Friday, May 2, 2014

ရတနာသုံးပါးကျေးဇူး



ပရိတော်လင်္ကာများ

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်ဘုရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ မြတ်တရားနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။

လူ့ဘုံ၊ နတ်ဘုံ၊ နဂါးဘုံမှာ ရတနာကား အစားစား၊ များပြားလှပါပေ။
တန်ခိုးတေဇာ ဝေဖြာတောက်ကြွား၊ သံဃာများနှင့် မခြားတူမျှရတနာက လုံးဝမရှိပါပေ။
သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
(ရတနသုတ်)

ကရုဏာကြီးမား မြတ်ဘုရားသည်၊ အများဝေနေ၊ ချမ်းသာစေဖို့၊ သုံးထွေဆယ်လီ၊
ပါရမီတရား ကျင့်ကြံပွား၊ ဘုရားဖြစ်ခဲ့ပေ။
သစ္စာဤစကား စွမ်းပကားကြောင့်၊ များပြားလှစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ။
ကျက်သရေအပေါင်း မင်္ဂလာအပေါင်း ခညောင်းကြပါစေ။
(ပုဗ္ဗဏှသုတ်)
စိန်ရတနာ ဆရာတော် ဘဒ္ဒန္တသာသန၀ရ


သရဏဂုံအစွမ်း အံ့မခန်း
မေတ္တာရှင်(ရွှေပြည်သာ)

ဘုရားရှိခိုးကြပါ
အာနန္ဒာ--- အစဉ်သနား စောင့်ရှောက်ထိုက်သူ၊ မိမိစကားနားထောင်မည့်သူ၊ ဆွေမျိုးသားချင်း မိတ်ဆွေတွေကို ဘုရားမြတ်နိုးရှိခိုးပါစေ။ အဲဒီလို ဘုရားရှိခိုးသူတို့မှာ ငရဲ၊ တိရစ္ဆာန်၊ပြိတ္တာဘုံများသို့ မရောက်ကြရဘူး။
(အံ-၁၊ ၂၂၃)



စိတ်သာပဓာန
လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်
ကျင်လည် စိတ်ကြောင့်သာ။
အပါယ်လေးပါး ကျသူများ၊
မှတ်သားစိတ်ကြောင့်သာ။
ကောင်း၊ ဆိုး၊ ယုတ်၊ မြတ် ဖြစ်လာတတ်၊
မှတ်ကြ စိတ်ကြောင့်သာ။
နိဗ္ဗာန်သာခေါင် ဘေးမဲ့သောင်၊
စိတ်ဆောင် ရောက်မည်သာ။
(တောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ)

သရဏဂုံတည်ခြင်း အကျိုး()မျိုး
၁။ ဖြစ်လေရာဘ၀တိုင်း၌ အများအပူဇော်ခံရခြင်း။
၂။ ထက်မြက်သော ဉာဏ်ပညာရှိခြင်း။
၃။ အများကို မိမိအလိုသို့ လိုက်ပါစေနိုင်ခြင်း။
၎။ အများနှင့်မတူသော စည်းစိမ်ချမ်းသာများကို ခံစားရခြင်း။
၅။ ၀င်းဝါစိုပြေသော ရုပ်အဆင်းရှိခြင်း။
၆။ အများနှစ်သက် ကြည်ညိုမှုကို ခံရခြင်း။
၇။ မိတ်ဆွေ အပေါင်းအသင်းများ၏ ချစ်ခင်မှုကို ခံရခြင်း။
၈။ ကျော်စောထင်ရှားခြင်း။
(အပါဒါန်ပါဠိတော်နှင့် အဋ္ဌကထာ)

တကယ်အားကိုးရာ
ငါဘုရားအပေါ် ယုံကြည်ရုံမျှ၊ ချစ်မြတ်နိုးရုံမျှဖြင့်၊ နတ်ရွာသုဂတိသို့ လားရောက်နိုင်၏။
(မူလပဏ္ဏာသ၊ အလဂဒ္ဒူပမသုတ်)

သိဒ္ဓိပြီးလိုလျှင်
ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုသာ အားထားကြ၊ မေတ္တာပွားကြ၊ လိုရာသိဒ္ဓိ ပြီးမြောက်မည်။
သိဒ္ဓိဆိုတာ လိုရာပြီးမြောက်တာကို ခေါ်တာ၊ ပြီးပြည့်စုံအောင်ဆိုတာ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရတယ်။ ဒါန၊ သီလ၊ ဘာဝနာ မပါဘဲ အလိုလို မပြီးနိုင်ဘူး။
(သာမညတောင်ဆရာတော်ကြီး)

လိုတရပြည့်စုံနည်း
ရတနာသုံးပါးကို သွားတဲ့အခါ၊ စားတဲ့အခါ မမေ့နဲ့။
စီးပွားရှာလည်း မမေ့နဲ့။
အကုန်လုံးပြည့်စုံနိုင်တဲ့ ရတနာသုံးပါး။
(သာမညတောင်ဆရာတော်ကြီး)


ဗုဒ္ဓအလိုကျ တန်ဆာဆင်ပါ
လက်၏တန်ဆာသည် လက်စွပ်၊ လက်ကောက်မဟုတ်၊ ပေးကမ်းစွန့်ကြဲခြင်းသာ။
နား၏တန်ဆာသည် နားကပ်၊ နားဋောင်းမဟုတ်၊ တရားဓမ္မနာကြားခြင်းသာ။
ကိုယ်၏ အဆင်တန်ဆာသည် ဘယက်ဒွါရမဟုတ်၊ မေတ္တာ ကရုဏာဖြင့် သူတပါးအကျိုး ဆောင်ရွက်ခြင်းသာ။
(သပြေကန်ဆရာတော်ကြီး)



တရားစွမ်းအင်
တေသု စိတ္တပ္ပသာဒေါပိ၊ ဒုက္ခတော ပရိမောစယေ။
ဘဂေ၀ါ နုကရိယာ တေသံ၊ ဓမ္မတာ အနုဓမ္မတော။
ရတနာသုံးပါးအပေါ်၌ ကြည်ညိုစိတ်ဖြစ်ကာမျှဖြင့် ဒုက္ခအမျိုးမျိုးမှ လွတ်မြောက်နိုင်ပါပေ၏။ သူတော်ကောင်းတို့၏ တရားလမ်းစဉ်အတိုင်း အတုလိုက်၍ ကျင့်နိုင်ပါမူကား ဆိုဖွယ်ရာမရှိတော့ပြီ။
(စရိယာပိဋက)





No comments:

Post a Comment