစ်ပါတယ်။
ဒီတရားလေးပါးကို ကျင့်ကြံပွားများ အားထုတ်ထားနိုင်တဲ့သူဟာ တကယ့်ကိုပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်တရားအပေါ် မပျက်ဆီးအောင် စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ ရရှိထားတဲ့ ကိုယ့်ရဲ့ဘဝလေးကို စောင့်ရှောက်ခြင်းသဘော ဖြစ်တဲ့အတွက် ဒီတရားလေးပါးသာ နေ့စဉ်ပွားများ အားထုတ်နိုင်ရင် အဲဒီသူဟာ အမှန်ပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူ တစ်နည်းအားဖြင့် ကိုယ့်စောင့်တရားများနဲ့ အညီငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုယ့်စောင့်တရားလေးပါးနဲ့ ပတ်သက်ပြီး နည်းနည်းချဲ့ပြောရရင် ဗုဒ္ဓါနုဿတိလို့ ခေါ်တဲ့ ဘုရားဂုဏ်တော်ကို ပွားများတဲ့ အကျင့်ဟာ အားများတဲ့ ဘုရားရှင်ရဲ့ အားတွေကို ကိုယ့်သန္တာန်မှာ ပွားယူခြင်း ဖြစ်တဲ့အတွက် “ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရ”လို့ ဆိုတဲ့အတိုင်း ဘုန်းတန်ခိုးကြီးမားပြီး ကိုယ်ခံစွမ်းအားတွေ တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို နေ့စဉ်မပြတ် ပွားများအားထုတ်တတ်တဲ့သူဟာ အဲဒီဂုဏ်တော်တွေရဲ့ ကျေးဇူးကြောင့် အန္တရာယ်ကင်းပြီး ကိုယ့်သန္တာန်မှာလည်း တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်တွေနဲ့ ထုံလွှမ်းထားတဲ့အတွက် အပြင်အန္တရာယ်တွေကလည်း အကာအကွယ်ပြုထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ပွားများအားထုတ်နေတဲ့သူဟာ ဘုရားရှင်အနားမှာ ရှိသလိုဖြစ်ပြီး ဘုရားရှင်တို့မည်သည် မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ အရပ်မှာတောင် ပြုတော်မမူတဲ့အတိုင်း ကိုယ်လည်းပဲ အကုသိုလ်ကို မပြုဖြစ်တော့ပါဘူး။ အကုသိုလ်မပြုဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စောင့်ရှောင်တာပါပဲ။ပြီးတော့ တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ကျင့်ပွားနေတဲ့သူဟာလည်း ဘုန်းကံကြီးမားတဲ့သူ ဖြစ်တဲ့အတွက် ဘုန်းကံကြီးတဲ့သူကို ကျရှုံးသွားအောင်၊ အန္တရာယ်ဖြစ်အောင် ဘယ်သူမှ လုပ်လို့မရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ချင်တဲ့ သူတွေဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကျင့်ကြံသင့်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

နောက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လိုသူတွေ အနေနဲ့ မေတ္တာဘာဝနာကို ပွားများပြီးလည်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ် အကျိုးလိုလားတဲ့ မေတ္တာလေးကို အခြေခံပြီး ကျင့်ကြံပွားများ နေထိုင်ကြမယ်ဆိုရင် အဲဒီမေတ္တာဘာဝနာက ကိုယ့်ကိုစောင့်ရှောက်ထားပြီးသား ဖြစ်ပါတယ်။ မေတ္တာခြုံမှ လုံတယ်လို့ ဆိုကြတဲ့အတိုင်း မေတ္တာတံတိုင်း ကာရံထားတဲ့သူဟာ အန္တရာယ်ကင်းပြီး အေးငြိမ်းမှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မေတ္တာရဲ့ သဘောက သူ့အတွက်ပွားများရဲ့ ကိုယ့်အတွက်လည်း အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းနေတဲ့သူ၊ အေးနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေသူပဲ ဖြစ်ပါတယ်။

နောက်ထပ် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့် လမ်းစဉ်တစ်ခုက အသုဘဘာဝနာ ပွားများခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပုတ်ကောင် အသုဘလို့ မထင်ဘဲ သုဘလို့ ထင်နေကြတဲ့သူတွေမှာ အဲဒီအထင်မှားကြောင့်ပဲ အတ္တမာန အစွဲတွေဝင်ပြီး အလွဲတွေ အသွင်သွင် လုပ်မိနေတတ်တဲ့အတွက် အဲဒီအလွဲတွေက ကိုယ့်ကို ဒုက္ခအဖြစ် ရောက်ရှိစေတာလည်း ရှိနေတတ်ကြပါတယ်။ အသုဘကို သုဘလို့ ထင်နေတတ်တဲ့သူမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ထက် ကိုယ့်အယူကို ဖြောင့်အောင်လုပ်ဖို့တောင် အတော်ကြိုးစားကြရမယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီလို အလွဲအမြင်နဲ့ တစ်လွဲထင်နေကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အတ္တတွေပါယ်ပြီး အမြင်မှန်နဲ့ စောင့်ရှောက်နိုင်ဖို့အတွက် အသုဘဘာဝနာကိုလည်း ပွားများပြီး စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

ဘုရားပေးတဲ့ ကိုယ်စောင့်နည်းတွေထဲမှာ မရဏာနုဿတိလို့ ခေါ်တဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့နည်းဟာလည်း လက်တွေ့ကျင့်သုံးသင့်တဲ နည်းပဲ ဖြစ်ပါတယ်။ ပုထုဇဉ်အတော်များများဟာ သေရမှာကို သိကြပေမယ့် သေခြင်းတရားကို မေ့နေကြတဲ့ သူတွေအဖြစ် ဘဝကို ဖြတ်သန်းနေကြတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သေခြင်းတရားကို အလေမထားဘဲ မေ့နေကြတဲ့သူတွေဟာ တဒင်္ဂအရှိတရားကိုလည်း ထာဝရအတည်တရား ထင်ကာ မာနတွေဝင်ပြီး အကျင့်တရားတွေပါ ပျောက်ပျက်နေကြတော့တာ ဖြစ်ပါတယ်။ နေ့စဉ် သေခြင်းတရားကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သေရမယ်ဆိုတာ သိနေတဲ့အတွက် သတိမလွတ်ဘဲ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ကြတော့တာ ဖြစ်ပါတယ်။ သေခြင်းတရားကို ဆင်ခြင်နှလုံးသွင်းထားတဲ့အတွက် ဘဝမှာ အဆိုးဆုံး ဒုက္ခလို့ ပြောရမယ့် သေခြင်းတရားအထိ ကြုံလာခဲ့ရင်လည်း မတုန်မလှုပ် ရင်ဆိုင်ပြီး အသိသတိ ထပ်တူညှိနိုင်ကြမှာ ဖြစ်ပါတယ်။ အသိသတိကပ်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။

ဆိုလိုတာက စောင့်ရှောက်မှုအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ကြတဲ့ အပိုင်းမှာ ဗုဒ္ဓအလိုကျ စောင့်ရှောက်နည်းဖြစ်တဲ့ ကိုယ့်စောင့်တရားလေးပါးနဲ့ စောင့်ရှောက်ခြင်းကသာ အကောင်းဆုံး ကိုယ့်စောင့်တရားပဲ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်ဘဝထဲမှာ ဗုဒ္ဓဂုဏ်ကို ခိုလှုံရင်း၊ မေတ္တာလည်းထား၊ အသုဘလည်း ပွား၊ သေခြင်းတရားလည်း ဆင်ခြင်ကာ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊

ဗုဒ္ဓဂုဏ်အစွမ်းကြောင့် တန်ခိုးတွေ ထုံလွှမ်းရောက်စေ၊ မေတ္တာအစွမ်းနဲ့ အေးချမ်းကြစေပြီး အပုတ်ကောင်ကို ဆင်ခြင်လျက် အတ္တဝါဒဖျောက်ကာ သေခြင်းတရား နှလုံးသွင်းထားလို့ မာနလေးတွေ လျော့ချနိုင်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘဝမှာ နေရတဲ့အခိုက် ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်မှုနဲ့ စောင့်ရှောက်နိုင်ကြဖို့ ဗုဒ္ဓပေးတဲ့ ကိုယ့်စောင့်တရားလေးပါးကို ပွားများအားထုတ်ရင်း ဂုဏ်တော်မြဲစေ၊ မေတ္တာတွဲစေ၊ သုဘလွဲစေ၊ သေခြင်းမြဲနေ ဆိုတဲ့ အချက်လေးတွေကို အခက်မဝေးအောင် ဆင်ခြင်စဉ်းစား အစောင့်ထားကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

ကံကိုပြုပြင် ကောင်းကျိုးဆင်

ကံကို ပြင်လိုက်ပါ

သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်းဆိုတာ ရှိခဲ့ဖူးပါတယ်၊ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေ,နေရပါတယ်၊ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက ၀သဘအမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာကြပါတယ်၊ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ၀သဘအမည်ရတဲ့သူအားလုံးကို သတ်စေလို့ မိန့်ပါတယ်၊ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲ့ ၀သဘကို မင်းဆီအပ်ဖို့ မယားလုပ်သူကို ပြောပြပါတယ်၊ ရာထူးတိုးချင်တာလည်း ပါမှာပါ၊ နံနက် စောစောရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်၊ ၀သဘကို သတ်ဖို့ ခေါ်သွားပြီဆိုတာ သိထားတဲ့ စစ်သူကြီးရဲ့မယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော်တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာတွေ့တာနဲ့ ၀သဘကို အိမ်ပြန်ထုံးယူစေပါတယ်၊ ၀သဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့မယားက သူကြံစည်တဲ့ အတိုင်းဖြစ်လာလို့ ၀မ်းသာအားရနဲ့ပဲ ၀သဘ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီး သတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်၊ ၀သဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်၊ ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှု ထားကြပါတယ်။

ဒီလိုနဲ့နေရင်း တစ်နေ့မှာပညာရှိ လူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကိုကြည့်ပြီး သင် မင်းဖြစ်လိမ့်မယ်´´ လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ ယောက်ျားတွေ စုရုံးပါတယ်၊ အတော်အတန်စုမိတော့ မုန့်သည်မသားသည် မုန့်အနားကစ၍ စားရသည်´´ ဆိုတဲ့ ရှေးထုံးကိုနှလုံးမူပြီး၊ မြို့စွန်ရွာစွန်က စပြီး သိမ်းပါတယ်၊ လိုရင်း ပြောရရင်တော့ နောက်ဆုံး ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဝသဘမင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်၊ ဟူးရားပညာရှိတွေက တွက်ချက်ပြီး (၁၂)နှစ် မင်းပြုရမယ်´´ လို့ ဟောလိုက်ပါတယ်။ ၀သဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့ကိုမှမပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်၊ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီ ကပ်ပြီး အရှင်ဘုရားတို့ မင်းသက်ရှည်ရာ ရှည်ကြောင်း ကုသိုလ်ကောင်းမှု မရရှိဘူးလားဘုရား´´ လို့ လျှောက်ပါတယ်။

ဒီတော့ သံဃာတော်တွေက ---
ဝသဘမင်းမြတ် ... ရေစစ်လှူပါ၊ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ကျောင်းလှူပါ။ ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ကျောင်းဟောင်းစေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလကို နေ့စဉ် စောင့်ထိန်းပါ၊ ရှစ်ရက်ဥပုသ်၊ ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ၊ ဒါဆို မင်းသက်ရှည်လိမ့်မယ်´´ လို့ မိန့်လိုက်ပါတယ်။

ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်၊ စာထဲမှာတော့ ၀သဘမင်း ပြုခဲ့တဲ့ကောင်းမှုတွေအများကြီး ပြထားပါတယ်၊ စာရှည်နေမှာစိုးလို့ ရေးမပြတော့ပါဘူး၊ လိုရင်းပြောရရင်တော့ ၀သဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရပါတယ်။

ဒီဝတ္တုမှာ အဓိကပြောချင်တာက ၀သဘမင်းဟာ အတိတ်ကံအရ (၁၂)နှစ်ပဲ နန်းစံရမှာပါ၊ ဒါပေမဲ့ အတတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင်ယူလိုက်တော့ (၄၄)နှစ်တောင် နန်းစံခဲ့ရပါတယ်၊ အပိုကြေးအနေနဲ့ (၃၂)နှစ် ပိုနန်းစံခဲ့ရပါတယ်။

ဝသဘမင်းပြုခဲ့တဲ့ ကုသိုလ်(၆)မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ၊ သူ့အနေနဲ့တော့ နန်းသက်ရှည်ကြောင်း ကုသိုလ်တွေပါ၊ သူ့အနေနဲ့တော့ နန်းသက်ရှည်ကြောင်း သီးခြားကုသိုလ်တွေပေါ့၊ ဒီကုသိုလ် (၆)မျိုးကို အောက်ပါလင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး၊ ဗဟုသုတ အဖြစ်ပေါ့။

ရေစစ်, ဆေး ကျောင်း အဟောင်းပြုပြင်၊
ပဉ္စင်အဋ္ဌ သီလဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှုခြောက်အင်၊
အခွင့်စိုက် ပြုလိုက်ထာဝစဉ်။

ဝသဘမင်းကတော့ သူနဲ့အသုံးတည့်မယ့် သက်ရှည်ကြောင်း ကုသိုလ်တွေကိုရွေးပြုပြီး ပြုပြင်သွားတာပါ။

အခု စာဖတ်သူတွေကတော့ တခြားဘ၀ လိုအပ်ချက်တွေ တခြားအဆင်မပြေမှုတွေလည်း ရှိနေကြမှာပါ။

လူမှုရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ စီးပွားရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ကျန်းမာရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ပညာရေးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ရာထူးဌာနန္တရနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ နိုင်ငံခြားခရီးနဲ့ပတ်သက်လို့ ကံဆိုးချင် ဆိုးနေမယ်၊ ကြိုက်သလောက်ဆိုးပါစေ၊ နောက်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေစမ်းပါစေ၊ ၀သဘမင်းဝတ္တုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကိုပြုပြင်ယူလို့ ရတယ်ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။

ဒီတော့ ဘယ်လိုပြုပြင်ယူမလဲ ...?
အဲဒီအမြင့်ဆုံး သေချင်လောက်အောင်အထိ ဆိုးနေတဲ့ကံကို ကုသိုလ်(၅)မျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်၊

ကုသိုလ်(၅)မျိုးက ဒါနရယ်, သီလရယ်, ဂုဏ်တော်ရယ်, မေတ္တာရယ်, ၀ိပဿနာရယ်ပါ။
အဲဒီကုသိုလ် (၅)မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

ကုသိုလ်(၅)မျိုးထဲက ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းတွေပြုမှ၊ ကျောင်းကြီးတွေ ဆောက်လှူမှ ဒါနမဟုတ်ပါဘူး၊ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ၊ နောက် ကိုယ်ထမင်းချက်မယ့်ဆန်ထဲက လက်တစ်ဆုပ်စာလောက်နှိုက်ပြီး အိမ်ရှေ့မှာ စာကလေးတွေ၊ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ၊ ဆန်လက်တစ်ဆုပ်စာလောက်တော့ မိသားစုထမင်းဝိုင်းအတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး၊ နေ့စဉ် ဆန်လက်တစ်ဆုပ်စာ ငှက်ကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့ညီမျှတဲ့ ဒါန ဖြစ်နေတာပါ။

ဒုတိယက သီလပါ။
သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံလေး စောင့်ထိန်းနိုင်လိုက်တယ်ဆိုရင်ပဲ တော်တော်လုံလောက်သွားပါပြီ၊ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

တတိယက ဂုဏ်တော်ပါ။
ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ

အရဟံ - ပူဇော်အထူးကို ခံယူတော်မူသော မြတ်စွာဘုရား၊
အရဟံ - ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားလို့ ရပါတယ်။

အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်၍ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။

စတုတ္တက မေတ္တာပါ
မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီးသန့်အကျယ်ကို ရှိပါတယ်၊ စာရေးသူရဲ့ မေတ္တာအတွေးများ စာအုပ်´ မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ၊ ပြီးရင် နတ်ကောင်း နတ်မြတ်တွေကို ကိုယ်စောင့်နတ် အိမ်စောင့်နတ်ကစပြီး လမ်း၊ မြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြတဲ့ နတ်ကောင်း နတ်မြတ်တွေကို အဆင့်ဆင့် ပွားပါ၊ ငါ၏အိမ်ကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်အားလုံး ကိုယ်ဆင်းရဲ ကင်းပါစေ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေ´´စသည်ဖြင့်ပေါ့။

ပဉ္စမက ၀ိပဿနာပါ
ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်းအတိုင်း မှတ်လို့ရပါတယ်။
ကဲ ... စာဖတ်သူ စိတ်ကူးနဲ့ပဲ ကုသိုလ် (၅)မျိုး စမ်းကြည့်ရအောင်ပါ။

မနက်အိပ်ရာကထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစုကိစ္စကို ဘာမှ မလုပ်ပါနဲ့ဦး၊ ဘုရားခန်းကို အရင်သွားပါ၊ ဘုရားသောက်တော်ရေကို အရင်ကပ်လိုက်ပါ၊ ကပ်ပြီးရင် ငါးပါးသီလ ခံယူလိုက်ပါ၊ အဲဒီနှစ်မျိုးပြီးတော့မှ ဂုဏ်တော်ကို ငါးမိနစ်ပွားပါ၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ်ပွားပါ၊ ဆယ့်ငါးမိနစ်လောက်တော့ အားလုံးလုပ်နိုင်လောက်မယ် ထင်ပါတယ်။

ဘ၀တစ်နေ့တာရဲ့အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားသလဲ၊ မနက်အိပ်ရာထမှပဲ ကုသိုလ်ငါးမျိုးက ရနေပါပြီ။

အဲဒီလို ကုသိုလ်(၅)မျိုးပြုပြီးမှ မိသားစုရဲ့ ဝေယျာဝိစ္စတွေကို ပြုပါ။
အဲလိုနဲ့ မနက်စာ စားပြီးသွားတဲ့အခါ ဆန်လက်တစ်ဆုပ်ယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေအတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ဒီနေ့မနက်ပြုတဲ့ ကုသိုလ်(၅)မျိုးကို နတ်ကောင်းနတ်မြတ်အားလုံးကိုလည်း အမျှဝေပေးပါတယ် အမျှ အမျှ အမျှ ယူတော်မူကြပါ၊ သာဓု သာဓု သာဓု´´ဆိုပြီး နတ်ကောင်းနတ်မြတ်တွေကိုလည်း အမျှဝေပေးလိုက်ပါဦး။

တတ်နိုင်တယ်၊ အချိန်ရတယ်ဆိုရင် ညပိုင်း  ကုသိုလ်(၅)မျိုးကို ထပ်လုပ်လိုက်ပါဦး။
ဒီအတိုင်းသာ နေ့စဉ်ပြုသွားပါ၊ ဆိုးနေတဲ့ ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမဲ့ ဒီနေ့လုပ် မနက်ဖြန်ဖြစ်ဆိုတဲ့ ပုံစံမျိုးတော့ ဘယ်ဖြစ်မှာလဲ၊ တစ်လတန်သည်၊ နှစ်လတန်သည်၊ တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်၊ အကုသိုလ်ဆိုတဲ့ ရန်သူက အင်အားကြီးနေတော့ ချက်ချင်းတော့ မနိုင်သော်လည်း ကုသိုလ်အင်အား တောင့်တင်းလာရင် ရန်သူကံဆိုးကလည်း ပြန်တောင် တိုက်နေမှာ မဟုတ်တော့ပါဘူး၊ ကုသိုလ်အင်အားကိုကြည့်ပြီး လန့်ပြေးတော့မှာပါ။
ဒါတွေက ကံဆိုးနေတဲ့သူအတွက် ပြောတာပါ။

ကံကောင်းနေတဲ့ သူတွေအတွက်လည်း အမြဲတမ်းကံကောင်းနေအောင် ကုသိုလ်(၅)မျိုးကို နေ့စဉ် ပြုနေသင့်ပါတယ်။
ဒီဘ၀ကုသိုလ်(၅)မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

ကုသိုလ်(၅)မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့်မဟုတ်ဘဲ နေ့စဉ် ၀တ်တစ်ခုအနေနဲ့ ပြုနေမယ်၊ အဲဒီလိုပြုနေစဉ်အတွင်းမှာပဲ ဘ၀အခက်အခဲတစ်ခုနဲ့ ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုနေတဲ့ ကုသိုလ်(၅)မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလိုလည်း ရပါတယ်၊
ကျွန်ုပ်သည် ကုသိုလ်(၅)မျိုးကို နေ့စဉ်ပြုပြီး နတ်ကောင်းနတ်မြတ်တို့ကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲ ပြေပျောက်ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့ကလည်း ကူညီ မ,စတော်မူပါ စသည်ဖြင့်ပေါ့။

ကုသိုလ်(၅)မျိုးထဲမှာ ၀ိပဿနာ လည်း ပါနေတာဆိုတော့ တရားရှုမှတ်ရင်း ပါရမီပါခဲ့ရင် တရားထူး တရားမြတ်တွေရသွားပြီး သံသရာဝဋ်ကတောင် ကျွတ်သွားဦးမှာပါ။
ကုသိုလ် (၅)မျိုးကို ဘယ်အဆင့်အထိပြုရမလဲဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့တစ်နေ့တာ ကုသိုလ်(၅)မျိုးကို မပြုဖြစ်လိုက်ရင် အိပ်လို့မပျော်တဲ့အဆင့်အထိ ပြုရပါမယ်။

ကဲ ... စာဖတ်သူ ကံနဲ့ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ ကုသိုလ် (၅)မျိုးနဲ့သာ နေ့စဉ်ပြုပြင်လိုက်စမ်းပါ၊ မကြာခင် ကံကောင်း လာပါလိမ့်မယ်။

ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ် အင်းမ)
ကျမ်းကိုး ----
မဟာဝင်ဝတ္တု
ကျီးသဲလေးထပ်ဆရာတော်။

မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ
Myo Chit Thu

*****
အကြောင်းတရားကို ကောင်းရင်
အကျိုးတရား ကောင်းပါတယ်