Wednesday, December 12, 2012

ရသအားဖြင့်

လမ်း

လမ်းမှားသွားရင် ပြေးလေ ပန်းတိုင်ရဲ့ဝေးလေ---
ဆူးခင်းလမ်းကျဉ်းလေးမှာ
လက်တွဲဖော်မရှိလည်း
ပွဲဈေးလမ်းမကျယ်ကြီးမှာတော့
ပျော်ရွှင်နေကြသူတွေ အများကြီးပေါ့။
ပင်ပန်းနေတဲ့ နှလုံးသားအတွက်
မေတ္တာရေကြည်ချမ်းမြတစ်ပေါက် သောက်ပါရစေ။
ကိုယ့်အပြစ်နဲ့ကိုယ် တို့နဲ့မဆိုင်ဘူးဆိုတဲ့
စကားတွေအောက်မှာ လမ်းမပျောက်ပါစေနဲ့။
နွေရာသီမှာ အရွက်တွေ တဖြုတ်ဖြုတ်ကြွေလို့
အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်လေးဟာ
မိုးရာသီမှာတော့ လှပမွှေးပျံ့တဲ့ပန်းပွင့်လေးတွေနဲ့ လောကကိုအလှဆင်နေလေရဲ့။ ။



ဆေး

ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ကွာခြားလွန်းတော့
ကိုယ်နဲ့စိတ်နဲ့ မကပ်နိုင်တော့ဘူး၊
ရူးမတတ်ဖြစ်ရမိတယ်။
ကြုံးဝါးသံတွေဟာ လှောင်ပြောင်သံတွေကြားမှာ
ပျောက်ဆုံးခဲ့ပြီလား။
အစွမ်းရှိသလောက် ကြိုးစားခဲ့တယ်။
ဖြစ်မလာတာတော့ မတတ်နိုင်ဘူး။
မငိုဘူး။ အားတင်းထားမယ်။
သူ့အလိုလိုမျက်ရည်ကျတာတော့ မတတ်နိုင်ဘူး။
အားငယ်နေချိန်မှာ
စေတနာစကားတစ်ခွန်းဟာ အားဆေးတစ်ခွက်ပါပဲ။
အားပေးမယ့်သူမရှိလည်း
ကိုယ့်ကိုယ်ကို အားပေးနိုင်ပါစေလို့ ဆုတောင်းမိတယ်။
ပြန်ထနိုင်သေးသရွေ့ ပွဲမပြီးသေးဘူး။
အောင်မြင်မှုပန်းတိုင်ကို ရောက်တဲ့တစ်နေ့မှာတော့
ရှုံးနိမ့်မှုများစွာဟာ မှတ်တိုင်တွေအဖြစ် ကျန်ရစ်ခဲ့မှာပေါ့။ ။
( youth မဂ္ဂဇင်း 2011,october ဖူးငုံသစ်လွင် ကဗျာဥယျာဉ်တွင် ပါဝင်ခဲ့)

အလှကိုယ်စီ

ပင်ယံနန်းမှာ သဇင်ပန်းလေး လှလိုက်တာ -
အမြင်မဆန်းပေမယ့် ခရေပန်းလေးလည်း မွှေးတာပဲ။
သညောင်ပင်အိုကြီးရဲ့ တည်ကြည်ခန့်ညားတဲ့ အလှများ --
မြေဆီနှစ်တွေ မရှိကြားက ရုန်းကန်ထနေတဲ့ အုတ်ကြားမြက်လေးတောင်မှ
သူ့အားမာန်နဲ့သူ၊ သူ့အလှနဲ့သူ ---
နှင်းဆီပန်းမှာ ဆူးလေးတွေရှိနေတာကိုက လှနေတာ။
အလှတရားကို မြင်တတ်သူရဲ့ စိတ်ဓါတ်က ပိုလှနေပါလား !
အလှတရားမှ အမှန်တရားသို့ သွားကြစို့။
အနမ်းခံ နုနုရွရွပန်းလေးတွေရဲ့ အလှကိုသာမက
အနင်းခံ စိမ်းလဲ့လဲ့မြက်ခင်းလေးရဲ့အလှကို မြင်တတ်တဲ့နေ့မှာ
ရာသီဥတု သာယာပါလိမ့်မယ်။




ဘ၀ Vs ဆန္ဒ

ငါ့ကိုယ်ငါဝယ်ယူနိုင်ဖို့
ကြေးစားဘ၀က လွတ်မြောက်ဖို့
ကြိုးစားနေတုန်းပဲ။
မလုပ်ချင်တဲ့အလုပ်ကို
ငွေကြေးအရ လုပ်နေတာ
ကိုယ့်ဘ၀ကို ရောင်းစားသလိုပေါ့။

တချို့သောကျေးဇူးတရားတွေဟာ
ကြွေးလိုပဲ ဘ၀ကို ပိပြားသွားစေတယ်။
ပြန်လည်ရှင်သန်ဖို့
ရုန်းကန်ရဦးမယ်။

တစ်နေ့သောနေသာချိန် -
လောင်းရိပ်အောက်ကထွက်၊
သံယောဇဉ်နှောင်ကြိုးတွေဖြတ်ပြီး
အသီးအပွင့်တွေနဲ့
လောကကို မေတ္တာလက်ဆောင်
ပေးနိုင်ရပါလို၏။
လေလွင့်ငှက်ကလေးတွေတောင်
အဲဒီအပင်မှာနားခိုကာ
တေးဆိုနိုင်ကြပါစေ။





အမေနှင့်သူတော်စင်

ဥစ္စာဓနကို တန်ဖိုးထားသူတွေအလယ်မှာ
ချစ်မေတ္တာကို တန်ဖိုးထားသူရရှိခဲ့တဲ့ အမှတ်တရလက်ဆောင်က
စိတ်ဒဏ်ရာတွေပါ အမေ -
သားလေ ခုဆို --
ဟန်ဆောင်မျက်လုံးတွေ၊ ဟန်ဆောင်နုလုံးသားတွေ
အပြုံးတုတွေ၊ မျက်ရည်တုတွေကြား
နေသားကျခဲ့ပြီ။
ဆေးသကြားလိုချိုတဲ့ အပြောချိုတွေကို
မစားသုံးချင်တော့ဘူး။
အကျိုးရှိရင်ချစ်၊ မရှိရင်ပစ်တဲ့လောကမှာ
အချစ်စစ်ဆိုတာ ဘာကိုပြောတာလဲ အမေ ?
ဘာပဲဖြစ်ဖြစ်၊ ဘာအပြစ်တွေလုပ်ခဲ့ခဲ့
အမေသားကို ချစ်နေဆဲပဲ။
သားရဲ့စိတ်ဒဏ်ရာတွေကို အမေ့ရဲ့ချစ်မေတ္တာတွေနဲ့
ကုစားနိုင်ခဲ့ပြီလေ။
ရေနည်းငါးလေးတွေကိုလည်း သနားကူညီတတ်ပြီ။
သူတော်စင်တွေကတော့
အမေက တစ်ဦးတည်းသောသားကို ချစ်သလို
လောကကို ချစ်ကြတယ်တဲ့။
ကြားရတာနဲ့တင် လှပလိုက်တာ။



သြော် !

အောင်မြင်တုန်းက ကိုယ့်ကိုအရေးထားပြီး
ဟန်ဆောင် အလေးပေးဆက်ဆံခဲ့ပေမယ့်
ဆုံးရှုံးသွားတော့
ကိုယ်နဲ့ အသိအကျွမ်းဖြစ်ရတာကို ရှက်သလိုလို--- ရွံ့သလိုလို---
ဂုဏ်သိက္ခာတွေ ပွန်းပဲ့သွားတော့မှာလိုလို---
ဒါဟာ သဘာဝပဲ။
ဘာလို့ ၀မ်းနည်းနေရမှာလဲ။
လောကကြီးမှာ ဒုက္ခတွေ အလုံအလောက်ရှိပြီးသားပဲ။
ကိုယ်ကိုယ်ကို ဘာလို့ ဒုက္ခတွေ ထပ်ပေးချင်နေတာလဲ။
သူများကိုလည်း ဒုက္ခမပေးချင်ပါနဲ့တော့။
နိုးကြားတော့--- ကြိုးစားတော့--- မိုးလင်းတော့မယ်။
သန်းခေါင်ယံထက် ညမနက်နိုင်ပါဘူး။ ။


အို မေတ္တာရှင် -

မိဘမဲ့ကလေးများရင်မှာ
“ မေမေ၊ ဖေဖေ”ခေါ်သံတွေ
ကျယ်လောင်ဆူညံနေသော်လည်း
တစ်ပါးသူတို့မှာကား မကြားကြလေကုန်၊
မြုံနေကြဆဲ။
အို သစ္စာရှင် -
အရှင်မိန့်ကြားခဲ့သော
မြင့်မြတ်လှပစကားတို့
လောကကို အလင်းရောင်ပေး
ငြိမ်းအေးစေသော်လည်း
အများစုမှာကား မကြားကြလေကုန်၊
မြုံနေကြဆဲ။
အို ကဗျာရှင် -
အသင် နှလုံးသွေးဖြင့် ရေးလှူအပ်သော
မေတ္တာအာဟာရများသည်
စားသုံးသူတို့အား
စိတ်ခွန်အားပေးသော်လည်း
အများစုမှာကား မကြားကြလေကုန်၊
မြုံနေကြဆဲ။

မှတ်ချက်။ ကျွန်တော်လေးစားသည့် တေးရေးဆရာ အဉ္စလီမောင်မောင်ရေးသားသော “အိုမေတ္တာရှင်” သီချင်းမှ
မွေးဖွားလာသည့် ကဗျာတစ်ပုဒ်ဖြစ်ပါသည်
ဥာဏ်ဖြိုးမြင့်



၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲ (၄၈)နေရာအတွက် စည်းရုံးရေးခရီးစဉ်အဖြစ် တောင်ငူကိုအမေစုလာတဲ့အခါ လူတွေလူတွေ ပင်လယ်ပြင်ကြီးလောက်၊ ကောင်းကင်ကြီးလောက်၊ သူတို့ရဲ့မျက်ဝန်းတွေထဲမှာ ကြယ်စင်တွေလင်းလက်၊ ရင်ထဲမှာမျှော်လင့်ခြင်းတွေနဲ့အသက်ဝင်၊ မျက်နှာမှာ အပြုံးပန်းတွေဝေလို့ပေါ့။ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့ကျွန်တော်ဟာတေးရေးကိုရဲလွင်ရေးခဲ့တဲ့ ဒီစာသားလေးကိုသတိရမိပါတော့တယ် ---
နံနက်ခင်းဆီးနှင်းတို့ အဝေးမလွင့်မီ…နေရောင်ခြည် အရှေ့အရပ်ကအကြိုဆိုက်ပြီ။မကြည်လင်တာတွေ အမှောင်ရိပ်ထဲသိပ်ခဲ့ကွယ်***မကြာခင်ဆိုရင် မိုးလင်းနိုးထတော့မယ်။

ကဗျာဖတ်သူတို့နှလုံးသား နှင့် တရားနာတတ်သူတို့နှလုံးသား
“ကျေးငှက်လေးတို့ ရုတ်တရက်ထပျံစဉ်
သစ်ရွက်ခြောက်မို့ လွင့်လို့ကြွေတာဆို---”
ငှက်ကလေးတွေပျံသွားတယ်။ အဲဒါကြောင့် သစ်ရွက်လေးတွေကြွေသွားတယ်။ ဒါကလူတိုင်းသိပါတယ်။
ကိုယ့်ရင်ခွင်ထဲကကိုယ်ခင်မင်တဲ့သူတွေထွက်သွားတဲ့အခါ ကိုယ့်စိတ်တွေ လှုပ်ရှားသွားတယ်။ နှလုံးသားကြွေလုမတတ်ပဲ။ ဒါကကဗျာကိုခံစားတတ်သူတွေသိပါတယ်။
စိတ်ပူလောင်ရတာ၊ စိတ်လွင့်ကြွေပျက်စီးရတာဟာသစ်ရွက်ခြောက်နဲ့တူတဲ့စိတ်ဖြစ်နေလို့ပါ။ စိမ်းစိုနေတဲ့သစ်ရွက်ဆိုရင်တော့ ငှက်လေးတွေပျံလည်းကြွေမှာမဟုတ်ပါဘူး။ အဲဒါကြောင့် စိတ်အေးချမ်းအောင်နေတတ်ရပါမယ်။ကိုယ်ချစ်တဲ့သူတွေနဲ့ ခွဲခွာရလည်းခံနိုင်ရည်ရှိရပါမယ်။ ဒါကကဗျာကဟောတဲ့ တရားပါ။ တရားနာတတ်သူတွေသိပါတယ်။ (3-4-2012)

သဘာဝမျက်နှာသစ်ဆပ်ပြာ



  • မန်ကျည်းမှည့်မျက်နှာသစ်ဆေး


  • မန်ကျည်းမှည့် လေးကို ပွလာအောင်ရေစိမ်ထား။ ပြီးရင်မျက်နှာကို လိမ်းပေါ့။  အနည်းဆုံး (၁၅)မိနစ်လောက်ထားလိုက်၊ (နာရီဝက်လောက်ဆိုပိုကောင်းပါတယ်။) ပြီးမှ မျက်နှာသစ်ပေါ့။ မျက်ကျည်းမှည့်နဲ့အတူအပူအပုပ်တွေ ထွက်သွားလိမ့်မယ်။ မျက်နှာလေးအေးပြီး နုညံ့သွားပါလိမ့်မယ်။ ထမင်း/ဟင်းတွေ ချက်တဲ့အခါ မျက်ကျည်းမှည့် လေးပွတ်ပြီးမှ ချက်ပြုတ်ရင် မျက်နှာပူတာကို ကာကွယ်နိုင်ပြီး တင်းတိပ်၊ အမည်းကွက်တွေ မဖြစ်စေတော့ပါဘူး။ အဆီပြန်တာအတွက်လည်း ကောင်းပါတယ်။ (မကျည်းမှည့်ကို ရေစိမ်ထားရင် နှစ်ရက်လောက်တော့ ကောင်းကောင်းခံပါတယ်။) မကျည်းမှည့်က သံပရာလောက်လည်း မပြင်းလို့ ပိုကောင်းပါတယ်။ တစ်ခုရှိတာက လူအနည်းငယ်က မကျည်းမှည့်စသုံးကာစမှာ ၀က်ခြံနည်းနည်းထွက်တတ်ပါတယ်။ ကန်ထွက်လာတဲ့သဘောပါ။ ဆက်သုံးကြည့်ပါ။ ၀မ်းချုပ်မခံပါနဲ့။ တဖြည်းဖြည်း နဲ့ အောင်းနေတဲ့ အညစ်အကြေးတွေမရှိတော့ဘဲ ၀က်ခြံလည်းပျောက် မျက်နှာလေးလည်း ပိုလှလာပါလိမ့်မယ်။
  • အကောင်းဆုံးကတော့ မျက်ကျည်းမှည့်ရေစိမ်ကို အရင်ပွတ်လိုက်၊ ပြီးတာနဲ့ ရှားစောင်းလက်ပတ်အတွင်းသား အနှစ်လေးနဲ့ ထပ်ပွတ်လိုက်။ (၁၅)မိနစ်၊ နာရီဝက်လောက်နေရင် မျက်နှာသစ်လိုက်ပေါ့။ မျည်ကျည်းမှည့်က မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။ ရှားစောင်းလက်ပတ်က မျက်နှာကို အာဟာရဓါတ်ဖြည့်ပေးတယ်။ မကျည်းမှည့်က ဗီတာမင်စီရယ်၊ ရှားစောင်းလက်ပတ်က ဗီတာမင်အီးရယ် ပေါင်းစပ်လိုက်တော့ အကောင်းဆုံးစွမ်းအားကို ဖြစ်စေတာပေါ့။ မျက်နှာလေးကြည်ရုံတင်မကဘူး ၊ မျက်လုံးလေးပါ ကြည်လာပါလိမ့်မယ်။

Nyan Phyo Myint


သဘာဝ မျက်နှာသန့်စင်ဆေး

ဟိုအရင် ငယ်ငယ်က မျက်နှာသစ်တဲ့အခါ ဆပ်ပြာအမွှေးခဲသုံးပါတယ်။ ဆပ်ပြာက အက်စစ်ဓါတ်များလို့ အသားအရေခြောက်သွေ့ပျက်စီးလွယ်တယ်တဲ့။ အခုဆိုရင် မျက်နှာသစ်ကရင်တွေအမျိုးမျိုးထွက်ပေါ်လာတာ ကြာလှပေါ့။ အမျိုးသားသုံး၊ အမျိုးသမီးသုံး အစုံပဲ။ ခြောက်သွေ့တဲ့အသားအရေအတွက်၊ အဆီပျံတဲ့အသားအရေအတွက်၊ ၀က်ခြံထွက်တဲ့အသားအရေအတွက် အမျိုးအစားများစွာ-အသားဖြူးဖို့၊ ချောမွေ့ဖို့၊ နုညံ့ဖို့ စသည်ဖြင့် အမျိုးမျိုးပါပဲ။
ကျွန်တော်ကတော့ သဘာဝအသီး၊ အရွက်တွေပဲ သုံးပါတယ်။ ခရီးသွားတဲ့အခါနဲ့ အလုပ်ရှုပ်တဲ့ အခါတွေမှာပဲ မျက်နှာသန့်စင်ကရင်ကို သုံးပါတယ်။ သဘာဝပစ္စည်းတွေပါတဲ့ မျက်နှာသန့်စင်ကရင်ကိုပဲ သုံးပါတယ်။ ( သဘာဝတွေ ရှာမရမှဘဲ ရယ်ဒီမိတ် သုံးပါသည်။ )သဘာဝပစ္စည်းတွေကလည်း မျက်နှာသစ်ကရင်အဖြစ် အများကြီးသုံးလို့ရပါတယ်။ ထင်ရှားအသုံးများတာ တွေကတော့ မန်ကျည်းမှည့်၊ သံပရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ရှားစောင်းလက်ပတ်၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ စတော်ဘယ်ရီသီး၊ စပျစ်သီး၊ ကြက်ဥ(အနှစ်/အကာ)၊ ပျားရည်၊ နို့၊ ဒိန်ချဉ် စသည့် တို့ပါပဲ။ ဒါတွေကို တစ်ခုချင်းသုံးလို့ရသလို၊ပေါင်းစပ်ရောသမပြီးလည်း သုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုး မရှိသလောက်နည်းပါတယ်။ ကျွန်တော်ဟာ ဒီပစ္စည်းတွေနဲ့ အားရင်အားသလို၊ အဆင်ပြေရင်ပြေသလို စမ်းသပ်သုးံစွဲခဲ့ပါတယ်။ ဒီပစ္စည်းတွေအကြောင်း ရေးမယ်ဆိုရင် စာအုပ်ထူတစ်အုပ် ကောင်းကောင်း ရတာပေါ့။ ( ဆရာမ ရူပါသိမ်းရေးတဲ့ “                    ” နဲ့ ဆရာမင်းစံအိမ်ရေးတဲ့ “ မီးဖိုချောင်မှ ပစ္စည်းများနဲ့ သင့်မျက်နှာလေး ဖွေးလှစေချင်” စာအုပ် တို့ကိုလည်း လေ့လာသင့်ပါတယ်။ )ညီမလေးကိုလည်း အဲဒီစာအုပ်နှစ်အုပ်လက်ဆောင်အဖြစ်ပေးထားပါတယ်။ သူလည်း သဘာဝပစ္စည်းတွေနဲ့ မျက်နှာသန့်စင်တတ်နေပါပြီ။ ရယ်ဒီမိတ်တွေကို မသုံးဖြစ်တော့ပါဘူး။

အစ်မပြောတဲ့ ဖောင်ကြီးမိတ်ကပ်

          အစ်မတို့ လက်ထောက်မန်နေဂျာဖြစ်ပြီး ဖောင်ကြီးတက်တုန်းက နေပူထဲမှာ စစ်ရေးပြကျင့်ရတာ။ အသားမဲမှာစိုးလို့ မိတ်ကပ်လိမ်းတယ်။ နေပူက မိတ်ကပ်နဲ့တွေ့တော့ ပိုဆိုးသွားတယ်။ နဖူးမှာ အမဲကွက်ကြီးဖြစ်သွားတယ်။ အဲဒါနဲ့ နည်းပြဆရာမတွေက ဖောင်ကြီးမိတ်ကပ်လိမ်းပါလားတဲ့။ ဖောင်ကြီးမိတ်ကပ်ဆိုတာ ရှားစောင်းလက်ပတ်ကိုပြောတာတဲ့။ အဲဒီအချိန်တုန်းက သူများတွေလည်း ဖောင်ကြီးမိတ်ကပ်လိမ်းတယ်လေ။ အစ်မလည်း အသားမဲမှာစိုးလို့ မျက်နှာကို ရှားစောင်းလက်ပတ်နဲ့အရင်ပွတ်ပြီး အပေါ်က သနပ်ခါးကို ပါးကွက်ကျားလိမ်းလိုက်တယ်။ သနပ်ခါးလိမ်းရတာ ချွဲကျိကျိနဲ့။ အဲဒါကို နေ့တိုင်းလုပ်ဖြစ်တယ်။ ဖောင်ကြီးက အဲတုန်းက (၅)လ တက်ရတာဆိုတော့ အဲဒီတုန်းကများ အစ်မမျက်နှာက ဖွေးလို့။ နုလို့။ ခုတော့ အလုပ်များတာနဲ့ မလုပ်ဖြစ်တော့ဘူး။

ဥာဏ်ဖြိုးမြင့်

သက်ရှည်ကျန်းမာနုပျိုလှပစေမည့် ဆေးဝါးဓါတ်စာ-မြင်းခွာရွက်ယို



  • မြင်းခွာရွက်ယို
  • သက်ရှည်ကျန်းမာနုပျိုလှပစေမည့် ဆေးဝါးဓါတ်စာ

  • ညီမလေးတို့ရေ - လှချင်တယ်မဟုတ်လား။ လှချင်ရင် ကျန်းမာရေးကို ဂရုစိုက်ပါနော်။ ကျန်းမာတဲ့သူဟာ လှတယ်။ မကျန်းမာသူကတော့ မလှဘူး။ အလှအပကို စိတ်ဝင်စားတယ်ဆိုတာလည်း ကျန်းမာနေတဲ့အချိန်ပဲ စိတ်ဝင်စားနိုင်တာပါ။ သာမန်နေမကောင်း ဖြစ်ရင်တောင် အလှအပကို ဂရုမစိုက်နိုင်တော့ဘူးနော်။
  •             နောက်ပြီးတော့ အလှအပဆိုတာ အရေပြားတစ်ခုတည်းမဟုတ်ပါဘူး။ အဓိက ကတော့ သွေးသား နဲ့ ဆိုင်ပါတယ်။ တစ်ချို့တွေ လှပါတယ်။ ဒါပေမယ့် စိုပြေမှုမရှိဘူး။ ကြည့်ရတာ ခြောက်ကပ်ကပ်ကြီး ၊ တစ်ခုခုလိုနေသလိုပဲ။အဲဒါ ရေဓါတ်ဆုံးရှုံးလို့လည်း ဖြစ်နိုင်ပါတယ်။ ရေဆာတဲ့အချိန် အောင့်မထားပါနဲ့။ သောက်ပေးပေါ့။ရေပုံမှန် သောက်တော့ အပေါပုံမှန်သွားပြီး ကိုယ်နံ့ပါ သန့်သွားတယ်နော်။  (ဒါပေမယ့် ထမင်းစားခါနီးနဲ့ ထမင်းစားပြီးစအချိန်မှာတော့ ရေနည်းနည်းပဲသောက်သင့်ပါတယ်။ အစာအိမ်/အူတို့ရဲ့ အစာချေဖျက်အားနဲ့ အာဟာရဓါတ်စုပ်ယူစွမ်းအားကို မထိခိုက်အောင်လို့ပါ။) တစ်ချို့ကျတော့ အသားအရေက ညစ်ညစ်ကြီးဖြစ်နေတတ်တယ်။ ဘယ်လောက်ကောင်းတာပဲလိမ်းလိမ်း ဖြူညစ်ညစ်ကြီး ဖြစ်နေတာနော်။ အသားဖြူတာ မည်းတာနဲ့ မဆိုင်ဘူး။ သွေးသားနဲ့ဆိုင်သွားပြီ။ အသားညိုသူတစ်ချို့တောင် သွေးသားမှန်ရင် စိုစိုပြေပြေနဲ့၊ ညိုချောလေးလို့ အခေါ်ခံရတယ်။ ညိုတဲ့သူက ပိုအကြည့်ခံတယ် ဆိုပြီး ပြောကြတယ်။ အမှန်တော့ အထဲက သွေးသားကောင်းလို့ ပါ။ အသားအရေစိုပြေတယ်ဆိုတာလည်း အရေပြားဆဲလ်တွေ အာဟာရဓါတ်ပြည့်ဝလို့။ ပျက်စီး သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ်သစ်၊ ဆဲလ်ကောင်းတွေ ဖြည့်တင်းပေးနိုင်လို့ပါ။ ညီမလေးတို့ရေ - ဒီလောက်ဆိုရင် အလှအပဆိုတာ အပြင်ကထက် အတွင်းပိုင်းက လာတာဆိုတာ သိပြီပေါ့။

  • သက်ရှည်ကျန်းမာနုပျိုလှပစေမည့် ဆေးဝါးဓါတ်စာ(မြင်းခွာရွက်ယို)

  • မြင်းခွာရွက်က သွေးသား ကြည်လင်သန့်စင်စေတယ်။ (မျက်နှာလေးသန့်တယ် ဆိုတာ သွေးသန့်လို့ပါ။) မျက်စိအား ကောင်းစေတယ်။ အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်။ အာဟာရဓါတ်ကိုပေးတယ်။ ကိုယ်ခံအားကောင်းစေတယ်။ မောပန်းမှုကို လျော့စေတယ်။ စိတ်ဖိစီးမှု လျော့စေတယ်။ ဆီးနဲ့ပတ်သက်တဲ့ ရောဂါတွေကို သက်သာပျောက်ကင်းစေတယ်။ အရွက်ထက် အရိုး၊ အရိုထက် အမြစ်က ပိုအစွမ်းထက်တယ်တဲ့။  ပျားရည်က အသားအရေလှပစေတယ်။ အနာတွေကို ပျောက်စေတယ်။ antioxidat အာနိသင်ရှိလို့ အသက်ရှည်စေတယ်။ နုပျိုစေတယ်။ တိုင်းရင်းဆေးဆရာကြီးတွေက မြင်းခွာ+ပျားရည်ဟာ အကောင်းဆုံး၊ အန္တရာယ်အကင်းဆုံး သက်ရှည်ကျန်းမာဆေးလို့ မိန့်ဆိုကြတယ်။  အိန္ဒိယနဲ့ ဥရောပနိုင်ငံတွေလည်း မြင်းခွာရွက်ဟာ အသက်ရှည်ကျန်းမာစေတယ်ဆိုတာကို လက်ခံကြပါတယ်။
  • မြင်းခွာရွက် ကို အခြောက်လှန်းပြီး အမှုန့်ထောင်း၊ ငရုတ်ကောင်းလေး နည်းနည်းဖြူး၊ ပျားရည်ရွှဲရွဲနယ်ပြီး (၇)ရက်လောက် ထားလိုက်။ ပြီးရင်စားလို့ရပြီ။ အဲဒီမြင်းခွာရွက်ယိုကို စားပေးရင် သက်ရှည်ကျန်းမာ နုပျိုစေပါတယ်။ (မြင်းခွာကိုရွက်ချည်း အများကြီးစားရင် ဆီးများတတ်ပါတယ်။ ငရုတ်ကောင်းနည်းနည်းရယ် ပျားရည်ရယ် ပေါင်းထည့်လိုက်တော့ အကောင်းမွန်ဆုံးဆေး ဖြစ်သွားတာပေါ့)
  • ပျားရည်စစ်၊ မစစ် စမ်းတဲ့နည်းတွေထဲမှာ အကောင်းဆုံးနည်းကတော့ လျှာနဲ့အရသာခံကြည့်ခြင်းပါ။ သကြား၊ ထန်းလျှက်၊ သကာရည်၊ ပျားရည်တို့ကို လျှာနဲ့ တစ်ခုချင်းစီအရသာခံကြည့်ပါ။ အထူးသဖြင့် ပျားရည်စစ်စစ်ရဲ့ အရသာကို ကောင်းကောင်း ခံစားသိရှိဖူးသူဟာ လျှာနဲ့လျှက်ကြည့်ရင် အတုအစစ်ခွဲဖို့ သိပ်မခက်တော့ပါဘူး။ ကျွန်တော် တွေ့ဖူးတာကတော့ ပျားရည်ကို သကာရည်နဲ့ရောတာပါ။ ပုလင်းအညိုရောင်နဲ့ဆိုတော့ မသိသာဘူး။ သကာရည်ရဲ့ အရသာကိုသိမှ ရောထားမှန်းသိသာတာပါ။ ပြီးတော့ ပျားရည်စစ်ရင် ချောင်းမဆိုးပါဘူး။ ချောင်းဆိုးတောင် ပျောက်စေပါသေးတယ်။ အဲတော့ ပျားရည်လျှက်ကာမှ ချောင်းဆိုးတယ်ဆိုရင် အတု(သို့) အတုနီးပါး အရောအနှောများတဲ့ ပျားရည် လို့သာမှတ်လိုက်ပါတော့။

  • (ဥာဏ်ဖြိုးမြင့်)