Saturday, November 1, 2014

စိတ်အားဖြည့် ဂုဏ်တော်သံစဉ်


စိတ်အားဖြည့် ဂုဏ်တော်သံစဉ်

နှလုံးသားဝယ် ဘုရားတည်
ပညာကြီးလတ် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။
အပူကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပါယ် မြတ်နိုးဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းတာ။
နှလုံးသားဝယ် ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။

ဗုဒ္ဓဆိုတဲ့စကားလုံးသည်
ကိစ္စအကုန်ပြီးစီးတဲ့
ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ရဲ့ နာမည်ပါ။
လောကသဘောပြောရရင် သိဒ္ဓိ ပေါ့။
 
ဘုရားရှိခိုးတယ်ဆိုတာ
(ရှင်းရှင်းပြောတော့)
ဘုရားထံက ဓာတ်သတ္တိတွေ
ကိုယ့်နှလုံးသားခန္ဓာအိမ်ကို
ကူးစက်ယူတာပါ။
လောကမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တွင်း၊ ကန် ထဲမှာရှိတဲ့ ရေချိုရေကောင်း ကိုယ့်အိမ်ရောက်စေချင်တော့ အိုးနဲ့ခပ်ကြတယ်။ ပုံးနဲ့ခပ်ကြတယ်။ ပိုက်လိုင်းတွေနဲ့ သယ်သူကြတယ်။ ယူနိုင်သလောက် ကိုယ့်အိမ်ရောက်တာပဲ။
 ဒါမျိုးလိုပေါ့။ စွမ်းအားတော်အနန္တပိုင်ရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားထံမှ မိမိရဲ့ခန္ဓာနှလုံးအိမ်အတွင်းသို့ သဒ္ဓါ၊ ပညာ ဆိုတဲ့ ပိုက်လိုင်းတွေ၊ ခွက်တွေ၊ ပုံးတွေနဲ့ ခပ်ယူ၊ သွင်းယူကြရတာ။
ဘုရားထံက ဉာဏ်ဓာတ်တွေ၊ တန်ခိုးဓာတ်တွေ၊ စွမ်းအားဓာတ်တွေ၊ ကိုယ့်နှလုံးသားအစဉ်ပြောင်းအောင် သွင်းယူကြရတာ။
(ယောဆရာတော်ကြီး)

ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို အာရုံပြုကြည့်ပါ။
အဲဒီအခါကျမှ ဘုရားဆိုတာ ဘယ်လိုလဲဆိုတာ နည်းနည်းရိပ်မိလိမ့်မယ်။
စာဖတ်ပြီးတော့ သိထားရုံနဲ့ ဘုရားဆိုတာ သိပြီလို့ ပြောဖို့မလွယ်ဘူး။
ဘုရားရှင်ရဲ့ စိတ်အခြေအနေကို ကိုယ်ကိုယ်တိုင် ကိလေသာကင်းရှင်းနေတဲ့အခါမှာ အာရုံပြုကြည့်မှ နည်းနည်းရိပ်မိလာတယ်။ အဲဒီအခါမှာ ဘုရားရှင်ရဲ့စိတ်ကို နည်းနည်းလေးမှန်းပြီး အာရုံပြုလို့ရလို့ အင်မတန်ကြည်ညိုတဲ့စိတ်ဖြစ်တယ်။
ကိုယ်ကိုယ်တိုင် ကိလေသာကင်းနေမှ ကိလေသာကင်းတာ ဘယ်လောက်မြင့်မြတ်တယ်ဆိုတာ သိနိုင်တယ်။ မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ မသိနိုင်တာတွေ အင်မတန်များပါတယ်။ ဒီတစ်ချက်ကို သိရင်တော့ ဘုရားကို အာရုံပြုလို့ရပြီ။
ကိုယ့်စိတ်ထဲမှာ တကယ်ကြည်လင်သန့်ရှင်းနေတဲ့အခါမှာ ကိလေသာကင်းပြီးတော့ ကြည်လင်အေးချမ်းနေတဲ့အခါမှာ၊ ငါတောင်မှ ဒီလောက်အေးချမ်းနေတာ၊ ဒီလောက်ကြည်လင်နေတာ၊ ဘုရားရဲ့စိတ်က ဘယ်လောက်များ ကြာည်လင်အေးချမ်းသန့်ရှင်းနေမလဲဆိုတာ နည်းနည်းမှန်းလို့ရတယ်။ ဒီလိုနေရတာ အင်မတန်သက်သာပါတယ်။
(ဆရာတော်ဦးဇောတိက ၏ သတိဆိုတဲ့နေအိမ် မှ)

စိတ်ပူကင်းစင် ဘုရားရှင်
စိတ်ညစ်ကင်းစင် ဘုရားရှင်
စိတ်ရှုပ်ကင်းစင် ဘုရားရှင်
စိတ်အေးကြည်လင် ဘုရားရှင်
ငြိမ်းအေးသခင် ဘုရားရှင်
လောဘကင်းစင် ဘုရားရှင်
ဒေါသကင်းစင် ဘုရားရှင်
မောဟကင်းစင် ဘုရားရှင်
ကိလေသာကင်းစင် ဘုရားရှင်၊

အလုံးစုံသိမြင် ဘုရားရှင်၊
အသိအကျင့်စုံလင် ဘုရားရှင်၊
ရွှေစကားသခင် ဘုရားရှင်
ရွှေတရားသခင် ဘုရားရှင်
နိဗ္ဗာန်စံဝင် ဘုရားရှင်၊
လောကသိမြင် ဘုရားရှင်၊
ဆုံးမသွန်သင် ဘုရားရှင်၊
လမ်းညွှန်ကယ်တင် ဘုရားရှင်၊
သံသရာကယ်တင် ဘုရားရှင်
သစ္စာသိမြင် ဘုရားရှင်၊

ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားကိုလေ
ကြည်ညိုမြတ်နိုး ရှိခိုးသူတွေ၊
ကောင်းမှုအမျိုးမျိုး တိုးတက်ကာနေ၊
ကောင်းကျိုးအမျိုးမျိုး ဖွံ့ဖြိုးလာပေ၊
နိဗ္ဗာန်လမ်း ကြွမြန်းယွင်းမသွေ။        ။

အဆုံးမရှိသော ဂုဏ်တော်ကောင်းကင်ကြီးတွင် ရွှင်လန်းစွာပျံသန်းခြင်း

အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓရဲ့ စိတ်အစဉ်မှာ အပူအလောင်တွေ၊ အညစ်အကြေးတွေ၊ အရှုပ်အထွေးတွေ မဖြစ်ပါဘူး။
ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ အရှင်မြတ်များလည်း ကိလေသာတွေလုံးဝ ကင်းစင်ကြပေမယ့်
ဝါသနာအထုံ အငွေ့အသက်ကိုတော့ မပယ်နိုင်ကြပါဘူး။
ဘုရားရှင်သာလျှင် အငွေ့အသက်ပါမကျန် ကိလေသာကင်းစင်တော်မူပါတယ်။

မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး …
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ။
မြတ်ဗုဒ္ဓအလောင်းအလျာဘဝ ဒုက္ကရစရိယာ(၆)နှစ်ကျင့်စဉ်ကတည်းက
မကောင်းမှုကို စိတ်နဲ့တောင် ပြုတော်မမူပါဘူး။
ပါရမီဖြည့်ကျင့်စဉ်မှာလည်း မကောင်းမှုကို ရှောင်ကြဉ်ခဲ့ပါတယ်။
မကောင်းမှုကို မပြုခြင်းဟာ
ကောင်းကျိုးချမ်းသာရရှိခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။

စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်ဗုဒ္ဓ ။
ပူဇော်ခြင်းကို ခံထိုက်သူအားလုံးထဲမှာ မြတ်ဗုဒ္ဓဟာ
အထူးမြတ်ဆုံး၊ အထူးခြားဆုံး၊ အထူးချွန်ဆုံးပါပဲ။
ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့
ဥာဏ်တော်၊ တန်ခိုးတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ဟာလည်း
မရေတွက်နိုင်အောင် ကြီးမားများပြားထူးခြားလှပါတယ်။

ပူဇော်အထူးကို ခံယူတော်မူထိုက်သောဥာဏ်တော်
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ ဥာဏ်ပညာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်
လောကရဲ့အကျိုးစီးပွားကို
ဘယ်လူ၊ ဘယ်နတ်၊ ဘယ်တန်ခိုးရှင်ကမှ မနှိုင်းယှဉ်နိုင်အောင်
အဆုံးစွန်အထိ သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်။

အသိ/အကျင့်ဘက်စုံမြင့်---
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
တစ်ချို့က သိတော့သိတယ်၊ မကျင့်ဘူး။
တစ်ချို့က ကျင့်တော့ကျင့်တယ်၊ မသိဘူး။
မြတ်ဗုဒ္ဓက အသိ/အကျင့် ဘက်စုံမြင့်သူပါ။
အတုမရှိသောအသိဥာဏ်ပညာ၊
အတုမရှိသော အကျင့်တရားကောင်းတို့နဲ့ ပြည့်စုံတော်မူပါတယ်။
အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ် …
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓရဲ့စကားတော်ဟာ
တစ်ခွန်းဆိုတစ်ခွန်း
ငြိမ်းအေးချမ်းသာခြင်းကို ဖြစ်ပေါ်စေတော်မူနိုင်ပါတယ်။
မြတ်ဗုဒ္ဓရဲ့စကားတော်တွေဟာ
လိုက်နာကျင့်သုံးဖွယ်ရာ၊ ကိုးကွယ်ဆည်းကပ်ဖွယ်ရာ တရားတော်အဖြစ်
မြတ်ဗုဒ္ဓရဲ့ကိုယ်စား ကျန်ရစ်ခဲ့ပါတယ်။

လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ ….
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါများအကြောင်း (သတ္တလောက)၊
သတ္တပါတွေနေထိုင်ရာ ဘုံဌာနများ (သြကာသလောက)၊
အမြဲတမ်းဖြစ်ပျက်နေတဲ့ ရုပ်/နာမ်ပရမတ် (သင်္ခါရလောက) ဆိုတဲ့
လောကသုံးပါးလုံးကို မြတ်ဗုဒ္ဓက အကုန်အစင် သိမြင်တော်မူပါတယ်။
အဲဒါကြောင့် လောကကို လမ်းညွှန်ကယ်တင်နိုင်ခဲ့တာပေါ့။

လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်---
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်ဗုဒ္ဓ ။
စံပြပုဂ္ဂိုလ်ဆိုတာ …
စိတ်ဓါတ်စင်ကြယ်သူ၊
ဥာဏ်ပညာကြီးများသူ၊
အများအကျိုးသယ်ပိုးသူ ပါ။
မြတ်ဗုဒ္ဓဆိုတဲ့ အနှိုင့်မဲ့စံပြပုဂ္ဂိုလ်ကို
ကြည်ညိုမြတ်နိုးတဲ့အတွက်
ကောင်းမှုပြုလို့ ကောင်းကျိုးခံစားရသူတွေကတော့
အင်္သေချေ၊ အနန္တပါပဲ။

သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်--- ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ ….
ပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ ဆုံးမထိုက်သူတို့ကို
ဆုံးမသင့် ဆုံးမထိုက်တဲ့ အခြေအနေ၊ အချိန်အခါမှာ
အလိုက်ဖက်ဆုံးသြ၀ါဒတော်နဲ့ပဲ ဆုံးမတော်မူပါတယ်။
မြတ်ဗုဒ္ဓရဲ့ ဆုံးမသြ၀ါဒကို ခံယူရသူတွေကတော့
ကောင်းကျိုးချမ်းသာတွေ အလျှံအပယ် ရရှိသွားကြပါတယ်။

ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ ….
သတ္ထာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့ကို
လမ်းကောင်း၊ လမ်းမှန်ပေါ်ရောက်အောင်
တိကျသေချာစွာ ညွှန်ပြပေးတော်မူပါတယ်။
မြတ်ဗုဒ္ဓညွှန်ပြတဲ့လမ်းပေါ်မှာ လျှောက်လှမ်းရင်
လူချမ်းသာ၊ နတ်ချမ်းသာတို့အပြင်
အနှိုင်းမဲ့ချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုတောင် ရောက်နိုင်ပါတယ်။

သစ္စာသိမြင်အောင် လမ်းညွှန်တော်မူ …
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူသော မြတ်ဗုဒ္ဓ ။
ရုပ်၊ နာမ် ခန္ဓာဟာ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)၊
တဏှာ(ကိလေသာ)ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
နိဗ္ဗာန်ဟာ ဆင်းရဲအားလုံး ချုပ်ဆုံးရာအမှန် (နိရောဓသစ္စာ)
မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားရာ အကျင့်လမ်းအမှန် (မဂ္ဂသစ္စာ) ဆိုတဲ့
သစ္စာလေးပါးမြတ်တရားကို
မြတ်ဗုဒ္ဓဟာ ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူပါတယ်။

သစ္စာသိမြင်ရင် ကိလေသာစင်/နိဗ္ဗာန်ဝင်---
မြတ်ဗုဒ္ဓဟာ ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူပါတယ်။

ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ ကျွတ်သင့်ကျွတ်ထိုက်တဲ့ သတ္တ၀ါဝေနေယျတို့ကို
ကိလေသာအပူအလောင်တွေ ငြိမ်းအေးအောင်
တရားရေအေး တိုက်ကျွေးတော်မူပါတယ်။
ကိလေသာရောဂါတွေ ပျောက်ကင်းချမ်းသာအောင်
တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
စိတ်အေးချမ်းအောင်၊
စိတ်ကြည်လင်အောင်၊
စိတ်ရွင်လန်းအောင်
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
တရားရေအေးအမြိုက်ဆေးသောက်သုံးရင်
မွေး/အို/နာ/သေ/မွေး ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ ….
မွေးခြင်း/အိုခြင်း/ နာခြင်း/သေခြင်း သံသရာစက်ဝန်းမှ လွတ်ကင်းရာ
နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်ဗုဒ္ဓ ။

နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်---
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်အားလုံးဟာ
ပြောသမျှအဟုတ်၊
လုပ်သမျှအမှန်၊
ကြံသမျှအကောင်းချည်းပါပဲ။
မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါ။
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို သတိရနေသူမှာ
အမြင့်မြတ်ဆုံးဓါတ်တွေ ကူးစက်နေပြီး
အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်တွေ တိုးပွားနေကြပါတယ်။

မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများ လုပ်နိုင်လေလေ--
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ ပရဟိတစိတ်ဓါတ်အရှိဆုံး မေတ္တာ၊ ကရုဏာရှင်ပါ။
လက်တကမ်းမှာရှိတဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုစွန့်ပြီး
ကမ္ဘာပေါင်း လေးအသင်္ချေနဲ့တစ်သိန်း ကာလပတ်လုံး
ပရဟိတစိတ်ဓါတ်နဲ့ ပါရမီဖြည့်ခဲ့ပါတယ်။
ဘုရားဖြစ်တော့လည်း ပရဟိတစိတ်ဓါတ်နဲ့ပဲ
လောကအကျိုးစီးပွားအတွက် စွမ်းစွမ်တမံဆောင်ရွက်တော်မူပါတယ်။
ပရဟိတစိတ်ဓါတ်ဟာ  သူတော်ကောင်းစိတ်ဓါတ်၊
မြင့်မြတ်သူတို့ရဲ့စိတ်ဓါတ်၊
မြတ်ဗုဒ္ဓရဲ့စိတ်ဓါတ်ပါပဲ။

မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ--
ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်ဗုဒ္ဓ။
စိတ်ကိုထိန်းသိမ်းဆုံးမနိုင်ရင် ဘ၀ချမ်းသာပါတယ်။
အပြင်လူဆယ်သိန်းကို အောင်မြင်ရခြင်းထက်
အတွင်းကိလေသာစိတ်ပုပ်၊ စိတ်ယုတ်ကို အောင်မြင်ရခြင်းက
အဆပေါင်းများစွာသာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင်
ဆောင်ရွက်တော်မူနိုင်တဲ့ မြတ်ဗုဒ္ဓကတော့
မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရသူပါပဲ။
မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ
တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံစေနိုင် ---
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
နိဗ္ဗာန်နဲ့ မပြည့်စုံသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက်
နိဗ္ဗာန်နဲ့ပြည့်စုံသူရဲ့ တစ်ခဏတာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ သာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံ
သူတပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်
ဆောင်ရွက်တော်မူတဲ့ မြတ်ဗုဒ္ဓဆိုရင်
ဘယ်လောက်များ မြင့်မြတ်လိုက်မလဲ။

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို
ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ် ….
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ
လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာ
အနှိုင်းမဲ့ရတနာပါပဲ။

လောကအကျိုးဆောင်ရွက်လေလေ  ကျက်သရေရှိလေလေ---
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ။
အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
မြတ်ဗုဒ္ဓဟာ ပြည့်စုံတော်မူပါတယ်။

ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ဆန္ဒတော်---
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်ဗုဒ္ဓ။
မြတ်ဗုဒ္ဓမှာ သတ္တ၀ါဝေနေယျတို့ကို
သံသရာဝဋ်ဆင်းရဲထဲက ကယ်ဆယ်ချင်တဲ့
ကောင်းမွန်မြင့်မြတ်တဲ့ ဆန္ဒတော်ပဲရှိပါတယ်။
အခက်တကာ့ အခက်ခဲဆုံးဖြစ်တဲ့ ဆန္ဒတော်ကြီး ပြည့်ဝတော်မူခဲ့ပါတယ်။

လုံ့လ၀ီရိယကြီးမားမှ ဆန္ဒပြည့်ဝ---
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ။
မြတ်ဗုဒ္ဓအလောင်းအလျာဘဝ
ကမ္ဘာပေါင်း လေးအင်္သချေနှင့်တစ်သိန်းကာလပတ်လုံး ပါရမီဖြည့်စဉ်မှာ
အခက်အခဲအမျိုးမျိုး၊ ဆင်းရဲဒုက္ခအဖုံဖုံနဲ့ တွေ့ကြုံရပေမယ့်
နောက်မဆုတ်ခဲ့ပါဘူး။
ဖြစ်သမျှအခြေအနေကို ရဲရင့်စွာရင်ဆိုင်ပြီး
အကောင်းမြတ်ဆုံး ကျင့်သုံးခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက်မှာလည်း လောကအကျိုးစီးပွားအတွက်
ရဲရဲရင့်ရင့် မနားမနေ ဆောင်ရွက်တော်မူခဲ့ပါတယ်။

လုံ့လ၀ီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့--
ဘဂ၀ါ -  ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ။ အခက်အခဲအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ ၊
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ)
ဘေးရန်အန္တရာယ်အားလုံးကင်းစင်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ ။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ )

ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးမယ်
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ၊ ကိုယ့်နုလုံးသားထဲမှာ စိမ့်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စံပယ်ပန်းရနံ့ လက်မှာကူးစက်သင့်ပျံ့လာသလို
မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲအမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။
မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို
ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင်အစစ်ပါပဲ။

လိုတရနှလုံးသား
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ
ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
ဂုဏ်တော်နဲ့ထုံမွှမ်းထားတဲ့နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
စာသံပေသံနဲ့ပြောရင်တော့ “ ဗုဒ္ဓါနုဿတိနှလုံးသား ” ဟာ
လိုတရနုလုံးသား ဖြစ်ပါတယ်။

အနှိုင်းမဲ့ဘာဝနာ
ကိုယ့်စိတ်ဓါတ်နဲ့ကိုယ့်လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။

အနန္တ ထက် အနနန္တ !!!

မေတ္တာကရုဏာအနန္တ မြတ်ဗုဒ္ဓ
ပါရမီတော်အနန္တ မြတ်ဗုဒ္ဓ
ကောင်းမှုအနန္တ မြတ်ဗုဒ္ဓ
ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓ
ဉာဏ်တော်အနန္တ မြတ်ဗုဒ္ဓ
ဝီရိယအနန္တ မြတ်ဗုဒ္ဓ
ဘုန်းကံတော်အနန္တ မြတ်ဗုဒ္ဓ
စွမ်းအားအနန္တ မြတ်ဗုဒ္ဓ
ကောင်းရာညွှန်ပြ မြတ်ဗုဒ္ဓ
ချမ်းသာညွှန်ပြ မြတ်ဗုဒ္ဓ
နိဗ္ဗာန်လမ်းပြ မြတ်ဗုဒ္ဓ
အနှိုင်းမဲ့စံပြ မြတ်ဗုဒ္ဓ
ကျက်သရေအနန္တ မြတ်ဗုဒ္ဓ၊

ဘုရားရှင်ဂုဏ် သတိရ
ချမ်းသာသုခ စုံပြည့်ဝ၊
သံသရာဝဋ်မှ ကင်းလွတ်ကြ
ကောင်းကျိုးအနန္တ။

မည်သည့်မဂ္ဂဇင်းကိုမှ မပို့ရသေးပါ။


ညွှန်း---- ရွှေပါရမီဘုန်းဘုန်း အရှင်ဆန္ဒာဓိက ရေးသားပြုစုသော လိုတရနှလုံးသား၊ အနှိုင်းမဲ့ရနံ့၊ နို့နှစ်လုံးဖိုးလုံးကျေပါတယ်၊ ဘ၀အဓိဋ္ဌာန်၊ နံ့သာဖြင့် ထုံမွှမ်းအပ်သော၊ စိတ်အားဖြည့်ဓမ္မသံစဉ် ---- စသော စာအုပ်များထဲမှ အဓိက ပါဝင်ပါသည်။

Sunday, August 10, 2014

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့

ဝါခေါင်လပြည့် မေတ္တသုတ်ဟောကြားတော်မူသော မေတ္တာအခါတော်နေ့မှာ အေးချမ်းသော မေတ္တာတရားများပွားများပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်...
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁။ ယဿာနုဘာဝတော ယက္ခာ၊ နေဝ ဒေဿန္တိ ဘီသနံ။ ယဥှိ စေဝါနုယုဉ္ဇန္တော၊ ရတ္တိ္တန္ဒိဝ မတန္ဒိတော။
၁။ မေတ္တာသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော်အာနုဘော်ကြောင့် ဘီလူးကြမ်းတို့ သည် ကြောက်မက်ဖွယ်သော အဆင်း အသံ အစရှိသော အာရုံတို့ကို မပြဝံ့ မခြောက်ဝံ့ကြလေကုန်၊ မေတ္တာသုတ်ပရိတ်တော်ကို ညဥ့်အခါ၌ လည်းကောင်း၊ နေ့အခါ၌ လည်းကောင်း၊ မပျင်းမရိ လုံ့လပြု၍ ရွတ်ဖတ်သောသူသည်။

၂။ သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧဝမာဒိ ဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမဟေ။
၂။ ချမ်းသာစွာအိပ်ရ၏၊ အိပ်သော်လည်း မကောင်းသော အိပ်မက်ကို တစိုးတစိ မျှ မမြင်မက်၊ ဤသို့ အစရှိသော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံသော မေတ္တာသုတ် ပရိတ်တော်ကို အို- သူတော်ကောင်းတို့ ငါတို့ရွတ်ဖတ်ကြပါကုန်စို့။

၃။ ကရဏီယ မတ္ထကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သူဝစော စဿ မုဒု အနတိမာနီ။
၃။ လောကီလောကုတ္တရာ အကျိုးစီးပွား၌ လိမ္မာသောသူသည်ငြိမ်သက်အေး ချမ်းသော နိဗ္ဗာန်ကိုအာရုံပြု၍ ဤဆိုလတ္တံ့သော သူတော်ကောင်းနည်းလမ်းကို ကျင့်ကြံ အားထုတ် ပြုလုပ်အပ်၏၊ ကိုယ်နှင့်အသက်တို့ကို မငဲ့ကွက် မညှာတာ ပြုလုပ်ခြင်းငှာ စွမ်းနိုင်ရာ၏၊ ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်ရာ၏၊ စိတ် သဘောထား ကောင်းစွာ ဖြောင့်မတ်ရာ၏၊ ဆိုဆုံးမလွယ်ရာ၏၊ နူးညံ့သိမ်မွေ့ရာ ၏၊ သူတစ်ပါးအပေါ် ထောင်လွှားသော မာန်မာနမရှိရာ။

၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။ သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။
၎။ ရောင့်ရဲလွယ်ရာ၏၊ မွေးမြူလွယ်ရာ၏၊ နည်းပါးသော အမှုကိစ္စရှိရာ၏၊ ပေါ့ပါးသော အသက်မွေးခြင်း ရှိရာ၏၊ ငြိမ်သက်သော ဣနြေ္ဒရှိရာ၏၊ အရာရာ၌ ခွဲခြမ်းစိတ်ဖြာ ရဲရင့်သော ဉာဏ်ပညာရှိရာ၏၊ ကိုယ်နှုတ်နှလုံး သုံးပါးလုံး ရုန့်ရင်း ကြမ်းတမ်းမှု မရှိရာ၊ ဒါယကာတို့၌ တွယ်တာမက်မောမှုမရှိရ။

၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊ ယေန ဝိညူ ပရေ ဥပဝဒေယျုံ။ သုခိနော ဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၅။ ပညာရှိတို့ ကဲ့ရဲ့ရှုတ်ချအပ်သော တစုံတစ်ခုသော မကောင်းမှုကို အနည်း ငယ်မျှသော်လည်း မပြုမလုပ်ရာ၊ ခပ်သိမ်းသော သတ္တဝါတို့သည် ကိုယ်၏ချမ်း သာခြင်းနှင့် ပြည့်စုံကြပါစေကုန်သတည်း၊ စိတ်ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ ကုန် သတည်း၊ ဘေးရန် ဥပဒ္ဒဝေါ မရှိကြပါစေကုန်သတည်း။

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာဝရာ ဝ နဝသေသာ။ ဒီဃာ ဝါ ယေ ဝ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။
၆။ အကြွင်းမရှိ အလုံးစုံ ထွက်သက် ဝင်သက်ရှိသော သတ္တဝါ၊ ထင်ရှားရှိသော သတ္တဝါ၊ ထိတ်လန့် တတ်သော သတ္တဝါ၊ တည်ကြည်ငြိမ်သက်သော၊ သတ္တဝါ၊ ရှည်သော သတ္တဝါ၊ တိုသော သတ္တဝါ၊ ပုကွသော သတ္တဝါ၊ မတိုမရှည်သော သတ္တဝါ၊ ကြီးသော သတ္တဝါ၊ ငယ်သော သတ္တဝါ၊ မကြီးမငယ်သော သတ္တဝါ၊ ဆူသော သတ္တဝါ၊ ကြုံသော သတ္တဝါ၊ မဆူမကြုံသော သတ္တဝါ။

၇။ ဒိဋ္ဌာ ဝါ ယေ ဝ အဒိဋ္ဌာ၊ ယေ ဝ ဒူရေ ဝသန္တိ အဝိဒူရေ။ ဘူတာ ဝ သမ္ဘဝေသီ ဝ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။
၇။ မျက်စိဖြင့် မြင်ကောင်းသော သတ္တဝါ၊ မျက်စိဖြင့် မမြင်ကောင်းသော သတ္တဝါ၊ အဝေး၌နေသော သတ္တဝါ၊ အနီး၌နေသော သတ္တဝါ၊ ထင်ရှားဖြစ်ပေါ်ပြီးသော သတ္တဝါ၊ ဖြစ်ဆဲတည်နေသော သတ္တဝါ၊ ဤအလုံးစုံသော သတ္တဝါတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်း ရှိကြပါစေကုန်သတည်း။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
၈။ တစ်ယောက်သောသူက တစ်ယောက်သောသူကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အမှုကိစ္စ၌ တစ်ယောက်သောသူက တစ်ယောက်သောသူကို ညှဉ်းဆဲချုပ်ချယ်သော ကာယကံ ဝစီကံဖြင့် လည်းကောင်း၊ ခိုက်ရန်မျက်ပွား အငြိုးထားသောစိတ်ဖြင့် လည်းကောင်း၊ အနည်းငယ်မျှသော်မှ မထီမဲ့မြင် မအောက်မေ့ပါစေလင့်၊ အချင်းချင်း၏ ဆင်းရဲဒုက္ခကို အလိုမရှိပါစေလင့်။

၉။ မာတာ ယထာ နိယံပုတ္တ၊ မာယုသာ ဧကပုတ္တ မနုရက္ခေ။ ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။
၉။ အမိသည် မိမိရင်သွေးဖြစ်သော တစ်ယောက်တည်းသော သားငယ်ကို အသက်အတွက်ကြောင့် အဖန်တလဲလဲ စောင့်ရှောက်သကဲ့သို့ ဤနည်းအတူ သာလျှင် ခပ်သိမ်းသော သတ္တဝါတို့၌ အတိုင်းအရှည်မရှိသော မေတ္တာစိတ်ကို ပွားစေရာ၏။

၁ဝ။ မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရ မသပတ္တံ။
၁ဝ။ ကာမဘဝတည်းဟူသော အောက်လောက၌ လည်းကောင်း၊ ရူပဘဝတည်း ဟူသော အလယ်လောက၌ လည်းကောင်း၊ အရူပဘဝတည်းဟူသော အထက် လောက၌ လည်းကောင်း၊ ဤလောကသုံးပါးတို့၌ ပိုင်းခြားလွတ်ကင်း ကျဉ်း မြောင်းခြင်းလည်းမရှိ ကိုယ်တွင်းဘေးရန် လည်းမရှိ အပဘေးရန်လည်းမရှိ အတိုင်းမသိ ချစ်ခင်မြတ်နိုးသော မေတ္တာစိတ်ကိုလည်း ပွားစေရာ၏။

၁၁။ တိဋ္ဌံ စရံ နိသိန္နော ဝ၊ သယာနော ယာဝတာဒဿ ဝိတမိဒ္ဓေါ။ ဧတံ သတိံ အဓိဋ္ဌေယျ၊ ဗြဟ္မဒမေတံ ဝိဟာရဒ မိဓ မာဟု။ ၁၁။ ရပ်နေစဉ်သော်လည်းကောင်း၊ သွားနေစဉ်သော် လည်းကောင်း၊ ထိုင် နေစဉ်သော် လည်းကောင်း၊ လဲလျောင်းနေစဉ်သော် လည်းကောင်း၊ မအိပ် မငိုက်သမျှ ကာလပတ်လုံး သာသနာတော်ကြီး၌ မေတ္တာစိတ်နှင့် ယှဉ်၍ နေထိုင်ခြင်းကို ဒဒမြတ်သောနေထိုင်ခြင်းဒဒ ဟူ၍ မြတ်စွာဘုရားတို့ ဟောတော်မူ ကုန်၏။

၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။ ကာမေသု ဝိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
၁၂။ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ် ပြုလုပ်သောသူသည် အမြင်ဖောက် ပြန် မိစ္ဆာဉာဏ်သို့ မကပ်မရောက်သောကြောင့် လောကုတ္တရာသီလ ရှိသည် ဖြစ်၍ မဂ်ဉာဏ်အမြင်နှင့် ပြည့်စုံပြီးလျှင် ဝတ္ထုကာမ ကိလေသာကာမတို့၌ တပ်မက်မောခြင်း ကင်းသောကြောင့် နောက်တဖန် အမိဝမ်းတွင်း ပဋိသန္ဓေ နေခြင်း သို့ ဧကန်မရောက်တော့ပြီ။

English Version - This is to be done by one skilled in aims who wants to break through to the state of peace: Be capable, upright, & straightforward, easy to instruct, gentle, & not conceited, content & easy to support, with few duties, living lightly, with peaceful faculties, masterful, modest, & no greed for supporters. Do not do the slightest thing that the wise would later censure. Think: Happy, at rest, may all beings be happy at heart. Whatever beings there may be, weak or strong, without exception, long, large, middling, short, subtle, blatant, seen & unseen, near & far, born & seeking birth: May all beings be happy at heart. Let no one deceive another or despise anyone anywhere, or through anger or irritation wish for another to suffer. As a mother would risk her life to protect her child, her only child, even so should one cultivate a limitless heart with regard to all beings. With good will for the entire cosmos, cultivate a limitless heart: Above, below, & all around, unobstructed, without enmity or hate. Whether standing, walking, sitting, or lying down, as long as one is alert, one should be resolved on this mindfulness. This is called a sublime abiding here & now. Not taken with views, but virtuous & consummate in vision, having subdued desire for sensual pleasures, one never again will lie in the womb.