Monday, November 3, 2014

ဂုဏ်တော်မေတ္တာ စိတ်ချမ်းသာ

ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ

စာဖတ်ပရိသတ်များအား ကိုယ်တွေ့နှင့်ယှဉ်၍ အကြံဉာဏ်တစ်ခု ပေးလိုပါသေးသည်။ မေတ္တာနှင့်လိုက်ဖက်မည့် ဘုရားဂုဏ်တော်ကို ရှေးဦးစွာ ပွားများစေလိုပါသည်။  ဘုရားဂုဏ်တော်ကို ပွားများပြီးမှဆက်၍ မေတ္တာဘာဝနာပွားစေလိုပါသည်။
ဤသို့ ဘုရားဂုဏ်တော်ပွားများပြီးမှ မေတ္တာဘာဝနာပွားများလျှင် အကြည်ဓာတ်များ လျှင်မြန်စွာရ၍ အချိန်ကာလမကြာမြင့်မီမှာပင် စိတ်ချမ်းသာ ကိုယ်ချမ်းသာမှုကို မုချရပါလိမ့်မည်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများ မယုံကြည်ဖွယ် လျင်မြန်စွာ ပြောင်းလဲလာပြီး တွေ့ကြုံဆက်ဆံ ပေါင်းသင်းရသောသူများက ချစ်ခင်လာမည်။ အကူအညီပေးလာမည်။  ဆန့်ကျင်ဘက် အတိုက်အခံမလုပ်ဘဲ ငြိမ်းချမ်းရေးရလာမည်။
အတိုက်အခံလုပ်ခြင်းထက် တူညီလက်တွဲ ဆောင်ရွက်ချင်လာမည်။  တစ်ခုသတိပြုသင့်သည်က မိမိပို့လွှတ်သော မေတ္တာသည် စစ်မှန်သော မေတ္တာပို့နည်း၊ သူတစ်ပါးအကျိုးစီးပွားကို အမှန်တကယ်လိုလားသော စိတ်စေတနာမှန်များ ရှိဖို့တော့လိုပါသည်။  မေတ္တာပို့ပုံနည်းလမ်းမကျ၊ မေတ္တာစစ်၊ မေတ္တာမှန်မဟုတ်ပါက အကျိုးပေးမှု ထိရောက်မည်မဟုတ်ပေ။
(ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရာဘိဝံသ)
( ဝေမိုး(ကျွန်းလှ)၏ မေတ္တာစကား စာအုပ်မှ )

အတုမရှိသော မေတ္တာကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။

ဘေးရန်ခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံးတို့ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

လောဘခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံးတို့ လောဘခပ်သိမ်း ငြိမ်းကြပါစေ။

ဒေါသသိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံးတို့ ဒေါသခပ်သိမ်း ငြိမ်းကြပါစေ။

မောဟခပ်သိမ်း ငြိမ်းတော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံးတို့ မောဟခပ်သိမ်း ငြိမ်းကြပါစေ။
ဂုဏ်တော်ပွားရကျိုး
စေတီအတူ ၁ ၊ စိတ်မူတည်ကြည် ၂ ၊
ရောက်မည်နတ်ရွာ ၃ ၊ သစ္စာသိလွယ် ၄ ၊
မြတ်နွယ်အမျိုး ၅ ၊ ရိုကျိုးခံရ ၆ ၊
ပြည့်ဝအင်္ဂါ ၇ ၊ ဆင်းလှစွာနှင့် ၈ ၊
ကာယာ ၉  ခံတွင်း ၁၀  ကြိုင်သင်းမွှေးကြူ၊
ကြီးမူ ၁၁  ပညာ  ၊ နက်စွာ ၁၂  ထက် ၁၃  ရွှင် ၁၄
လျင်မြန် ၁၅ ဆန်းကြယ် ၁၆
ကောင်းကြွယ်စကား ဆိုနိုင်ငြားသည် ၁၇
ဘုရားရှိခိုးရကျိုး ဆယ့်ခုနှစ်မျိုးတည်း။

ချမ်းသာအိပ်စက်၊ ချမ်းသာလျက်နိုး၊ အိပ်မက်ဆိုးကင်း၊ စောင့်ခြင်းနတ်များ၊ လူသားလည်းချစ်၊ နတ်လည်းချစ်လျက်၊ လက်နက်ဆိပ်မီး ပြီးသည့်တစ်ဖြာ၊ မျက်နှာရွှင်ကြည်၊ တည်ကြည်နှလုံး၊ သေဆုံးမတွေ၊ သေလျှင်ဗြဟ္မာ၊ ဖြစ်တတ်စွာသည်၊
မေတ္တာအကျိုး ဆယ့်တစ်မျိုး။ ။
အင်္ဂုတ္တရ၊ ဧကာဒသကနိပါတ်၊ မေတ္တသုတ် (ရွှေဟင်္သာစံကျောင်း ဆရာတော်ကြီး)

စိတ်အပူအလောင် ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။
သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံး စိတ်ပူခြင်း ကင်းကြပါစေ။

စိတ်အညစ်အကြေး ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။
သူတပါးကိုလည်း စိတ်အပူအလောင်ကင်းစင်အောင်
ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံး စိတ်ညစ်ခြင်း ကင်းကြပါစေ။

စိတ်အရှုပ်အထွေး ကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။
သူတပါးကိုလည်း စိတ်အရှုပ်အထွေးကင်းစင်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံး စိတ်ရှုပ်ခြင်း ကင်းကြပါစေ။

စိတ်အေးချမ်းတည်ကြည်တော်မူသော မြတ်ဗုဒ္ဓ ။
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံး စိတ်အေးချမ်းတည်ကြည်ကြပါစေ။
စိတ်ကြည်လင်သန့်ရှင်းတော်မူသော မြတ်ဗုဒ္ဓ ။
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံး စိတ်ကြည်လင်သန့်ရှင်းကြပါစေ။

စိတ်ရွှင်လန်းချမ်းသာတော်မူသော မြတ်ဗုဒ္ဓ ။
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါအားလုံး စိတ်ရွှင်လန်းချမ်းသာကြပါစေ။

အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓ၏ အတုမရှိသော
မေတ္တာ၊ ကရုဏာဓါတ်တော်များသည် တပည့်တော်၏ နှလုံးသားထဲသို့ ပျံ့နှံ့စိမ့်ဝင်တော်မူကြပါ။

စိတ်အစဉ်တွင် လောဘ၀င်က၊
ဝင်လာလောဘ ထွက်ပြေးရအောင်-
လောဘကင်းစင် ဘုရားရှင်ကို
ကြည်လင်မြတ်နိုး ရှိခိုးပါ၏။

စိတ်အစဉ်တွင် ဒေါသ၀င်က၊
ဝင်လာဒေါသ ထွက်ပြေးရအောင်-
ဒေါသကင်းစင် ဘုရားရှင်ကို
ကြည်လင်မြတ်နိုး ရှိခိုးပါ၏။

စိတ်အစဉ်တွင် မောဟ၀င်က၊
ဝင်လာမောဟ ထွက်ပြေးရအောင်-
မောဟကင်းစင် ဘုရားရှင်ကို
ကြည်လင်မြတ်နိုး ရှိခိုးပါ၏။

မေတ္တာစိတ်ဓာတ်၊ လွန်မြင့်မြတ်၊ လူနတ်အချစ်ဆုံး။
မေတ္တာရနံ့၊ ကြိုင်လှိုင်နှံ့၊ သင်းပျံ့နယ်မဆုံး။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ ဖက်ပြိုင်သူတို့ရှုံး။
တစ်ဦးမေတ္တာ၊ တစ်ဦးမှာ၊ ရှည်ကြာရွံမမုန်း။
တရားပျောက်ကွယ်၊ မေတ္တာပြယ်၊ ကြီးငယ်အများမုန်း။
မေတ္တာနတ်ပန်း၊ ပန်ဆင်မြန်း၊ရွှင်လန်းစိတ်နှလုံး။ (စံကင်းဆရာတော်ကြီး)

ဗုဒ္ဓမြတ်စွာလောင်းလျာတုန်းက-
နောက်ဆုံးအထိပါရမီ
လူနတ်များစွာ ချမ်းသာရေးမို့
အသက်ပေးလို့ ဖြည့်ခဲ့သည် -
ဗုဒ္ဓမြတ်စွာသာသနာတွက်မို့
ငါပါ အသက်ဆုံးစေမည် -
နောက်မဆုတ်ပေါင် ခုလိုတွေးလို့
ကုသိုလ်ရေးမို့ ကြိုးစားမည် -
(မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)

မေတ္တာပို့သရာမှာ ပါးစပ်ကသာ သတ္တ၀ါတွေ ကျန်းမာချမ်းသာကြပါစေလို့ဆိုပြီး တကယ်တမ်း ဒုက္ခရောက်နေတဲ့ သတ္တ၀ါတို့ကို တွေ့ကြုံတဲ့အခါမှာတော့ အဲဒီဒုက္ခက လွတ်ရာလွတ်ကြောင်း ဘာမျှ ကူညီဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒီပုဂ္ဂိုလ်မျိုးရဲ့ ပါးစပ်ကရွတ်တဲ့ မေတ္တာပို့ဟာ အမှန်တကယ်ဖြောင့်မတ်တဲ့ မေတ္တာလို့ မဆိုနိုင်ပါဘူး။ အဲဒီလိုမဖြစ်အောင် ဖြောင့်မတ်တဲ့ မေတ္တာရှိရမှာပါ။
(သာမညတောင်ဆရာတော်ကြီး)

တကယ်မေတ္တာစစ်မှန်သွားရင် - ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးမှာ မဟုတ်တော့ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကိုတွေးပြီး အဲဒါကိုလိုလားတယ်။
မေတ္တာဆိုတာ သူတစ်ပါးအတွက် အာဟာရဖြစ်သလို ကိုယ့်အတွက်လည်း အာဟာရ ဖြစ်ပါတယ်။
ဦးဇောတိက(မဟာမြိုင်တောရ)

ယောနိသော မနသိကာရဆိုတဲ့
စိတ်ထားကောင်းလေးနဲ့သာ
စိတ်ကောင်းထားနိုင်မယ်ဆိုရင်
ဘယ်အာရုံနဲ့ဆုံဆုံ၊ ဘယ်အဖြစ်အပျက်နဲ့ကြုံကြုံ
စိတ်လည်း ချမ်းသာပါတယ်။
ကုသိုလ်တရားလည်း တိုးပွားပါတယ်။
အလုပ်တိုင်းမှာ အနှစ်ပါဖို့
မေတ္တာဟာလည်း မရှိမဖြစ်ပါ။
ဘာအလုပ်ပဲလုပ်လုပ် မေတ္တာထုံမွှမ်းပြီးလုပ်ရင်
လုပ်သမျှ ကုသိုလ်တွေချည်းပါပဲ။
(ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက)
တစ်လောကလုံးရဲ့ အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်က ဗုဒ္ဓါနုဿတိဘာဝနာဟာ အနှိုင်းမဲ့ဘာဝနာဖြစ်ပါတယ်လို့ “ဘာဝေဟိ ဗုဒ္ဓါနုဿတိံ ၊ ဘာဝနာနမနုတ္တရံ”
ဆိုတဲ့ စကားတော်နဲ့ ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း၊ လူသားတိုင်း ဗုဒ္ဓါနုဿတိဘာဝနာဆိုတဲ့ အနှိုင်းမဲ့ဘာဝနာကို သီးခြားဘုရားရှေ့မှာ ထိုင်ရင်းနဲ့ပဲဖြစ်ဖြစ်၊ သွားရင်း၊လာရင်း၊ လုပ်ရင်းကိုင်ရင်း၊ ပြောရင်းဆိုရင်း၊ စားရင်းစွန့်းရင်းနဲ့ပဲဖြစ်ဖြစ် အမြဲမပြတ် ပွားများအားထုတ်နိုင်ကြပါစေ။
(ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိက)

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။

မေတ္တာကရုဏာကြီးမား မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊
ပါရမီတရား ကျင့်ကြံပွား၊ ဘုရားဖြစ်ခဲ့ပေ။
သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။
(ပရိတ်တော်အလင်္ကာ - စိန်ရတနာဆရာတော်ကြီး)

တစ်ကမ္ဘာလုံးမှာ(တစ်လောကလုံးမှာ) များသတ္တာ ချမ်းသာရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တစ်လောကလုံးမှာ များသတ္တာ အေးငြိမ်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ကိုးကွယ်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
တဏှာကုန်ရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
သေခြင်းကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ဘေးရန်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
ဝဋ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အပြစ်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အပျက်ကင်းရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
အတုမရှိရာအမှန် မြတ်နိဗ္ဗာန် ဧကန်ရကြပါစေ။
(ဟင်္သတမြို့ နဝဓုတင်္ဂါစာရဆရာတော်ကြီး)

တစ်နေ့သုံးခါ၊ အိုးတစ်ရာဖြင့်၊ ချက်ကာထမင်း၊ လှူဒါန်းခြင်းထက်၊ မယွင်းစင်စစ်၊ နို့တစ်ညှစ်စာ၊ ကြိမ်သုံးခါဖြင့်၊ မေတ္တာပွားများ၊ ကျိုးကြီးမားသည်၊ ဘုရားမြတ်စွာ မိန့်ခွန်းတည်း။
နိဒါန၀ဂ္ဂသံယုတ်၊ သြက္ခာသုတ် (မဟာစည်ဆရာတော်ကြီး)

*သန့်စင်မြင့်မြတ်တဲ့တဲ့ မေတ္တာဓာတ်တွေ ကူးစက်လာဖို့ ဘုရားဂုဏ်တော်ပွားကြစို့။
မေတ္တာကျယ်ပြန့် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ရွှင်လန်းတာ။
မေတ္တာသခင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
မေတ္တာကြီးမား မြတ်ဘုရား၊ လေးစားသူလည်း မေတ္တာလာ။
မေတ္တာစွမ်းအား မြတ်ဘုရား၊ ပွားများသူလည်း မေတ္တာဖြာ။
မေတ္တာကြီးကျယ် အံ့သြဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းပါ။
ဂုဏ်တော်+မေတ္တာ စိတ်ချမ်းသာ၊ နိဗ္ဗာန်လမ်းမှာပါ။

အောင်သိဒ္ဓိ

Saturday, November 1, 2014

စိတ်အားဖြည့် ဂုဏ်တော်သံစဉ်


စိတ်အားဖြည့် ဂုဏ်တော်သံစဉ်

နှလုံးသားဝယ် ဘုရားတည်
ပညာကြီးလတ် ဘုရားမြတ်၊ ဆည်းကပ်သူလည်း ဉာဏ်ကြီးပါ။
အပူကင်းစင် ဘုရားရှင်၊ ဦးတင်သူလည်း အပူကွာ။
တန်ခိုးကြီးငြား မြတ်ဘုရား၊ လေးစားသူလည်း တန်ခိုးဖြာ။
ရုပ်ဆင်းသပ္ပါယ် မြတ်နိုးဖွယ်၊ ကိုးကွယ်သူလည်း အေးချမ်းတာ။
နှလုံးသားဝယ် ဘုရားတည်၊ တကယ်စွမ်းတဲ့ လူသားပါ။
လူ၏စွမ်းအား မြတ်တရား၊ စိတ်ထားကောင်းဖို့ လိုရင်းပါ။

ဗုဒ္ဓဆိုတဲ့စကားလုံးသည်
ကိစ္စအကုန်ပြီးစီးတဲ့
ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ရဲ့ နာမည်ပါ။
လောကသဘောပြောရရင် သိဒ္ဓိ ပေါ့။
 
ဘုရားရှိခိုးတယ်ဆိုတာ
(ရှင်းရှင်းပြောတော့)
ဘုရားထံက ဓာတ်သတ္တိတွေ
ကိုယ့်နှလုံးသားခန္ဓာအိမ်ကို
ကူးစက်ယူတာပါ။
လောကမှာ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ တွင်း၊ ကန် ထဲမှာရှိတဲ့ ရေချိုရေကောင်း ကိုယ့်အိမ်ရောက်စေချင်တော့ အိုးနဲ့ခပ်ကြတယ်။ ပုံးနဲ့ခပ်ကြတယ်။ ပိုက်လိုင်းတွေနဲ့ သယ်သူကြတယ်။ ယူနိုင်သလောက် ကိုယ့်အိမ်ရောက်တာပဲ။
 ဒါမျိုးလိုပေါ့။ စွမ်းအားတော်အနန္တပိုင်ရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားထံမှ မိမိရဲ့ခန္ဓာနှလုံးအိမ်အတွင်းသို့ သဒ္ဓါ၊ ပညာ ဆိုတဲ့ ပိုက်လိုင်းတွေ၊ ခွက်တွေ၊ ပုံးတွေနဲ့ ခပ်ယူ၊ သွင်းယူကြရတာ။
ဘုရားထံက ဉာဏ်ဓာတ်တွေ၊ တန်ခိုးဓာတ်တွေ၊ စွမ်းအားဓာတ်တွေ၊ ကိုယ့်နှလုံးသားအစဉ်ပြောင်းအောင် သွင်းယူကြရတာ။
(ယောဆရာတော်ကြီး)

ကိလေသာတွေ ကင်းရှင်းနေတဲ့အခါမျိုးမှာ ဘုရားကို အာရုံပြုကြည့်ပါ။
အဲဒီအခါကျမှ ဘုရားဆိုတာ ဘယ်လိုလဲဆိုတာ နည်းနည်းရိပ်မိလိမ့်မယ်။
စာဖတ်ပြီးတော့ သိထားရုံနဲ့ ဘုရားဆိုတာ သိပြီလို့ ပြောဖို့မလွယ်ဘူး။
ဘုရားရှင်ရဲ့ စိတ်အခြေအနေကို ကိုယ်ကိုယ်တိုင် ကိလေသာကင်းရှင်းနေတဲ့အခါမှာ အာရုံပြုကြည့်မှ နည်းနည်းရိပ်မိလာတယ်။ အဲဒီအခါမှာ ဘုရားရှင်ရဲ့စိတ်ကို နည်းနည်းလေးမှန်းပြီး အာရုံပြုလို့ရလို့ အင်မတန်ကြည်ညိုတဲ့စိတ်ဖြစ်တယ်။
ကိုယ်ကိုယ်တိုင် ကိလေသာကင်းနေမှ ကိလေသာကင်းတာ ဘယ်လောက်မြင့်မြတ်တယ်ဆိုတာ သိနိုင်တယ်။ မြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ မသိနိုင်တာတွေ အင်မတန်များပါတယ်။ ဒီတစ်ချက်ကို သိရင်တော့ ဘုရားကို အာရုံပြုလို့ရပြီ။
ကိုယ့်စိတ်ထဲမှာ တကယ်ကြည်လင်သန့်ရှင်းနေတဲ့အခါမှာ ကိလေသာကင်းပြီးတော့ ကြည်လင်အေးချမ်းနေတဲ့အခါမှာ၊ ငါတောင်မှ ဒီလောက်အေးချမ်းနေတာ၊ ဒီလောက်ကြည်လင်နေတာ၊ ဘုရားရဲ့စိတ်က ဘယ်လောက်များ ကြာည်လင်အေးချမ်းသန့်ရှင်းနေမလဲဆိုတာ နည်းနည်းမှန်းလို့ရတယ်။ ဒီလိုနေရတာ အင်မတန်သက်သာပါတယ်။
(ဆရာတော်ဦးဇောတိက ၏ သတိဆိုတဲ့နေအိမ် မှ)

စိတ်ပူကင်းစင် ဘုရားရှင်
စိတ်ညစ်ကင်းစင် ဘုရားရှင်
စိတ်ရှုပ်ကင်းစင် ဘုရားရှင်
စိတ်အေးကြည်လင် ဘုရားရှင်
ငြိမ်းအေးသခင် ဘုရားရှင်
လောဘကင်းစင် ဘုရားရှင်
ဒေါသကင်းစင် ဘုရားရှင်
မောဟကင်းစင် ဘုရားရှင်
ကိလေသာကင်းစင် ဘုရားရှင်၊

အလုံးစုံသိမြင် ဘုရားရှင်၊
အသိအကျင့်စုံလင် ဘုရားရှင်၊
ရွှေစကားသခင် ဘုရားရှင်
ရွှေတရားသခင် ဘုရားရှင်
နိဗ္ဗာန်စံဝင် ဘုရားရှင်၊
လောကသိမြင် ဘုရားရှင်၊
ဆုံးမသွန်သင် ဘုရားရှင်၊
လမ်းညွှန်ကယ်တင် ဘုရားရှင်၊
သံသရာကယ်တင် ဘုရားရှင်
သစ္စာသိမြင် ဘုရားရှင်၊

ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားကိုလေ
ကြည်ညိုမြတ်နိုး ရှိခိုးသူတွေ၊
ကောင်းမှုအမျိုးမျိုး တိုးတက်ကာနေ၊
ကောင်းကျိုးအမျိုးမျိုး ဖွံ့ဖြိုးလာပေ၊
နိဗ္ဗာန်လမ်း ကြွမြန်းယွင်းမသွေ။        ။

အဆုံးမရှိသော ဂုဏ်တော်ကောင်းကင်ကြီးတွင် ရွှင်လန်းစွာပျံသန်းခြင်း

အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓရဲ့ စိတ်အစဉ်မှာ အပူအလောင်တွေ၊ အညစ်အကြေးတွေ၊ အရှုပ်အထွေးတွေ မဖြစ်ပါဘူး။
ပစ္စေကဗုဒ္ဓါနဲ့ ရဟန္တာ အရှင်မြတ်များလည်း ကိလေသာတွေလုံးဝ ကင်းစင်ကြပေမယ့်
ဝါသနာအထုံ အငွေ့အသက်ကိုတော့ မပယ်နိုင်ကြပါဘူး။
ဘုရားရှင်သာလျှင် အငွေ့အသက်ပါမကျန် ကိလေသာကင်းစင်တော်မူပါတယ်။

မကောင်းတဲ့စိတ်လုံးဝကင်းစင်သွားရင် မကောင်းမှုကို လုံးဝမပြုတော့ပါဘူး …
အရဟံ - ဆိတ်ကွယ်ရာ၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ။
မြတ်ဗုဒ္ဓအလောင်းအလျာဘဝ ဒုက္ကရစရိယာ(၆)နှစ်ကျင့်စဉ်ကတည်းက
မကောင်းမှုကို စိတ်နဲ့တောင် ပြုတော်မမူပါဘူး။
ပါရမီဖြည့်ကျင့်စဉ်မှာလည်း မကောင်းမှုကို ရှောင်ကြဉ်ခဲ့ပါတယ်။
မကောင်းမှုကို မပြုခြင်းဟာ
ကောင်းကျိုးချမ်းသာရရှိခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။

စိတ်အရည်အသွေးပြည့်ဝလေလေ အပူဇော်ခံထိုက်လေလေ***
အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်ဗုဒ္ဓ ။
ပူဇော်ခြင်းကို ခံထိုက်သူအားလုံးထဲမှာ မြတ်ဗုဒ္ဓဟာ
အထူးမြတ်ဆုံး၊ အထူးခြားဆုံး၊ အထူးချွန်ဆုံးပါပဲ။
ပူဇော်အထူးကို ခံယူတော်မူထိုက်တဲ့
ဥာဏ်တော်၊ တန်ခိုးတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ဟာလည်း
မရေတွက်နိုင်အောင် ကြီးမားများပြားထူးခြားလှပါတယ်။

ပူဇော်အထူးကို ခံယူတော်မူထိုက်သောဥာဏ်တော်
ကိလေသာတို့ကိုငြိမ်းအေးစေသော ဉာဏ်တော်---
သမ္မာသမ္ဗုဒ္ဓေါ - သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဥာဏ်ဖြင့် သိတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ ဥာဏ်ပညာ အကြီးမားဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အတွက်
လောကရဲ့အကျိုးစီးပွားကို
ဘယ်လူ၊ ဘယ်နတ်၊ ဘယ်တန်ခိုးရှင်ကမှ မနှိုင်းယှဉ်နိုင်အောင်
အဆုံးစွန်အထိ သယ်ပိုးဆောင်ရွက်တော်မူနိုင်ခဲ့ပါတယ်။

အသိ/အကျင့်ဘက်စုံမြင့်---
ဝိဇ္ဇာစရဏသမ္ပန္နော - အသိဥာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
တစ်ချို့က သိတော့သိတယ်၊ မကျင့်ဘူး။
တစ်ချို့က ကျင့်တော့ကျင့်တယ်၊ မသိဘူး။
မြတ်ဗုဒ္ဓက အသိ/အကျင့် ဘက်စုံမြင့်သူပါ။
အတုမရှိသောအသိဥာဏ်ပညာ၊
အတုမရှိသော အကျင့်တရားကောင်းတို့နဲ့ ပြည့်စုံတော်မူပါတယ်။
အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ် …
သုဂတော - ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓရဲ့စကားတော်ဟာ
တစ်ခွန်းဆိုတစ်ခွန်း
ငြိမ်းအေးချမ်းသာခြင်းကို ဖြစ်ပေါ်စေတော်မူနိုင်ပါတယ်။
မြတ်ဗုဒ္ဓရဲ့စကားတော်တွေဟာ
လိုက်နာကျင့်သုံးဖွယ်ရာ၊ ကိုးကွယ်ဆည်းကပ်ဖွယ်ရာ တရားတော်အဖြစ်
မြတ်ဗုဒ္ဓရဲ့ကိုယ်စား ကျန်ရစ်ခဲ့ပါတယ်။

လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ ….
လောက၀ိဒူ - လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်ဗုဒ္ဓ ။
သတ္တ၀ါများအကြောင်း (သတ္တလောက)၊
သတ္တပါတွေနေထိုင်ရာ ဘုံဌာနများ (သြကာသလောက)၊
အမြဲတမ်းဖြစ်ပျက်နေတဲ့ ရုပ်/နာမ်ပရမတ် (သင်္ခါရလောက) ဆိုတဲ့
လောကသုံးပါးလုံးကို မြတ်ဗုဒ္ဓက အကုန်အစင် သိမြင်တော်မူပါတယ်။
အဲဒါကြောင့် လောကကို လမ်းညွှန်ကယ်တင်နိုင်ခဲ့တာပေါ့။

လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်---
အနုတ္တရော - အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်ဗုဒ္ဓ ။
စံပြပုဂ္ဂိုလ်ဆိုတာ …
စိတ်ဓါတ်စင်ကြယ်သူ၊
ဥာဏ်ပညာကြီးများသူ၊
အများအကျိုးသယ်ပိုးသူ ပါ။
မြတ်ဗုဒ္ဓဆိုတဲ့ အနှိုင့်မဲ့စံပြပုဂ္ဂိုလ်ကို
ကြည်ညိုမြတ်နိုးတဲ့အတွက်
ကောင်းမှုပြုလို့ ကောင်းကျိုးခံစားရသူတွေကတော့
အင်္သေချေ၊ အနန္တပါပဲ။

သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်--- ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ ….
ပုရိသဒမ္မသာရထိ - ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ ဆုံးမထိုက်သူတို့ကို
ဆုံးမသင့် ဆုံးမထိုက်တဲ့ အခြေအနေ၊ အချိန်အခါမှာ
အလိုက်ဖက်ဆုံးသြ၀ါဒတော်နဲ့ပဲ ဆုံးမတော်မူပါတယ်။
မြတ်ဗုဒ္ဓရဲ့ ဆုံးမသြ၀ါဒကို ခံယူရသူတွေကတော့
ကောင်းကျိုးချမ်းသာတွေ အလျှံအပယ် ရရှိသွားကြပါတယ်။

ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ ….
သတ္ထာဒေ၀မနုဿာနံ - နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့အား
ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ နတ်၊ လူ၊ သတ္တ၀ါအပေါင်းတို့ကို
လမ်းကောင်း၊ လမ်းမှန်ပေါ်ရောက်အောင်
တိကျသေချာစွာ ညွှန်ပြပေးတော်မူပါတယ်။
မြတ်ဗုဒ္ဓညွှန်ပြတဲ့လမ်းပေါ်မှာ လျှောက်လှမ်းရင်
လူချမ်းသာ၊ နတ်ချမ်းသာတို့အပြင်
အနှိုင်းမဲ့ချမ်းသာဖြစ်တဲ့နိဗ္ဗာန်ကိုတောင် ရောက်နိုင်ပါတယ်။

သစ္စာသိမြင်အောင် လမ်းညွှန်တော်မူ …
ဗုဒ္ဓေါ - သစ္စာလေးပါးမြတ်တရားတို့ကို ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူသော မြတ်ဗုဒ္ဓ ။
ရုပ်၊ နာမ် ခန္ဓာဟာ ဆင်းရဲအမှန် (ဒုက္ခသစ္စာ)၊
တဏှာ(ကိလေသာ)ဟာ ဆင်းရဲခြင်းရဲ့ အကြောင်းရင်းအမှန် (သမုဒယသစ္စာ)
နိဗ္ဗာန်ဟာ ဆင်းရဲအားလုံး ချုပ်ဆုံးရာအမှန် (နိရောဓသစ္စာ)
မဂ္ဂင်ရှစ်ပါးဟာ နိဗ္ဗာန်သွားရာ အကျင့်လမ်းအမှန် (မဂ္ဂသစ္စာ) ဆိုတဲ့
သစ္စာလေးပါးမြတ်တရားကို
မြတ်ဗုဒ္ဓဟာ ကိုယ်တော်တိုင်လည်းသိ၊ သူတပါးကိုလည်းသိအောင်
ဟောတော်မူပါတယ်။

သစ္စာသိမြင်ရင် ကိလေသာစင်/နိဗ္ဗာန်ဝင်---
မြတ်ဗုဒ္ဓဟာ ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊
သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း
သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊
သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင်
ဆောင်ရွက်တော်မူပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူပါတယ်။

ဗုဒ္ဓေါ - သတ္တ၀ါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ ကျွတ်သင့်ကျွတ်ထိုက်တဲ့ သတ္တ၀ါဝေနေယျတို့ကို
ကိလေသာအပူအလောင်တွေ ငြိမ်းအေးအောင်
တရားရေအေး တိုက်ကျွေးတော်မူပါတယ်။
ကိလေသာရောဂါတွေ ပျောက်ကင်းချမ်းသာအောင်
တရားအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
စိတ်အေးချမ်းအောင်၊
စိတ်ကြည်လင်အောင်၊
စိတ်ရွင်လန်းအောင်
တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူပါတယ်။
တရားရေအေးအမြိုက်ဆေးသောက်သုံးရင်
မွေး/အို/နာ/သေ/မွေး ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ ….
မွေးခြင်း/အိုခြင်း/ နာခြင်း/သေခြင်း သံသရာစက်ဝန်းမှ လွတ်ကင်းရာ
နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်ဗုဒ္ဓ ။

နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်---
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓရဲ့ဂုဏ်တော်အားလုံးဟာ
ပြောသမျှအဟုတ်၊
လုပ်သမျှအမှန်၊
ကြံသမျှအကောင်းချည်းပါပဲ။
မြတ်ဗုဒ္ဓဟာ တစ်လောကလုံးမှာ
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါ။
အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကို သတိရနေသူမှာ
အမြင့်မြတ်ဆုံးဓါတ်တွေ ကူးစက်နေပြီး
အမြင့်မြတ်ဆုံးကောင်းမှုကုသိုလ်တွေ တိုးပွားနေကြပါတယ်။

မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများ လုပ်နိုင်လေလေ--
အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ ပရဟိတစိတ်ဓါတ်အရှိဆုံး မေတ္တာ၊ ကရုဏာရှင်ပါ။
လက်တကမ်းမှာရှိတဲ့ နိဗ္ဗာန်ချမ်းသာကြီးကိုစွန့်ပြီး
ကမ္ဘာပေါင်း လေးအသင်္ချေနဲ့တစ်သိန်း ကာလပတ်လုံး
ပရဟိတစိတ်ဓါတ်နဲ့ ပါရမီဖြည့်ခဲ့ပါတယ်။
ဘုရားဖြစ်တော့လည်း ပရဟိတစိတ်ဓါတ်နဲ့ပဲ
လောကအကျိုးစီးပွားအတွက် စွမ်းစွမ်တမံဆောင်ရွက်တော်မူပါတယ်။
ပရဟိတစိတ်ဓါတ်ဟာ  သူတော်ကောင်းစိတ်ဓါတ်၊
မြင့်မြတ်သူတို့ရဲ့စိတ်ဓါတ်၊
မြတ်ဗုဒ္ဓရဲ့စိတ်ဓါတ်ပါပဲ။

မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ--
ဘဂ၀ါ - မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်ဗုဒ္ဓ။
စိတ်ကိုထိန်းသိမ်းဆုံးမနိုင်ရင် ဘ၀ချမ်းသာပါတယ်။
အပြင်လူဆယ်သိန်းကို အောင်မြင်ရခြင်းထက်
အတွင်းကိလေသာစိတ်ပုပ်၊ စိတ်ယုတ်ကို အောင်မြင်ရခြင်းက
အဆပေါင်းများစွာသာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊
သူတပါးကိုလည်း စိတ်ဖြူစင်အောင်
ဆောင်ရွက်တော်မူနိုင်တဲ့ မြတ်ဗုဒ္ဓကတော့
မိမိစိတ်ကိုရော တစ်လောကလုံးကိုပါ အစိုးရသူပါပဲ။
မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ
တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံစေနိုင် ---
ဘဂ၀ါ -  မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
နိဗ္ဗာန်နဲ့ မပြည့်စုံသူရဲ့ အနှစ်တစ်ရာအသက်ရှင်ရခြင်းထက်
နိဗ္ဗာန်နဲ့ပြည့်စုံသူရဲ့ တစ်ခဏတာအသက်ရှင်ရခြင်းက
အဆပေါင်းများစွာ သာလွန်မြင့်မြတ်ပါတယ်။
ကိုယ်တော်တိုင်လည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံ
သူတပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်
ဆောင်ရွက်တော်မူတဲ့ မြတ်ဗုဒ္ဓဆိုရင်
ဘယ်လောက်များ မြင့်မြတ်လိုက်မလဲ။

မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို
ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ် ….
ဘဂ၀ါ - များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ ။
မြတ်ဗုဒ္ဓဟာ
လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ အမြတ်တနိုး တန်ဖိုးထားဖွယ်ရာ
အနှိုင်းမဲ့ရတနာပါပဲ။

လောကအကျိုးဆောင်ရွက်လေလေ  ကျက်သရေရှိလေလေ---
ဘဂ၀ါ -  အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ။
အလွန်တင့်တယ်မြင့်မြတ်သော ရုပ်အဆင်းတော်၊
အလွန်တင့်တယ်မြင့်မြတ်သော စကားတော်၊
အလွန်တင့်တယ်မြင့်မြတ်သော တန်ခိုးတော်၊
အလွန်တင့်တယ်မြင့်မြတ်သော ဥာဏ်တော် စတဲ့
အတုမရှိတဲ့ ကျက်သရေမင်္ဂလာတော်အပေါင်းနဲ့
မြတ်ဗုဒ္ဓဟာ ပြည့်စုံတော်မူပါတယ်။

ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ဆန္ဒတော်---
ဘဂ၀ါ -  လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်ဗုဒ္ဓ။
မြတ်ဗုဒ္ဓမှာ သတ္တ၀ါဝေနေယျတို့ကို
သံသရာဝဋ်ဆင်းရဲထဲက ကယ်ဆယ်ချင်တဲ့
ကောင်းမွန်မြင့်မြတ်တဲ့ ဆန္ဒတော်ပဲရှိပါတယ်။
အခက်တကာ့ အခက်ခဲဆုံးဖြစ်တဲ့ ဆန္ဒတော်ကြီး ပြည့်ဝတော်မူခဲ့ပါတယ်။

လုံ့လ၀ီရိယကြီးမားမှ ဆန္ဒပြည့်ဝ---
ဘဂ၀ါ -  အတုမရှိသော လုံလ၀ီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ။
မြတ်ဗုဒ္ဓအလောင်းအလျာဘဝ
ကမ္ဘာပေါင်း လေးအင်္သချေနှင့်တစ်သိန်းကာလပတ်လုံး ပါရမီဖြည့်စဉ်မှာ
အခက်အခဲအမျိုးမျိုး၊ ဆင်းရဲဒုက္ခအဖုံဖုံနဲ့ တွေ့ကြုံရပေမယ့်
နောက်မဆုတ်ခဲ့ပါဘူး။
ဖြစ်သမျှအခြေအနေကို ရဲရင့်စွာရင်ဆိုင်ပြီး
အကောင်းမြတ်ဆုံး ကျင့်သုံးခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက်မှာလည်း လောကအကျိုးစီးပွားအတွက်
ရဲရဲရင့်ရင့် မနားမနေ ဆောင်ရွက်တော်မူခဲ့ပါတယ်။

လုံ့လ၀ီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့--
ဘဂ၀ါ -  ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဥာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓ။ အခက်အခဲအားလုံးကို အောင်မြင်စွာကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ ၊
( သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ)
ဘေးရန်အန္တရာယ်အားလုံးကင်းစင်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ ။
( ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်ဗုဒ္ဓ )

ဓါတ်ကူးကောင်းရင် ဓါတ်ကောင်းကူးမယ်
ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။
မြတ်စွာဘုရားရှင်မှာရှိတဲ့ အရည်အချင်းတွေ၊ အစွမ်းသတ္တိတွေကို
ကိုယ့်စိတ်ထဲ၊ ကိုယ့်နုလုံးသားထဲမှာ စိမ့်ဝင်ပျံနှံ့လာအောင် မိတ္တူကူးယူတာပါ။
စံပယ်ပန်းကို လက်ထဲဆုပ်ထားရင်
စံပယ်ပန်းရနံ့ လက်မှာကူးစက်သင့်ပျံ့လာသလို
မြတ်စွာဘုရားရှင်ရဲ့ အရည်အချင်းတစ်ခုခု၊ အစွမ်းသတ္တိတစ်ခုခုကို
ထပ်တလဲလဲအမှတ်ရနေရင်
အဲဒီအရည်အချင်းမျိုး၊ အဲဒီအစွမ်းသတ္တိမျိုး
ကိုယ့်စိတ်၊ ကိုယ့်နှလုံးသားမှာ ကူးစက်လာပါတယ်။
မြတ်စွာဘုရားရှင်ဟာ သတ္တ၀ါအသီးသီးလိုချင်တဲ့ စွမ်းအားမျိုးစုံကို
ရှင်သန်ဖြစ်ထွန်းစေနိုင်တဲ့ တကယ့်စွမ်းအားရှင်အစစ်ပါပဲ။

လိုတရနှလုံးသား
မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်တည်းဟူသော ရေကြည်၊ ရေသန့်၊ ရေအေး၊ ရေမြတ်ကလေးထဲမှာ
ထည့်ထား၊ စိမ်ထားတဲ့ နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
ဂုဏ်တော်နဲ့ထုံမွှမ်းထားတဲ့နှလုံးသားဟာ လိုတရနုလုံးသားဖြစ်ပါတယ်။
စာသံပေသံနဲ့ပြောရင်တော့ “ ဗုဒ္ဓါနုဿတိနှလုံးသား ” ဟာ
လိုတရနုလုံးသား ဖြစ်ပါတယ်။

အနှိုင်းမဲ့ဘာဝနာ
ကိုယ့်စိတ်ဓါတ်နဲ့ကိုယ့်လုပ်ရပ်ကို အကောင်းမြတ်ဆုံးဖြစ်အောင် ပုံဖော်ထုဆစ်နိုင်တဲ့အတွက်ကြောင့်ရော၊
လိုအင်ဆန္ဒတောင့်တမှုမှန်သမျှကို အဆင့်အတန်းအမြင့်ဆုံး ပြည့်ဝစေနိုင်တဲ့အတွက်ကြောင့်ပါ
ဗုဒ္ဓါနုဿတိဘာဝနာဟာ ဘာဝနာအားလုံးရဲ့ထိပ်ခေါင်တင်
အနှိုင့်မဲ့ဘာဝနာဖြစ်ရပါတယ်။

အနန္တ ထက် အနနန္တ !!!

မေတ္တာကရုဏာအနန္တ မြတ်ဗုဒ္ဓ
ပါရမီတော်အနန္တ မြတ်ဗုဒ္ဓ
ကောင်းမှုအနန္တ မြတ်ဗုဒ္ဓ
ဂုဏ်တော်အနန္တ မြတ်ဗုဒ္ဓ
ဉာဏ်တော်အနန္တ မြတ်ဗုဒ္ဓ
ဝီရိယအနန္တ မြတ်ဗုဒ္ဓ
ဘုန်းကံတော်အနန္တ မြတ်ဗုဒ္ဓ
စွမ်းအားအနန္တ မြတ်ဗုဒ္ဓ
ကောင်းရာညွှန်ပြ မြတ်ဗုဒ္ဓ
ချမ်းသာညွှန်ပြ မြတ်ဗုဒ္ဓ
နိဗ္ဗာန်လမ်းပြ မြတ်ဗုဒ္ဓ
အနှိုင်းမဲ့စံပြ မြတ်ဗုဒ္ဓ
ကျက်သရေအနန္တ မြတ်ဗုဒ္ဓ၊

ဘုရားရှင်ဂုဏ် သတိရ
ချမ်းသာသုခ စုံပြည့်ဝ၊
သံသရာဝဋ်မှ ကင်းလွတ်ကြ
ကောင်းကျိုးအနန္တ။

မည်သည့်မဂ္ဂဇင်းကိုမှ မပို့ရသေးပါ။


ညွှန်း---- ရွှေပါရမီဘုန်းဘုန်း အရှင်ဆန္ဒာဓိက ရေးသားပြုစုသော လိုတရနှလုံးသား၊ အနှိုင်းမဲ့ရနံ့၊ နို့နှစ်လုံးဖိုးလုံးကျေပါတယ်၊ ဘ၀အဓိဋ္ဌာန်၊ နံ့သာဖြင့် ထုံမွှမ်းအပ်သော၊ စိတ်အားဖြည့်ဓမ္မသံစဉ် ---- စသော စာအုပ်များထဲမှ အဓိက ပါဝင်ပါသည်။