Saturday, September 3, 2016

ကင်ဆာနှင့် မုန်လာဥနီဖျော်ရည်

မုန်လာဥနီ ဖျော်ရည်ကို

၈ လ ဆက်တိုက် မနက်တိုင်း စွဲစွဲ မြဲမြဲ သောက်ပြီးတဲ့ နောက် ကြုံတွေ့ ခဲ့ရတဲ့ မယုံနိုင်စရာ အဖြစ်အပျက်

ကလေးစာပေတွေကို ရေးသားတဲ့ နာမည်ကျော် စာရေးဆရာမ Mrs Ann Cameron ကတော့ သူမရဲ့ အံသြစရာ အတွေ့ အကြုံကို ဝေမျှ ခဲ့ပါတယ်..

သူမ ဘ၀ မှာ ပထမဆုံးခါးသီးစွာ ကြုံတွေ့ ခဲ့ရတဲ့ ရောဂါ ကတော့ ဓာတု ကုထုံး နဲ့  ကုသမှူ ခံယူရင်း ၂၀၀၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ သူမ ခင်ပွန်းသည် ခံစားခဲ့ရတဲ့ ရက်စက်လှတဲ့အဆုတ် ကင်ဆာ ပါပဲ..

သူမကိုယ်တိုင် အူမကြီး ကင်ဆာ တတိယ အဆင့်ကို ခံစားနေရတယ်လို့  သိလိုက်ရချိန်မှာ သူမဟာ သူမ ရဲ့ ခင်ပွန်းသည်လို ဓာတုကုထုံး နဲ့  ကုသမှူ ခံယူဖို့ ကို ငြင်းဆိုခဲ့ပါတယ်… ၂၀၁၂ ခုနှစ် ဇွန်လ မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်…  အဲ့ဒီနောက် တစ်ရက်ထက် တစ်ရက် သက်သာ သလို ခံစားခဲ့ရပေမဲ့ ၆ လ အကြာ စမ်းသပ်စစ်ဆေးမှူတွေ ပြုလုပ်ချိန်မှာတော့ ကင်ဆာဆဲလ် တွေဟာ သူမ ရဲ့ အဆုတ်အထိ ပြန့်နှံ့လာပြီး ကင်ဆာ စတုတ္ထ အဆင့်အထိ ရောက်နေကြောင်း သိလိုက်ရပါတယ်…

Ann ဟာ ဒီရောဂါဆိုး ကြီးကို တိုက်ထုတ်နိုင်မဲ့ နည်းမျိုးစုံ ကို လေ့လာရှာဖွေတဲ့အခါ အရေပြားရောဂါဆိုးကြီးကို ခံစားခဲ့ရတဲ့ Ralph Kalley ရဲ့  ဖြစ်စဉ်ကို သိလာခဲ့ပါတယ်.. Ralph Kalley ရဲ့  အပြော အရဆိုရင်တော့ သူဟာ ၂.၅ ကီလိုဂရမ် အလေးချိန်ရှိတဲ့ မုန်လာဥနီ ဖျော်ရည်ကို နေ့စဉ် တိုင်း တစ်နေကုန်သောက်သုံးရင်းနဲ့  သူ့ ရဲ့  အရေပြားကင်ဆာ ကို ကုသနိုင်ခဲ့တယ်လို့  ဆိုပါတယ်…

Annကတော့ အောက်ပါ နည်းများနဲ့ သူမရဲ့ ကျန်းမာရေးကို တိုးတက် စေခဲ့တယ် လို့ ဆိုပါတယ်..

မုန်လာဥနီ ဖျော်ရည်ကို ၈ ပတ် ဆက်တိုက် သောက်ပြီးနောက် ကင်ဆာဆဲလ် တွေ ပြန့် နှံ့ ခြင်း မရှိတော့ပဲ အသားပိုတွေဟာလည်း ကျုံ့ လာတယ်ဆိုတာကို စမ်းသပ် တွေ့ ရှိခဲ့ရပါတယ်.

၎ လ ခန့်  ဆက်တိုက် သောက်ပြီးချိန်မှာ တော့ အဖုအကျိတ်လေးတွေ ဟာ ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီး ကင်ဆာဆဲလ်တွေကိုလည်း ဆက်လက် ထိန်းချုပ် ကုသနိုင်ကြောင်းတွေ့ ရှိခဲ့ ပါတယ်..

၈ လ ပြည့်တဲ့ အချိန်မှာတော့ နေ့စဉ် တစ်နေကုန် မုန်လာဥနီ ဖျော်ရည်ကို မပျက်မကွက် သောက်ခဲ့ တဲ့ ကျေးဇူးနဲ့  ကင်ဆာရောဂါ လုံးဝ ပျောက်ကင်းသွားကြောင်း စစ်ဆေး တွေ့ ရှိခဲ့ရပါတယ်…

အခုလို အံ့သြစရာ ရလာဒ် များ ကို ရစေခဲ့တာကတော့ မုန်လာဥနီ ဖျော်ရည်မှာ ပါဝင်တဲ့ Fatty Alcohol ၊ ကင်ဆာဖြစ်စေသော ဆဲလ်များကို သဘာဝအလျောက် သေစေတဲ့ ဓါတ်များ နဲ့  မုန်လာဥမှာ ပါဝင်တဲ့ Carotene တို့ က ကင်ဆာဆဲလ်များ ဖြစ်ပွားခြင်းကို ထိထိရောက်ရောက် ကာကွယ်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။

သူမရဲ့ မုန်လာဥနီ ဖျော်ရည် ကုထုံး ကို ဆောင်ရွက်လို့ အပြီးမှာ အခုလို ထိရောက်တဲ့ ရလာဒ်ကောင်းများ ရခဲ့ပြီးတဲ့နောက် Ann Cameron ဟာ “မုန်လာဥနီ ဖြင့် ကင်ဆာရောဂါကို ကုသခြင်း” ဆိုတဲ့ စာအုပ် ကို ရေးသား ထုတ်ဝေခဲ့ပါတယ်။ စိတ်ဝင်စားသူတွေ အနေနဲ့  Amazon website မျာ ၀ယ်ယူနိုင်ပါတယ်။

မုန်လာဥနီ ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများ (တစ်ခွက်စာ)

- မုန်လာဥနီ ၆ တောင့် (၂.၅ ကီလို ဂရမ် ခန့်)
- သံပုရာသီး တစ်ခြမ်း (အနံ့မွှေးကြိုင်စေရန်)
- ၁ လက်မ ခန့်  အရွယ် ဂျင်း တစ်တက်
- နနွင်းမှုန့်  လက်ဖက်ရည်ဇွန်း တစ်ဝက် သို့ မဟုတ် ၄ ပုံ ၁ ပုံ
- သစ်ဂျပိုးခေါက် အမှုန့်  လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
- ရေဖန်ခွက် တစ်ဝက်

ပြင်ဆင်ပုံ

ပါဝင်သည့် ပစ္စည်းများအားလုံးကို (သစ်ဂျပိုးခေါက်မှုန့် မှ လွဲပြီး) သစ်သီးဖျော်စက်ထဲသို့ ထည့်ကြိတ်ပါ၊ ထို့ နောက် အဖတ်များကို သေချာစွာ စစ်ထုတ်ပြီး သစ်ဂျပိုးခေါက်မှုန့် ထည့်ပြီး သေချာစွာမွှေပါ။ ခပ်ကျဲကျဲ သောက်လိုပါက ရေထပ်ထည့် နိုင်ပါသည်။

ကျောက်ဖရုံသီးအစွမ်း

ကျောက်ဖရုံသီးအာနိသင်
▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲

ကြည်လွင်မြင့် (မုဒြာ)

စာရေးသူ၏မိတ်ဆွေတစ်ဦးသည် ကျောက်ကပ်မကောင်းသောရောဂါဖြင့်
ပြည်တွင်း အထူးကု ဆရာဝန်ကြီးများပြသနေရာမှ တစ်နှစ်အကြာ တွင် ဂေါက်ခေါ်အဆစ်ရောင် ရောဂါပါ ပါဝင်လာသဖြင့် (ငွေကြေးလည်းတတ်နိုင်သူဖြစ်သဖြင့်) စင်ကာပူနိုင်ငံသို့ သွားရောက်ပြသကုသနေရသည်။ ဆေးများ စားနေရသည့်အပြင် လိုအပ်သောသွေး စစ်ချက်များကို စင်ကာပူနိုင်ငံသို့ပို့ပြီး စမ်းသပ်နေရသည်။
လွန်ခဲ့သောရက်ပိုင်းက သူက ဝမ်းသာအားရဖြင့် ဖုန်းဆက်လာသည်။ သူ၏ကျောက်ရောဂါမှာ ထူးထူးခြားခြားသက်သာပြီဟုဆိုသည်။

သက်သာသည်ဟုပြောရ ခြင်းမှာ စင်ကာပူနိုင်ငံသို့ပို့၍ စစ်ဆေးရသော သူ၏သွေးစစ်ချက်အဖြေများမှာ တိုးတက်ကောင်းမွန် လာပြီး ကျောက်ကပ်အစားထိုးကုသ ရမည့်ဘေးမှ ကင်းလွတ် သွားပြီး ဆက်၍ အစားအသောက် အနေအထိုင် ဂရုပြုရန်သာလိုသည်ဟု ဆိုသည်။
''သူငယ်ချင်းက တိုင်းရင်းဆေးဆရာကြီးပဲ၊ ငါဘယ်ဆေးနဲ့သက်သာသွားလဲ သိချင်လား . . .''ဟု သူက မေးပါသည်။ စာရေးသူက ''ပြောပြပါ . . . '' ဆိုမှ သူ၏အဖြေမှာ ''ကျောက်ဖရုံသီးအစွမ်း ပေါ့ကွာ''ဟု ဆိုသည်။ အမှန်ပင် ကျောက်ဖရုံ သီးတစ်လုံး အလယ် အူတိုင်ဖယ်၊ အသားများကို ယူပြီး သကြားရည်နှင့်ရောစပ်ပြီး ဖျော်ရည်စက်တွင်ထည့်၍ ဖျော်ရည်လုပ်သောက်ရာမှ ၁ဝ ရက်ခန့်တွင် သွေးစစ်ချက် များတိုးတက်လာပြီး တစ်လကျော်ကြာသောအခါ ကောင်းမွန်သည့်အဆင့်သို့ ရောက်ရှိခဲ့ သည်ဟုဆိုသည်။ ထို့အပြင် ကျောက်ဖရုံသီးကို ဟင်းချိုအဖြစ်လည်းချက်ပြီး နေ့စဉ်စားခဲ့သည်ဟု ပြောပါသည်။
ကျောက်ကပ်လဲရမည့်သူတစ်ဦး ပြန်ကောင်းလာသည်ဆိုသဖြင့် ကျောက်ဖရုံ သီး၏အစွမ်းထက်သော ဆေးဖက်ဝင်ပုံကို လေ့လာဆန်းစစ်ကြည့်လိုစိတ်များ ဖြစ်ပေါ်လာပါသည်။

ကျောက်ဖရုံသီးကို ဟင်းချိုချက်စားသည်ထက် ဟင်းခါးချက်၍စားသူက ပိုများသည်။ ဟင်းချိုတွင် ငရုတ်ကောင်းမှုန့်အနည်းငယ် ခပ်လိုက်လျှင် ဟင်းခါးဖြစ် သွားသည်။ အသားငါးနှင့် ရောချက်စား၍လည်း ရပါသည်။ ကျောက်ဖရုံယိုသည် အလွန်စားကောင်းပြီး ဧည့်သည်များကို တည်ခင်းဧည့်ခံလျှင် အမြင်လှသော အချို စားဖွယ်ဖြစ်သည်။
ရှေးကလူကြီးများ အသက်ကြီးလာလျှင် ဆီးပြဿနာရှိလာသဖြင့် ကျောက် ဖရုံသီးဟင်းချိုကို ပုစွန်ခြောက်၊ ငါးကျည်းခြောက်များဖြင့် ရောချက်ပြီး ဓာတ်စာ အဖြစ် စားလေ့ရှိကြသည်။

ကျောက်ဖရုံသီးကို မိုးကြိုးကွင်းသည်ဟူသောအယူအဆဖြင့် အိမ်ခေါင်မိုး ပေါ်တွင် တင်ထားသူများ လည်းရှိသည်။ ကျမ်းစာများတွင် မပါသော်လည်း ရှေးအယူ အဆအဖြစ် ယုံကြည်သူများက ပြု လုပ်နေကြဆဲဖြစ်သည်။

ကျောက်ဖရုံသီးသည် အပုပ်နံ့ကို စုပ်ယူသည်ဟုယူဆပြီး ရှေးက ၅ ရက်၊ ၇ ရက်ထားသော အသုဘအိမ်များတွင် လူသေကောင်ခြေရင်း (သို့မဟုတ်) အောက် တွင် ကျောက်ဖရုံသီးကို ထား လေ့ရှိသည်။ အချို့က ထက်ခြမ်းခွဲပြီး ဗိုက်ပေါ်မှောက်ထား သည်လည်းရှိသည်။ ထက်ခြမ်းခွဲပြီး အလောင်းအနီးအနားတွင်ထားသည်လည်း ရှိသည်။ အရပ်ဓလေ့အမျိုးမျိုးရှိသည်။ ဤသို့ထားရှိသည်ကိုမြင်ပြီးနောက် အချို့က ကျောက်ဖရုံသီးကို မစားချင်ကြတော့။ အမြင်ကြောင့် အစွဲအလမ်း ဖြစ်ပြီး မစား ချင်ဖြစ်သွားပုံရသည်။

အမှန်တော့ ကျောက်ဖရုံသီးသည် ကျန်းမာရေးအတွက်တန်ဖိုးရှိသော အစာ ဖြစ်သည်။ အထူးသဖြင့် ဆီးနှင့်ကျောက်ကပ်အတွက် အလွန်ကောင်းသည်။ အရွက်၊ အညွန့်၊ အသီး သုံးမျိုးလုံးစားကောင်းသောအသီးမျိုးဖြစ်သည်။ ကျောက်ဖရုံသီးသည် တာရှည်လည်းအထားခံသည်။ ကျောက်ဖရုံသီး၏အထူးဆေးစွမ်းမှာ ဆီးအိမ်ကို သန့်ရှင်းစေသည်ဟု ရှေးဆေး ကျမ်းများစွာက ဖော်ပြသည်။
အရှင်နာဂသိန်၏ အခြေပြုဆေးအဘိဓာန်တွင် ကျောက်ဖရုံသီးသည် အားတိုး၊ သုတ်ပွားစေ၏။ ကြေခဲ၏၊ မှည့်သောအသီးသည် ဝမ်းမီး တောက်စေ ၏။ ကြေလွယ်၏။ ဆီးအိမ်ကို သုတ်သင်တတ်၏။ သည်းခြေ၊ ဒေါသကို နိုင်၏။ ထို့အပြင် အရူး၊ သွေးလေ ဖောက်ပြန်သောရောဂါ တို့ကိုလည်းနိုင်၏။
ထို့အပြင် နှလုံးငြိမ်စေသောအစာဖြစ်ကြောင်း ကျမ်းစာများ တွင် ဖော်ပြသည်ကို လေ့လာတွေ့ရှိရသည်။ ရသာ၊ ဓာတုဆေးကျမ်းတွင် -
ကျမ်းလာမဖောက်၊ သိလျှင်မြောက်စုံ၊ ကျောက်ဖရုံမူ၊ မတူအရေး၊ သွေးနှင့်ယုတ္တံ သင့်ပြန်ခြင်းရာ၊ အားကိုသာလျှင်၊ ပဝတ္တတိ၊ ဖြစ်လေဘိသုံး၊ နှလုံးငြိမ်စေ၊ ဆောင်ရွက် ပေးသည်၊ ညာကြေအံ့၍ မခန်းတည်း . . . ။

ကျောက်ဖရုံသီးသည်

အပြစ်ကင်းသည့်အသီးမျိုးဖြစ်သည်။ ကျောက်ဖရုံသီးစားပြီး တစ်စုံတစ်ရာဖြစ်သည်ဟု မကြားဖူးပါ။ အသီး၏မျိုးနွယ်မှာလည်း ရုက္ခဗေဒပညာအရ ဘူးသီးမျိုးရင်းဖြစ်၍ ပို၍အ္တရာယ်ကင်းသည်။ တစ်နှစ်ခံနွယ်ပင်မျိုးဖြစ်သည်။ အသီးနှင့်အရွက်တွင် ဘူးသီးထက် ပို၍ အမွေးအမှင်ကြမ်းကလေးများ ပါရှိသည်။ အသီးအရွက်တွင် အမွေးအမျှင်ကလေးများပါရှိခြင်းသည် ဓာတ်သဘောအရ အာကာသဓာတ်ပါရှိသည့်သဘောဖြစ်သည်။ အပိတ်စာ၊ အတက်စာ မဟုတ်။ အပွင့်စာ၊ အသက်စာဖြစ်သည်။

ကျောက်ဖရုံသီးကို ဆေးဖော်စားသဖြင့် ကုသရန်ခက်ခဲ သည့် ကျောက်ကပ်ဖော ရောဂါ ပျောက်ကင်းသည်ကို လွန်ခဲ့သော ၁ဝ နှစ်ခန့်က ကိုယ်တွေ့ တွေ့ဖူးပါသည်။ ကျောက်ကပ်အလုပ် မလုပ်သဖြင့် ဆီးကောင်းစွာမသွားနိုင်ဘဲ ဆီးခုံမှစ၍ အောက် ပိုင်း ခြေနှစ်ဖက် လုံးရာင်ပြီး ခြေခုံနှစ်ဖက်လုံး ဖောင်းကားပြီး စီးနေကျဖိနပ်ပင် မဝင်၊ မဆံ့တော့သောရောဂါမျိုးဖြစ်သည်။ ဆေးဖော်စပ်ပုံကို တင်ပြပါမည်။
ကျောက်ဖရုံသီးအလုံးရင့်ရင့်တစ်လုံးကို ထိပ်ပိုင်းလက်လေးသစ်ခန့်မှ ဖြတ်လိုက် ပါသည်။ အတွင်းမှ အစေ့များပါသောအူတိုင်ကို ဖယ်ထုတ်လိုက်ပါ၊ ထို့နောက် လွတ်သွားသော အလယ် အူကြောင်းတွင် ချွတ်ဆေးမသုံးသည့် သကြားအညိုကို ဝင်ဆံ့သလောက်ထည့်ပါသည်။ ထို့နောက် ဖြတ်ထားသော ထိပ်ပိုင်းကို ပြန်အုပ်ပြီး လက်နှစ်လုံးခန့်ရှိသော ပိတ်စနှစ်ပေခန့်အရှည်တွင် ကွမ်းစား ထုံးကို သုတ်လိမ်းပြီး အသီးထိပ်ပိုင်း အဖုံးမရွေ့စေရန် ပတ်ထားပါသည်။ ထိုကျောက်ဖရုံသီးကို နတ်အုန်းဆွဲသကဲ့သို့ ကြိမ်ဆိုင်းကြိုးဝယ်ယူပြီး လေထဲတွင် ချိတ်ဆွဲထားသည်။ အတွင်း၌ဓာတ်ပြုသွားစေရန် ၃ ရက်မှ ၅ ရက်အထိ ထားရသည်။ ရက်စေ့လျှင် ဆွဲထားသော ကျောက်ဖရုံသီး ဖင်ပိုင်း အောက်တည့်တည့်မှ စူးချွန်ဖြင့်ဖောက်လိုက်ပါ။ အရည်များကျလာမည်။ ထိုအရည်ကို ခံယူပြီး ပုလင်းများဖြင့် ထည့်သိမ်းထားပါ။ အေးသောနေရာတွင်ထားပါ။ အချို့တောအရပ်တွင် စပါးရှိလျှင် စပါး သို့မဟုတ် စပါးခွံပုံးထဲ မြှုပ်သိမ်းထားလေ့ရှိသည်။

ကျောက်ဖရုံသီးနှင့်သကြားအရည်ကို တစ်နေ့လျှင် တစ်ပုလင်းစာ၊ နှစ်ကြိမ် သုံးကြိမ်ခွဲ၍ သောက်သုံးပေးရပါသည်။ ဆီးများစွာသွားပြီး အရောင်များ ကျသွား သည်ကို တွေ့ရပါသည်။ ထိုဆေးသည် ကျောက်ကပ်ကို သန့်စင်စေသည်။ အလုပ် ပြန်လုပ်စေသည့်ဆေးမျိုးဖြစ်သည်။

သကြားထည့်ရသော ဆေးမျိုးဖြစ်သဖြင့် ဆီးချိုရောဂါရှိသူများအတွက်တော့ အဆင်ပြေမည်မဟုတ်ပါ။ ကျောက်ဖရုံသီး၊ ကျောက်ဖရုံရွက်၊ အစေ့၊ အပင်၊ အမြစ်အားလုံး ဆေးဖက်ဝင်ပါ သည်။ ဆေးကျမ်းများအဆိုအရ -
- ကျောက်ဖရုံအပွင့်ကို စားပေးလျှင် ဝမ်းပျက်ဝမ်းလျှောရောဂါ သက်သာ စေနိုင်သည်။
- အသီးကိုစားခြင်းဖြင့် အားရှိစေသည်။ အဆုတ်ရောဂါနှင့်သင့်သည်။ သွေးအန်သွေးကျ ရောဂါသက်သာစေသည်။
- အသီးကို နေ့စဉ်စားသုံးလျှင် ဆီးနှင့်ကျောက်ကပ်ရောဂါများအတွက် အကျိုးပြုသည်။ ဆီးအိမ်ကို သန့်စင်စေသည်။
- အသီး၏အရည်ကို နေ့စဉ်သောက်သုံးပေးလျှင်၊ ဖျော်ရည်ပြုလုပ်၍ သောက်လျှင် ကျောက်ကပ်မှ ကျောက်ကျစေသည်။
- အသီးထဲတွင် ရှိန်းခိုနှင့် ဂျုံပြဆား အနည်းငယ်ထည့်၊ အရည်ကို စစ်သောက် လျှင် ကျောက်များ ကွဲ၍ ကျစေနိုင်သည်။
- ကျောက်ဖရုံသီးကို အရည်ဖျော်၍ လေနာ၊ ဝက်ရူးနာ၊ အရူးရောဂါများ အတွက်လည်း သုံးသည်။
- ကျောက်ဖရုံစေ့ကို ကလေးသန်ချဆေးအဖြစ်သုံးသည်။
- ကျောက်ဖရုံပင်အမြစ်ကို အခြောက်မှုန့်ပြုလုပ်သောက်သုံးလျှင် ပန်းနာ ရင်ကျပ်ရောဂါ သက်သာပျောက်ကင်းစေသည်။
- ကျောက်ဖရုံယိုသည် အစာအိမ်၊ ဆီးအိမ် ပူသောရောဂါကို ငြိမ်းစေနိုင်သည်။ အစာကိုလည်း ကြေစေနိုင်သည်။

Friday, September 2, 2016

ဓမ္မပဒအဖော်မွန် Facebook page


facebook page တွင် ဓမ္မပဒအဖော်မွန် ဖတ်ရှုရန်
(ဖုန်းဖြင့်)

m.facebook.com/dhammapada4u/

m.facebook.com/ashin.nyana.vara.parami/

facebook page တွင် ဓမ္မပဒအဖော်မွန် ဖတ်ရှုရန်
(ကွန်ပြူတာဖြင့်)
https://www.facebook.com/dhammapada4u/

https://www.facebook.com/ashin.nyana.vara.parami/

ဓမ္မပဒအဖော်မွန် လိုဂိုအကြောင်း

ဓမ္မပဒအဖော်မွန် logo အကြောင်း

ကိုယ်ပိုင် logo လေးတစ်ခု မှတ်မှတ်သားသား သုံးတော့မယ်လို့ စဉ်းစားနေတာ ကြာပါပြီ။
စိတ်ကူးအကြမ်းထည်က ကြာပွင့်ဖူးလေးကိုကိုင်ရင်း လက်အုပ်ချီထားတာရယ်၊ (၂၄)ပစ္စည်းစက်ဝိုင်းရယ် ဒီနှစ်ခုကို ပေါင်းစပ်ထားတဲ့ပုံလို့ စဉ်းစားထားခဲ့ပါတယ်။
'' လက်အုပ်တစ်ကြိမ်၊ ဦးနှိမ်တစ်ချ၊ တစ်ပွင့်မျှပန်း၊ မြေမှုန့်ဆွမ်းကို လှူဒါန်းကာမျှဖြင့် ကြီးကြယ်ဖွံ့ဖြိုး၊ တောင့်တတိုင်းသော အကျိုးကို ပေးစွမ်းနိုင်တော်မူပေသော မြတ်စွာဘုရား၊ မြတ်စွာဘုရား " ဒီစာလေးက ဦးဇင်းတို့ ဘုရားဝတ်တက်တိုင်း ရွတ်ရတာပါ။ ကြာပွင့်ဖူးလက်အုပ်ချီပုံလေးကလည်း ဦးဇင်းတို့ကျောင်းရဲ့ ဝတ်ပြုစာအုပ်မျက်နှာဖုံးကပါ။ ဓမ္မစာရေးတယ်ဆိုတာ မြတ်ဗုဒ္ဓကို ပူဇော်ခြင်းတို့ မှတ်ယူပြီး ဒီပုံလေးကို ယူသုံးထားတာပါ။
ပဋ္ဌာန်းစက်ဝိုင်းကတော့ ဦးဇင်းကိုင်နေတဲ့ ယပ်တောင်က စက်ဝိုင်းပုံစံပါ။ ဓမ္မစာရေးတာက ယပ်တောင်လို အပူဝေး အေးမြပါစေ ဆိုတဲ့ သဘောနဲ့ပါ။ မြတ်ဗုဒ္ဓလက်ထက်မှာ ကတည်းက တရားဟောရင် ယပ်ကိုင်တဲ့အလေ့အထလည်း ရှိခဲ့ပါတယ်။ အစက နိုင်ငံတကာမှာ အသုံးများတဲ့ တရားစက်ဝိုင်းကို သုံးမလို့ စဉ်းစားခဲ့ပေမယ့် မြန်မာမှာ အသုံးများတဲ့ (၂၄)ပစ္စည်းစက်ဝိုင်းကိုပဲ မြန်မာဆန်ဆန်သုံးလိုက်ပါတယ်။ ပဋ္ဌာန်းစက်ဝိုင်းမြင်ရတဲ့အခါ အရာရာဟာ အကြောင်းနဲ့အကျိုးသာရှိတယ်။ အကြောင်းတရားများစွာ ပေါင်းစုပြီး နည်းအမျိုးမျိုးနဲ့ အကျိုးတရားထုတ်လုပ်တာ ဆိုတဲ့ သဘောတရားကိုလည်း ကိုယ်ကိုယ့်ကိုယ် သတိရနေဖို့ပါ။ အနှိုင်းမဲ့မြတ်ဗုဒ္ဓရဲ့ အနှိုင်းမဲ့ဉာဏ်တော်ကြီးကိုလည်း ပူဇော်တဲ့သဘောပါ။
ကြာပန်းထည့်ရတာက ဓမ္မပဒဂါထာ ၅၈၊ ၅၉ ကို အဓိက ရည်ညွှန်းပါတယ်။
မီးလျှံတွင်းမှာ ပွင့်တဲ့ကြာ
( ဓ- ၅၈ - ၅၉ )
လမ်းမကြီးဘေး၊
စွန့်ပစ်ထားတဲ့ ရွံဖွယ်ပေါင်းစုံ အမှိုက်ပုံမှာ
စင်ကြယ်သန့်ရှင်း မွှေးရနံသင်းတဲ့
ပဒုမ္မာကြာပန်းကြီးဟာ
နှစ်သက်မြတ်နိုးဖွယ်ရာ တင့်တယ်ပေါ်ပေါက်
ပွင့်ထွန်းလာသလို …...

အမှိုက်ပုံကြီးနဲ့တူတဲ့ -
ကိလေသာများပြီး ဉာဏ်မျက်စိကန်းသူတွေကြားမှာ၊
(ကြာပန်းနဲ့တူတဲ့ -)
ဘုရားရှင်စကားနားထောင်သူဟာ
အသိလိမ္မာဉာဏ်ပညာနဲ့
ကြည်ညိုမြတ်နိုးစရာ၊
အလွန်တင့်တယ်နေပါတယ်။

{ အမှိုက်လို - ပုထုဇဉ်အကန်းတွေအလယ်မှာ၊
ကြာပန်းလို -  မြတ်ဗုဒ္ဓသာဝကဟာ
ပညာအလင်းနဲ့
နှစ်သက်မြတ်နိုးစရာ၊
တင့်တယ်လိုက်တာ။ }
၅၈.
ယထာ သင်္ကာရဌာနသ္မိံ ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။
ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။
၅၉.
ဧဝံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။
အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

ကြာပန်းငယ် (၂၄)ပွင့်ကတော့ ရတနာသုံးပါးဂုဏ်တော်များ (၉+၆+၉=၂၄) ကို ရည်ညွှန်းပါတယ်။
ရတနာသုံးပါးဂုဏ်တော်တွေ ရေတွက်လို့မရ အနန္တကို အကျဉ်းချုပ်ပေါ့။

အဲဒီစိတ်ကူးအကြမ်းထည်ကို  ဦးဇင်းရဲ့မိတ်ဆွေ ဦးဇင်းဦးဝိမလ - တောင်ငူ ဆီကို Messenger ကတစ်ဆင့် လျောက်ထားပြီး အကူအညီတောင်းခံခဲ့ပါတယ်။ ဆရာတော်က အင်တာနက်က ပုံတွေထပ်ရှာပေးပြီး လိုအပ်သလို ပိုမိုကောင်းမွန်အောင် ပေါင်းစပ်ဖန်တီး ဒီဇိုင်းပြုပြင်ပေးခဲ့ပါတယ် ။ ဦးဝိမလ - တောင်ငူ ရဲ့ ကျွမ်းကျင်မှုကြောင့် မြတ်နိုးစရာပုံလေး(၃)ပုံ ထွက်လာပါတယ်။ဝမ်းသာလိုက်တာ။
ဒီပုံလေးတွေကို ဦးဇင်းရဲ့ ဓမ္မပဒအဖော်မွန် page ရဲ့ profile picture အဖြစ်သုံးမှာပါ။ တကယ်လို့ အဆင်ပြေတဲ့အချိန် စာအုပ်ထုတ်ဖြစ်ခဲ့ရင်လည်း သုံးမှာပါ။
တကယ်တော့ ဒီ လိုဂိုဒီဇိုင်း ဟာ စတင်တီထွင်တာမျိုးမဟုတ်ဘဲ ရှိပြီးသား ဒီဇိုင်းတွေကို သင့်တော်သလို ပေါင်းစပ်ဖန်တီးပြုပြင်ထားတာပါပဲ။ ဦးဝိမလ_တောင်ငူ  ပြင်ဆင်ရေးဆွဲပေးတဲ့ ဒီဇိုင်း ဟာ ဦးဇင်းစိတ်ကူးထဲက ဒီဇိုင်းထက် အများကြီးပိုကောင်းနေလို့ ဝမ်းသာရပါတယ်။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ ဒီပုံလေးတွေကို profile picture အဖြစ် တင်လိုက်ပါပြီ။
မြတ်ဗုဒ္ဓ၏ ဓမ္မပဒကိုလည်း စကားပြောဟန်နဲ့ ပူဇော်တင်ဆက်တော့မှာဖြစ်ပါကြောင်း ---

အရှင်ဉာဏဝရ (ပါရမီ)
18.8.2016
၁၃၇၈၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

blog တွင်လည်းဖတ်ရှုနိုင်ပါသည်

အောင်သိဒ္ဓိ
aungteikdi.blogspot.com

မနောကြာဖြူ
manawkyarphyu969.blogspot.com

ဓမ္မပဒအဖော်မွန်
dhammapada4u.blogspot.com

ဓမ္မပဒအဖော်မွန်
dhammapada4.blogspot.com

အရှင်ဉာဏဝရ(ပါရမီ)

Sunday, March 6, 2016

ဗုဒ္ဓဂယာဘုရားဖူးမှတ်တမ်း ဒိုင်​ယာရီ

ဗုဒ္ဓဂယာဘုရားဖူးမှတ်တမ်း ဒိုင်​ယာရီ
သာကီနွယ်ဖြင့် ၁၀ ညအိပ်ခရီးစဉ်

12.2.16
ရွှေတိဂုံစေတီတော်ကြီးဖူး
၂ ရက်အတွင်း ၄ ခါဖူး
ထူးထူးခြားခြား ​ရွှေတိဂုံ စေတီတော်ကြီးကို  အိပ်မက်မက်။ စက္ကန့်ပိုင်းလောက်သာ။

14.2.16
11 နာရီ လေယာဉ်တက်
2 နာရ်ီခန့်စီးရ

ပွင့်တော်မူရာ ဗုဒ္ဓဂယာဖူး
4 နာရီမှ 7

15.2.16
၇ နာရီမှ
နေရဉ္ဇရါမြစ်
ဒုက္ကရစရိယာတောင်
ဂယာသီသတောင်
ဥရုဝေလတောစခန်း
သုဇာတာနို့ဆွမ်းကပ်
သုတ္ထိယမြက်ရှစ်ဆုပ်လှူရာ

ကျောင်းပြန် နေ့ဆွမ်း ပြီး ဗာရာဏသီသို့ထွက်
ည ၉ နာရီ ဗာရာဏသီ ရောက်
16.2.16
ဗာရာဏသီ ချောက်ခန်တီစေတီ
တရားဦးဟောတော်မူရာ ဣသိပတနမိဂဒါဝုန် ဓမ္မရာဇိကစေတီ
ဓမ္မေခစေတီ
ဓမ္မပါလပြတိုက်

ည ၆ ခွဲ သာဝတ္ထိသို့
မနက် 17.2.16  ၄ နာရီရောက်

သရက်ဖြူကုန်း
်သုဒတ္ထ အနာထပိဏ်စေတီ
အင်္ဂုလိမာလစေတီ
ဇေတဝန်ကျောင်းတော်ရာကြီး
အာနန္ဒာဗောဓိညောင်ပင်

18.7.16
မနက် ၆နာရီ ခွဲ နီပေါလ် လုမ္ဗိနီသို့ ထွက်
၁ ခွဲရောက်။ လမ်းပျက်။
နေ့ဆွမ်း ကားပေါ်မှာသာ မုန့်ဘုဉ်းရ။

ဖွားတော်မူရာ နီပေါနိုင်ငံရှိ လုမ္ဗိနီ ဖူး။
အိန္ဒိယ.နီပေါလ် နိုင်ငံရေးအခြေအနေအရ ကပိလဝတ်နန်းတော်ရာဟောင်းနှင့် နိဂြောဓာရုံကျောင်းတော်ရာ မသွားခဲ့ရ။

နံနက်၆ ခွဲ ကုသိနာရုံသို့ထွက်
တေဇောဓာတ်လောင်ကျွမ်းရာ အင်္ဂါရစေတီ
ရေကြည်တော်သုံးဆောင်ရာ မထကုန်ဝရုပ်ပွားတော်

နေ့ဆွမ်းပြီး ပရိနိဗ္ဗာန်စံတော်မုရာ ဖူး
ခဏနားပြီး
နောက်တခေါက်ထပ်ဖူး၊ သာကီနွယ်အဖွဲ့စုပေါင်း ရွှေသင်္ကန်းနှစ်စုံကပ်
၅ ခွဲ တံခါးပိတ်မှပြန်ခဲ့။

20.2.16
နံနက် ၆ခွဲ ထွက်
နောက်ဆုံး ရေချိုးတော်မူရာ ကကုဓာမြစ်ငယ်
သပိတ်တော်စေတီကေဆရိယ

၁၁ နာရီ  ဝေသာလီသို့ရောက်
ဝေသာလီဓာတ်တော်တိုက်
လိစ္စဝီမင်္ဂလာရေကန်၊ ဝေဠုကာရုံကျောင်းတော်ရာကြီး

21.2.16
နာလန္ဒာတက္ကသိုလ်ကိုလေ့လာပြီး နေ့ဆွမ်းဘုဉ်း

တောင်ငါးလုံးကာခို ရာဇဂြိုဟ်
ဗိမ္ဗိသာရအကျဉ်းထောင်

ရတနာဂီရိတောင်ပေါ်ရှိ ဝိသျှရှန်တိဂျပန်စေတီ စက်ကြိုးဖြင့်တက်။
ဂိဇ္ဈဂုတ်တောင်ရှိ
အရှင်အာနန္ဒာလိုဏ်ဂူ
အရှင်သာရိပုတ္တရာလိုဏ်ဂူ
မြတ်​ဗုဒ္ဓ သီတင်းသုံးရာကျောင်း

သာမညဖလသုတ်ဟောတော်မူရာ ဇီဝကဥယျာဉ်
ဆွန်ဘဏ္ဍာတိုက်
ရာဇဂြိုဟ် ဓာတ်တော်တိုက်မဏိရာမတ်

22.2.16
နံနက် ၆ နာရီ ရာဇဂြိုဟ် ဝေဠုဝန်ဥယျာဉ်
တပေါဒေါရေပူစမ်း
ပိပ္ပလိဂူ
သတ္တပဏ္ဍိဂူ

၁၂ နာရီ ဗုဒ္ဓဂယာ သို့ တကျော့ပြန်ထွက်ခွာ
၂ ခွဲရောက်
အန္တိမဗောဓိကရုဏာကျောင်းအတွက်လှူခဲ့

ည ၇ နာရီမှ ၈ ခွဲ ဗုဒ္ဓဂယာ ဖူး

23.2.16
မဟာဗောဓိမှာ တနေလုံးနီးပါးဖူးခဲ့
ည ၉ နာရီ ပိတ်ချိန်

24.2.16
ဖွင့်ချိန် နံနက် ၅ နာရီတကြိမ်ဖူး
ဆွမ်းပြန်ဘုဉ်း
၇ နာရီမှ ၉ နာရီထပ်ဖူး
နေ့ဆွမ်းဘုဉ်းပြီး လေယာဉ်တက်။
၂ နာရီခွဲထွက်
မြန်မာနိုင်ငံသို့ ညနေ ၄ ခွဲပြန်ရောက်။

ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ခရီးစဉ်ကြောင့်
သဒ္ဓါတရားနှင့် သံဝေဂများ အရင်ကထက် ပိုမို တိုးပွားထက်သန်လာခဲ့ပါတယ်။

မြဲမြံခိုင်ခံ့တဲ့ သဒ္ဓါ နှင့် သံဝေဂ ဟာ
သတိ ပညာကို အားကောင်းလာစေပြီး
နိဗ္ဗာန်​ ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပေါ်လာစေမှာပါ။

ပို့ဆောင်ပေးသော အလှူရှင်များနှင့်
ကျေးဇူးတင်ထိုက်သူအားလုံးသို့....

အရှင်ဉာဏဝရ

ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာနကဗျာ

သံဝေဇနိယလေးဌာနကဗျာ

#လုမ္ဗိနီသာမော အင်ကြင်းတောမှာ....
သတ္တဝါများစွာ ချမ်းသာရကြောင်း
ဗုဒ္ဓလောင်းလျာ ဖွားမြင်ရာ တည့်။

#ဗုဒ္ဓဂယာ ဗောဓိပင်မှာ....
သစ္စာသိကာ ဗုဒ္ဓါဆူဆူ
ပွင့်တော်မူရာ မြေမြတ်မဟာ။

#မိဂဒါဝုန် တောရဂုံမှာ....
ဘုရားမြတ်စွာ ဓမ္မစကြာ
တရားဦးကို စတင်ဟောရာ။

#ကုသိနာရုံ အင်ကြင်းစုံစုံ တောရိပ်မြုံမှာ...
ပရိနိဗ္ဗာန် ဝင်စံခဲ့တာ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ။

ဖွား ပွင့် ဟော စံ၊ သံဝေဇနိယ လေးဌာနထူး
ကြည်နူးသဒ္ဓါ စိတ်မှန်စွာဖြင့်
သွားဖူးကြရာ....
သံဝေဉာဏ်များ တိုးပွားမြင့်လာ။
လူနတ်ချမ်းသာ ရမည်သိပါ။
ဒုက္ခခပ်သိမ်း ငြိမ်းအေးရာမှန်
နိဗ္ဗာန်ထိသာ ဦးတည်လှည့်ပါ။

မြတ်စွာဗုဒ္ဓ ဟောခဲ့ဖော်ပြ
ဖူးမြော်ပူဇော်ကြ လေးဌာန။
ပွားကြ ယူကြ
သဒ္ဓါ သံဝေဂ။

အရှင်ဉာဏဝရ
7.2.16

#ဗုဒ္ဓဂယာ သံဝေဇနိယလေးဌာန ခရီးစဉ်ကြောင့်
သဒ္ဓါတရားနှင့် သံဝေဂများ အရင်ကထက် ပိုမို တိုးပွားထက်သန်လာခဲ့ပါတယ်။

ထက်သန်လာတဲ့သဒ္ဓါ နှင့် သံဝေဂ ဟာ
သတိ ပညာကို အားကောင်းလာစေပြီး
နိဗ္ဗာန် ရောက်ကြောင်း အထောက်အပံ့ကောင်း ဖြစ်ပေါ်လာစေမှာပါ။

အရှင်ဉာဏဝရ
24.2.16