Wednesday, December 12, 2012

သဘာဝမျက်နှာသစ်ဆပ်ပြာ



  • မန်ကျည်းမှည့်မျက်နှာသစ်ဆေး


  • မန်ကျည်းမှည့် လေးကို ပွလာအောင်ရေစိမ်ထား။ ပြီးရင်မျက်နှာကို လိမ်းပေါ့။  အနည်းဆုံး (၁၅)မိနစ်လောက်ထားလိုက်၊ (နာရီဝက်လောက်ဆိုပိုကောင်းပါတယ်။) ပြီးမှ မျက်နှာသစ်ပေါ့။ မျက်ကျည်းမှည့်နဲ့အတူအပူအပုပ်တွေ ထွက်သွားလိမ့်မယ်။ မျက်နှာလေးအေးပြီး နုညံ့သွားပါလိမ့်မယ်။ ထမင်း/ဟင်းတွေ ချက်တဲ့အခါ မျက်ကျည်းမှည့် လေးပွတ်ပြီးမှ ချက်ပြုတ်ရင် မျက်နှာပူတာကို ကာကွယ်နိုင်ပြီး တင်းတိပ်၊ အမည်းကွက်တွေ မဖြစ်စေတော့ပါဘူး။ အဆီပြန်တာအတွက်လည်း ကောင်းပါတယ်။ (မကျည်းမှည့်ကို ရေစိမ်ထားရင် နှစ်ရက်လောက်တော့ ကောင်းကောင်းခံပါတယ်။) မကျည်းမှည့်က သံပရာလောက်လည်း မပြင်းလို့ ပိုကောင်းပါတယ်။ တစ်ခုရှိတာက လူအနည်းငယ်က မကျည်းမှည့်စသုံးကာစမှာ ၀က်ခြံနည်းနည်းထွက်တတ်ပါတယ်။ ကန်ထွက်လာတဲ့သဘောပါ။ ဆက်သုံးကြည့်ပါ။ ၀မ်းချုပ်မခံပါနဲ့။ တဖြည်းဖြည်း နဲ့ အောင်းနေတဲ့ အညစ်အကြေးတွေမရှိတော့ဘဲ ၀က်ခြံလည်းပျောက် မျက်နှာလေးလည်း ပိုလှလာပါလိမ့်မယ်။
  • အကောင်းဆုံးကတော့ မျက်ကျည်းမှည့်ရေစိမ်ကို အရင်ပွတ်လိုက်၊ ပြီးတာနဲ့ ရှားစောင်းလက်ပတ်အတွင်းသား အနှစ်လေးနဲ့ ထပ်ပွတ်လိုက်။ (၁၅)မိနစ်၊ နာရီဝက်လောက်နေရင် မျက်နှာသစ်လိုက်ပေါ့။ မျည်ကျည်းမှည့်က မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။ ရှားစောင်းလက်ပတ်က မျက်နှာကို အာဟာရဓါတ်ဖြည့်ပေးတယ်။ မကျည်းမှည့်က ဗီတာမင်စီရယ်၊ ရှားစောင်းလက်ပတ်က ဗီတာမင်အီးရယ် ပေါင်းစပ်လိုက်တော့ အကောင်းဆုံးစွမ်းအားကို ဖြစ်စေတာပေါ့။ မျက်နှာလေးကြည်ရုံတင်မကဘူး ၊ မျက်လုံးလေးပါ ကြည်လာပါလိမ့်မယ်။

Nyan Phyo Myint


သဘာဝ မျက်နှာသန့်စင်ဆေး

ဟိုအရင် ငယ်ငယ်က မျက်နှာသစ်တဲ့အခါ ဆပ်ပြာအမွှေးခဲသုံးပါတယ်။ ဆပ်ပြာက အက်စစ်ဓါတ်များလို့ အသားအရေခြောက်သွေ့ပျက်စီးလွယ်တယ်တဲ့။ အခုဆိုရင် မျက်နှာသစ်ကရင်တွေအမျိုးမျိုးထွက်ပေါ်လာတာ ကြာလှပေါ့။ အမျိုးသားသုံး၊ အမျိုးသမီးသုံး အစုံပဲ။ ခြောက်သွေ့တဲ့အသားအရေအတွက်၊ အဆီပျံတဲ့အသားအရေအတွက်၊ ၀က်ခြံထွက်တဲ့အသားအရေအတွက် အမျိုးအစားများစွာ-အသားဖြူးဖို့၊ ချောမွေ့ဖို့၊ နုညံ့ဖို့ စသည်ဖြင့် အမျိုးမျိုးပါပဲ။
ကျွန်တော်ကတော့ သဘာဝအသီး၊ အရွက်တွေပဲ သုံးပါတယ်။ ခရီးသွားတဲ့အခါနဲ့ အလုပ်ရှုပ်တဲ့ အခါတွေမှာပဲ မျက်နှာသန့်စင်ကရင်ကို သုံးပါတယ်။ သဘာဝပစ္စည်းတွေပါတဲ့ မျက်နှာသန့်စင်ကရင်ကိုပဲ သုံးပါတယ်။ ( သဘာဝတွေ ရှာမရမှဘဲ ရယ်ဒီမိတ် သုံးပါသည်။ )သဘာဝပစ္စည်းတွေကလည်း မျက်နှာသစ်ကရင်အဖြစ် အများကြီးသုံးလို့ရပါတယ်။ ထင်ရှားအသုံးများတာ တွေကတော့ မန်ကျည်းမှည့်၊ သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ရှားစောင်းလက်ပတ်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ကြက်ဥ(အနှစ်/အကာ)၊ ပျားရည်၊ နို့၊ ဒိန်ချဉ် စသည့် တို့ပါပဲ။ ဒါတွေကို တစ်ခုချင်းသုံးလို့ရသလို၊ပေါင်းစပ်ရောသမပြီးလည်း သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။ ကျွန်တော်ဟာ ဒီပစ္စည်းတွေနဲ့ အားရင်အားသလို၊ အဆင်ပြေရင်ပြေသလို စမ်းသပ်သုးံစွဲခဲ့ပါတယ်။ ဒီပစ္စည်းတွေအကြောင်း ရေးမယ်ဆိုရင် စာအုပ်ထူတစ်အုပ် ကောင်းကောင်း ရတာပေါ့။ ( ဆရာမ ရူပါသိမ်းရေးတဲ့ “                    ” နဲ့ ဆရာမင်းစံအိမ်ရေးတဲ့ “ မီးဖိုချောင်မှ ပစ္စည်းများနဲ့ သင့်မျက်နှာလေး ဖွေးလှစေချင်” စာအုပ် တို့ကိုလည်း လေ့လာသင့်ပါတယ်။ )ညီမလေးကိုလည်း အဲဒီစာအုပ်နှစ်အုပ်လက်ဆောင်အဖြစ်ပေးထားပါတယ်။ သူလည်း သဘာဝပစ္စည်းတွေနဲ့ မျက်နှာသန့်စင်တတ်နေပါပြီ။ ရယ်ဒီမိတ်တွေကို မသုံးဖြစ်တော့ပါဘူး။

အစ်မပြောတဲ့ ဖောင်ကြီးမိတ်ကပ်

          အစ်မတို့ လက်ထောက်မန်နေဂျာဖြစ်ပြီး ဖောင်ကြီးတက်တုန်းက နေပူထဲမှာ စစ်ရေးပြကျင့်ရတာ။ အသားမဲမှာစိုးလို့ မိတ်ကပ်လိမ်းတယ်။ နေပူက မိတ်ကပ်နဲ့တွေ့တော့ ပိုဆိုးသွားတယ်။ နဖူးမှာ အမဲကွက်ကြီးဖြစ်သွားတယ်။ အဲဒါနဲ့ နည်းပြဆရာမတွေက ဖောင်ကြီးမိတ်ကပ်လိမ်းပါလားတဲ့။ ဖောင်ကြီးမိတ်ကပ်ဆိုတာ ရှားစောင်းလက်ပတ်ကိုပြောတာတဲ့။ အဲဒီအချိန်တုန်းက သူများတွေလည်း ဖောင်ကြီးမိတ်ကပ်လိမ်းတယ်လေ။ အစ်မလည်း အသားမဲမှာစိုးလို့ မျက်နှာကို ရှားစောင်းလက်ပတ်နဲ့အရင်ပွတ်ပြီး အပေါ်က သနပ်ခါးကို ပါးကွက်ကျားလိမ်းလိုက်တယ်။ သနပ်ခါးလိမ်းရတာ ချွဲကျိကျိနဲ့။ အဲဒါကို နေ့တိုင်းလုပ်ဖြစ်တယ်။ ဖောင်ကြီးက အဲတုန်းက (၅)လ တက်ရတာဆိုတော့ အဲဒီတုန်းကများ အစ်မမျက်နှာက ဖွေးလို့။ နုလို့။ ခုတော့ အလုပ်များတာနဲ့ မလုပ်ဖြစ်တော့ဘူး။

ဥာဏ်ဖြိုးမြင့်

သက်ရှည်ကျန်းမာနုပျိုလှပစေမည့် ဆေးဝါးဓါတ်စာ-မြင်းခွာရွက်ယို



  • မြင်းခွာရွက်ယို
  • သက်ရှည်ကျန်းမာနုပျိုလှပစေမည့် ဆေးဝါးဓါတ်စာ

  • ညီမလေးတို့ရေ - လှချင်တယ်မဟုတ်လား။ လှချင်ရင် ကျန်းမာရေးကို ဂရုစိုက်ပါနော်။ ကျန်းမာတဲ့သူဟာ လှတယ်။ မကျန်းမာသူကတော့ မလှဘူး။ အလှအပကို စိတ်ဝင်စားတယ်ဆိုတာလည်း ကျန်းမာနေတဲ့အချိန်ပဲ စိတ်ဝင်စားနိုင်တာပါ။ သာမန်နေမကောင်း ဖြစ်ရင်တောင် အလှအပကို ဂရုမစိုက်နိုင်တော့ဘူးနော်။
  •             နောက်ပြီးတော့ အလှအပဆိုတာ အရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဓိက ကတော့ သွေးသား နဲ့ ဆိုင်ပါတယ်။ တစ်ချို့တွေ လှပါတယ်။ ဒါပေမယ့် စိုပြေမှုမရှိဘူး။ ကြည့်ရတာ ခြောက်ကပ်ကပ်ကြီး ၊ တစ်ခုခုလိုနေသလိုပဲ။အဲဒါ ရေဓါတ်ဆုံးရှုံးလို့လည်း ဖြစ်နိုင်ပါတယ်။ ရေဆာတဲ့အချိန် အောင့်မထားပါနဲ့။ သောက်ပေးပေါ့။ရေပုံမှန် သောက်တော့ အပေါပုံမှန်သွားပြီး ကိုယ်နံ့ပါ သန့်သွားတယ်နော်။  (ဒါပေမယ့် ထမင်းစားခါနီးနဲ့ ထမင်းစားပြီးစအချိန်မှာတော့ ရေနည်းနည်းပဲသောက်သင့်ပါတယ်။ အစာအိမ်/အူတို့ရဲ့ အစာချေဖျက်အားနဲ့ အာဟာရဓါတ်စုပ်ယူစွမ်းအားကို မထိခိုက်အောင်လို့ပါ။) တစ်ချို့ကျတော့ အသားအရေက ညစ်ညစ်ကြီးဖြစ်နေတတ်တယ်။ ဘယ်လောက်ကောင်းတာပဲလိမ်းလိမ်း ဖြူညစ်ညစ်ကြီး ဖြစ်နေတာနော်။ အသားဖြူတာ မည်းတာနဲ့ မဆိုင်ဘူး။ သွေးသားနဲ့ဆိုင်သွားပြီ။ အသားညိုသူတစ်ချို့တောင် သွေးသားမှန်ရင် စိုစိုပြေပြေနဲ့၊ ညိုချောလေးလို့ အခေါ်ခံရတယ်။ ညိုတဲ့သူက ပိုအကြည့်ခံတယ် ဆိုပြီး ပြောကြတယ်။ အမှန်တော့ အထဲက သွေးသားကောင်းလို့ ပါ။ အသားအရေစိုပြေတယ်ဆိုတာလည်း အရေပြားဆဲလ်တွေ အာဟာရဓါတ်ပြည့်ဝလို့။ ပျက်စီး သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်သစ်၊ ဆဲလ်ကောင်းတွေ ဖြည့်တင်းပေးနိုင်လို့ပါ။ ညီမလေးတို့ရေ - ဒီလောက်ဆိုရင် အလှအပဆိုတာ အပြင်ကထက် အတွင်းပိုင်းက လာတာဆိုတာ သိပြီပေါ့။

  • သက်ရှည်ကျန်းမာနုပျိုလှပစေမည့် ဆေးဝါးဓါတ်စာ(မြင်းခွာရွက်ယို)

  • မြင်းခွာရွက်က သွေးသား ကြည်လင်သန့်စင်စေတယ်။ (မျက်နှာလေးသန့်တယ် ဆိုတာ သွေးသန့်လို့ပါ။) မျက်စိအား ကောင်းစေတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အာဟာရဓါတ်ကိုပေးတယ်။ ကိုယ်ခံအားကောင်းစေတယ်။ မောပန်းမှုကို လျော့စေတယ်။ စိတ်ဖိစီးမှု လျော့စေတယ်။ ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ အရွက်ထက် အရိုး၊ အရိုထက် အမြစ်က ပိုအစွမ်းထက်တယ်တဲ့။  ပျားရည်က အသားအရေလှပစေတယ်။ အနာတွေကို ပျောက်စေတယ်။ antioxidat အာနိသင်ရှိလို့ အသက်ရှည်စေတယ်။ နုပျိုစေတယ်။ တိုင်းရင်းဆေးဆရာကြီးတွေက မြင်းခွာ+ပျားရည်ဟာ အကောင်းဆုံး၊ အန္တရာယ်အကင်းဆုံး သက်ရှည်ကျန်းမာဆေးလို့ မိန့်ဆိုကြတယ်။  အိန္ဒိယနဲ့ ဥရောပနိုင်ငံတွေလည်း မြင်းခွာရွက်ဟာ အသက်ရှည်ကျန်းမာစေတယ်ဆိုတာကို လက်ခံကြပါတယ်။
  • မြင်းခွာရွက် ကို အခြောက်လှန်းပြီး အမှုန့်ထောင်း၊ ငရုတ်ကောင်းလေး နည်းနည်းဖြူး၊ ပျားရည်ရွှဲရွဲနယ်ပြီး (၇)ရက်လောက် ထားလိုက်။ ပြီးရင်စားလို့ရပြီ။ အဲဒီမြင်းခွာရွက်ယိုကို စားပေးရင် သက်ရှည်ကျန်းမာ နုပျိုစေပါတယ်။ (မြင်းခွာကိုရွက်ချည်း အများကြီးစားရင် ဆီးများတတ်ပါတယ်။ ငရုတ်ကောင်းနည်းနည်းရယ် ပျားရည်ရယ် ပေါင်းထည့်လိုက်တော့ အကောင်းမွန်ဆုံးဆေး ဖြစ်သွားတာပေါ့)
  • ပျားရည်စစ်၊ မစစ် စမ်းတဲ့နည်းတွေထဲမှာ အကောင်းဆုံးနည်းကတော့ လျှာနဲ့အရသာခံကြည့်ခြင်းပါ။ သကြား၊ ထန်းလျှက်၊ သကာရည်၊ ပျားရည်တို့ကို လျှာနဲ့ တစ်ခုချင်းစီအရသာခံကြည့်ပါ။ အထူးသဖြင့် ပျားရည်စစ်စစ်ရဲ့ အရသာကို ကောင်းကောင်း ခံစားသိရှိဖူးသူဟာ လျှာနဲ့လျှက်ကြည့်ရင် အတုအစစ်ခွဲဖို့ သိပ်မခက်တော့ပါဘူး။ ကျွန်တော် တွေ့ဖူးတာကတော့ ပျားရည်ကို သကာရည်နဲ့ရောတာပါ။ ပုလင်းအညိုရောင်နဲ့ဆိုတော့ မသိသာဘူး။ သကာရည်ရဲ့ အရသာကိုသိမှ ရောထားမှန်းသိသာတာပါ။ ပြီးတော့ ပျားရည်စစ်ရင် ချောင်းမဆိုးပါဘူး။ ချောင်းဆိုးတောင် ပျောက်စေပါသေးတယ်။ အဲတော့ ပျားရည်လျှက်ကာမှ ချောင်းဆိုးတယ်ဆိုရင် အတု(သို့) အတုနီးပါး အရောအနှောများတဲ့ ပျားရည် လို့သာမှတ်လိုက်ပါတော့။

  • (ဥာဏ်ဖြိုးမြင့်)

Saturday, September 22, 2012

မြင်းခွာရွက်အစွမ်း အံ့မခန်း(၃)

မြင်းခွာရွက်အစွမ်း အံ့မခန်း(၃)


မြင်းခွာရွက်အာနိသင် 

မြင်းခွါရွက် အမျိုးမျိုး ရှိပါသည်။ မြင်းခွါရွက် ရိုးရိုး၊ အညာမြင်းခွါ၊ ကာလားမြင်းခွါ၊ ဆေးမြင်းခွါ ဟူ၍ မြင်းခွါရွက်မှာ တကယ့်မြင်းခွါ ပုံသဏ္ဍာန်နှင့် တူပါသည်။


ရိုးရိုးမြင်ါးခွါကတော့ တို့စရာဆို၍၄င်း၊ ယင်းရံ၊ ဟင်းခါးဟူ၍၄င်း၊ မြန်မာများ အလွန်နှစ်သက်ပါတယ်။
သုပ်စား ပြုတ်စား အရည်သောက် အစိမ်းတို့စားကြ၏။ အရသာ ခပ်ခါးခါး ခပ်ရှရှ ချို၊ အေး၊ နှုတ်မြိန်၊ အစာကြေစေ၊ ဝမ်းဗိုက်ကိုခြောက်၊ အိပ်ပျော်စားဝင် ဓာတ်လေးပါးမှန်၊ အသိဉာဏ်တိုးပွား၊ ဆီးရွှက်၊ အပူငြိမ်း၊ အအေးကိုပြယ်၊ ရေငတ်ပျောက်၊ သလိပ်ပယ်၊ အသက်ကိုရှည်စေ ဟူ၍ မြန်မာ့ဆေးကျမ်း၊ အိန္ဒိယဆေးကျမ်းများက ဆို၏။
မြင်းခွါသည် အေးမြသောမြေမှာ ပေါက်သောမျိုးဖြစ်၏။ အယဉ်နှင့်အရိုင်း နှစ်မျိုးရှိပါသည်။ အယဉ်မှာ အမွေးမရှိ၊ အရိုင်းမှာ အမွေးပါ၏။ အရိုင်းမှာ အညာဒေသ တောထဲမှာ ပေါက်၏။
အယဉ်က ယခု စားစရာဖြစ်နေ၏။
အကျိုးက ဆီးများ၊ လေသက်၊ ဝမ်းမှန်စေ၏။

မြင်းခွာအသုံးများ(ရိုးရိုးမြင်းခွာရွက်အယဉ်)
ပျောက်ကင်းနိုင်မည့် ရောဂါများ--- ခေါင်းကိုက်၊ အဖျားအမျိုးမျိုး၊ ကြို့ထိုး၊ သွေးရောဂါအမျိုးမျိုး၊ သည်းခြေပျက်၊ အဖျဉ်းကြီး၊ အဆုတ်ပြွန်ရောင်၊ ပန်းနာရင်ကျပ်၊ ကိုယ်ရေဝါ၊ အရေပြား ရောဂါအမျိုးမျိုး၊ ကျောက်၊ ဝက်သက်၊ ယားနာ၊ အဖုအပိမ့်၊ နူနာ၊ ခရုသင်း၊ အနာပေါက်။ အနာမီးလျှံ၊ ဖုတ်ဖမ်းစား ဝေဒနာ (မြေကိုင်) ခြေသေ၊ လက်သေ၊ ခြေလက်အကြောပြတ် ဖော်ပြပါ ရောဂါတွေ ပျောက်အောင်----
 မြင်းခွါရွက်ကို ရေနှင့်စင်အောင်ဆေးပါ၊ နေရိပ်မှာ အခြောက်ခံ၊  ပေါင်ဒါ အသားကျအောင် ထောင်းပါ။ ဆေးအဖြစ် သုံးတဲ့အခါ--- (၁) မြင်းခွါရွက်မှုန့် ၁၀-ကျပ်သား (၂) ငရုတ်ကောင်းမှုန့် ၂-ကျပ်သား (၃) ပျားရည် ၁၂-ကျပ်သား ဤဆေးသုံးမျိုးကို အစေးပေါက်အောင်နယ် နေလှန်း၊ ပျားရည်ခန်းအောင် အခြောက်လှန်း၊ ဆီးကင်းလောက် လုံး၊ ဖန်ဘူးထဲထည့်ပါ။ နံနက် နေ့လယ် ည တလုံးစီစား၊ ပိုစားနိုင်လေ ကောင်းလေ ဘေးမဖြစ်ပါ။ ရောဂါကြီးက တလ၊ နှစ်လ စား၊ ရောဂါငယ်ရင် လဝက် တလ စားပါ၊ ကိုယ်ရေအသား ကောင်းမယ်၊ ရောဂါမရှိလည်း စား၊ ရောဂါဘယ ဝေးမယ်။
မျက်စိနာ--- မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်။
 ဝက်ခြံ--- မြင်းခွါရွက်နဲ့ လူးပါ။ မြွေက်ကိုက်သော်--- မြင်းခွါရွက်ကို သောက်၊ မြွေကိုက်နာကို လူး။ အနာပေါက်--- အရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။ မြေကိုင်--- အရွက်ကို ချင်းရည်နှင့် မီးနွေးနွေး ချက်လိမ်းပါ။ သောက်လည်းသောက်ပါ။ ချိုင်းအောက်နာ (ကိန္နရာ အနာ) အရွက်ကို ချင်းစိမ်း၊ နှမ်းဆီနှင့် ထည့်ကြိတ်၊ အနာမှာ အုံပါ။
ငှက်ဖျား--- အရွက်ရည် ငရုတ်ကောင်းနဲ့ အမျှစီကြိတ်သောက်၊
(၉၆)ပါးဆေး၊ မြင်းခွါရွက် လေးကျပ်သား၊ ငရုတ်ကောင်း နှစ်ကျပ်သား ရေနွေးနှင့် ညဥ့် နံနက် သောက်။ ဒူလာ၊ ညောင်းညာ၊ ကိုက်ခဲ၊ ခြေက်သေ--- မြင်းခွါရွက်ကို ဆီးဖြူခေါက်နှင့် ရော၊ ဆားအနည်းငယ်ထည့်၊ အိုးသစ်နဲ့ သုံးခွက်တခွက်တင် ကျိုသောက်ပါ။
မျက်စိနာ--- အရွက်ကို ကင်ပွန်းရွက်နဲ့ ပြုတ်ချိုးပါ။
ခြေလက် အကြောမျက်--- မြင်းခွါရွက်ပြုတ်၊ အကျွမ်းဖုတ်၊ ပြာကို လက်ပြတ်ရာ၊ ခြေပြတ်ရာကို ဖြူးပေး၊ ကျပ်စည်ထား၊ အကြောအရိုး မကြာမီ ဆက်သွားမယ်။
မြင်းခွါရွက် အသက်ရှည်ဆေးကြီး--- မြန်မာ့ဆေးကျမ်းများ၊ သမားတော်များ အဆိုအမိန့်မှာ မြင်းခွါရွက်လေးကျပ်သား၊ ငရုတ်ကောင်း တကျပ်သား၊ အမှုန့်ပြု ပျားရည်နှင့် နယ်စား နံနက် ညဥ့် စားလေ။ သမားတော် ပွဲတွေ့ အလိုအရ တစ်လစား = ကိုယ်တွင်းကိုယ်ပ အနာမရှိ။ နှစ်လစား = ရုပ်ရည်ကာယ အဆင်းလှ။ သုံးလစား = ရောဂါကင်း။ အဆိပ်အတောက်စားမိ၊ မိန်းမတို့ ရာသီမမှန်၊ မောဟိုက်ပန်း၊ ဝမ်းကိုက်၊ ပိတ်ဖြူ၊ ပိတ်နီ၊ ကာလဝမ်း ကျခဲ့ရင် မြင်းခွါရွက် ပိတ်ချင်းသီး အမျှစီ ထောင်း၊ ရေနွေးနဲ့သောက်ပါ။ မြင်းခွါရွက်၊ ဖန်ခါးသီးခြောက်၊ မန်ကျည်းမှည့်နှစ် ဆေးသုံးပါး ကြိတ်စားပါ။ မျက်စိနာ မြင်းခွါရွက်ကို ချင်းရည်နှင့် ဖျော်၊ လျက်ပေးပါ၊ မီးယပ်မမှန် မြင်းခွါရွက် ပိတ်ချင်းသီး အမျှေ၇နွေးနဲပသောက်၊ ဆီးနည်း၊ ဆီးကျင်၊ ဆီးအောင့်၊ အရည်ကို သကြားနဲ့ သောက်ပါ။
အသက်ရှည်ဆေးအဖြစ် သုံးခဲ့ရင် မြင်းခွါရွက် ပဉ္စငါးပါး နုပ်နုပ်စဉ်းဖြတ် နေလှန်းအမှုန့်ပြု ဖန်ဘူးထဲထည့် လေလုံပါစေ၊ သုံးရွေးမှ ငါးရွေးသားအထိ ပျားသကာနဲ့ ရက်ရှည်လများသောက် တနေ့သုံးကြိမ် သောက်ပါ။
အနာမရင်း အသားနုတက်စေရန် မြင်းခွါရွက်ကြိတ်အုံ၊ နုရင်ပျောက်၊ ရင့်ရင်ပေါက်၊ အမာရွတ်မကျန်အောင် မြင်းခွါရွက်ရည်ကို လိမ်းကျံပေးပါ။ အမာရွတ်ပါ မကျန်ပါ။ တကိုယ်လုံး ယားယံနေရင် မြင်းခွါရွက် ကိုယ်ဆယ်သားကို ရေတပုံးနှင့်ပြုတ်၊ ရေချိုးပါ။ (၃)ရက်ဆက်တိုက် ချိုးပါ။ ကလေးများ ဝမ်းကိုက် ဗိုက်နာပါက မြင်းခွါရွက် သုံးလေးရွက် သကြားမှုန့်၊ စမုန်နက်ရောပြီး ခွံ့ပေးပါ။ ကြိတ်ဖတ်ကျန်ကို အုံပြီး ပတ်တီးစည်းထားပါ။ ဆွံ့အ စကားထစ- မြင်းခွါရွက် ကျွေးပါ။
မေ့လွယ်သူကို-မြင်းခွါရွက်မှုန့် နွာနို့နှင့် တိုက်ကျွေးပါ။ ဉာဏ်ပွင်လာမည်၊ ဉာဏ်ကောင်းလာမည်။

ဆီးဝမ်းချုပ်ပါက-မြင်းခွါရွက်စားပါ။ အနာပေါက်-ညောင်းကျ တကိုယ်လုံးဝါ စားမဝင်-မြင်းခွါရွက် သတ္ထုရည်နှင့် နွားနို့ ရောသောက်ပါ။ ငှက်ဖျား၊ နာတာရှည်-မြင်းခွါရွက် ပင်စိမ်းရွက် ငရုတ်ကောင်းမှုန့် သုံးပါးရောကြိတ် (၃၀ရွေးခန့်လုံး၊ နံနက် ည တလုံစီသောက် ပျောက်၏။ ဝက်ခြံပေါက်လျှင်-မြင်းခွါရွက်ကြိတ်လိမ်းပါ။ မျက်စိနာ-မြင်းခွါရွက်၊ ချင်းစိမ်းနှင့် ရောကြိတ်စား။ အအေးဒဏ် ကာကွယ်ချင်ရင်-မြင်းခွါရွက် (၃)ကျပ်သားမှ (၆)ကျပ်သားအထိ ပျားရည်ထက်ဝက် သို့မဟုတ်-သုံးပုံတပုံ ရောသောက်ပါ။ အားတိုးဆေး-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ သကြားနှင့် ပျားရည် (၃)ကျပ်သားမှ (၆)ပတ်အတွင်း ခွန်အားတိုးမည်။ သူငယ်နာလိမ်းဆေး ချော်ငးဆိုးပျောက်-မြင်းခွါရွက်မှုန့် မီးနှင့်နွေး ရင်ဘတ်ပေါ်အုံလိမ်း ဆီနှင့်ရောပါ။ အဆစ်အမြစ် အရိုးအဆစ် အကျိတ် လိမ်းဆေးအဖြစ်-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ ရေနံဆီ တကျပ်ခွဲ ဖန်ဘူးထဲမှာ ထည့်မွှေ လိမ်းသုတ်နှိပ်ပေးပါ။ အဆစ် အမြစ် အဖု အကျိတ် ပျောက်ပါသည်။
ကလေးများ အအေးမိက လက်ဖက်ရည်ဇွန်းငယ်နှင့် မြင်းခွါရွက် သတ္ထုရည်ကို တိုက်ကျွေးပါ။ ဝမ်းသက်၊ သလိပ်ကျ အဆုတ်အအေးပတ်နာ ပျောက်ပါသည်။ အညာ မြင်းခွါရွက် အဆစ်တဆစ်မှ အရွက်တရွက် ထွက်၏။ ဖန်ခါးသည် ကြေညက်ရင်စပ်၊ အစာကြေလွယ်၊ အေးသောသတ္တိ ရှိ အရွယ်တင်စေ၊ သလိပ်၊ သည်းခြေကို ပယ်၏။ နှလုံးရောဂါ၊ နှုတ်မမြိန်ရောဂါ အဖျားအမျိုးမျိုး၊ သွေးအန် သွေးကျ၊ ပန်းနာ၊ ဆီးရောဂါ၊ နူနာ၊ ချောင်းဆိုးရော၈ါတွေကို နိုင်၏။
မြင်းခွါရွက်၏ အာနိသင်နှင့် တိုင်းရင်းဆေးပညာဖြင့် အသုံးပြုပုံကို ဆေးဆရာများ၊ ပွဲတွေ့၊ လက်တွေ့များမှ သက်ကြီးစကား သက်ငယ်မှာကြားခဲ့သမျှ ရေးသားတင်ပြလိုက်ရပါသတည်း။

 (ကရင်တိုင်းရင်းသားလေးတစ်ဦးမှ တင်ပြပါသည်။)

(ကွယ်လွန်သူ အဘိုး ပုပ္ပါးဆရာ ဦးဘိုးလှောက်အား ဤဆောင်းပါးဖြင့် ကန်တော့ပါ၏)။

(မှတ်ချက်။       ။ အချို့ဆရာများက မြင်းခွာအရွက်ထက်အရိုး၊ အရိုးထက်အမြစ်က ပိုမိုအစွမ်းထက်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် မြင်းခွာရွက်စားလျှင် အရွက်/အရိုး/အမြစ် စုံအောင်စားနိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။
တစ်နေ့အနည်းဆုံး (၇)ရက်စားရမည်ဟုလည်း မှတ်သားဖူးပါသည်။ ဒေါက်တာတင့်ဆွေကတော့ (၃)ရွက်ဟုဆိုပါသည်။
ပိုစားလည်း ဘာမှမဖြစ်ပါ။ သို့သော် အလွန်အကျွံအစည်းလိုက်စားလျှင်မူ ဆီးများတတ်ပါသည်။ ပျားရည်နှင့်ရောစားပါက ပိုမိုအစွမ်းထက်ပါသည်။ မြင်းခွာရွက်သည် ဆီး၊ မျက်စိ၊ အသားအရည်၊ ဆံပင် စသည်တို့အတွက်ကောင်းသည်ဟု အသိများကြပါသည်။
          မြင်းခွာရွက်ကို (၉၆)ပါးရောဂါ ပျောက်ကင်းသက်သာစေသည်ဟု ရှေးသမားတော်များ ယုံကြည်ကြပါသည်။ သမားဖျင်းလျှင်ပုလင်းများသည် ဟု အဆိုရှိပါသည်။ မြင်းခွာရွက်ကို ရေလဲအမျိုးမျိုးဖြင့် အသုံးပြုကြပါသည်ဟု မှတ်သားဖူးပါသည်။ အလွန် အသုံးများသောဆေးဖြစ်ပါသည်။ အိန္ဒိယဆေးကျမ်းကြီးများတွင်လည်း မြင်းခွာရွက်ကို အမျိုးမျိုးညွှန်းဆိုကြသည်။ ယခုခေတ်မြင်းခွာပင်များထက် ရှေးခေတ်ကမြင်းခွာပင်သည် ပိုမို၍ အစွမ်းထက်မြက်သည်ဟု ယူဆမိပါသည်။
                                                                                                                             ဥာဏ်ဖြိုးမြင့် )