Wednesday, June 3, 2015

မင်းဆရာတော်ကြီး မိန့်ကြားသော အရဟံပုတီးစိပ်နည်း

မင်းဆရာတော်ကြီး မိန့်ကြားသော အရဟံပုတီးစိပ်နည်း

ဒီ သူတော်စင်တွေဟာ သမာဓိဘာဝနာ ကုသိုလ်ဖြစ်ဖို့ရန်အတွက် ဗုဒ္ဓဘာသာ သူတော်စင်တွေဟာ များသောအားဖြင့် မြတ်စွာဘုရားရဲ့ ‘အရဟံဂုဏ်တော်’ကို ပုတီးစိပ်လေ့ရှိကြတယ်။
ဘယ်လို အောက်မေ့ ဆိုပြီးတော့ ပုတီးစိပ်သလဲ”လို့ မေးရင် “သော ဘဂဝါ ဣတိပိ အရဟံ” အဲဒါကို တခေါက်ဆိုပြီးလျှင် ပုတီးတလုံး ချတယ်လို့ ဖြေကြပါတယ်။
မိမိဆိုတဲ့ ပါဠိစကားရဲ့ အနက်အဓိပ္ပာယ်ကို အကျယ်ဆိုပြီး အသိဉာဏ်ရပြီးတော့မှ ‘သော ဘဂဝါ ဣတိပိ အရဟံ’လို့ တခေါက် ဆိုလိုက်ရရင် တခေါက်ဆို ဆိုသလောက် အင်မတန် တန်ဖိုးရှိပါတယ်။
အရဟံဂုဏ်တော်ကို နှလုံးသွင်းတဲ့နေရာမှာ ဘုရားရှင်ကိုယ်တော်မြတ်ကို အရဟံ အရဟံလို့ ချီးကျူးရတာ အကြောင်း ငါးပါး ရှိပါတယ်။

အာရကတ္တာ ဟတတ္တာ စ၊ ကိလေသာရီန သော မုနိ။
ဟတသံသာရစက္ကာရော၊ ပစ္စယာဒီန စာရဟော။
န ရဟော ကရောတိ ပါပံ၊ အရဟံ တေန နာယကော။

ကျမ်းဂန်မှာ လာသည့်အတိုင်း -
၁. အာရကတ္တာ စ=တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူခြင်းကြောင့်လည်းကောင်း။
၂.ကိလေသာရီနံ=ကိလေသာတည်းဟူသော ရန်သူတို့ကို။ ဟတတ္တာ စ=ပယ်သတ်အပ်ပြီးဖြစ်တော်မူသောကြောင့်လည်းကောင်း။
၃.ဟတသံသာရစက္ကာရော စ=သံသရာစက်၏ အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်သောကြောင့်လည်းကောင်း။
၎. ပစ္စယာဒီနံ=ပစ္စည်းအစရှိသော အပူဇော်(ပစ္စယပူဇာ+ဓမ္မပူဇာဆိုတဲ့ အပူဇော်အမျိုးမျိုးတို့ကို)။ အရဟတော အရဟတ္တာ စ=ခံထိုက်တော်မူသောကြောင့်လည်းကောင်း။
၅.ရဟော=ဆိတ်ကွယ်ရာ၌။ ပါပံ=မကောင်းမှုကို။ (ယသ္မာ=အကြင့်ကြောင့်။) န ကရောတိ=ပြုတော်မမူ။
(တသ္မာ စ=ထို့ကြောင့်လည်းကောင်း။)
တေန=ထို ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းကြောင့်။
နာယကော=လူသုံးပါးတို့၏ ရှေ့သွားခေါင်းဆောင်ဖြစ်တော်မူသော။
သော မုနိ=ထို မြတ်စွာဘုရားသည်။
အရဟံ=အရဟံ မည်တော်မူပါပေ၏။

(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း
မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို
အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊

(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ
ထိုတစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ဝေးကွာ၊

(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊

(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော
သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊

(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့်
လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက် -

(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်)
တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ
အရဟံ အရဟံ ဟူသော ဂုဏ်တော်ကြီးဖြင့်
အကနိဋ္ဌ ဗြဟ္မာ့ပြည်တိုင်အောင်
ပြန့်လှိုင်ကျော်စောတော်မူသော မြတ်စွာဘုရား ... မြတ်စွာဘုရား ... ။

သော ဘဂဝါ ဣတိပိ အရဟံ

(တစ်ခေါက်ဆုံးမှ ပုတီးတစ်လုံးချ။)

အဓိပ္ပာယ်ကတော့ -

(၁) သံသရာဝဋ်ဆင်းရဲ အပါယ်ဝဋ်ဆင်းရဲ၏အကြောင်း မကောင်းယုတ်မာ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ပယ်သတ်၊

ဒါက အကြောင်းတပါး။

ဒီအကြောင်းက “အရီနံ ဟတတ္တာ”ဆိုတဲ့ အကြောင်းနဲ့ ကိုက်ညီပါတယ်။
တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့ကို အရဟတ္တမဂ်တည်းဟူသော ဉာဏ်သန်လျက်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်တော်မူသောကြောင့်လည်းပဲ မြတ်စွာဘုရားကို အရဟံ အရဟံလို့ ချီးကျူးရပါတယ်။

(၂) ဝါသနာ အငွေ့ဓာတ်နှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှ ဝေးကွာ၊

ဒါက ဒုတိယအကြောင်း။

အာရကတ္တာ”လို့ စာထဲက လာတဲ့အတိုင်း ဆိုခြင်း ဖြစ်ပါတယ်။
တခြား တခြားသော ရဟန္တာပုဂ္ဂိုလ်တွေကော တစ်ထောင့်ငါးရာ ကိလေသာတို့မှ မဝေးကွာဘူးလား။
ဝေးကွာပါတယ်။

ဒါဖြင့် သူတို့ကိုကော အရဟံ အရဟံလို့ မချီးကျူးဘဲ ဘာကြောင့် ဘုရားကိုမှ ကွက်ပြီး ချီးကျူးရတာလဲ။

အဖြေကတော့ မြတ်စွာဘုရားမှာတော့ တစ်ထောင့်ငါးရာ ကိလေသာရန်သူတို့မှရော၊ ထိုကိလေသာတို့ရဲ့ အထုံ အခိုးအငွေ့လို့ဆိုတဲ့ ဝါသနာအငွေ့ဓာတ်မှရော နှစ်မျိုးလုံးမှ ဝေးကွာတော်မူပါတယ်။
ရဟန္တာများကျတော့ တစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာတော်မူကြသော်လည်း ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့လို့ဆိုတဲ့ ဝါသနာကတော့ ကျန်နေသေးတယ်။

ဘုရားရှင်လက်ထက်တော်တုန်းက အရှင်ပိလိန္ဒဝစ္ဆဆိုတာ ရဟန္တာပဲ။
ဒါပေမယ့် သူက အင်မတန် ဇာတ်မြင့်တယ်လို့ ယူဆတဲ့ ဇာတိမန္တပုဏ္ဏားမျိုးမှာ ဘဝငါးရာ ဆက်တိုက် ဖြစ်ခဲ့လေတော့ အဲဒီ ဇာတိမန္တပုဏ္ဏားတွေက “သူတို့မှ ကျန်တဲ့လူမျိုးတွေဟာ လူယုတ်ချည်းပဲ၊ သူတို့ကမှ မြတ်တယ်” အဲဒီလို ဇာတိမာန်တက်ပြီးတော့ ကျန်တဲ့လူတွေကို “ဝသလ=လူညံ့တွေ လူယုတ်တွေ”လို့ပဲ ပြောဆိုကြ အောက်မေ့ကြပါတယ်။
အရှင်ပိလိန္ဒဝစ္တရဟန္တာလည်းပဲ အဲဒီ ဇာတိမန္တပုဏ္ဏားဘဝပေါင်း ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ မာနကိလေသာနှင့်တကွ အနမတဂ္ဂသံသရာက ကိန်းတည်ခဲ့တဲ့ မာနကိလေသာတရားကို အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ အမြစ်ပြတ် ပယ်သတ်နိုင်သော်လည်း ထိုဇာတိမန္တပုဏ္ဏားဘဝ ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ ဇာတိမာန် ကိလေသာ၏ အထုံအခိုး တန်ခိုးအငွေ့ဖြစ်တဲ့ ဝါသနာကိုကား မပယ်နိုင်တဲ့အတွက် ရဟန္တာဖြစ်တော့လည်းပဲ တွေ့တိုင်း တွေ့တိုင်းသော လူများကို “ဝသလ ဝသလ=ဟဲ့ သူယုတ်၊ ဟဲ့ သူယုတ်”လို့ ပြောလေ့ ဆိုလေ့ ရှိပါတယ်။ ရိုးနေတာပ။

ဒီတော့ မြတ်စွာဘုရားကိုယ်တိုင်က “ဟဲ့ သူယုတ်၊ ဟဲ့ သူယုတ်”လို့ အခေါ်ခံရတဲ့ ပုဂ္ဂိုလ်တွေ စိတ်ထဲက မနာအောင် ပိလိန္ဒဝစ္ဆ ရဟန္တာဟာ ပဒုဋ္ဌစိတ်=ပြစ်မှားတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ဘူး။ ဇာတိမန္တပုဏ္ဏားဘဝပေါင်း ငါးရာတုန်းက ကိန်းတည်ခဲ့တဲ့ ဇာတိမာန်ကိလေသာရဲ့ အထုံအခိုး တန်ခိုးအငွေ့ ဝါသနာပါလာလို့ ပြောတာ ဖြစ်တယ်”လို့ ပြန်လည် ဖြေရှင်း ဟောပြတော်မူရပါတယ်။

ရဟန္တာပုဂ္ဂိုလ်များမှာ အဲဒီ အထုံဝါသနာ မပျောက်ဘူး။
မြတ်စွာဘုရားကျတော့ အထုံဝါသနာနှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာတို့ကို ပယ်တော်မူတာဖြစ်လို့ ဝါသနာအငွေ့ဓာတ်နှင့်တကွ ထိုတစ်ထောင့်ငါးရာ ကိလေသာတို့မှ ဝေးကွာ”လို့ ဒုတိယအကြောင်းကို ဖွဲ့ဆိုခြင်း ဖြစ်ပါတယ်။

(၃) ဆိတ်ကွယ်ရာ၌ မကောင်းမှုကို မပြု၊

ဒါက တတိယအကြောင်း။

အ ရဟော ကရောတိ ပါပံ”ကို ကြည့်၍ ဖွဲ့ဆိုထားခြင်း ဖြစ်ပါတယ်။
မြတ်စွာဘုရားမှာ မကောင်းမှု ပြုဖို့ရန် ဆိတ်ကွယ်ရာအရပ်ဟူ၍ လုံးဝ မရှိပါ။
ဒါကြောင့် ဆိတ်ကွယ်ရာ၌ မကောင်းမှုကို ပြုတော်မမူ (ဝါ) မကောင်းမှုကို ပြုဖို့ရန် ဆိတ်ကွယ်ရာ အရပ်ဟူ၍ လုံးဝ ရှိတော်မမူသောကြောင့်လည်းပဲ မြတ်စွာဘုရားဟာ အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူပါတယ်။

(၄) ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တတ်သော သံသရာစက်၏ အကန့်ကို ဖျက်ဆီး၊

ဒါက စတုတ္ထအကြောင်း။

ပကတိ လှည်းဘီးကြီး ရထားဘီးကြီးများ တောင့်တောင့်တင်းတင်း လည်နေနိုင်တာဟာ ထောက်(ဒေါက်)တွေ အကန့်တွေကြောင့် လည်နေနိုင်တာ ဖြစ်တယ်။
ပကတိ လှည်းဘီးကြီး ရထားဘီးကြီးကို မလည်နိုင်အောင် ဘယ့်နှယ်လုပ်မလဲ။
အဲဒီ ထောက်တွေ အကန့်တွေကို ရိုက်ချိုးပစ်လိုက်ရင် မလည်နိုင်တော့ဘူး။

ထို့အတူပဲ မြတ်စွာဘုရားရှင်သည် သံသရာတည်းဟူသော လှည်းဘီးကြီး ရထားဘီးကြီး မလည်နိုင်အောင် ပဋိစ္စသမုပ္ပါဒ်ကို အဦးမူ၍ ကုဋေပေါင်း သုံးသန်းခြောက်သိန်း အရေအတွက်ရှိတဲ့ မဟာဝဇိရ ဝိပဿနာဉာဏ်တော်ဖြင့် ပုညာဘိသင်္ခါရ၊ အပုညာဘိသင်္ခါရ၊ အာနေဉ္ဇာဘိသင်္ခါရ ခေါ်တဲ့ သင်္ခါရတည်းဟူသော သံသရာစက်ရဲ့ အကန့်တွေ ထောက်တွေကို ဖျက်ဆီးပြီးသော အကြောင်းကြောင့်လည်းပဲ မြတ်စွာဘုရားဟာ အရဟံဂုဏ်တော်ရှင် ဖြစ်တော်မူပါတယ်။

ဟတသံသာရစက္ကာရော”ဆိုတဲ့ ပါဠိနဲ့အညီ ဖြစ်ပါတယ်။
ဖြစ်မှုကြိမ်ဖန် အတန်တန် လည်တယ်”ဆိုတာက သံသရာမှာ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်တာကို ခေါ်တယ်။

(၅) ကြီးကဲလွန်မြတ် ဂုဏ်သကတ်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံထိုက်၊

ဒါက ငါးခုမြောက်အကြောင်း။

မြတ်စွာဘုရားမှာ ကြီးကဲလွန်မြတ်တဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ဝိမုတ္တိဂုဏ်၊ ဝိမုတ္တိဉာဏဒဿနဂုဏ် ကျေးဇူးတော်တွေ ရှိတယ်။
ရှိတဲ့အတွက် လူနတ်ဗြဟ္မာ သတ္တဝါတို့ရဲ့ ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် အရဟံဂုဏ်ရှင် ဖြစ်တော်မူပါတယ်။

ပစ္စယာဒီန စာရဟော”ဆိုတဲ့ ပါဠိနဲ့အညီ ဖြစ်ပါတယ်။

ဒီငါးချက်ကို စိပ်စိပ်စေးစေး နှလုံးသွင်းလျှင် မြတ်စွာဘုရား၏ အရဟံဂုဏ်တော်ကို အပြည့်အစုံ နှလုံးသွင်းခြင်း ဖြစ်ပါတယ်။

(ဆိုခဲ့ပြီးတောင်း ငါးပါးသော အကြောင်းတို့ကြောင့်) တစ်သောင်းတိုက်လုံး ခြိမ့်အုံးညိုးညံ အရဟံ အရဟံဟူသော ဂုဏ်တော်ကြီးဖြင့် အကနိဋ္ဌဗြဟ္မာ့ပြည်တိုင်အောင် ပြန့်လှိုင် ကျော်စောတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။

ဆိတ်ငြိမ်ရာမှာ တယောက်တည်း အေးအေးဖြည်းဖြည်း စဉ်းစားပြီး ဆိုပါ။
ဆိုပြီးမှ ... “သော ဘဂဝါ ဣတိပိ အရဟံ”လို့ ဆိုလိုက်လျှင် ”သြော် .. ယခု ငါဆိုခဲ့တဲ့ အနက်အဓိပ္ပာယ်တွေကို ရည်စူးပြီးတော့ “သော ဘဂဝါ ဣတိပိ အရဟံ”လို့ ငါဆိုတာပါတကား၊
ငါဆိုခဲ့တဲ့ “သော ဘဂဝါ ဣတိပိ အရဟံ”သည် ယခု ဆိုခဲ့ပြီးတဲ့ အနက်အဓိပ္ပာယ်နဲ့ ပြည့်စုံတဲ့ ပါဠိပါတကား”လို့ ခြုံပြီးတော့ သိသွားမယ်။

အဲဒါကို သမာဓိဘာဝနာလို့ ခေါ်တယ်။
ဒါနရယ်၊ သီလရယ်၊ သမာဓိရယ်၊ ပညာရယ် လေးမျိုးရှိရာမှာ သမာဓိဆိုတဲ့ အနုဂါမိက ဥစ္စာရတနာ ဖြစ်ပါတယ်။
အဲဒီအတိုင်း မပြတ် မပြတ် ရွတ်ဆို ပွားများကြပါ သူတော်ကောင်းတို့ .. ။

မင်းကွန်းဆရာတော်ကြီး
သာသနာသက္ကရာဇ် ၂၅၁၄-ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၃၂-ခုနှစ် ဝါဆိုလပြည့်ကျော် ၁၅-ရက်နေ့တွင် မန္တလေးမြို့ အနောက်ပြင် အောင်တော်မူကျောင်းကြီး စေတီတော် အာရာမ်အတွင်း ဆိပ်ကမ်းအလုပ်သမားများ၏ ကုသိုလ်ကောင်းမှုဖြစ်သော နိဗ္ဗာန်ဆိပ်ဦး ဓမ္မာရုံ’၌ စတင် ဟောကြားအပ်သော သာသနာ့ချိန်ခွင်ကြီး လေးလက် တရားတော်’ မှ။)
Posted by http://lokachantha.blogspot.com/2008/12/blog-post_23.html

ရင်ထဲက အရဟံ (၁)
သမထဘာဝနာ(၄ဝ)ထဲမှာ ဗုဒ္ဓါနုဿတိဂုဏ်တော်ဟာ အမြတ်ဆုံးပါတဲ့။ ဂုဏ်တော်တွေထဲမှာလည်း အရဟံဂုဏ်တော်က အဓိကပဓာန အကျဆုံးပါတဲ့။      ဒါကြောင့် အရဟံဂုဏ်တော်နဲ့ပတ်သက်လို့ လေ့လာထားသလောက်ကလေး ''တရားအလှု'' ပြုသွားရအောင်ပါ။
အရဟံဂုဏ်တော်ရဲ့အနက်ကို (၃)နည်း၊ (၅)နည်း စသည်ဖြင့် ပေးထားကြပါတယ်။ ဒီမှာတော့ အားလုံးရဖူးတဲ့ အရဟံ အနက်(၃)နည်းနဲ့ပဲ ကြည်ညိုပူဇော်သွားရအောင်ပါ။
အရဟံ = ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား။
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အရဟံ= ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာ ဘုရား။
အရဟံဂုဏ်တော်ရဲ့အကျိုးတွေကို ရှေးဆရာတော်ဘုရားကြီးတွေက ဆောင်ပုဒ် ဆန်ဆန်စာစီပေးထားကြပါတယ်။
  +    အရဟံဂုဏ် ပွားများထုံ ချမ်းသာအကုန် ရပါသည်။
  +    အရဟံဂုဏ် ပွားများထုံ ဘေးရန်အကုန် လုံပါသည်။
  +  အရဟံဂုဏ် ပွားများထုံ နိဗ္ဗာန်အကုန် ရပါသည်။
အရဟံဂုဏ်တော်ပွားများရင် ချမ်းသာလည်းရပါတယ်။ ဘေးရန်လည်းလုံပါတယ်။ နိဗ္ဗာန်လည်း ရပါတယ်။ အကျိုး(၃)မျိုး ရပါတယ်တဲ့။
အကျိုး(၃)မျိုးလုံးက လူတိုင်းလိုချင်နေကြတဲ့အကျိုးတွေချည်းပါပဲ။ နံပါတ်(၁) အကျိုးက ''အရဟံဂုဏ်၊ ပွားများထုံ ချမ်းသာ အကုန် ရပါသည်...'' အရဟံဂုဏ် တော်ပွားများရင် ချမ်းသာအကုန် ရပါတယ်တဲ့။
ဦးဆင်နှင့် အရဟံ
    ပထမဆုံး ဘာကိုသွားသတိရလဲဆိုရင်တော့ မစိုးရိမ်ဆရာတော်ဘုရားကြီးနဲ့ အရဟံ ဦးဆင်အကြောင်းပါ။
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ ဝါဆိုကထိန် အလှူလုပ်ပြီဆိုရင် မတ္တရာဘက်က မောင်ဆင်''ဆိုတဲ့ တပည့် လေးတစ် ယောက် ရောက်ရောက် လာပါတယ်။
    မောင်ဆင်က အလုပ်ကြမ်းတွေဖြစ်တဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန် ဆေးတာစတဲ့ ဝေယျာဝစ္စတွေကို အင်္ကျီ ချိုင်းပြတ်နဲ့လုပ်ပေးပါတယ်။ မောင်ဆင်က ငွေရေးကြေးရေးအရလည်း အတော်ဆင်းရဲပါတယ်။ မစိုးရိမ်ဆရာတော် ဘုရား ကြီးက ဆင်းရဲပြီးအလုပ်ကြမ်းတွေလုပ်နေရတဲ့ မောင်ဆင်ကို သနားပြီးတော့ 'မောင်ဆင် ရယ်... မင်း အရဟံ ဂုဏ်တော်ကို ပုတီးစိပ်စမ်းပါ၊ ပွားစမ်းပါ''လို့ မိန့်ပါတယ်။ မောင်ဆင်ကလည်း မှန်ပါ့ဘုရား။ ဆရာတော် မိန့်မှာတဲ့အတိုင်း စိပ်ပါမယ်၊ ပွားပါမယ်''လို့ ပြန်လျှောက်ပါတယ်။ ဆရာတော်ဘုရားကြီးကလည်း အရဟံဂုဏ်တော်ကို ပွားပုံ၊ စိပ်ပုံ သေချာသင်ပေး လိုက်ပါတယ်။
   မောင်ဆင်လည်း ရွာပြန်ရောက်တဲ့အခါမှာ တချိန်လုံး အရဟံဂုဏ်တော်ကို ပွားနေပါတယ်။ ဒီအတိုင်းထိုင်ပြီး ပွားရုံတင် မကပါဘူး။ ထင်းခွဲတဲ့အခါ၊ ရေခပ်တဲ့အခါ၊ လွှဆွဲတဲ့အခါတွေမှာလည်း အလုပ်လုပ်ရင်း ပွားနေပါတယ်။
  ဒီလိုနဲ့ နောက်နှစ်ကထိန်ပွဲရောက်တော့ မောင်ဆင်မစိုးရိမ်ကျောင်းတိုက်ကို ပြန်ရောက်လာပြန်ပါတယ်။ လုပ်နေကျအတိုင်း အင်္ကျီချိုင်းပြတ်နဲ့ ထင်းခွဲတာ၊ ရေခပ်တာ၊ ပန်းကန်ဆေးတာစတဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးပြန်ပါတယ်။
   ဒီတော့ မစိုးရိမ်ဆရာတော်ဘုရားကြီးက မောင်ဆင်... ဒီကိုလာပါဦး၊ မင်းအရဟံ ဂုဏ်တော် ပွားရဲ့လား''လို့ မေးပါတယ်။ မောင်ဆင်ကလည်း ပွားပါတယ်ဘုရား''လို့ ပြန်လျှောက် ပါတယ်။ကဲ... ရှေ့တိုးစမ်း'' ဆိုပြီး မောင်ဆင်ရဲ့ကျောကို ဖြန်းခနဲ ရိုက်ချလိုက်ပါတယ်။
   မောင်ဆင်က အောင်မလေးဗျ''ဆိုပြီး ထအော်ပါသတဲ့။ ဒါနဲ့ ဆရာတော်ဘုရားကြီးက အေးအေး... အရဟံဂုဏ်တော်ကို ဆက်ပွားဦး''လို့ မိန့်ပါတယ်။ အလှူပွဲပြီးတော့ မောင်ဆင်လည်း ရွာပြန်သွားပါတယ်။ ရွာရောက်တော့ ဆရာတော်မိန့်တဲ့ အတိုင်း အရဟံ ဂုဏ်တော်ကို သွားရင်း၊ လာရင်း၊ အလုပ်လုပ်ရင်းမှာ ဆက်ပွားနေပါတယ်။
   နောက်နှစ် ကထိန်အလှူရောက်တော့ ဆရာတော်ဘုရားကြီးက မောင်ဆင်... မင်းအရဟံဂုဏ်တော် ပွားရဲ့လား'' လို့ ထပ်မေးပါတယ်။ ပွားပါတယ်''လို့ ပြန်လျှောက် ပါတယ်။ ကဲ... ရှေ့တိုးစမ်း''ဆိုပြီး ကျောကို ဖြန်းခနဲ ရိုက်ချလိုက် ပြန်ပါတယ်။ မောင်ဆင်ကလည်း အောင်မလေးဗျ'' လို့ ထအော်လိုက်ပါတယ်။ ဆရာတော် ဘုရားကြီးက ကဲ... မင်း အရဟံဂုဏ်တော်ကို ဆက်ပွားဦး'' လို့ မိန့်ပါတယ်။
   တတိယနှစ်ရောက်လာတော့ မောင်ဆင်ရောက်လာပြန်ပါတယ်။ ဆရာတော်ဘုရားကြီးကလည်း ထုံးစံအတိုင်း မောင်ဆင့်ကျောကို ဖြန်းခနဲ ရိုက်ပြန်ပါတယ်။ အဲဒီ အခါမှာတော့ မောင်ဆင်က အရဟံ၊ အရဟံ''ဆိုပြီး ထအော်ပါသတဲ့။ ဆရာတော်ဘုရားကြီးကလည်း
ကဲ ဆက်ပွားပေတော့၊ မင်း အကျိုးပေးတော့မယ်''လို့ မိန့်ကြားလိုက်ပါတယ်။
  အဲဒီအချိန်မှာ အိန္ဒိယလူမျိုးတွေ အိန္ဒိယနိုင်ငံကို ပြန်နေတဲ့အချိန်ပါ။ မတ္တရာမြို့မှာရှိတဲ့ ဆန်စက်ပိုင်ရှင် အိန္ဒိယ အမျိုသားတစ်ယောက်က ဆင်းရဲပြီး ရိုးသားတဲ့မောင်ဆင်ကို ဆန်စက်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ထားဖို့ ခဏအပ်ခဲ့ပါ တယ်။
   ဒီလိုနဲ့ အချိန်တစ်ခုကြာတော့ အိန္ဒိယက စာတစ်စောင်ရောက်လာပါတယ်။ စာထဲမှာ မောင်ဆင်ရေ... ကျွန်တော် တော့ မြန်မာပြည်ကို ပြန်မလာနိုင်တော့ပါဘူး။ အဲဒါကြောင့် ဆန်စက်ကြီးကို မောင်ဆင်ပဲ ယူလိုက်ပါတော့''လို့ ပေးလိုက်ပါ တော့တယ်။
   နေ့ချင်းညချင်း ဆန်စက်ပိုင်ရှင်ဖြစ်သွားတဲ့ မောင်ဆင်ကို မတ္တရာတဝိုက်မှာ အရဟံဦးဆင်လို့ ခေါ်ကြပါသတဲ့။ ဆရာ သမားတွေပြောခဲ့တဲ့ ပါးစပ်သမိုင်းတခုပါ။
   ဒီသာဓကလေးကိုထောက်ပြီး ဘာကိုသိနိုင်မလဲဆိုတော့
'ခုပျိုးကြဲ ခုဆန်ဖြစ်'' ဆိုတဲ့ပုံစံမျိုးတော့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုပါ။ ကိုယ်ပွားမယ့် ဘာဝနာတစ်ခုကို အရဟံဦးဆင်လို ''အရဟံ''လို့ အော်ပြီးယောင်ရလောက်အောင် ထုံထားရမှာပါ။

    ဒီနေရာမှာ အရဟံဦးဆင် ဆန်စက်ကြီး ရသွားတာထက် မစိုးရိမ် ဆရာတော်ဘုရားကြီး ကျောပုတ်လိုက်တဲ့အခါ အရဟံလို့ ထယောင်လိုက်တာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းသလို အတုယူဖို့လည်း ကောင်းတာပါ။
ပဋ္ဌာန်းအာသေဝနပစ္စည်းအရ ထုံထားရင် စွဲနေတတ်ပါတယ်။ နည်းနည်းထုံရင် နည်းနည်းစွဲပါတယ်။ များများ ထုံထားရင် များများစွဲနေတတ်ပါတယ်။ ဒီဘပွားများရင် နောက်ဘဝတွေလည်း ဆက်ထုံနေဦးမှာပါ။ နောက်ဘဝတွေ ဆက်ထုံနေရင် ကောင်းကျိုးချမ်းသာတွေလည်း နောက်ဘဝအထိ ဆက်ဖြစ်နေဦးမှာပါ။
  နံပါတ်(၂)အကျိုးကတော့
အရဟံဂုဏ်တော်ပွားများထုံ ဘေးရန်အကုန်လုံပါသည်''တဲ့။ ဘေးရန်လုံတဲ့ဇာတ်ဝတ္တုတွေကတော့ အများကြီးရှိနေတဲ့အတွက် ဒီမှာရေး မပြတော့ပါဘူး။

ဗုဒ္ဓါနုဿတိ နှင့် နိဗ္ဗာန်
   နောက်ဆုံးအကျိုးက
အရဟံဂုဏ်ပွားများထုံ နိဗ္ဗာန်အကုန်ရပါသည်''တဲ့။
ရဝေနွယ်(အင်းမ)
ရင်ထဲကအရဟံ ၆ မှ ၁ အထိ အောက်ဖက်စာမျက်နှာများတွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။

ဗုဒ္ဓါနုဿတိ နှင့် နိဗ္ဗာန်

ဗုဒ္ဓါနုဿတိ နှင့် နိဗ္ဗာန်

နောက်ဆုံးအကျိုးက
အရဟံဂုဏ်ပွားများထုံ နိဗ္ဗာန်အကုန်ရပါသည်''တဲ့။ ဒါပေမဲ့ နိဗ္ဗာန်ကို တိုက်ရိုက် တော့မရ နိုင်ပါဘူး။ နည်းနည်း ရှင်းအောင်ပြောရရင် ဈာန်လည်းမရနိုင်ပါဘူး။ မဂ်လည်းမရနိုင်ပါဘူး။ ဖိုလ်လည်း မရနိုင်ပါဘူး။ ဂုဏ်တော် ပွားရင် ဈာန်ရဲ့အနီးအနား ဥပစာရဈာန်အထိပဲ ရပါတယ်။ အပ္ပနာဈာန်အထိတောင် မရနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဂုဏ်တော်တွေရဲ့ကျယ်ပြောခြင်း၊ ဂုဏ်တော်တစ်ခုစီတိုင်း အစမမြင်အောင် နက်ရှိုင်းခြင်း၊ ဂုဏ်တော်တစ်ခုနဲ့ပင် အားရတင်းတိမ်မနေနိုင်ဘဲ ပင်လယ်ပြင်လက်ပစ်ကူးရသလို တစ်ခုပြီးတစ်ခု လွှဲပြောင်းကြည်ညို နေရလို့ ဂုဏ်တော်သမာဓိဟာ အပ္ပနာဈာန်အထိ မရောက်နိုင်ပါဘူး။ ဥပစာရဈာန်အထိပဲ ရနိုင်ပါတယ်။
ဈာန်နဲ့ပြောရင် ကိုယ်နဲ့ဝေးသလိုထင်နေမှာစိုးလို့ သမာဓိ(၃)မျိုးနဲ့ ပြောင်းပြောလို့လည်းရပါတယ်။ သမာဓိမှာ ခဏိက သမာဓိ၊ ဥပစာရသမာဓိ၊ အပ္ပနာသမာဓိဆိုပြီး သမာဓိ(၃)မျိုး ရှိပါတယ်။
ခဏိကသမာဓိဆိုတာ အာရုံတစ်ခုတည်းမှာ အချိန်အနည်းငယ်မျှ (အချိန်ခဏလေး) စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ခဏိကသမာဓိပါ။
ဥပစာရသမာဓိဆိုတာက အာရုံတစ်ခုတည်းမှာ အချိန်တော်တော်ကြာကြာ စိတ်တည်ငြိမ်မှုရနေတဲ့ သမာဓိဟာ ဥပစာရ သမာဓိပါ။ ဒီသမာဓိက ဈာန်မရပေမဲ့ ဈာန်ရလုနီးပါး အလယ်အလတ် အားကောင်းတဲ့ သမာဓိပါ။
အပ္ပနာသမာဓိဆိုတာကတော့ ဈာန်ရတဲ့အထိ အလွန်အားကောင်းတဲ့သမာဓိကိုပြောတာပါ။ ဂုဏ်တော်ပွားရင် အလယ်အလတ် ဥပစာရသမာဓိပဲ ရနိုင်ပါတယ်၊ အလွန်အားကောင်းတဲ့ အပ္ပနာသမာဓိအထိ မရနိုင်ပါဘူး။
ဒါပေမဲ့ အဲဒီအလယ်အလတ် ဥပစာရသမာဓိကိုပဲ အခြေခံပြီး ဝိပဿနာ ဆက်ကူးသွားရင် နိဗ္ဗာန်ကိုရသွားနိုင်ပါတယ်။ နိဗ္ဗာန်ရပုံနဲ့ပတ်သက်လို့ အားလုံးကြား ဖူးတဲ့ ဝတ္ထုလေးတစ်ပုဒ်ရှိပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ဖုဿဒေဝမထေရ်ဆိုတာရှိပါတယ်။ ဖုဿဒေဝမထေရ်က ဗုဒ္ဓါနုဿတိဘာဝနာကို အမြဲပွားနေပါတယ်။ စေတီရင်ပြင်မှာ တံမြက် လှည်းရင်းလည်း ပွားပါတယ်။ တစ်နေ့တော့ တံမြက်လှဲထားတဲ့ စေတီရင်ပြင် ညီညာပြန့်ပြူးနေတာကိုကြည့်ပြီး ကျေနပ်အားရနေပါတယ်။
အဲဒီအချိန်မှာပဲ မျောက်ညိုကြီး တစ်ကောင်ရောက်လာပြီး နွားချေးခြောက်တွေ စေတီရင်ပြင်ပေါ်ကို ဖြန်ကြဲချ လိုက်ပါတယ်။ ဒီတော့ မထေရ်က တံမြက်စည်း ပြန်လှဲရပါတယ်။
ဒုတိယနေ့ရောက်လာတော့ နွားအိုကြီးတစ်ကောင်ရောက်လာပြီး စေတီရင်ပြင်မှာ နွားချေးတွေ စွန့်ချလိုက်ပြန် ပါတယ်။ မထေရ်ကတံမြက်စည်း ပြန်လှည်းရပြန်ပါတယ်။ တတိယနေ့ ရောက်လာတော့ ခြေခွင်နေတဲ့လူတစ်ယောက် ရောက်လာပြီး ညီညာ ပြန့်ပြူးနေတဲ့သဲတွေကို မညီမညာဖြစ်အောင် ခြေတရွတ်တိုက် ဆွဲနေပါတယ်။
ဒီတော့ မထေရ်က
ငါ့ ဂေါစရဂါမ် (ဝန်းကျင်) အတွင်းမှာ ဒီလောက် ရုပ်ပျက် ဆင်းပျက် ရုပ်ဆိုးတဲ့သူ တစ်ယောက် မှ မရှိဘူး။ မဟုတ်မှလွဲရော မာရ်နတ်ဖြစ်လေ မလား'' လို့ သံသယဝင်တာနဲ့
သင်မာရ်နတ် မဟုတ်လား''လို့ မေးလိုက်ပါတယ်။ မာရ်နတ်ကလည်း ''မှန်ပါ့ဘုရား'' ဟု ဝန်ခံလိုက်ပါတယ်။ ဒီတော့ မထေရ်က
မာရ်နတ်ဆိုတာ အလွန် တန်ခိုးကြီးတယ်၊ ဘုရားနဲ့တူအောင် ဖန်ဆင်းပြစမ်းပါ''ဟု တောင်းပန်လိုက်ပါတယ်။
မာရ်နတ်ကလည်း တပည့်တော် ဘုရားရှင်နဲ့ ထပ်တူတူအောင်တော့ မဖန်ဆင်းနိုင်ပါဘူး။ ဒါပေမဲ့ အသင့်အတင့် တူအောင်တော့ ဖန်ဆင်းပြလို့ရပါတယ်''လို့ လျှောက်ပြီး မိမိကိုယ်ကို ဘုရားအသွင် ဖန်ဆင်းပြလိုက်ပါတယ်။ ဖုဿဒေဝ မထေရ်လည်း မာရ်နတ်ဖန်ဆင်းပြတဲ့ ရုပ်ပုံတော်ကိုကြည့်ပြီး
သြော်.... ရာဂ၊ ဒေါသ၊ မောဟရှိနေတဲ့ မာရ်နတ်တောင် ဒီလောက်တင့်တယ်သပ္ပာယ်သေးရင် အမြဲ ရာဂ ဒေါသ မောဟကင်းနေတဲ့ ဘုရားရှင်ဆိုရင် ဒီထက် တင့်တယ်သပ္ပာယ် မှာပဲ''ဆိုပြီး ပီတိတွေ တဖွားဖွား ဖြစ်လာပါတယ်။
ဖုဿဒေဝမထေရ်လည်း ဖြစ်ပေါ်လာတဲ့ပီတိကိုပဲ
ပီတိရဲ့သဘောလေးဟာ ဘယ်လိုလေးလဲ၊ ဘယ်လိုသဘော လေးဖြစ်နေတာလဲ''ဆိုပြီး ဖြစ်ပေါ်နေတဲ့ပီတိကို ဝိပဿနာပြန်ရှုပါတယ်။ ရှုရင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာတွေထင်လို့ ဉာဏ်စဉ်အဆင့်ဆင့်ဖြစ်ပြီး အရဟတ္တမဂ် အရဟတ္တဖိုလ် ရသွားပါတော့တယ်။ အားလုံးကြားဖူးနေတဲ့ သီဟိုဠ်ဝတ္ထုလေးပါ။
ဒါက ဂုဏ်တော်ပွားပြီး နိဗ္ဗာန်ရောက်သွားတာပါ။ တိုက်ရိုက်ကြီးရောက်သွားတာတော့ မဟုတ်ပါဘူး။ ဂုဏ်တော်သမာဓိကို အခြေခံပြီး နိဗ္ဗာန်ရသွားရတာပါ။
ရဝေနွယ် (အင်းမ) ၏   ရင်ထဲက အရဟံ ၁ မှ


ပီတိနှင့်တကွဖြစ်တဲ့ နာမ်တရား ရုပ်တရားတို့ ရဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ တွေကို ဆင်ခြင်သုံးသပ်ပွားများရင်း တရားထူးရသွားတာပါ။
ဘုရားဂုဏ်တော်ပွားလို့ ဖြစ်လာတဲ့ ပီတိမှ မဟုတ်ပါဘူး။ သီလကို ဆင်ခြင်ရင်း ဖြစ်လာတဲ့ ပီတိကို ဝိပဿနာရှုရင်း တရားထူးရကြတာတွေလည်း အများကြီးပါပဲ။
ဗုဒ္ဓါနုဿတိဘာဝနာဟာ စိတ်ကြည်လင်ရွှင်လန်း ဝမ်းမြောက်ဖို့၊ ပီတိဖြစ်ပွားဖို့အတွက် အကောင်းဆုံး၊ အလွယ်ဆုံး ဘာဝနာပါ။


ကိုယ်ကျင့်သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ၀ိပ္ပဋိသာရလို့ခေါ်တဲ့ နောင်တတစ်ဖန် ပူပန်ခြင်းသဘော၊ စိတ်နှလုံးမသာမယာဖြစ်ခြင်းသဘော မရှိတော့ပါဘူး။
အ၀ိပ္ပဋိသာရလို့ခေါ်တဲ့ စိတ်ကြည်လင်ခြင်းသဘော၊ စိတ်ရွှင်လန်းခြင်းသဘောပဲ ဖြစ်ပါတယ်။
စိတ်ကြည်လင်ရွှင်လန်းနေတဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ၀မ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇ ဖြစ်ပါတယ်။
ဝမ်းမြောက်ခြင်းဆိုတဲ့ ပါမောဇ္ဇဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ နှစ်သက်ခြင်းဆိုတဲ့ ပီတိ ဖြစ်ပါတယ်။
နှစ်သက်ခြင်းဆိုတဲ့ ပီတိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ ပဿဒ္ဓိ ဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးငြိမ်းအေးခြင်းဆိုတဲ့ ပဿဒ္ဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့သုခ ဖြစ်ပါတယ်။
ကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဆိုတဲ့သုခဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိဖြစ်ပါတယ်။
စိတ်တည်ငြိမ်မှုဆိုတဲ့ သမာဓိဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ရုပ်တရား၊ နာမ်တရားတွေရဲ့ သဘာဝကို အရှိအရှိအတိုင်း အမှန်အတိုင်းသိမြင်ခြင်းဆိုတဲ့ ယထာဘူတဥာဏဒဿန ဖြစ်ပါတယ်။
အရှိတရား အမှန်တရားကို သိမြင်ခြင်းဆိုတဲ့ ယထာဘူတဥာဏဒဿနဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ ငြီးငွေ့ခြင်းဆိုတဲ့ နိဗ္ဗိဒါ ဖြစ်ပါတယ်။
ငြီးငွေ့ခြင်းဆိုတဲ့ နိဗ္ဗိဒါ ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ တပ်မက်မှုကင်းခြင်းဆိုတဲ့ ၀ိရာဂဖြစ်ပါတယ်။ (မဂ်လေးပါးပါပဲ)
တပ်မက်မှုကင်းခြင်းဆိုတဲ့ ၀ိရာဂဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့သန္တာန်မှာ လွတ်မြောက်ခြင်း ၀ိမုတ္တိနဲ့ လွတ်မြောက်ခြင်းကို သိမြင်ခြင်းဆိုတဲ့ ၀ိမုတ္တိဥာဏဒဿန ဖြစ်ပါတယ်။ (ဖိုလ်လေးပါးနဲ့ ပစ္စဝေက္ခဏာဥာဏ်တွေပါပဲ)

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ) လောက၌အကောင်းဆုံးသောအရာ စာအုပ်မှ


ပီတိ မှ နိဗ္ဗာန်သို့ မပင်ပန်းဘဲ ရွှင်လန်းစွာ မျက်မှောက်ပြုနိုင်ဖို့ ဂုဏ်တော်ပွားကြစို့