Wednesday, January 21, 2015

ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ဘုရားဖူးခရီးစဉ် ၁

ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ဘုရားဖူးခရီးစဉ်မှ ထူးခြားသော အသိအမြင်များ ၁

၁၃၇၅ ခု ၊ တပေါင်းလဆန်း ၁၂ ရက်၊ (12.3.2014) ဗုဒ္ဓဟူးနေ့။ မိမိတို့ မိသားစုအပါအဝင် မဟာတိုးဗုဒ္ဓဂယာဘုရားဖူးအဖွဲ့နှင့် လိုက်ပါကြမည့် နယ်ပေါင်းစုံမှပုဂ္ဂိုလ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နံနက်(၁၁)နာရီအရောက် သွားကြသည်။ မိမိအပါအဝင် ရဟန်း(၃)ပါးနှင့် လူပုဂ္ဂိုလ်(၁၆)ဦးဖြစ်သည်။ နေ့လယ်(၁၂) နာရီတွင် လေယာဉ်စထွက်မည်ဖြစ်၍ မဟာတိုးကုမ္ပဏီမှ မိမိအပါအဝင် ရဟန်း(၃)ပါးကို လေဆိပ်အနီးရှိ ထမင်းဆိုင်တွင် နေ့ဆွမ်းကပ်သည်။ လေဆိပ်တွင်စောင့်နေစဉ် ရာပြည့်သုခ၊ မဇ္ဈိမအလင်း စသော ဘုရားဖူးအဖွဲ့များနှင့်လည်း ဆုံမိကြ သည်။ လေယာဉ်ထွက်ချိန် မွန်းလွဲ(၁)နာရီသို့ ပြောင်းသွားသည်။ လေယာဉ်ပေါ်တွင် မိမိနှင့် ဗုဒ္ဓဂယာမြန်မာကျောင်း ဆရာတော်ကြီး ဦးဉာဏိန္ဒတို့ ထိုင်ခုံချင်းကပ်လျက် အတူထိုင်ရသည်။ ဆရာတော်ကြီးသည် သံဃမဟာနာယက အစည်းအဝေးအတွက် ကြွလာရခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်လေဆိပ်မှ ဂယာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းချိန် (၂)နာရီ(၁၀)မိနစ် ကြာမြင့်သည်။ မြေပြင်ပေါ်သို့ ဆင်းသက်ခါနီးတွင် ဗုဒ္ဓဂယာဆရာတော်ကြီးက ဒုက္ကရစရိယာတောင်နှင့် နေရဉ္ဇရာမြစ်ကို ပြသသဖြင့် ဖူးမြော်ခွင့်ရသည်။

ဘုရားရှင်အဆူဆူပွင့်တော်မူရာ အတုမဲ့အောင်မြေရှိ မဟာဗောဓိစေတီ


လေဆိပ်တွင် လူစုံအောင်စောင့်ပြီးနောက် မြန်မာဘုန်းတော်ကြီးကျောင်းသို့ သွားကြသည်။ ဂိုက်လုပ်သူ ကိုကျော်အောင်က မနက်ဖြန်နံနက်ကျမှ မဟာဗောဓိစေတီတော်ကို အေးအေးဆေးဆေးလာဖူးကြမည်၊ ယခုခေတ္တ ဝင်ဖူးမည်ဟု ပြောသည်။ မိမိတို့အဖွဲ့များ မဟာဗောဓိစေတီတော်သို့ ဝင်ရောက်ဖူးမြော်ကြသည်။ (2013)ခု ဇူလိုင်လ၌ မဟာဗောဓိပင်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လုံခြုံရေးအထူးတင်းကြပ်ထားသည်။ ယခင်ကလို ဝင်ချင်သည့် နေရာမှ ဝင်လို့မရတော့။ လူနှစ်ရပ်ခန့်ရှိ အုတ်တံတိုင်းကြီးများဖြင့် ကာရံထားပြီး ဝင်ပေါက်နှင့်ထွက်ပေါက်ကို သီးသန့်ခွဲခြား ထားသည်။ အမျိုးသားနှင့် အမျိုးသမီးကိုလည်း ခွဲခြားထားသည်။ စစ်ဆေးရေးဂိတ်နှစ်ဆင့်၌ စစ်ဆေးရေး ကိရိယာများဖြင့် အစစ်ဆေးခံပြီးမှသာ ဝင်ခွင့်ပြုသည်။ ဖုန်းများလုံးဝယူဆောင်ခွင့်မပြု။ ကင်မရာများလည်း ရူပီငွေ(၁၀၀)ပေးမှသာ ယူဆောင်ခွင့်ပြုသည်။
မဟာဗောဓိရုပ်ပွားတော်၊ ဗောဓိပင်နှင့်ရွှေပလ္လင်တော်တို့ကို ဖူးမြော်၍ စရိယာပိဋကပါဠိတော်လာ ပါရမီ(၁၀)ပါး ဂါထာများနှင့် ဇိနာလင်္ကာရကျမ်းလာ ဘုရားအဖြစ်သို့ရောက်ရှိပုံဂါထာများကို ရွတ်ဆို၍ ရှိခိုးပူဇော်သည်။ ပြီးနောက် မြန်မာကျောင်းသို့ သွားကြသည်။ ညနေပိုင်း၌ မဟာဗောဓိစေတီတော်ကို နောက်တစ်ကြိမ်ထပ်ဖူးကြသည်။ ပြည်ပ ဘုရားဖူးအဖွဲ့များသာမက ပြည်တွင်းဘုရားဖူးအဖွဲ့လည်း အတော်များများလာကြသည်။ ယခင်အခေါက်များက အိန္ဒိယ နိုင်ငံသားဘုရားဖူးများကို သိပ်မတွေ့ရ။ ယခု အတော်များများလာကြသည်ကိုတွေ့ရ၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ အတိုင်းတိုင်းအပြည်ပြည်မှ လာရောက်ဖူးမြော်ကြသော ဘုရားဖူးများဖြင့် နေ့ညမစဲ အမြဲစည်ကားနေခြင်းကလည်း ပူဇော် အထူးကို ခံယူတော်မူထိုက်သော အရဟံဂုဏ်တော်ကို ပေါ်လွင်ထင်ရှားစေသည်။ လူပုဂ္ဂိုလ်များသာမက နတ်ဗြဟ္မာများ၊ ဝိဇ္ဇာ၊ ဇော်ဂျီ၊ တပဿီများလည်း အမြဲလာရောက်ဖူးမြော်ကြလိမ့်မည်ဟု ယုံကြည်မိပါ၏။
(13.3.2014) နံနက်စာစားပြီး သုဇာတာ ဃနာနို့ဆွမ်းကပ်လှူသောနေရာသို့ သွားရောက်ဖူးမြော်ကြသည်။ သုဇာတာသူဌေးသမီးက ဃနာနို့ဆွမ်းကပ်လှူနေပုံကို ထုလုပ်ထားသည်။ ရုပ်ပွားတော်နှင့် ဦးခေါင်းတော်အရွယ်အစားတို့ ညီညွတ်မှုမရှိ၊ ဦးခေါင်းတော်က သေးနေသည်။ ဦးခေါင်းတော်များ ရိုက်ချိုးဖျက်ဆီးခြင်းခံရ၍ အသစ်ပြန်ပြုပြင်ထား ခြင်းဖြစ်ကြောင်း သိရသည်။ ဤနေရာ၌ သုဇာတာသူဌေးသမီးသည် သားဆုပန်ရာ ဆုတောင်းပြည့်သဖြင့် ရုက္ခစိုးနတ်ကို နှစ်စဉ်ဃနာနို့ဆွမ်း လာရောက်ပူဇော်ခြင်းဖြစ်သည်။ ညောင်ပင်အောက်၌ တရားအားထုတ်နေသော ဘုရားအလောင်း တော်ကို ရုက္ခစိုးနတ်ဟု မှတ်ထင်ပြီး ရွှေခွက်နှင့်တကွ ဃနာနို့ဆွမ်းကို ဆက်ကပ်လှူဒါန်းသည်။ အလောင်းတော်က ဘုဉ်းပေးပြီးနောက် ရွှေခွက်ကို နေရဉ္ဇရာမြစ်အတွင်းသို့ အဓိဋ္ဌာန်ပြု၍ မျှောသည်။ ရွှေခွက်မျှောသောနေရာ အထိမ်း အမှတ်အဖြစ် ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို နေရဉ္ဇရာမြစ်အနီး၌ တည်ထားသည်။ မြစ်ဟုဆိုသော်လည်း နွေရာသီတွင်ရေမရှိ၊ မိုးတွင်းကျမှသာ ကမ်းပြည့်ကမ်းလျှံ ရေစီးဆင်းသည်ဟု သိရ၏။ တောင်မှမြောက်သို့ စီးဆင်းနေသောမြစ်ဖြစ်သည်။ ကာဠနဂါး၏ ဘုံဗိမာန်ကား ဤမြစ်အောက်တွင် ရှိပေလိမ့်မည်။
ဃနာနို့ဆွမ်းကပ်လှူသောနေရာကို ဖူးမြော်ပြီးနောက် သေနာနိဂုံးရှိ သုဇာတာသူဌေးသမီးအိမ်ရာ၌ တည်ထား သောစေတီကြီးကို သွားရောက်ဖူးမြော်ကြသည်။ ဘုရားရှင်အား ကပ်လှူမည့်ဆွမ်းကို ချက်ပြုတ်ရာနေရာဖြစ်သောကြောင့် အသောကမင်းကြီးက တည်ထားခဲ့ခြင်းဖြစ်ကြောင်း ဂိုက်ဆရာတော်က ရှင်းပြသည်။ ယခင်က မြေကြီးကုန်းမျှသာ ဖြစ်သော်လည်း (2002)ခုနှစ်နောက်ပိုင်းတွင် ပြန်လည်တူးဖော်ခဲ့ရာ စေတီတော်ကြီး ပြန်လည်ပေါ်ထွက်လာသည်။ မိမိ၏စိတ်အာရုံတွင် ဃနာနို့ဆွမ်းချက်ရာ၌ နတ်ဗြဟ္မာများ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပုံကို မှန်းဆကြည်ညိုမိသည်။
ဘုရားဖြစ်မည့်နေ့တွင် ဘုဉ်းပေးရသောဆွမ်းဖြစ်၍ အခြားသောဆွမ်းများထက် အကျိုးအာနိသင် ကြီးမားကြောင်း ဟောကြားတော်မူခဲ့သည်ကိုလည်း အမှတ်ရမိသည်။ လှူဒါန်းခွင့်ရသော သုဇာတာသူဌေးသမီးသည်လည်း အရတော်ပါ ပေစွ။ ကုသိုလ်ကံထူးပါပေစွ။ နှစ်ပေါင်း(၂၆၀၀)ကျော်ပြီဖြစ်သော်လည်း သုဇာတာ၏အမည်ကား ယနေ့တိုင်အောင် မဟာဗောဓိနယ်မြေတစ်ခွင်၌ ထင်ရှားသောအမည်နာမအဖြစ် နေရာတိုင်းတွင် တွေ့နေရဆဲပင်။



သုဇာတာအိမ်ရာမှအပြန် သုဒ္ဓိယမြက်ထမ်းသမားက ဘုရားအလောင်းတော်အားမြက်ရှစ်ဆုပ်လှူဒါန်းသောနေရာ ကို ဝင်ရောက်ဖူးမြော်ကြသည်။ ကားလမ်းနံဘေးရှိ အဆောက်အဦးငယ်တစ်ခုတွင် မြက်ရှစ်ဆုပ် လှူဒါန်းနေပုံထုလုပ် ထားပြီး ရှေးဟောင်းသမိုင်းဝင်နေရာအဖြစ် ဆိုင်းဘုတ်ဖြင့်ရေးသားမှတ်တမ်းတင်ထားသည်။
၎င်းနောက် မဟာဗောဓိစေတီတော်သို့သွား၍ သင်္ကန်းကပ်လှူကြသည်။ ဂိုက်ဆရာတော်က အလောင်းတော် သည် ဗောဓိပင်နှင့် ရွှေပလ္လင်တော်တွင် မာရ်(၅)ပါးကို အောင်မြင်တော်မူ၍ ဘုရားအဖြစ်သို့ ရောက်ရှိပုံ၊ ဗောဓိပင်ရင်း၌ ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင် ပထမသတ္တာဟအဖြစ်စံနေတော်မူပုံ၊ ဒုတိယသတ္တာဟအဖြစ် ဗောဓိပင်နှင့် ရွှေပလ္လင်တော်ကို မမှိတ်သောမျက်စိဖြင့်ရှုစား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ တတိယသတ္တာဟအဖြစ် ရတနာစင်္ကြံ တော်ကို ဖန်ဆင်း၍ (၇)ရက်တိုင်တိုင် စင်္ကြံကြွ၍ စံနေတော်မူပုံ၊ စတုတ္ထသတ္တာဟအဖြစ် အဘိဓမ္မာ(၇)ကျမ်းကို ဆင်ခြင် တော်မူ၍ (၇)ရက်တိုင်တိုင် ရတနာဃရစံအိမ်တော်တွင် စံနေတော်မူပုံ၊ ပဉ္စမသတ္တာဟအဖြစ် ဆိတ်ကျောင်းညောင်ပင် ရင်းတွင် ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ ဆဋ္ဌမသတ္တာဟအဖြစ် မုစလိန္ဒာရေအိုင် အနီးတွင် ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ၊ သတ္တမသတ္တာဟအဖြစ် ရာဇာယတနလင်းလွန်းပင် အရင်း၌ ဖလသမာပတ်ဝင်စား၍ (၇)ရက်တိုင်တိုင်စံနေတော်မူပုံ တို့ကို ရှင်းလင်းပြသည်။ သတ္တဋ္ဌာနတွင် လှည့်လည် ဖူးမြော်ကြပြီးနောက် အချိန်စောနေသေး၍ မြန်မာကျောင်းသို့ မပြန်သေးဘဲ ဗောဓိပင်အောက်တွင် နေခဲ့သည်။
မဟာဗောဓိဌာနကား ဘုရားရှင်အဆူဆူတို့၏ အတုမဲ့အောင်မြေဖြစ်၏။ သံသရာနှင့်ချီ၍ ကြာခဲ့သော ကိလေသာတို့ကို အနုသယဓာတ်ပါမကျန်အောင် အကြွင်းမဲ့ခြေမှုန်းပစ်ရာ ဌာနကြီးဖြစ်၏။ ကိလေသာဟူသမျှ မြူမျှ မကျန်အောင် ခြေမှုန်းနိုင်သဖြင့် ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်ဟူသော ပဋိစ္စသမုပ္ပါဒ် စက်ရဟတ်ကြီး လည်ပတ်ခွင့်မရတော့ဘဲ သံသရာခရီး ပြီးဆုံးသွားတော့၏။ ဘုရားရှင်အဆူဆူတို့ ကိလေသာရန်သူကို အောင်မြင်ရာဌာန ဖြစ်၍ ကမ္ဘာတည်သောအချိန်တွင် ပထမဦးဆုံးတည်လာပြီး ကမ္ဘာပျက်သောအခါ၌လည်း နောက်ဆုံးအချိန်မှ ပျက်ရ၏။


ကမ္ဘာတည်ကာစအချိန်က ကြာရေကန်ကြီးရှိပြီး ဘုရားတစ်ဆူပွင့်မည့်ကမ္ဘာဖြစ်ပါက ကြာတစ်ပွင့် ပွင့်လာစမြဲဖြစ်၏။ ဤမျှထူးမြတ်လှသော နေရာဌာနကို ဖူးမြော်ခွင့်ရကြသူအပေါင်းတို့သည်လည်း ကုသိုလ်ကံထူးလှပါပေသည်။ မိမိသည် မဟာဗောဓိပင်အောက်၌ထိုင်၍ ရတနသုတ်၌လာသော ဂေါတမဘုရားအလောင်းတော် ဒီပင်္ကရာမြတ်စွာဘုရား အထံ တော်၌ ဗျာဒိတ်ခံယူပုံ၊ ပါရမီ(၁၀)ပါး၊ စွန့်ခြင်းကြီး(၅)ပါး၊ စရိယ(၃)ပါးတို့ကို ဖြည့်ကျင့်ပုံ၊ ဗောဓိပင်နှင့်ရွှေပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူပုံတို့ကို အာရုံပြု၍ ဗုဒ္ဓါနုဿတိဘာဝနာပွားပြီး နေ့လယ်စာ စားချိန်အမီ မြန်မာကျောင်း သို့ ပြန်ခဲ့သည်။
မူလအစီအစဉ်အရ ဗုဒ္ဓဂယာတွင် (၂)ညအိပ်ပြီးမှ မိဂဒါဝုန်သို့ ခရီးဆက်ရန်ဖြစ်သော်လည်း (16)(17)ရက်များ သည် ကုလားသင်္ကြန်(Holy ပွဲတော်)ဖြစ်၍ ကားလမ်းများ ပိတ်ဆို့နေမည်စိုး၍ သင်္ကြန်ရက်တွင်း သင်္ကဿသို့ အရောက် သွားရန် ဂိုက်လုပ်သူ ကိုကျော်အောင်က စီစဉ်သည်။ သင်္ကဿကဲ့သို့ ခေါင်သောနေရာတွင်သာ နေရထိုင်ရ အဆင်ပြေနိုင်သဖြင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်သည်။ ၎င်းအစီအစဉ်အရ အပြန်မှသာ ဂယာတွင် (၂)ညအိပ်ရန် အစီအစဉ်ပြောင်းလိုက်ရသည်။
ဦးဉာဏ (ကြွယ်အိပ်ပွဲ
သူရဇ္ဇမဂ္ဂဂဇင်း ဇန် ၂၀၁၅  မှမှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။




Sunday, January 18, 2015

ဓမ္မပဒပါဠိမြန်မာအင်္ဂလိပ် အပြည့်အစုံဖတ်ရန်

မြတ်ဗုဒ္ဓ ၏ ဓမ္မပဒ Dhammapada ပါဠိမြန်မာအင်္ဂလိပ် အပြည့်အစုံဖတ်ရန် မူရင်းစာမျက်နှာ _
ဓမ္မပဒ ပါဠိမြန်မာအင်္ဂလိပ်



အခန်း ၁
ယမကဝဂ္ဂ
Chapter 01

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန်၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.

၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။

၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.

4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.

၅။ န ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။
အဝေရေန စ သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.

၆။ ပရေ စ န ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။
ယေ စ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.

Wednesday, December 10, 2014

မုံလယ်ဆရာတော်ကြီး ဓာတ်တော်ကျခြင်း

MoneLei SayaDaw U ThanWaRa

အနောက်ဂန့်ဂေါ မုံလယ်ဆရာတော် ဘဒ္ဒန္တ သံဝရ
ဟောကြားတော်မူသောတရားတော်များ                                                       
ပဲခူး၊ ၁၀-မိုင်ကုန်း၊ မုံလယ်တောရ ဓမ္မရိပ်သာ
ဖုန်း098650947

**********************************

မုံလည်တောရ ဆရာတော်ဘုရားကြီး၏ အဂ္ဂိဈာပန အခမ်းအနား ဗီဒီယို မှတ်တမ်း

***********************************
မုံလည်တောရ ဆရာတော်ဘုရားကြီး၏ အဂ္ဂိဈာပန အခမ်းအနားပြီးစီပြီးနောက် ဓာတ်တော်အများကြွင်းကျန်ရစ်ဟု သိရှိရ

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့က ခန္ဓာဝန်ချ ချုပ်ငြိမ်းတော် မူသွားသော မုံလယ်တောရ ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား မတ် ၃ရက်နေ့ နံနက်ခင်းတွင်အဂ္ဂိဈာပန အခမ်းအနားပြုလုပ်ခဲ့ရာ မတ်လ ၄ရက်နေ့ နံနက်ခင်းတွင် ဓာတ်တော်များ စတင် ကျဆင်းလာခဲ့ပြီး နောက်ရက်များတွင် ဆရာတော်ကြီး၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးမှ ဓာတ်တော်များ ကောက်ယူ ရရှိခဲံကြောင်းနှင့် အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မုံလယ်တောရ ဓမ္မရိပ်သာတွင် ပူဇော်ခံ ပြသထားရှိကြောင်း သိရှိရပါသည်။
�မတ်လ ၄ရက်နေံ နံနက်ခင်း ၂နာရီလောက်မှာ ဓာတ်တော်တွေ စတင်ကျတယ်လို့ ယူဆရပါတယ်။ အဲဒီအချိန်မှာ ပြာပုံထဲကနေ အစိမ်းရောင်၊ အနီရောင်တွေ ကွန့်မြူးတာကို တွေ့ရှိရပါတယ်� ဟု ဈာပန အခမ်းအနားကို စောင့်ကြည့်ဖူးမြော်ခဲ့သည့် ယောဂီတစ်ဦးက ဆိုပါသည်။ မီအရှိန်ကြောင့် ပြာပူများ အေးစေရန် စောင့်ဆိုင်းရင်း မတ်လ ၅ရက်နေ့တွင် နာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဦးစီးကာ ဓာတ်တော်များ ကောက်ယူခဲံရာ ဆရာတော်ကြီး၏ ခြေထောက်တော်၊ ခါးတော်၊ နှလုံးတော်၊ ရင်ညွှန့်တော်၊ ဦးနှောက်တော်၊ သွားတော်၊ မေးရိုးတော်၊ ဦးခေါင်းတော် တို့မှ ဓာတ်တော်များ ကြွင်းကျန်ရစ်ခဲ့သည်။

ဆရာတော်ကြီးရဲ့ အဂ္ဂိဈာပန ပြုလုပ်ချိန်ဟာ ၁၇နာရီ ၂၅မိနစ် ကြာမြင့်ပါတယ်။ မီးရှိန်လည်း ပြင်းတာကြောင့် ရုပ်ကလပ်တော် အောက်ခံ သံတိုင်တွေတောင် ကွေးကောက်ကုန်ပါတယ်။ ထူးခြားတာက ဒီလောက် အပူရှိန်ပြင်းပေမဲ့ ခန္ဓာကိုယ်ရဲ့ နုနယ်တဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ နှလုံးတော်၊ ဦးနှောက်တော်တို့လို အစိတ်အပိုင်းတွေ ကြွင်းကျန်ရစ်တာပါပဲ ဟု ဈာပန ကျင်းပရေးကော်မတီဝင်တဦးက ပြောကြားသည်။


..အပြည့်အစုံဆက်လက်ဖတ်ရှုရန်

http://www.dhammadownload.com/MoneLeiSayaDawUThanWaRa-news.htm

Monday, November 3, 2014

ရတနာနှလုံးသား

ရတနာနှလုံးသား

“ဘုရားအမြတ်ဆုံးရတနာ၊ တရားအမြတ်ဆုံးရတနာ၊ သံဃာအမြတ်ဆုံးရတနာ၊ ရတနာမြတ်သုံးပါးရဲ့ဂုဏ်တော်တွေနဲ့ တန်ဆာဆင်ထားတဲ့နှလုံးသားဟာ ရတနာနှလုံးသားပါ။”

သရဏဂုံတည်ခြင်း အကျိုး(၈)မျိုး
၁။ ဖြစ်လေရာဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။
၂။ ထက်မြက်သော ဉာဏ်ပညာရှိခြင်း။
၃။ အများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
၎။ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
၅။ ၀င်းဝါစိုပြေသော ရုပ်အဆင်းရှိခြင်း။
၆။ အများနှစ်သက် ကြည်ညိုမှုကို ခံရခြင်း။
၇။ မိတ်ဆွေ၊ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ခံရခြင်း။
၈။ ကျော်စောထင်ရှားခြင်း။
(အပါဒါန်ပါဠိတော်နှင့် အဋ္ဌကထာ)

ငါဘုရားအပေါ် ယုံကြည်ရုံမျှ၊ ချစ်မြတ်နိုးရုံမျှဖြင့်၊ နတ်ရွာသုဂတိသို့ လားရောက်နိုင်၏။”
(မူလပဏ္ဏာသ၊ အလဂဒ္ဒူပမသုတ်)

သိဒ္ဓိပြီးလိုလျှင်
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုသာ အားထားကြ၊ မေတ္တာပွားကြ၊
လိုရာသိဒ္ဓိ ပြီးမြောက်မည်။
သိဒ္ဓိဆိုတာ လိုရာပြီးမြောက်တာကို ခေါ်တာ၊ ပြီးပြည့်စုံအောင်ဆိုတာ
လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။
ဒါန၊ သီလ၊ ဘာဝနာ မပါဘဲ အလိုလို မပြီးနိုင်ဘူး။

လိုတရပြည့်စုံနည်း
ရတနာသုံးပါးကို သွားတဲ့အခါ၊ စားတဲ့အခါ မမေ့နဲ့။
စီးပွားရှာလည်း မမေ့နဲ့။
အကုန်လုံးပြည့်စုံနိုင်တဲ့ ရတနာသုံးပါး။
(သာမညတောင်ဆရာတော်ကြီး)
ဗုဒ္ဓအလိုကျ တန်ဆာဆင်ပါ
လက်၏တန်ဆာသည် လက်စွပ်၊ လက်ကောက်မဟုတ်၊ ပေးကမ်းစွန့်ကြဲခြင်းသာ။
နား၏တန်ဆာသည် နားကပ်၊ နားဋောင်းမဟုတ်၊ တရားဓမ္မနာကြားခြင်းသာ။
ကိုယ်၏ အဆင်တန်ဆာသည် ဘယက်ဒွါရမဟုတ်၊ မေတ္တာ ကရုဏာဖြင့် သူတပါးအကျိုး ဆောင်ရွက်ခြင်းသာ။
(သပြေကန်ဆရာတော်ကြီး)

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှ ရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်
များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား
အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်တရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်
များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ သံဃာများနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်
များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(ပရိတ်တော်အလင်္ကာ -စိန်ရတနာဆရာတော်)

လောကမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တွင်း၊ ကန် ထဲမှာရှိတဲ့ ရေချိုရေကောင်း ကိုယ့်အိမ်ရောက်စေချင်တော့ အိုးနဲ့ခပ်ကြတယ်။ ပုံးနဲ့ခပ်ကြတယ်။ ပိုက်လိုင်းတွေနဲ့ သယ်သူကြတယ်။ ယူနိုင်သလောက် ကိုယ့်အိမ်ရောက်တာပဲ။
ဒါမျိုးလိုပေါ့။ စွမ်းအားတော်အနန္တပိုင်ရှင် ဖြစ်တော်မူတဲ့ မြတ်စွာဘုရားထံမှ မိမိရဲ့ခန္ဓာနှလုံးအိမ်အတွင်းသို့ သဒ္ဓါ၊ ပညာ ဆိုတဲ့ ပိုက်လိုင်းတွေ၊ ခွက်တွေ၊ ပုံးတွေနဲ့ ခပ်ယူ၊ သွင်းယူကြရတာ။
ဘုရားထံက ဉာဏ်ဓာတ်တွေ၊ တန်ခိုး ဓာတ်တွေ၊ စွမ်းအားဓာတ်တွေကို ကိုယ့်နှလုံးသား အစဉ်ပြောင်းအောင် သွင်းယူကြရတာ။

သရဏဂုံသုံးပါးကို အမှုမဲ့အမှတ်မဲ့ဆိုတော့ ဘယ်နှစ်ခေါက်ဆိုဆို ထူးတယ်လို့ မထင်ရပါဘူး။ ရိုးနေပြီပဲ။ သဒ္ဓါ၊ ပညာအားလေးကိုသွင်းပြီး အာရုံပြုကြည့်ကြစမ်းပါ။ ဘယ်နှစ်ခေါက်ဆိုဆို ရိုးသွားတယ်၊ ဟောင်းသွားတယ်၊ ၀သွားတယ်၊ အီသွားတယ် မရှိပါဘူး။ သူများရွတ်တာ ဘယ်နှစ်ခေါက်နားထောင်၊ နားထောင် ရိုးသွားတယ်၊ ၀သွားတယ် မရှိပါဘူး။ မရှိရုံတင် မဟုတ်ဘူးလေ။ ပထမအခေါက်ထက် ဒုတိယအခေါက်က တန်ခိုးသတ္တိတိုးလာတယ်။ ဒုတိယအခေါက်ထက် တတိယအခေါက်က စွမ်းအားသတ္တိတွေ တိုးလာတယ်။ ဒါကတည်းက အထဲမှာ အစွမ်းသတ္တိတွေ ခိုအောင်းနေပြီဆိုတာ သေချာသွားပြီ။ (ယောဆရာတော်ကြီး)

သုံးလူ့ထွဋ်ထား မြတ်ဘုရားကို
အားရပါးရ ရှိခိုးမယ်။
လူနတ်ဗြဟ္မာ အကျိုးများဖို့
ငါတို့ဘုရား ပွင့်ပေါ်တယ်။
အားကိုးကြည်ညို မှီခိုတတ်ရင်
အမြတ်ကောင်းကျိုး ဖြိုးဝေတယ်။
ဖူးမြင်ဦးချ ပူဇော်ကြလို့
စိတ်က ဂုဏ်တော်မှန်းဆရွယ်။
ရုပ်ပုံလည်းထင် ဂုဏ်လည်းမြင်
ကြည်လင်စိတ်ဝမ်း ချမ်းမြတယ်။
မှန်းဆရွယ် ဖူးမယ်။

ကောင်းကျိုးပေးတတ် တရားမြတ်ကို
မပြတ်နေ့စဉ် ရှိခိုးမယ်။
လူနတ်ဗြဟ္ဗာ ချမ်းသာရေးမို့
ငါတို့ဘုရား ဟောပေးတယ်။
သင်သိ၊ တွေးသိ၊ သေချာသိဖို့
လေ့လာကြည့်ဖို့ ကောင်းလှတယ်။
ကြောင်းကျိုးဆက်စပ် လောကဓါတ်
မပြတ်သံသရာ ခေါ်ပါတယ်။
မကောင်းတာသိ၊ ကောင်းတာရှိ
တရားရှိဖို့ ကျင့်ပါ့မယ်။
ရှိဖွယ်၊ ကျင့်မယ်။

ဗုဒ္ဓသားရင်း သံဃာများကို
ကြည်ညိုအားထား ရှိခိုးမယ်
ကောင်းကံမျိုးစေ့ စိုက်ပျိုးကြရင်
အကျိုးဖွံ့ဖြိုး ရစေတယ်။
ဘေးရန်အန္တရာယ် ဥာဏ်မြင်ကြောက်လို့
တောက်လျှောက်မနား ကြိုးစားတယ်။
စိတ်ဓါတ်ကောင်းတွေ အင်အားရှိလို့
အများအသိ ညီညွတ်တယ်။
ကြည်ညိုသက်ဝင် အသိယှဉ်
နေ့စဉ်မပြတ်ဦးချမယ်
ဖူးကြကွယ်၊ ထူးတယ်။

(ဓမ္မဒူတယဉ်ကျေးလိမ္မာဝတ်ရွတ်စဉ်)

ဘုရားဂုဏ်တော်ကိုးပါးရဲ့အဓိပ္ပါယ်တွေကိုမြန်မာလို သိထားသင့်ပါတယ်။အလွတ်ရအောင်ကျက်ထားပြီး အနည်းဆုံးတစ်နေ့တစ်ခေါက် ပါဠိလိုရော၊ မြန်မာလိုပါ ပွားများသွားမယ်ဆိုရင် မေ့မှာလည်းမဟုတ်တော့ပါဘူး။
အကျိုးလည်း အင်မတန်ကြီးမားပါတယ်။ မြန်မာလူမျိုးတွေအနေနဲ့ မြန်မာလိုဂုဏ်တော်ပွားတာ် အကောင်းဆုံးပါပဲ။
အဓိပ္ပါယ်ရင်ထဲရောက်တဲ့အတွက် ဘုရားကိုလည်း ပိုကြည်ညိုပါတယ်။
ဓာတ်ကောင်း တွေလည်း ပိုကူးစက်ပါတယ်။ တန်ခိုးသတ္တိလည်း ပိုထက်မြက်ပါတယ်။ (ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက)
ဘုရားဂုဏ်တော်ကိုးပါး
အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။ (ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား)
သုဂတော - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား။ (မှန်ကန်၍ အကျိုးရှိသောစကားကို ဆိုတော်မူသော မြတ်စွာဘုရား) ကောင်းသောနိဗ္ဗာန်သို့ ကြွတော်မူသော မြတ်စွာဘုရား။
လောက၀ိဒူ - လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား။ (သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောက ဟုဆိုအပ်သော လောကသုံးပါးကို သိတော်မူသော မြတ်စွာဘုရား)
အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
သတ္ထာဒေ၀မနုဿာနံ - နတ်၊ လူ တို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။    (နတ်၊ လူတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား)
ဗုဒ္ဓေါ - သစ္စာလေးပါးကို ကိုယ်တိုင်လည်းသိတော်မူ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသော မြတ်စွာဘုရား။ (ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဟုဆိုအပ်သော သစ္စာလေးပါး တို့ကို ကိုယ်တိုင်လည်းသိတော်မူ၊ သူတစ်ပါးတို့ကိုလည်း သိအောင် ဟောတော်မူသော မြတ်စွာဘုရား)
ဘဂ၀ါ - ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၁။ ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
၂။ ဓမ္မဘုန်းတော် -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၃။ ယသဘုန်းတော် - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သိရီဘုန်းတော် -  အတုမရှိသော ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
ကာမဘုန်းတော် -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား
ပယတ္တဘုန်တော် -  အတုမရှိသော လုံလ၀ီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
(ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက)

တရားဂုဏ်တော် ခြောက်ပါး
ဘဂ၀ါတော- မြတ်စွာဘုရားရှင်၊ အက္ခတော- ဟောကြားတော်မူအပ်သော၊ ဓမ္မော- မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် ---
သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောအပ်သော တရားတော်။
သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်။ အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်းအကျိုးပေးတတ်သော တရားတော်။
ဧဟိပဿိကော - “ လာပါ၊ ကြည်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်။
သြပနေယျိကော - မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်။
ပစ္စတ္တံဝေဒိတဗ္ဗော ၀ိညူဟိ - တရားသိမြင်သည့် ပညာရှိရှစ်ပါးအရိယာများသာလျှင် အသီးသီးသိမြင်ခံစားရသော တရားတော်။

သံဃာဂုဏ်တော် ကိုးပါး
ဘဂ၀တော - မြတ်စွာဘုရားရှင်၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်အပေါင်း (နှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်း)သည် ---
သုပ္ပဋိပန္နော - လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို) ကောင်းစွာ
ကျင့်တော်မူသော သံဃာတော်။
ဥဇုပ္ပဋိပန္နော - ကိလေသာအကောက်ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်။
ဉာယပ္ပဋိပန္နော - ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာကျင့်တော်မူသော သံဃာတော်။
သာမိစိပ္ပဋိပန္နော - သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်။
အာဟုနေယျော - ရပ်ဝေးမှပင် ဆောင်ယူလာ၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်
ပါဟုနေယျော - ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များ အတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်။
ဒက္ခိဏေယျော - နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို
ခံယူတော်မူထိုက်သော သံဃာတော်။
အဉ္စလိကရဏီယျော - ကောင်းကျိုးချမ်းသာ မှန်စွာ ရမည်ဟု ယုံကြည်မျှော်ကိုးလျှက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်။
အနုတ္တရံ ပုညက္ခေ လောကဿ - ကောင်မှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တ၀ါအပေါင်း၏ အကောင်းဆုံးလယ်ယာမြေဖြစ်တော်မူသော သံဃာတော်
(မဟာစည်ဆရာတော်ကြီး)
အကောင်းမှီရင် အမှီကောင်းတယ်
ဂုဏ်တော်အမြဲပွားသူရဲ့စိတ်ဟာ ဂုဏ်တော်သတ္တိ၊ ဂုဏ်တော်ဓါတ်တွေ အမြဲအရှိန်ဟပ်နေတဲ့အတွက်
ရတနာတုံး၊ ရတနာခဲကြီးနဲ့ တူနေပါတယ်။
“ ရတနာရှိရာ ရတနာလာ ” မြဲထုံးစံအတိုင်း
ဂုဏ်တော်အမြဲပွားနေသူရဲ့ထံမှောက်ကို
ကောင်းကျိုးမျိုးစုံဆိုက်ရောက်လာမှာ အသေအချာမို့
မြတ်စွာဘုရားရှင်က
ဂုဏ်တော်ပွားရင် လိုတရနိုင်တယ် ” လို့
စကားကုန် မိန့်ကြားတော်မူခဲ့ပါတယ်။
(ရွှေပါရမီဆရာတော်- အရှင်ဆန္ဒာဓိက)

တေသု စိတ္တပ္ပသာဒေါပိ၊ ဒုက္ခတော ပရိမောစယေ။
ဘဂေ၀ါ နုကရိယာ တေသံ၊ ဓမ္မတာ အနုဓမ္မတော။
ရတနာသုံးပါးအပေါ်၌ ကြည်ညိုစိတ်ဖြစ်ကာမျှဖြင့် ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်နိုင်ပါပေ၏။ သူတော်ကောင်းတို့၏ တရားလမ်းစဉ်အတိုင်း အတုလိုက်၍ ကျင့်နိုင်ပါမူကား ဆိုဖွယ်ရာမရှိတော့ပြီ။ (စရိယာပိဋက)

မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ဆင်ခြင်စဉ်းစား ရွတ်ဆိုပွားများသူမှာ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိတရားတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ အဲဒီဂုဏ်တော်ပီတိဟာ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကိုအစိုးရတဲ့ စကြ၀တေးမင်းဖြစ်ရခြင်းထက် အဆပေါင်းများစွာ မနှိုင်းယှဉ်သာအောင် မြင့်မြတ်လှပါတယ်။
(သီလက္ခန္ဓ၀ဂ် အဋ္ဌကထာ၊၅၆)

ကဿပဘုရားရှင် လက်ထက်က သ၀ဏ်လွှာ
ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊
ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊
သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊
ပုညက္ခေတံ အနုတ္တရံ။

ဘုရားရတနာဟာ သတ္တ၀ါအားလုံးရဲ့ ကောင်းကျိုးစီးပွားအတွက် လောကကြီးမှာ ပွင့်ထွန်းပေါ်ပေါက်လာခဲ့ပါပြီ။
တရားရတနာဟာ သတ္တ၀ါအားလုံးတို့
လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သောချမ်းသာရဖို့အတွက် ပေါ်ပေါက်လာခဲ့ပါပြီ။
ကောင်းမှုမျိုးစေ့ကို စိုက်ပျိုးရာ အတုမရှိလယ်ယာမြေကောင်းသဖွယ်ဖြစ်တဲ့ သံဃာရတနာကိုလည်း ကြည်ညိုပါဦး။

ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဓမ္မာ အစိန္တိယာ။
အစိန္တိယေ ပသန္နာနံ၊ ၀ိပါကော ဟောတိ အစိန္တိယော။
မြတ်စွာဘုရားရှင်ရဲ့ဂုဏ်တော်တွေဟာ ကြံစည်လို့မကုန်နိုင်။ မကြံစည်နိုင်လောက်အောင် ကြီးကျယ်များပြားလှပါတယ်။ ဘုရားရှင်ဟောကြားတော်မူတဲ့ တရားတော်ရဲ့ဂုဏ်တော်တွေဟာလည်း မကြံစည်နိုင်လောက်အောင်ပါပဲ။
မကြံစည်နိုင်လောက်အောင် ကြီးကျယ်မြင့်မြတ်တဲ့အရာကို ကြည်ညိုဆည်းကပ်မြတ်နိုးသူအတွက် ကောင်းကျိုးချမ်းသာတွေဟာလည်း မကြံစည်နိုင်လောက်အောင်ပါပဲ။
(ဗုဒ္ဓအပဒါန် ပါဠိတော်)

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍
ဟောဖော်ညွှန်ကြား မြတ်တရားကြောင့်
လူတော်အများ စိတ်ကောင်းထားကာ
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘဝ သိကြရ။ များလှကျေးဇူးတွေ။

လောကကျက်သရေ
နေမင်းသည် နေ့အခါ၌
ထွန်းလင်းတောက်ပစွာ တင့်တယ်ပါပေ၏။
လမင်းသည် ညခင်း၌
အေးမြရွှန်းလဲ့စွာ တင့်တယ်ပါပေ၏။
ရှင်ဘုရင်သည် မင်းဝတ်တန်ဆာပြည့်စုံစွာဆင်ယင်သောအခါ
ဝံ့ဝံ့ကြွားကြွား တင့်တယ်ပါပေ၏။
ရဟန္တာအရှင်မြတ်သည် ဈာန်သမာပတ်ဝင်စားသောအခါ
ကြီးမြင့်ခံထည် တင့်တယ်ပါပေ၏။
ဗုဒ္ဓဘုရားရှင်သာလျှင်
နေ့ရောညပါ အခါခပ်သိမ်း
ပါရမီတော်တန်ခိုးဖြင့် အံ့ချီးလောက်ဖွယ်
လောကအလယ် တင့်တယ်တော်မူပါပေ၏။

ဆန္ဒမွန်
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊
စိတ်ကိုဖြူအောင်ထား” လို့
မြတ်စွာဘုရားရှင် မိန့်ကြားခဲ့ပါတယ်။
ကံသာလျှင်ကိုယ်ပိုင် ဥစ္စာရှိပါတယ်။
ကောင်းတဲ့ကံတွေကို ပြုလုပ်နိုင်ကြပါစေ။
စိတ်ထားကောင်းလေးနဲ့ စိတ်ကောင်းလေးထားနိုင်ကြပါစေ။
ကုသိုလ်ဖြစ်အောင် တွေးနိုင်ကြပါစေ။
ဘုရားရှင်အား သတိရခြင်းဖြင့်
စိတ်ထားလှပ၊ ဘ၀လှပကြပါစေ။
သံသရာဝဋ်ဆင်းရဲအတွင်းမှ ရုန်းထွက်လို့ လွတ်မြာက်နိုင်ကြပါစေ။

ကလောင်အမည် - အောင်သိဒ္ဓိ
အရှင်ဆန္ဒာဓိက(အောင်သိဒ္ဓိမင်းကျောင်း)

ညွှန်း -
ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ) လိုတရနှလုံးသား၊ အနှိုင်းမဲ့ဘာဝနာ၊ နှလုံးသားမိတ္တူ၊ ဓမ္မာစရိယဦးဌေးလှိုင် - ခရီးဖော်
မေတ္တာရှင်ရွှေပြည်သာ - သရဏဂုံအစွမ်းအံ့မခန်း
ပရိတ်တော်အလင်္ကာများ - စိန်ရတနာဆရာတော်


ရတနာအတွေးများ

ရတနာအတွေးများ

အမြတ်ဆုံးရတနာဖြစ်တဲ့
မြတ်ဗုဒ္ဓရဲ့ အကြောင်း၊ မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်တွေအကြောင်း တွေးတဲ့အတွေးတွေကတော့ ရတနာထိုက်တဲ့၊ တန်ဖိုးမဖြတ်နိုင်တဲ့အတွေးတွေပါပဲ။”

အာနန္ဒာ--- အစဉ်သနား စောင့်ရှောက်ထိုက်သူ၊ မိမိစကားနားထောင်မည့်သူ၊ ဆွေမျိုးသားချင်း မိတ်ဆွေတွေကို ဘုရားမြတ်နိုးရှိခိုးကြစေ။ အဲဒီလို ဘုရားရှိခိုးသူတို့မှာ ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာဘုံများသို့ မရောက်ကြရဘူး။
(အံ-၁၊ ၂၂၃)

နှလုံးသားဝယ် ဘုရားတည်
ပညာကြီးလတ် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။
အပူကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပါယ် မြတ်နိုးဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းတာ။
နှလုံးသားဝယ် ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။ (ယောဆရာတော်ကြီး)

အနှိုင်းမဲ့ဘာဝနာ
ကိုယ့်စိတ်ဓါတ်နဲ့ကိုယ့်လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။

ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးမယ်
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ၊ ကိုယ့်နုလုံးသားထဲမှာ စိမ့်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စံပယ်ပန်းရနံ့ လက်မှာကူးစက်သင့်ပျံ့လာသလို
မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲအမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။
မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင်အစစ်ပါပဲ။

နှလုံးသားတောင်ထိပ်က ဂုဏ်တော်စေတီ
ဂုဏ်တော်ပွားသောအားဖြင့် ကိုယ့်နှလုံးသားမှာတည်လိုက်တဲ့ဘုရားဟာ
ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ တန်ခိုးအကြီးဆုံးဘုရားပါပဲ။
ပြင်ပကတန်ခိုးကြီးဘုရားတွေကို ဖူးမြော်တာဟာ အဲဒီဘုရားတွေကိုအာရုံပြုပြီး
ကိုယ့်နှလုံးသားမှာ ဘုရားတည်ဖို့အတွက်ပါပဲ။
ဂုဏ်တော်တွေကို တစ်ကြိမ်တစ်ခါလောက်ပွားရုံ၊ အကြိမ်နည်းနည်းပွားရုံနဲ့လည်း
တစ်သက်စာအားကိုးရလောက်အောင် နှလုံးသားထဲကဘုရားက တန်ခိုးမကြီးသေးပါဘူး။
အကြိမ်ကြိမ်အထပ်ထပ်ပွားမှ တန်ခိုးကြီးလာတာပါ။

ဂုဏ်တော်ဟာ ဘ၀လမ်းညွှန်
စိတ်ကောင်းမှ ကံကောင်းတယ်၊ ကံကောင်းမှ အကျိုးပေးကောင်းတယ်။ ” ဆိုတာကို
လုံးဝမမေ့လိုက်ပါနဲ့။
ဂုဏ်တော်ပွားတယ်ဆိုတာ ကိုယ့်စိတ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နေတာပါ။
ကိုယ့်စိတ်ဓါတ်နဲ့ ကိုယ့်လုပ်ရပ်ကို
အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်အောင်
ပြုပြင်ဖန်တီးတည်ဆောက်ဖို့ ဂုဏ်တော်ပွားတာပါ။
စိတ်ဓါတ်နဲ့လုပ်ရပ်ကောင်းမြတ်ခြင်းဆိုတဲ့ ပင်မအကျိုးရနေမှတော့
အန္တရာယ်ကင်း၊ လာဘ်ရွှင်စတဲ့ ဘေးထွက်အကျိုးတွေကကို
တမင်တောင့်တနေစရာမလိုတော့ပါဘူး။
မလိုချင်အဆုံး ရမှာပါ။
အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)

ဂုဏ်တော်များကို ချိတ်ဆက်ပွားများခြင်း

အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်ဗုဒ္ဓ။
စိတ်အပူအလောင်အားလုံးကင်းစင်တော်မူသော မြတ်ဗုဒ္ဓ။
စိတ်အပူအညစ်အကြေးအားလုံးကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။
စိတ်အရှုပ်အထွေးအားလုံးကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။

(စိတ်အပူအလောင်တွေကင်းစင်တဲ့အတွက် စိတ်အေးချမ်း၊ ရုပ်လည်းအေးချမ်းပါတယ်။)
စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်ဗုဒ္ဓ ။

(စိတ်အညစ်အကြေးတွေကင်းစင်တဲ့အတွက် စိတ်ကြည်လင်၊ ရုပ်လည်းကြည်လင်ပါတယ်။)
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်ဗုဒ္ဓ ။

(စိတ်အအရှုပ်အထွေးတွေကင်းစင်တဲ့အတွက် စိတ်ရွှင်လန်း၊ ရုပ်လည်ရွှင်လန်းပါတယ်။)
စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်ဗုဒ္ဓ ။

(မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး။)
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား

(စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***)
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား

(ပူဇော်အထူးကို ခံယူတော်မူထိုက်သော ဉာဏ်တော်---
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---)
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား

(အသိ/အကျင့်ဘက်စုံမြင့်---)
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား

(အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်။)
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်ဗုဒ္ဓ ။

(လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ။)
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်ဗုဒ္ဓ ။

(လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်---)
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်ဗုဒ္ဓ ။

(သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်---
ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ။ )
ပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်ဗုဒ္ဓ ။

(ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ။)
သတ္ထာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်ဗုဒ္ဓ ။

(သစ္စာသိအောင်ညွှန်ပြတော်မူ---)
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင် ဟောတော်မူသော မြတ်ဗုဒ္ဓ  ။

(သစ္စာသိမြင်ရင် ကိလေသာစင်/နိဗ္ဗာန်ဝင်---)
ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်ဗုဒ္ဓ ။

(တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး---- ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။)
မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်ဗုဒ္ဓ ။

(နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်--)
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသော မြတ်ဗုဒ္ဓ။

(မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ--)
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

(မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ---)
ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်ဗုဒ္ဓ ။

(မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ
တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်ဆောင်ရွက်နိုင်)
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

(မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ်။)
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

(လောကအကျိုး ဆောင်ရွက်နိုင်လေလေ ကျက်သရေရှိလေလေ---)
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

(ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ မေတ္တာကရုဏာဆန္ဒတော်---)
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်ဗုဒ္ဓ ။

(လုံ့လ၀ီရိယကြီးမားမှ ဆန္ဒပြည့်ဝ---)
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

(လုံ့လ၀ီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့--)
ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်
ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော  မြတ်ဗုဒ္ဓ ။
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ )
ဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ ။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီး ဖြစ်တော်မူသော မြတ်ဗုဒ္ဓ )

အညံ - အခြားသောတရားစကားကို
အဘာသမာနော - ပြောဟောတော်မမူဘဲ
ဗုဒ္ဓေါပိ - ဘုရားတစ်ဆူသည်
ဗုဒ္ဓဿ - ဘုရားတစ်ဆူ၏၊
ဝဏ္ဏံ - ဂုဏ်တော်ကို၊
ကပ္ပံပိ -အာယုကပ်ပတ်လုံး (အသက်တမ်းကုန်အောင်လည်း)
စေဘဏေယျ - အကယ်၍ မိန့်တော်မူအံ့။
(ဧဝံသတိပိ - ဤသို့မိန့်တော်မူပါသော်လည်း)
စိရံ - ကြာမြင့်စွာသောကာလ၌
ကပ္ပေါ - အာယုကပ်(သက်တမ်း)သည်
ခီယေထ - ကုန်ရာ၏။
ဒီဃမန္တရေ - ရှည်စွာသောကာလအတွင်း၌
တထာဂတဿ - မြတ်စွာဘုရား၏
ဝဏ္ဏော - ဂုဏ်တော်သည်
န ခီယေထ - မကုန်ခန်းနိုင်ရာ။
(သီလက္ခန်-ဘာဋီ၊ ၃ဝ ၄၉၉)

အေးမြရိပ်သာ  
ရဟန်းတို့ ပွားများအပ်သော၊ အဖန်ဖန်အလေ့အလာပြုအပ်သော တစ်ခုသောတရားသည် စင်စစ်အားဖြင့် -
(ဝဋ်ဆင်းရဲ၌) ငြီးငွေ့ခြင်းငှာ၊ တပ်မက်မှုကင်းခြင်းငှာ၊ ရာဂ စသည်တို့ ချုပ်ခြင်းငှာ၊
ကိလေသာတို့ ငြိမ်းအေးခြင်းငှာ၊ (လက္ခဏာယာဉ်သို့တင်၍) အထူးသိခြင်းငှာ၊ (သစ္စာလေးပါးကို)ထိုးထွင်း၍ သိခြင်းငှာ၊
နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ ဖြစ်၏။ တစ်ခုသောတရားဟူသည် အဘယ်နည်းဟူမူ - မြတ်စွာဘုရား၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့ခြင်း ဗုဒ္ဓါနုဿတိတရားတည်း။
(အံ၊ ၁၊ ဧကဓမ္မပါဠိ၊ ပထမဝဂ်)

အမြတ်ဆုံး
မြတ်စွာဘုရား၌ ကြည်ညိုသောသူတို့သည် အမြတ်ဆုံး၌ ကြည်ညိုသည် မည်ကုန်၏။
အမြတ်ဆုံး၌ ကြည်ညိုသောသူတို့အား အမြတ်ဆုံးအကျိုးသည် ဖြစ်၏။
(အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ ပသာဒသုတ်)

လောကကြီးမှာ “ဗုဒ္ဓဘုရား---ဗုဒ္ဓဘုရား”ဆိုတဲ့ အသံကိုကြားရဖို့တောင် အလွန်အင်မတန်မှ
ခက်ခဲလှပါ တယ်။
ဗုဒ္ဓဘုရားရှင်ဖြစ်ဖို့ဆိုရင် ဘယ်လောက်များ ခက်ခဲလိုက်မလဲ။ မပြောပြနိုင်အောင်ပါပဲ။
လောကီချမ်းသာ၊ လောကုတ္တရာချမ်းသာ အကျိုးစီးပွားအဖြာဖြာ ရရာ၊ ရကြောင်း နည်းကောင်း လမ်းမှန်တွေကို ညွှန်ကြားပြသပြီး
ချမ်းသာသုခ အ၀၀ကို ရွက်ဆောင်ပေးတော်မူတတ်သော၊
လူနတ်ဗြဟ္မာတို့ ပူဇော်မြတ်နိုးအပ်သော၊
အလှူကောင်း အလှူမှန်ဟူသမျှကို ခံယူတော်မူထိုက်သော၊
ဖူးမြင်ဆည်းကပ်သူတို့ကို ကြောက်ရွံ့ခြင်းဘေးရန်မှ ဖယ်ရှားပေးတော်မူတတ်သော၊
ဖူးမြင်ဆည်းကပ်သူတို့ သန္တာန်မှာ စိတ်ကြည်နူးဝမ်းမြောက်မှု၊
အသိဉာဏ်ရရှိမှု စတဲ့
ကုသိုလ်ပန်း၊ ပီတီပန်းတို့ကို ပွင့်လန်းတိုးပွားစေတတ်သော၊
ကိုယ်တော်အား (၁၀)ပါး၊
ဉာဏ်တော်အား (၁၀)ပါးနှင့်လည်း ပြည့်စုံတော်မူသော၊
အတုမရှိသော
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ဖြင့်လည်း ပြည့်စုံတော်မူသော
ထို ရှင်တော်မြတ်ဘုရားအား
လောကီ၊ လောကုတ္တရာချမ်းသာသုခအ၀၀ကို လိုလားကြကုန်သော
ပညာရှိသူတော်ကောင်းတို့သည်
အမြဲမပြတ် ခပ်သိမ်းသောအချိန်ကာလတို့၌ ကြည်ညိုမြတ်နို
ရှိခိုးဦးညွတ်နိုင်ကြပါစေကုန်သတည်း။ (မဟာနမက္ကာရာ-၂၆)

ညွှန်း----
ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက ရေးသားပြုစုသော လိုတရနှလုံးသား၊ အနှိုင်းမဲ့ရနံ့၊ နိုးနှစ်လုံးဖိုးလုံးကျေပါတယ်၊ ဘ၀အဓိဋ္ဌာန်၊ နံ့သာဖြင့် ထုံမွှမ်းအပ်သော၊ စိတ်အားဖြည့်ဓမ္မသံစဉ် ---- စသော စာအုပ်များထဲမှ အဓိက ပါဝင်ပါသည်။

အောင်သိဒ္ဓိ